The Corner

The Corner

cropped-Logo_round_grey-background.png

အပယ်ရတနာ

Share မယ်

ရတနာဆိုတဲ့အထဲမှာ သဘာဝထဲမှာရှိနေတဲ့ သက်မဲ့ကျောက်မျက်ရတနာတွေရှိသလို ဆင်ရတနာ၊ မြင်းရတနာ စသည်အားဖြင့် သက်ရှိ ရတနာတွေလည်းရှိကြတယ်။ သား၊ သမီးရတနာဆိုတဲ့အခေါ်အဝေါ် မျိုးလည်းရှိတယ်ပေါ့။

Source: Pixabay

ရှားပါးလို့၊ အဖိုးထိုက်အဖိုးတန်ဖြစ်လို့၊ နှစ်သက်မြတ်နိုးစရာဖြစ်နေလို့ ရတနာဆိုတဲ့ဂုဏ်ပုဒ်ကို ရခဲ့ကြတာလို့ဆိုတယ်။ ရှားပါးတာနဲ့ အဖိုးတန်တာက တိုက်ရိုက်မဟုတ်ပေမယ့် အတော်လေးတော့ ဆက်စပ်မှု ရှိနေပုံရပါတယ်။ ရတနာ မှန်သမျှ ရှားပါး နေကြတာ ကတော့ သေချာတယ်။ စိန်ကောင်း၊ ကျောက်ကောင်း တစ်ပွင့်ရဖို့၊ ရွှေကြော တစ်ခုတွေ့ဖို့ ကျောက်တူးသမားတွေ၊ ကုမ္ပဏီတွေ ဘယ်လောက် အထိ ခက်ခက်ခဲခဲ ရှာကြရသလဲ ဆိုတဲ့အချက်ကို ကြည့်ရင် ရှားပါးမှုရဲ့ သရုပ်သကန်ကို မြင်နိုင်တွေ့နိုင်မှာပါ။ ရတနာတွေ နောက်ကိုလိုက်ရင်း အခက်အခဲ အမျိုးမျိုးကြုံရ၊ အသက်တွေ၊ ဘဝတွေ စွန့်လွှတ်ကြရတဲ့အဖြစ်တွေလည်း များခဲ့ကြလှပြီပေါ့။

ရှားပါးတာ၊ နှစ်သက်မြတ်နိုးဖွယ်ကောင်းတာတွေကြောင့် ရတနာတွေရဲ့တန်ဖိုးက အကျဘက်ကို ရောက်သွားတယ်ဆိုတာမျိုးမရှိဘဲ အတက်ဘက်ကိုပဲအမြဲဦးတည်နေတာပါ။ တချို့ရတနာတွေက အလှဆင် ပစ္စည်းသက်သက်ဖြစ်ပေမယ့် တချို့ကျပြန်တော့လည်း သူ့ရဲ့ မူလ ဂုဏ်သတ္တိတွေ ကြောင့် လူသုံးကုန် ပစ္စည်း ထုတ်လုပ်ရာမှာ မပါမဖြစ် အခန်းကဏ္ဍကနေ ပါနေပြန်တယ်။ လက်ဝတ် ရတနာအဖြစ် ဆင်မြန်းလိုသူတွေ၊ လူသုံးကုန် ပစ္စည်း ထုတ်လုပ်ရာမှာ အသုံးပြုလိုသူတွေ၊ ပိုင်ဆိုင်မှုတစ်ခု အနေနဲ့ ထိန်းသိမ်း ထားလိုသူတွေ စတဲ့စတဲ့ အကြောင်း အမျိုးမျိုးနဲ့ ရယူလိုသူတွေ များနေတဲ့အပြင် ရတနာ အရေအတွက် ကတော့ အကန့်အသတ်နဲ့သာ ရှိနေတာ ကြောင့် တန်ဖိုး အမြဲမြင့် နေတာ ဖြစ်မယ်ထင်ပါရဲ့။

