The Corner

The Corner

cropped-Logo_round_grey-background.png

အင်တာနက် ဖုန်းလိုင်း တွေ မလိုဘဲ စာပို့လို့ရမယ့် အက်ပ် အသစ် “BitChat”

Share မယ်

ကျွန်တော်တို့က အခုခေတ်ကာလမှာ ဖုန်းနဲ့ တစ်ယောက်ကို တစ်ယောက် စာပို့ဆက်သွယ်မယ်ဆိုရင် ဆင်းမ်ကတ် (အော်ပရေတာ) ရဲ့မိုဘိုင်းလ် network  ကိုသုံးပြီး SMS (စာတို) ပို့မှာလား ဒါမှမဟုတ် အင်တာနက်ဖွင့်ပြီး viber, whatsapp, facebook messenger လိုမျိုး အက်ပ်တွေ သုံးပြီး ပို့မှာလား ကြိုက်တာ ရွေးချယ်ပြီး ပို့လို့ရပါတယ်။ ဒါပေမဲ့ ပေးပို့မှုတိုင်းအတွက် ဖုန်းလိုင်း ဒါမှမဟုတ် အင်တာနက်လိုင်းကတော့ မရှိမဖြစ် လိုအပ်နေမှာ ဖြစ်ပါတယ်။

အင်တာနက်နဲ့ ဖုန်းလိုင်းတွေ မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် စာပို့လို့ရတဲ့ အက်ပလီကေးရှင်းတစ်ခု ကို ဒီနှစ် ၂၀၂၅ ခုနှစ် ဇူလိုင်လမှာ မိတ်ဆက်သွားခဲ့ပါတယ်။ အက်ပလီကေးရှင်း နာမည်ကတော့ BitChat ဖြစ်ပါတယ်။ BitChat  အက်ပလီကေးရှင်းကို ဆိုရှယ် မီဒီယာ တစ်ခုဖြစ်တဲ့ X မတိုင်မီက တွစ်တာ (Twitter) ကို ပူးတွဲတည်ထောင်တဲ့ co-founder ဖြစ်တဲ့ Jack Dorsey က တီထွင်ခဲ့တာ ပဲဖြစ်ပါတယ်။ Jack Dorsey က နည်းပညာ လောကကို BitChat အက်ပ် နဲ့ လှုပ်ခတ်စေခဲ့ပါတယ်။ အင်တာနက်လိုင်းရော ဖုန်းလိုင်း ရော ဘာမှမလိုဘဲနဲ့ အချင်းချင်း စာပို့နိုင်တဲ့ BitChat က Bluetooth Low Energy (BLE) network ကို အသုံးပြုပြီး BitChat အသုံးပြုသူအချင်းချင်း စာတိုပေးပို့လို့ ရတာပဲ ဖြစ်ပါတယ်။ Bluetooth Low Energy (BLE) ဆိုတာက ဘလူးတု ချိတ်ဆက်ထားချိန်မှာ စွမ်းအင်သုံးစွဲမှုနည်းအောင် တီထွင်ထားတဲ့ ဘလူးတု နည်းပညာတစ်ခု ဖြစ်ပြီးတော့ အမြဲမပြတ်ချိတ်ဆက်မှုတွေအတွက် အသုံးများပါတယ်။ အလွယ် ပြောရမယ် ဆိုရင် BitChat  အက်ပလီ ကေးရှင်းမှာ Bluetooth နဲ့ ချိတ်ဆက်ပြီး ကွန်ရက်တစ်ခုလို လုပ်ဆောင်ပြီး စာပေးပို့နိုင်တာ ဖြစ်ပါတယ်။

Jack Dorsey ရဲ့ BitChat Messaging Application  ကို iOS အတွက် Apple ရဲ့ Testflight  ပလက်ဖောင်း မှ တစ်ဆင့် စမ်းသပ် အသုံးပြုသူ ၁၀,၀၀၀ နဲ့စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။ ဒီ စမ်းသပ်သုံးစွဲမှုဟာ Apple အသုံးပြုသူတွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ Andriod အတွက်လည်း GitHub ကနေ တစ်ဆင့် ဘီတာဗားရှင်း ကို ထုတ်ပြန်ထားပါတယ်။ (ဘီတာဗားရှင်းဆိုတာ စမ်းသပ် ထုတ်လုပ်ထားဆဲ အပြစ် အနာအဆာ မကင်းသေးတဲ့ အဆင့်ကို ဆိုလိုတာပါ)

