The Corner

The Corner

cropped-Logo_round_grey-background.png

ဟိုမီယို ပက်သီ ဓာတ်ကြမ်းတိုက်ကုထုံးတာကို ယုံမိရင် အပြစ်လား

Share မယ်

(မူရင်း ဆောင်းပါးမှာ ဖော်ပြထားတဲ့ အတိုင်း ဆေး သိပ္ပံအရ အငြင်းပွားဖွယ် ကုထုံး တစ်မျိုးဖြစ်တဲ့ Homeopathy (ဟိုမီယို ပက်သီ) လို့ပဲ ဒီဆောင်းပါးမှာ ဝေါဟာရတစ်ခုအဖြစ် တိုက်ရိုက်သုံးသွားပါမယ်။ Homeopathy (ဟိုမီယို ပက်သီ) ဟာ ၁၇ ရာစုလောက် ကတည်းက ပေါ်ခဲ့တဲ့ ကုထုံးတစ်ခုပါ။ Homeopathy (ဟိုမီယို ပက်သီ) ရဲ့ သဘောကတော့ အကြမ်းဖျင်း ပြောရရင် ကြက်သွန်နီ အစိမ်းက လူကောင်း တွေကို မျက်ရည်ကျစေ နှာမွှန်စေပါတယ်။ ဒါကို ကြည့်ပြီး Homeopathy (ဟိုမီယို ပက်သီ) ကုထုံးဆရာတွေက မျက်လုံးပူ နှာမွှန်ပြီး အဖျားရှိတဲ့ လူနာတွေကို ပမာဏ အလွန်နည်းတဲ့ ကြက်သွန်နီ အစိမ်း ထည့်ဖျော်ထားတဲ့ ဆေးကို ပေးပြီး ကုသတဲ့ နည်းတစ်ခုပါ။ စာရေးသူ)

Source: MDPI

အင်မတန်သေးငယ်လှတဲ့ အရာဝတ္ထုလေးတွေဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့ အယူအဆရယ်၊ ပမာဏနည်းလေ အကျိုး ပိုများလေ ဆိုတာရယ်က ထူးဆန်းပြီး မယုံနိုင်စရာကောင်းပါတယ်။ ဒါပေမဲ့ Homeopathy (ဟိုမီယို ပက်သီ) ကုသနည်းကို ယုံကြည်ကျင့်သုံးနေတဲ့ လူသန်းပေါင်းများစွာ ရှိကြတယ်။ ဆရာဝန်လက်မှတ်ရထားတဲ့သူတွေတောင် အဲဒီလို နည်းမျိုးကို ညွှန်တတ်ကြတယ်။ ဒါပေမဲ့ Homeopathy (ဟိုမီယို ပက်သီ) ကုတယ်ဆိုတာ ဘာအစွမ်းမှ မရှိကြောင်းနဲ့ သိပ္ပံပညာအတုထက် မပိုကြောင်းကို သိပ္ပံပညာရှင်တွေက တညီတညာတည်း ပြောကြပါတယ်။

Homeopathy (ဟိုမီယို ပက်သီ) ကုသနည်းကို ခင်‌ဗျားအနေနဲ့ သံသယရှိပုံပေါ်ပေမယ့် အဲဒီဘက်က ရှေ့နေလိုက်ပေးတဲ့သူတွေ ပြောကြတာကိုလည်း ယုံချင်ပြန်ရော။ ခင်ဗျား တကယ်ရှာနေတာက Homeopathy (ဟိုမီယို ပက်သီ) ကုသနည်းအတွက် အခိုင်အမာ ပြောဆိုမှုတွေအပေါ် အတည်ပြုပေးနိုင်မယ့် နည်းစနစ်တခုပါပဲ။ ခင်ဗျား ကံကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီလို နည်းစနစ်တစ်ခုက ရှိနေတာကိုး။ အဲဒါကို သိပ္ပံပညာလို့ ခေါ်တယ်လေ။ ပြဿနာက သိပ္ပံပညာပါလို့ ဆိုတဲ့အရာတိုင်းကလည်း သိပ္ပံပညာ တကယ် ဟုတ်မနေပြန်ဘူး။ အဓိပ္ပါယ်လုံးဝမရှိပေမယ့် သိပ္ပံနည်းကျလို့ထင်ရတဲ့ အရာတွေရဲ့ လှည့်စားမှုကို ခင်ဗျားခံရနိုင်ပြီး ယုံကြည်သွားမိတတ်တယ်။ ဒါပေမဲ့ အဲဒါတွေဟာ သိပ္ပံနည်းကျတဲ့ နည်းစနစ်တွေကို မလိုက်နာတာကြောင့် ပြောရရင် သိပ္ပံပညာအတုပဲ ဖြစ်နေပါတယ်။