ရတနာတွေက တန်ဖိုးကြီးတယ် ဆိုပေမယ့် ဒါက ရှုမြင်သူရဲ့ အယူအဆ အပေါ်လည်း မူတည်နေပြန်တယ်။ ကိုယ့်လက်ထဲက ကျောက်တစ်ပွင့်ရဲ့ တန်ဖိုးကို မသိတဲ့အတွက် ပေါပေါလောလော ရရာ ပစ္စည်းနဲ့ လဲလိုက်တယ် ဆိုတဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို တန်ဖိုးသိမှ တန်ဖိုးရှိတယ် ဆိုတဲ့အကြောင်းကို ထင်ဟပ်ထားတဲ့ ဇာတ်နိပါတ် တွေလည်း ရှိခဲ့ပါတယ်။ မြင်သာတဲ့ ဥပမာတစ်ခုကတော့ ကိုယ့်အနေနဲ့ ရေမဆေး ကျောက်တစ်လုံးကို တွေ့ရင် လမ်းဘေး ကျောက်ခဲလား၊ အဖိုးတန် ကျောက်မျက်လား ဆိုတာကို ခွဲနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ၊ ရွှေရည်စိမ် ပစ္စည်းတစ်ခုနဲ့ ရွှေထည်အစစ်၊ ငွေရည်စိမ် ပစ္စည်းတစ်ခုနဲ့ ငွေထည် အစစ်၊ ဖန်ကွဲစတစ်ခုနဲ့ စိန်တစ်ပွင့်၊ ဒါတွေကြားက ခြားနားချက်ကို ကိုယ့်မျက်စိနဲ့ ကြည့်နေတာ တောင်မှ မမြင်နိုင်၊ မသိနိုင်ပါဘူး။ ဒါက ကျွမ်းကျင်သူတွေမှ သိနိုင်မယ့် ကိစ္စ မဟုတ်လား။ ကိုယ်ကတော့ အရည်အသွေးကို မသိတဲ့အတွက် တန်ဖိုးကိုလည်း သိနိုင်မှာ မဟုတ်ဘူးပေါ့။

အစစ်နဲ့အတုကြား၊ အရည်အသွေး ကောင်းတဲ့ပစ္စည်းနဲ့ မကောင်းတဲ့ ပစ္စည်းကြား၊ ဒီနှစ်ခုကြားရဲ့ ခြားနားချက် ကလေးတွေကို မသိတာက မသိရုံ သက်သက်နဲ့ တော့ကိစ္စမရှိဘူးပေါ့။ မသိပေမယ့် မဖြစ်မနေ ခွဲခြားရမယ့်ကိစ္စမျိုး၊ တစ်ခုခုကို မဖြစ်မနေ ရွေးရတော့မယ့် အခြေအနေမျိုး ဆိုရင်တော့ ပြဿနာရှိပြီပေါ့။ မကျွမ်းကျင်တဲ့ ကိစ္စမှာ ပါဝင် ပတ်သက် ရသူတိုင်း ကြုံတွေ့နေကျ ပြဿနာတွေ။

ရတနာရဲ့ ဂုဏ်အင်္ဂါ တွေထဲမှာ ရှားပါးခြင်းဆိုတာ ပါပေမယ့် ဒီနေ့ ဒီအချိန် အထိ လူသားတွေရဲ့ လက်ထဲ မရောက်နိုင်သေးတဲ့ ရတနာတွေ ကလည်း ရှိနေတုန်းပါ။ ဘူမိဗေဒပညာရှင်တွေ၊ ရတနာမုဆိုးတွေက ဖုံးကွယ်နေတဲ့ ရတနာတွေနောက်၊ မတူးဖော်ရသေးတဲ့ ရတနာတွေ နောက်ကို တကောက်ကောက် လိုက်နေကြတုန်းပါ။ တွေ့ရင်တော့အသုံးကျ၊ မတွေ့ရင်တော့ သဘာဝထဲမှာပဲ ဒီအတိုင်း ရှိနေမှာပေါ့။ ဒီအခြေအနေမျိုးက ရတနာရဲ့ ပကတိ တန်ဖိုး လျော့သွားတာမျိုး မဟုတ်ပေမယ့် အသုံးချသူရဲ့ လက်ထဲ မရောက်မချင်း အသုံးချ တန်ဖိုးတော့ မရှိသေးဘူးလို့ ဆိုရမှာပေါ့။ ပကတိတန်ဖိုးနဲ့ အသုံးချတန်ဖိုး၊ ဒီနှစ်ခုက စဉ်းစားစရာကောင်းပါတယ်။