BitChat ရဲ့ အဓိက အားသာချက်တွေက ဘာတွေလဲ

BitChat အက်ပ်ဟာ Bluetooth ကို အသုံးပြုပြီး အနီးအနားမှာရှိတဲ့ devices တွေ စက်တွေကို တိုက်ရိုက် ချိတ်ဆက် ပေးပါတယ်။ များသောအားဖြင့် မီတာ ၁၀၀ အတွင်းမှာရှိတဲ့ စက်တွေအကြား ကွန်ရက်ကို ဖန်တီးပေးပါတယ်။ ပေးပို့လိုက်တဲ့ စာတွေအတွက် Whatsapp တွေ Telegram တွေလိုမျိုး ကြားခံ ဆာဗာ မလိုအပ်ဘဲ စက် တစ်စက်ကနေ တစ်စက်ကို mesh routing  နည်းပညာနဲ့ ပေးပို့ပါတယ်။

mesh routing   ဆိုတာက ကွန်ရက်အတွင်းမှာ ဒေတာတွေပို့လွှတ်တဲ့ အခါ ဖုန်းတစ်လုံးနဲ့ တစ်လုံး အကြား nodes တွ အကြား  hopping လုပ်ပြီး ခုန်ကူးပေးပို့တဲ့နည်းလမ်းဖြစ်ပါတယ်။ အကွာအဝေးတွေ ဝေးပေမယ့်လည်း ကြားခံမှာ ဒီ BitChat အသုံးပြုသူအချင်းချင်း အဆင့်ဆင့်ပေးပို့သွားပြီး အကွာအဝေး ကို ချဲ့သွားလို့လည်း ရပါတယ်။ ကြားခံစက်တစ်ခုပျက်သွားလည်း ဒေတာကို အခြားလမ်းကြောင်းကနေ တစ်ဆင့် ဆက်လက်ပေးပို့နိုင်တဲ့ self-healing network လည်း ဖြစ်ပါတယ်။ BitChat ကို သုံးတဲ့အခါ ဖုန်းနံပါတ်၊ အီးမေးလ်တွေလိုမျိုး အသုံးပြုသူရဲ့ အချက်အလက် လုံးဝ ဖြည့်သွင်း စရာမလိုဘဲ ယာယီ အသုံးပြုသူ နာမည် (user name) နဲ့သာ အသုံးပြုရတာမို့ အချက်အလက်ပေါက်ကြား ခြင်းဆိုင်ရာအတွက် အာမခံချက်   ကောင်းတယ်လို့ ဆိုပါတယ်။ ဘလူးတုနည်းပညာကို အသုံးပြုထားတာ ကြောင့် ဘတ္ထရီသုံးစွဲမှု နည်းပါး ပါတယ်။

Source: Github

BitChat  အက်ပလီကေးရှင်း ထည့်ထားတဲ့ ဖုန်းတွေက ဘလူးတုကိုအသုံးပြုပြီး အချင်းချင်း လွယ်လွယ် ကူကူ ရှာတွေ့ ချိတ်ဆက် နိုင်ပါတယ်။ ဗဟိုဆာဗာ ဒါမှမဟုတ် အင်တာနက်ချိတ်ဆက်မှု မပါဘဲ စာပေးပို့ နိုင်တဲ့အပြင် Peer-to-Peer (P2P) Messaging စနစ်ကြောင့် ပေးပို့သူနဲ့ လက်ခံသူပဲ ဖတ်ရှုနိုင်ရန် အတွက် ကုတ်ဝှက်တဲ့ encryption  စနစ်လည်းပါရှိပါတယ်။ ဒါကြောင့် လုံခြုံရေးအရ စိတ်ချအောင် ပြုလုပ်ထားတယ်လို့ ဆိုနိုင်ပါတယ်။ 