အခြေခံဒဿနမေးခွန်း

သိပ္ပံနည်းကျအထောက်အထားနဲ့ နှိုင်းယှဉ်ရင် ယုံကြည်မှုက ခိုင်လုံမှု ပိုအားနည်းပါသလား။ တစ်ခုခု မှန်ကန်ကြောင်း သက်သေ ပြတဲ့နေရာမှာ မှားနိုင်စရာမရှိတဲ့နည်းလမ်း ရှိပါသလား။  “သိပ္ပံနည်းကျ နည်းစနစ်” ဆိုတာ ဘာလဲ။ အဲဒါကို ယုံကြည် စိတ်ချနိုင်သလား။

ယုံကြည်မှုထက် သိပ္ပံပညာက ပိုသာသလား၊ တကယ်ရော အရေးကြီးသလားလို့ ခင်ဗျား တွေးကောင်းတွေးလိမ့်မယ်။ ဘာသာတရားလိုကိစ္စမျိုးမှာ ယုံကြည်မှုက အဆင်ပြေပါတယ်လို့ ဒဿနပညာရှင်တွေက ခင်ဗျားကို ပြောလိမ့်မယ်။ အကျင့်သိက္ခာနဲ့ ပတ်သက် ရင်တောင် အဲဒီလိုပဲ ပြောကြလိမ့်မယ်။ ဒါပေမဲ့ ရုပ်ဝတ္ထုဆိုင်ရာ ကမ္ဘာလောကနဲ့ ပတ်သက်လာရင်တော့ ယုံကြည်မှုတစ်ခုတည်းနဲ့ မရတော့ဘူး။ အဲဒီအခါကျရင် အချက်အလက်တွေ တည်ဆောက်ဖို့ ကျွန်တော်တို့ရဲ့ ကျိုးကြောင်းဆင်ခြင်မှုရယ် အထောက်အထား အပေါ် အခြေခံတဲ့ စိတ်ကူးတွေရယ်ကို မူတည်စဉ်းစားမှ ဖြစ်မယ်။ မျက်ကန်းယုံကြည်မှုနဲ့ မရတော့ပါဘူး။ ဒါဟာ သိပ္ပံပညာရဲ့ အခြေခံ၊ သိပ္ပံပညာရဲ့ လုပ်ပုံလုပ်နည်း ဖြစ်တယ်။ လူတွေက “သိပ္ပံနည်းကျ နည်းစနစ်” လို့ အကြမ်းဖျင်း သိကြတယ်။ တကယ်ကတော့ စိတ်ကူးတစ်ခု၊ မှန်းဆချက် တစ်ခုဟာ အချက်အလက်တွေနဲ့ ကိုက်ညီသလားဆိုတာကို စစ်ဆေးတဲ့ သိပ္ပံနည်းကျ နည်းစနစ် အမျိုးမျိုးအထွေထွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ခင်ဗျား ယုံကြည်လိုက်မယ့် အရာတွေအပေါ် သဘောမတူတဲ့နေရာမှာ ဒါမှမဟုတ် အတည်ပြုတဲ့နေရာမှာ သိပ္ပံပညာက အင်မတန် အရေးပါတယ်။ အဲဒါကို နားလည်ဖို့ သာမန်အသိဉာဏ် နည်းနည်းလောက်တော့ ခင်ဗျားမှာ ရှိရမယ်။ ဒါဟာ ဒေးဗစ်ဟူးမ် (၁၇၁၁-၇၆) က ခင်ဗျားကို စစချင်း ပေးမယ့် အကြံဖြစ်ပါတယ်။ ထူးဆန်းအံ့ဩစရာ ဖြစ်ရပ်တစ်ခု တစ်ယောက်ယောက်က ခင်ဗျားကို ပြောပြတဲ့အခါ သူ့ဇာတ်လမ်းကို လက်ခံပြီး တစ်ခါတည်း မယုံပစ်လိုက်ပါနဲ့။ အဲဒီမတိုင်ခင် သံသယစိတ်မွေးလိုက်တာမျိုးကို ခင်ဗျား ချက်ချင်းလုပ်သင့်တယ်။ အံ့မခန်းဖြစ်ရပ်တွေဟာ သူ့သဘာဝအရကို သိပ္ပံနိယာမတွေနဲ့ ဆန့်ကျင်တတ်တယ်။ ခင်ဗျားကို ပြောပြတဲ့ လူက အယူမှားနေတာမျိုး ဒါမှမဟုတ် ခင်ဗျားကို လမ်းလွဲစေတာမျိုးလား။ အဲဒါထက် သိပ္ပံနိယာမတွေကို ချိုးဖောက်တဲ့ အချက်က ပိုဖြစ်နိုင်မလား။ ခင်ဗျားအနေနဲ့ ချိန်ဆရမယ်။ ပြီးတော့ သူက ခင်ဗျားကို တစ်ခုခု ရောင်းဖို့ ကြိုးစားလာတယ်။ အထူးသဖြင့် အံ့သြလောက်စရာ ကုထုံးတစ်ခု ဆိုပါစို့။ ဆေးသိပ္ပံပညာ မစွမ်းနိုင်တာကို အဲဒီဆေး လုပ်နိုင်တယ် ဆိုတာရယ် အဲဒီလူကို မယုံသင့်ဘူးဆိုတာရယ် နှစ်ခုမှာ ဘယ်ဟာက ဖြစ်နိုင်ခြေ ပိုများပါသလဲ။