သက်မဲ့ ပစ္စည်းပစ္စယ တွေမှာပဲဖြစ်ဖြစ်၊ သက်ရှိ သတ္တဝါတွေ၊ လူပုဂ္ဂိုလ်တွေမှာ ပဲဖြစ်ဖြစ် ကိုယ်ပိုင် ပကတိတန်ဖိုးတွေ ရှိသလို အသုံးချ တန်ဖိုး ဆိုတာတွေလည်း ရှိကြတာပါပဲ။ သက်မဲ့ ပစ္စည်းပစ္စယ တွေကတော့ အသုံးချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ ပကတိတန်ဖိုးက မပြောင်းမလဲဘဲ တည်ရှိနေမှာပါ။ အသုံးချသူရဲ့ အသုံးပြုပုံ အသုံးပြုနည်းအပေါ် မူတည်ပြီးတော့သာ ဘယ်အတိုင်းအတာအထိ တန်ဖိုး တက်သွားသလဲ ဆိုတာ မူတည်သွားမှာပေါ့။ အဖိုးတန် စိန်၊ ရွှေ၊ ရတနာတွေကို လမ်းခင်းတဲ့နေရာမှာထည့်သုံးမလား၊ လက်ဝတ် ရတနာအနေနဲ့ သုံးမလား ဆိုတာကို အသုံးပြုမယ့်သူက စဉ်းစား ဆုံးဖြတ်ရမှာပေါ့။ ပတ္တမြားတစ်ပွင့် လက်ထဲ ကိုင်ပြီး ကျောက်သေး လောင်းတဲ့အထဲ ရောထည့်လိုက်ဖို့ စဉ်းစားနေရင်တော့ စဉ်းစားဆုံးဖြတ်တဲ့ အတိုင်းပဲ ရလဒ် ထွက်သွားမှာပေါ့။ လမ်းခင်း ကျောက်တစ်လုံးကို လက်ဝတ်ရတနာ အမှတ်နဲ့ ကိုယ်ခန္ဓာမှာဆင်မြန်း ထားမယ်ဆိုရင်လည်း ကိုယ့်ဆန္ဒအတိုင်းပဲပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်နဲ့တော့ သဟဇာတမဖြစ်ဘဲကွဲထွက် နေမှာပါ။

လောကသမုတိ နယ်ပယ်ထဲမှာ နေကြရတာ ဖြစ်တဲ့အတွက် အမည်နာမတွေ၊ ပညတ်ချက်တွေကို စွန့်ပယ်လိုက်လို့ မရတဲ့ သဘောရှိပါတယ်။ မီးသွေးလည်း ကာဗွန်၊ စိန်လည်း ကာဗွန်ဆိုပြီး နဝရတ် လက်စွပ်ထဲမှာ မီးသွေးခဲကို ညှပ်ပြီးစီခြယ်ဖို့တော့ မစဉ်းစား သင့်ဘူးပေါ့။ ဒီတော့ ပကတိတန်ဖိုးကိုနားလည်ဖို့ လိုသလို အသုံးပြုပုံအပေါ်မူတည်ပြီး အသုံးချ တန်ဖိုး ကွာခြား သွားနိုင်တာကိုလည်း နားလည်ကြရမှာပါ။