စိန်ခေါ်မှုများ

နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်မှုအနေနဲ့ အထက်မှာ ဆိုခဲ့သလိုပဲ BitChat ရဲ့ network က စက်တွေ အကြား ဒေတာခုန်ပို့ခြင်း (hopping) ပေါ် အခြေခံတာကြောင့် အနီးအနားမှာ BitChat အသုံးပြုသူ မရှိခဲ့ရင် ပေးပို့မှုမဖြစ်နိုင်တာကြောင့် ကွန်ရက် အကွာအဝေး ကန့်သတ်ချက်ရှိနေပါတယ်။ Jack Dorsey ကတော့ wi-fi direct ထည့်သွင်းပြီး ကွန်ရက် အကွာအဝေးနဲ့ ဒေတာပေးပို့မှုမြန်နှုန်းမြင့်မားဖို့ လုပ်ဆောင် မယ်လို့ ဆိုထားပါတယ်။

လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကတော့ BitChat က အီးမေးလ်၊ ဖုန်းနံပါတ်တွေမပါဘဲ အသုံးပြုနိုင်တာ ကြောင့် အသုံးပြုသူတစ်ဦးရဲ့ identity key ကို အယောင်ဆောင်အသုံးပြုပြီး လိမ်လည်မှုတွေ ဖြစ်ပေါ်စေ နိုင်သလို အရေးကြီးတဲ့အခြေအနေတွေမှာ အမည်မသိသူတွေက အချက်အလက်အမှားတွေကို စာတို အဖြစ် ပေးပို့နိုင်ပါတယ်။

BitChat ကို ပြင်ပ အဖွဲ့အစည်းများဆီမှ တရားဝင်စစ်ဆေးမှု (external security review) မရရှိသေးတာ ကြောင့် အရေးကြီး အချက်အလက်များ အတွက် အသုံးမပြုသင့် သေးဘူး လို့လည်း ဆိုထားပါတယ်။  iOS အတွက် App Store မှာ တရားဝင် ထုတ်ထားပြီး ဖြစ်ပေမယ့် Andriod အတွက် Google play store မှာ မရရှိသေးပါ။ နည်းပညာ အနည်းငယ် ကျွမ်းကျင်သူများကတော့ GitHub မှာပဲ apk ယူပြီး ဖုန်းထဲမှာ သွင်းနိုင်ပေမဘ့် အက်ပ် အတုတွေကို သတိထားဖို့ Jack Dorsey ကိုယ်တိုင် X မှာ ပို့စ်တင်ပြီး သတိပေးထားပါတယ်။

စမ်းသပ်အသုံးပြုသူတွေက BitChat ကို iOS နဲ့ Andriod အကြား ချိတ်ဆက်မှုအခက်အခဲ ရှိတယ်လို့ ဆိုကြပါတယ်။

BitChat ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်

BitChat ကို စာပို့တဲ့ အက်ပလီကေးရှင်းဆိုတဲ့ သဘောမျိုးထက် အင်တာနက် ဖြတ်တောက်ခံထားရတဲ့၊ ဒါမှမဟုတ် သဘာဝဘေး အန္တရာယ်တွေကြောင့် ဖုန်းလိုင်းမမိတဲ့ အရေးပေါ်အခြေအနေမျိုးတွေမှာ အဆက်အသွယ် ပြတ်မသွားအောင် သတင်းစကားပေးပို့နိုင်ဖို့ အဓိက ရည်ရွယ်ပြီး ဖန်တီးထားခြင်းဖြစ်ပါတယ်။

သုံးစွဲသူ မများသေးဘဲ စိန်ခေါ်မှုတွေ၊ လုံခြုံရေးဆိုင်ရာ ပြင်ဆင်ဖို့လိုအပ်တာတွေ ရှိနေပေမယ့်လည်း အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို အမှီအခိုကင်းတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုအဖြစ် BitChat က အသုံးဝင်တဲ့ အက်ပလီကေးရှင်း တစ်ခု ဖြစ်လာနိုင် တယ်လို့ သုံးသပ် မိပါတယ်။

Click to rate this post!
[Total: 5 Average: 5]