အထွေထွေနိယာမ

သံသယကို စိတ်ထဲထားပြီး သိပ္ပံပညာကို ကျွန်တော်တို့ စစ်ဆေးနိုင်တယ်။ ပြီးရင် ယုံကြည်မှုနဲ့ နှိုင်းယှဉ်ပြီး အဲဒီသိပ္ပံပညာက ဘယ်လောက် စိတ်ချယုံကြည်နိုင်မလဲဆိုတာ ကြည့်ရပါတယ်။ ဒီအချက်ကို ခုခံကာကွယ်ပေးခဲ့တဲ့ ပထမဆုံးဒဿနပညာရှင်က အရစ် စတော့တဲလ် ဖြစ်တယ်။ သူက ခင်ဗျားကို သူ့ရဲ့နည်းစနစ်အကြောင်း ရှင်းပြလိမ့်မယ်။ စည်းမျဉ်းအချို့ကို ရွေးထုတ်စိစစ်ပြီး ကမ္ဘာကြီး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ ရှင်းပြတဲ့ နည်းလမ်းဖြစ်တယ်။ သူ့နည်းက အကျိုးအကြောင်း ဆက်စပ်စဉ်းစားတာကို အဓိက သုံးတာပါ။ ဘေးပတ်ဝန်းကျင်က သဘာဝအလျောက်ရှိနေတဲ့ ကမ္ဘာလောကကိုကြည့်ပြီး အဲဒီအတွက် ယုတ္တိဗေဒ ရှိမရှိကို စဉ်းစားတာ ဖြစ်တယ်။ တချို့အရာတွေဟာ ပုံစံတကျလိုက်ပြီး ဖြစ်ပေါ်လာတာကို ခင်ဗျား သတိထားမိမှာပါ။ ဥပမာ ခင်ဗျား ငါးဖမ်းထွက်တဲ့အခါ ဖမ်းမိသမျှက အကြေးခွံ‌တွေရှိနေတာကို သတိထားမိတယ်။ အဲဒီအခါ ကျိုးကြောင်းဆက်စပ်နည်းကို သုံးပြီး ငါးအားလုံးမှာ အကြေးခွံရှိကြောင်း ခင်ဗျား ကောက်ချက်ချလို့ ရသွားပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ကမ္ဘာထဲမှာ များပြားလှတဲ့ ဖြစ်စဉ်တွေရှိတယ်။ အဲဒီဖြစ်စဉ် တစ်ခုချင်း ဆီကနေပြီး အထွေထွေနိယာမတစ်ခုကို ခင်ဗျားက တည်ဆောက်နေတာပဲလို့ သူက ဂုဏ်ယူစွာ ပြောလိမ့်မယ်။

သဘာဝရဲ့ဥပဒေသနဲ့အတူ ပေါ်လာတဲ့ နည်းစနစ်တခုအနေနဲ့ ပြောရရင် နည်းနည်းတော့ မွမ်းမံရပါတယ်လို့ သူက ဝန်ခံတယ်။ ကမ္ဘာလောကကြီးကို သူတစ်ယောက်တည်း မြင်နိုင်စွမ်းက အကန့်အသတ်ရှိတဲ့အတွက် ခေတ်အဆက်ဆက်က တခြားလေ့လာသူတွေရဲ့ အထောက်အထားတွေ၊ ဇာတ်လမ်းတွေအပေါ် အားထားရပါတယ်။ အဲဒီအတွက် သူရခဲ့တဲ့ အထွေထွေနိယာမတွေထဲမှာ မတိကျတာတွေ တခုနှစ်ခု ရှိလာပေမယ့် အားလုံးကို ခြုံငုံတဲ့ နိယာမဘက်ကပဲ သူ ရပ်တည်တယ်။ ဒီနိယာမက များပြားလှတဲ့ ဖြစ်စဉ် တစ်ခုချင်းစီကနေ အားလုံးနဲ့ဆိုင်တဲ့ အမှန်တရားကို ကောက်ချက်ချထားလို့ ဖြစ်ပါတယ်။

အရစ်စတော့တဲလ်ရဲ့ နည်းက အစ္စလာမ် ဒဿန ပညာရှင် အတော်တော်များကို လှုံ့ဆော်ပေးခဲ့တယ်။ အဲဒီအထဲမှာ အယ်လ်ဟာဇန် လို့သိကြတဲ့ အစ်ဘ်န အယ်လ် ဟိုင်သမ် (၉၆၅-၁၀၃၉) လည်းပါပြီး သူက အရစ်စတော့တဲလ်ကို အင်မတန်လေးစားခဲ့တယ်။ အရစ် စတော့တဲလ်က သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အတူ တစ်ခုခု တွေ့ရှိခဲ့တာကိုလည်း အသိအမှတ်ပြုတယ်။ ဒါပေမဲ့ အရာတစ်ခုရဲ့ အထွေထွေ ဂုဏ်သတ္တိကို အတည်ပြုဖို့အတွက် ပါးစပ်ပြောအခြေခံတဲ့ အထောက်အထားတွေရယ်၊ ကျပန်းလေ့လာစောင့်ကြည့်မှုတွေရယ်နဲ့ မရပါဘူး။ အဲဒီထက်ပိုကောင်းတဲ့ အထောက်အထား ခင်ဗျားဆီမှာ လိုအပ်တယ်လို့ အယ်လ် ဟိုင်သမ်က ပြောလိမ့်မယ်။ ခင်ဗျား အမြဲတမ်းဖြစ်မယ်လို့ ထင်တာတွေ တကယ်ဖြစ်နေကြောင်း မြင်ရဖို့အတွက် စမ်းသပ်မှုတွေအများကြီး လုပ်ဖို့လိုအပ်တယ်လို့ သူက ရှင်းပြတယ်။ ခင်ဗျား တစ်ခုခု လုပ်တဲ့ အခါတိုင်း ရလဒ်အတူတူထွက်အောင် လုပ်နိုင်ခဲ့ရင် အဲဒါဟာ အထွေထွေနိယာမတခုဖြစ်ကြောင်း ခင်ဗျား ပြသ လိုက်တာပါ ပဲတဲ့။

ဒီအတွေးအခေါ်ကို ‌‌လက်ဆင့်ကမ်းပြီး သယ်ဆောင်လာခဲ့သူက ဖရန့်စစ်ဘေကွန် ဖြစ်တယ်။ သူက ဟန်ဆောင်ပန်ဆောင်နဲ့ နှိမ့်ချ တတ်တဲ့သူ မဟုတ်ဘူး။ သိပ္ပံနည်းကျနည်းစနစ်လို့ အခု လူတိုင်းခေါ်ကြတဲ့ဟာကို သူက ဖွံ့ဖြိုးအောင် လုပ်ပေးခဲ့တာဖြစ်တယ်။ ဒီနည်းစနစ်က အမှန်တရားတွေ့ရှိဖို့ ရှာဖွေတဲ့နေရာမှာ “တစ်ခုတည်းသော မှန်ကန်တဲ့လမ်း” ဖြစ်တယ်။ သူ ပေါ်ပေါက်လာချိန်အထိ အဲဒါကို “မကြိုးစား ရသေးဘူး” လို့ သူက ပြောပါတယ်။ သူ့ရဲ့ “ဘေကွန်နည်းစနစ်” က ဘာဖြစ်သလဲ (အခြေခံအားဖြင့် အမှားအယွင်းတွေ၊ အစမ်းပြုလူပ်မှုတွေ) ဆိုတာကို မြင်ရဖို့ စမ်းသပ်မှုတွေ အများကြီး လုပ်ရတယ်လို့ သူက ရှင်းပြတယ်။ အဲဒီနောက်လုပ်ရမှာက နည်းနည်းတော့ ပညာသားပါတယ်။ ခင်ဗျား လေ့လာစောင့်ကြည့်ခဲ့တဲ့အရာအတွက် အနုမာနမှန်းဆချက်တစ်ခုကို ရှင်းပြချက်နဲ့အတူ ပုံသေနည်းထုတ်ရတယ်။ အဲဒီနောက် ခင်ဗျားရဲ့ မှန်းဆချက်ကို အတည်ပြုနိုင်ပါ့မလားဆိုပြီး စမ်းသပ်မှုတွေ ထပ်လုပ်ရတယ်။ အတည်ပြုရာမှာလည်း ဘယ်နှခါပဲလုပ်လုပ် ရလဒ်တွေက အတူတူပဲ ဖြစ်ရမယ်။ တကယ်ဖြစ်လာခဲ့ရင်တော့ ခင်ဗျားဆီမှာ သိပ္ပံနည်းကျသဘောတရားတစ်ခု ရပြီဟေ့လို့ ‌ပြောလိုက်ပါတော့။ ကောင်းပြီ။ ဒါဟာ ခုနက အယ်လ်ဟိုင်သမ် ပြောခဲ့တာနဲ့ အများကြီး မကွာခြားပေမယ့် စနစ်တကျနဲ့ တရားဝင်ဖြစ်အောင် ဘေကွန်က လုပ်ခဲ့တယ်လို့ ပြောရပါမယ်။

(အမှန်တရားဆိုတာ အမှားအယွင်းကနေ မကြာခင် ထွက်ပေါ်လာပါလိမ့်မယ်။ ဇဝေဇဝါဖြစ်ခြင်းကနေတော့ မရရှိနိုင်ပါဘူး။ ဖရန့်စစ်ဘေကွန်)

Homeopathy (ဟိုမီယို ပက်သီ) ကုသနည်းအ‌ပေါ်မှာထားတဲ့ ခင်ဗျားရဲ့ ယုံကြည်မှုကို ခဏဆိုင်းထားဖို့ သူက ပြောလိမ့်မယ်။ အဲဒီမတိုင်ခင် အရာဝတ္ထုတခုရဲ့ အင်မတန်သေးငယ်တဲ့ပမာဏက ဆေးဖက်ဝင်နိုင်တယ်ဆိုတဲ့ အယူအဆကို ဓာတ်ခွဲခန်းမှာ စစ်ကြည့်ရမယ်။ ဆေးပညာဆိုင်ရာ စမ်းသပ်မှုတွေကို ထပ်ကာထပ်ကာ လုပ်ပြီး ရလဒ်တွေကို စစ်ဆးရပါမယ်တဲ့။ အဲဒါတွေထက် အလွယ်တကူ မယုံဖို့ရယ်နဲ့ စနစ်ကျဖို့ရယ်ကို ရနေးဒေးကားတ်က ဖြည့်စွက်ပြောခဲ့တယ်။ အထောက်အထားတစ်ခုအပေါ် လုံးဝသံသယကင်းစင်ပြီး သေချာပေါက် ယုံနိုင်တဲ့အထိ ဘယ်အရာကိုမှ မယုံလိုက်ပါနဲ့တဲ့။ ပြီးရင် စစ်ဆေးမှုလုပ်ရာမှာလဲ တစ်ဆင့်ပြီးတစ်ဆင့် အသေးစိတ်တွက်ချက်ရတယ်။ ဖြစ်နိုင်သမျှ အသေးဆုံး အစိတ်အပိုင်းကလေးတွေအထိ လုပ်ဆောင်မှု တစ်ခုချင်းကို ခွဲခြမ်းစိတ်ဖြာရတယ်။ အဲဒီလိုလုပ်ရာမှာလည်း အကြိမ်တိုင်းမှာ တစ်ထပ်တည်း ကျဖို့ သေချာလုပ်ရမယ်။ ဒါပါပဲ။ အဲဒါက သိပ္ပံနည်းကျ နည်းစနစ် ဖြစ်ပါတယ်။ မေးခွန်းတခု မေးပါ။ အနုမာနမှန်းဆချက် ပေါ်လာပါမယ်။ ပြီးရင် ခင်ဗျားထင်ထားတဲ့ ခန့်မှန်းချက်က ဖြစ်လာလိမ့်မယ်။ အဲဒါကို စမ်းသပ်မှုတွေနဲ့ စစ်ဆေးပြီး ရလဒ်တွေကို စိစစ် ရပါတယ်။ အရစ်စတော့တယ်လ်ပြောခဲ့သလိုပဲ များပြားလှတဲ့ ဖြစ်စဉ်တခုချင်းစီကနေ အထွေထွေ နိယာမတစ်ခုကို ခင်ဗျား တည်ဆောက် နိုင်ပါတယ်။ အဲဒီအတွေးအခေါ်ကို နည်းနည်းလောက် ချိန်ညှိပေးဖို့ပဲ လိုတာပါ။

ဟူးမ်ကတော့ အဲဒါထက် နည်းနည်းပိုပြောလိမ့်မယ်။ ဒီသိပ္ပံနည်းကျ နည်းစနစ်မှာ အဓိကအားနည်းချက်ကြီး ရှိနေတယ်။ ခြုံငုံ သုံးသပ်ခြင်းလို့ သိကြတဲ့ ယုတ္တိဗေဒဆိုင်ရာ ကျိုးကြောင်းရှာဖွေခြင်း နည်းစနစ်ကို အခြေခံထားတယ်။ အဲဒါက ဘာကိုမှ သက်သေ မပြ နိုင်ဘူးလို့ ဟူးမ်က ခင်ဗျားကို ပြောလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ အရေအတွက် သေချာ‌ပေါက် ပြောနိုင်တဲ့ စောင့်ကြည့်လေ့လာမှုတွေကနေ ဒီအထွေထွေနိယာမကို ခင်ဗျားက ကောက်ချက်ချထားလို့ ဖြစ်တယ်တဲ့။ အဲဒီအားနည်းချက်ကို အရစ်စတော့တဲလ်လည်း မြင်ခဲ့တယ်။ တချို့အရာတွေရဲ့အကြောင်းကို သေသေချာချာပြောနိုင်ဖို့အတွက် လုံလောက်တဲ့အချက်အလက်တွေကို သူတစ်ယောက်တည်း မစုဆောင်း နိုင်ဘူးလို့ ဝန်ခံခဲ့တယ်။ ဒါပေမဲ့ ဘယ်တော့မှ ကျွန်တော်တို့ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ပျံနေတဲ့ ကိုယ်ပျောက် စပါဂတီ သတ္တဝါကြီးတစ်ကောင် မရှိကြောင်းကို လက်တွေ့ပြဖို့ မဖြစ်နိုင်ဘူး။ သူ့ရဲ့တည်ရှိမှုက ယုံကြည်မှုနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တယ်။ သိပ္ပံနည်းကျ အယူအဆတစ်ခု မဟုတ်ပါဘူး။

ဥပမာ ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ရေချိုကို အပူပေးရင် ၁၀၀° စင်တီဂရိတ် (၂၁၂° ဖာရင်ဟိုက်) မှာ ဆူသွားပါတယ်။ အဲဒါကို ကျွန်တော်တို့ဘယ်နှကြိမ်ပဲ မြင်မြင် ပင်လယ်ရေမျက်နှာပြင်အမြင့်မှာ ရေချိုက ၁၀၀° စင်တီဂရိတ် (၂၁၂° ဖာရင်ဟိုက်) ရောက်ရင် အမြဲတမ်း ဆူမှာပဲလို့ မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတာကို ဟူးမ်က အခုလို အောင်မြင်စွာ ကြေငြာခဲ့ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် အမြင့်မှာ ရေချိုကို အပူပေးတဲ့ ဖြစ်ရပ်တိုင်းကို ကျွန်တော်တို့ စောင့်မကြည့်နိုင်ဘူး။ နံနက်တိုင်း နေထွက်တယ်လို့ ကျွန်တော်တို့မှာ အသိရှိ ထားရုံနဲ့ မနက်ဖြန်ကျရင် နေထွက်မလာတာမျိုး မဖြစ်နိုင်ဘူးလို့ အဓိပ္ပာယ်မရပါဘူးတဲ့။

(ကောင်းမွန်တဲ့ စမ်းသပ်မှုတွေက ချို့ယွင်းချက်ရှိတဲ့ အယူအဆတွေကို အဆုံးသတ်ပစ်တယ်။ ‌နောက်ထပ် ခန့်မှန်းဖို့အတွက် ကျွန်တော်တို့က ဆက်ပြီးရှင်သန်နေပါတယ်။ ကားလ်ပေါ့ပါ)

သိပ္ပံပညာအတွက် ဒါဟာ အတော်ကလေးသတိထားရမယ့် ခလုတ်တံသင်းပါ။ ဒါပေမဲ့ ဒီခြုံငုံသုံးသပ်ခြင်း ပြဿနာကို ရှောင်ကွင်း နိုင်တဲ့ နည်းလမ်းတခုရှိတယ်လို့ ကားလ်ပေါ့ပါ (၁၉၀၂-၉၄) က ပြောတယ်။ ခင်ဗျား ဖွင့်ဆိုထားတဲ့ သိပ္ပံနည်းကျဆိုတာရဲ့ အဓိပ္ပာယ်ကို နည်းနည်းလေး ပြောင်းကြည့်ရမယ်တဲ့။ “မှားယွင်းနိုင်တဲ့အရည်အသွေး” လို့ သူခေါ်တဲ့ အယူအဆကို ထည့်စဉ်းစားကြည့်ဖို့ ပြောပါတယ်။ သူ့စိတ်ကူးက အယူအဆတခုကို မှားယွင်းကြောင်း ပြနိုင်ရင် အဲဒီအယူအဆကို သိပ္ပံနည်းကျတယ်လို့ စဉ်းစားနိုင်တယ်တဲ့။ လုံးဝမှားတယ်လို့ ပြောတာမဟုတ်ဘူး။ မှားယွင်းကြောင်းပြဖို့ ဖြစ်နိုင်ချေ တစ်ခုလောက်ရှိတယ်လို့ ဆိုလိုတာပါ။ သိပ္ပံနည်းကျ နည်းစနစ် အဆင့်ဆင့်ကို သုံးပြီး ခွေးတိုင်းမှာ အမြီးတချောင်းရှိတယ်ဆိုတဲ့ အယူအဆ ခင်ဗျား ရခဲ့တယ် ဆိုပါစို့။ အဲဒါကို သိပ္ပံနည်းကျ အယူအဆလို့ ခင်ဗျားခေါ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အမြီးလုံးဝမရှိတဲ့ ခွေးတစ်ကောင်တွေ့ရုံနဲ့ ဒါမှမဟုတ် အမြီးနှစ်ချောင်းရှိတဲ့ ခွေးတကောင် တွေ့ရုံနဲ့ အဲဒီအယူအဆကို မှားယွင်းကြောင်း ပြနိုင်လို့ပါပဲ။ တဖက်မှာတော့ ပျံနေတဲ့ ကိုယ်ပျောက် စပါဂတီ သတ္တဝါကြီးရှိတယ်ဆိုတဲ့ ခင်ဗျားရဲ့ ယုံကြည်မှုက သိပ္ပံနည်းကျ အယူအဆ မဟုတ်ဘူး။ အကြောင်းကတော့ ခင်ဗျားရဲ့အဆို မှားတယ်လို့ သက်သေပြနိုင်တဲ့နည်းလမ်း လုံးဝမရှိလို့ပါပဲ။ မှားယွင်းကြောင်း သက်သေ ပြနိုင်စွမ်းရှိတာ မဟုတ်ဘူးပေါ့။

အင်မတန်သေးငယ်လှတဲ့ အရာဝတ္ထုလေးတွေဟာ ဆေးဖက်ဝင်တယ်ဆိုတဲ့ မှန်းဆချက်က သိပ္ပံနည်းကျ စုံစမ်း စစ်ဆေးမှုတွေ လုပ်ထိုက်တယ်။ မှားယွင်းကြောင်းပြဖို့လည်း ဖြစ်နိုင်တယ်။ ဒါကြောင့် သိပ္ပံနည်းကျ စစ်ဆေးမှုတွေလုပ်ကြည့်တဲ့အခါ မှားယွင်းနေကြောင်း ပေါ်လာခဲ့ပါတယ်။ အဲဒီတော့ Homeopathy (ဟိုမီယို ပက်သီ) ကုသနည်းရဲ့ အာနိသင်ကို ယုံကြည်တာက အဆင် မပြေပါဘူး။ ဘာလို့လဲ ဆိုတော့ ဒါက မှားယွင်းကြောင်းပြနိုင်တဲ့ အရာတစ်ခုရဲ့ အကြောင်းမို့ပါပဲ။ ဒါက သိပ္ပံနည်းကျတဲ့ ကိစ္စဖြစ်တယ်။ ပြီးတော့ မှားယွင်းကြောင်း လည်း တကယ်ပြသပြီးသား ဖြစ်တယ်။ ဒါပေမဲ့ ခင်ဗျားက ပျံနေတဲ့ ကိုယ်ပျောက် စပါဂတီ သတ္တဝါကြီးကို တကယ် ယုံချင်ရင်တော့ ရတယ်။ အဲဒါက သိပ္ပံနည်းကျမေးခွန်း မဟုတ်ဘူးကိုး။ တစ်ယောက်ယောက်က သတ္တဝါကြီးရှိကြောင်း သိပ္ပံနည်းကျတဲ့သက်သေ ပြစရာရှိတယ်လို့ ပြောလာရင်တော့ အဲဒီအချိန်ဟာ သံသယစဖြစ်ရမယ့် အချိန် ဖြစ်ပါတယ်။

ဆုံးဖြတ်ချက်ချမှတ်ခြင်း

ဟူးမ်က အကြံပေးခဲ့တယ်။ ရောဂါကုနည်းတွေနဲ့ပတ်သက်တဲ့ ပြောဆိုချက်အားလုံးအပေါ် အထောက်အထား စစ်ဆေးပြီးချိန်အထိ သံသယစိတ်ထားရတယ်။ အဲဒါ အကောင်းဆုံး မဟုတ်ပါလားတဲ့။ ဘေကွန် နဲ့ ဒေးကားတ် အပါအဝင် အခြားလူတွေရယ် အစပြုသူ အယ်လ် ဟိုင်သမ်ရယ်က Homeopathy (ဟိုမီယို ပက်သီ) ကုသနည်းလို “သမားရိုးကျမဟုတ်တဲ့” ဆေးပညာတွေကို ဝေဖန်စစ်ဆေးဖို့ နည်းလမ်းတစ်ခု သတ်မှတ်ပေးခဲ့တယ်။ သိပ္ပံပညာကိုယ်တိုင်က အမှားမကင်းကြောင်း ဟူးမ်လိုပဲ ခင်ဗျား ခံစားမိမှာပါ။ ဒါပေမဲ့ ခင်ဗျားက ကားလ်ပေါ့ပါနဲ့လည်း တစ်သဘောတည်း ရှိလိမ့်မယ်။ တချို့အယူအဆတွေဟာ သိပ္ပံနည်းကျ မဟုတ်ကြောင်း သက်သေပြနိုင်တယ်လို့ သူက ပြောခဲ့ပါတယ်။

စာရေးဆရာ Marcus Weeks ရေးတဲ့

What would Nietzsche do?

How the greatest philosophers would solve your everyday problems စာအုပ်က

Is it OK to believe in homeopathy? ဆောင်းပါးကို ဘာသာပြန်ပါတယ်။

Click to rate this post!
[Total: 1 Average: 5]