သက်မဲ့ ရတနာပစ္စည်းတွေက ပကတိတန်ဖိုးပြောင်းလဲလာဖို့ခက်ပေမယ့် သက်ရှိရတနာတွေကတော့ ပြောင်းလဲနိုင်တဲ့ သဘော ရှိပါတယ်။ ရိုးရိုးဆင်ကနေ ထီးသုံး နန်းသုံး ဆင်ရတနာ ဖြစ်လာဖို့၊ စစ်မြေပြင်သုံး တိုက်ဆင် တစ်စီးဖြစ်လာဖို့ အတွက် လေ့ကျင့်သင်ကြားရတဲ့ လုပ်ငန်းစဉ်တွေ အများကြီး ရှိမှာပါ။ ဓား၊ လှံ၊ လေး၊ မြားတွေကြားထဲ မကြောက်မရွံ့ သွားဝံ့ဖို့၊ သေနတ်သံ၊ အမြောက်သံ၊ စစ်ခရာသံ၊ စည်တီးသံတွေ ရုတ်တရက် ကြားရရင် လန့်မသွားဖို့အတွက် လေ့ကျင့်မှု ကောင်းကောင်းပေးပြီး ချိန်ကျမှ ယတြာရ တိုက်ဆင်တစ်စီး ဖြစ်လာတယ် ဆိုပါတော့။ ဒီတော့ လေ့ကျင့် သင်ကြားမှုတွေ ပြီးတဲ့နောက်မှာ တန်ဖိုး တက်လာတယ်လို့ ဆိုနိုင်မှာပေါ့။ ဒီလိုပဲ တခြား သက်ရှိ သတ္တဝါတွေလည်း သာမန်တန်ဖိုးကနေ ပိုပိုမြင့်လာနိုင်ဖို့အတွက် လေ့ကျင့်သင်ကြားမှုတွေလိုတာပါပဲ။ သာမန် နွားသိုးတစ်ကောင်ကို လယ်ယာ သုံးခိုင်းနွားကောင်း တစ်ကောင်ဖြစ်လာဖို့အတွက်ပဲ ဖြစ်ဖြစ်၊ အလှပြနွား၊ ပြိုင်ပွဲဝင်နွားတစ်ကောင်ဖြစ်လာဖို့အတွက်ပဲဖြစ်ဖြစ် လေ့ကျင့် သင်ကြားမှုတွေ လုပ်ကြရတာပါပဲ။ ဒါကိုကြည့်ရင် လေ့ကျင့် သင်ကြားမှု ရှိခြင်း၊ မရှိခြင်းအပေါ် မူတည်ပြီး တန်ဖိုးတွေ ကွာသွားတယ် ဆိုတဲ့ အချက်ကို မြင်နိုင်ပါတယ်။

တိရစ္ဆာန်ဖြစ်တဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွားတွေတောင် လေ့ကျင့်သင်ကြားမှုတွေကြောင့် တန်ဖိုးတက်လာ သေးတယ်ဆိုရင် သတ္တဝါတွေ ထဲမှာ အသိဉာဏ်အမြင့်ဆုံးဖြစ်တဲ့ လူတွေအတွက်လည်း ထိုနည်းလည်းကောင်း ဖြစ်လိမ့်မယ်လို့ ယူဆနိုင်စရာ အကြောင်းရှိတာပါပဲ။ ပကတိ တန်ဖိုး မြင့်တက်လာဖို့ အတွက် လူတစ်ယောက် အနေနဲ့ လုပ်စရာရှိတာတွေကိုလုပ်ရမှာပေါ့။ ထိုက်သင့်တဲ့ ပညာတွေ သင်ယူလေ့လာတာမျိုး၊ စာပေလေ့လာ ဖတ်ရှုတာမျိုး၊ အတွေ့အကြုံရှိသူတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ ဆွေးနွေး မေးမြန်းတာမျိုး၊ ကိုယ်တိုင် လေ့ကျင့် သင်ကြားတာမျိုး စသည်စသည်အားဖြင့်ပေါ့။ ကျင်လည်ဖြတ်သန်းနေရတဲ့အချိန်နာရီ တွေကို အကျိုးရှိရှိ အသုံးပြု နေဖြစ်မယ် ဆိုရင်တော့ ကြာလေလေ ပကတိ တန်ဖိုး မြင့်လာလေလေ ဖြစ်လာမှာပါ။

ပကတိ တန်ဖိုး မြင့်မားလာစေရေး ဆိုတဲ့ ရည်ရွယ်ချက် ပန်းတိုင်ဆီကို လျှောက်လှမ်းရာမှာ သင်ယူ လေ့လာမှု တစ်ခုတည်းနဲ့ တော့လုံလောက်နိုင်မှာ မဟုတ်ဘူးပေါ့။ စိတ်ထားကောင်းတဲ့သူ၊ ကျင့်ဝတ်သိက္ခာ စောင့်စည်းတဲ့သူ၊ ကျန်းမာရေးကောင်းမွန်တဲ့သူ၊ ထကြွလုံ့လရှိသူ စသည်စသည်အားဖြင့် တခြားတခြားသော တန်ဖိုးတွေလည်း တက်လာအောင်ကြိုးစားနေရမှာပေါ့။

လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တန်ဖိုး၊ ပကတိ တန်ဖိုး မြင့်တက် လာဖို့အတွက် ကိုယ်ကိုယ်တိုင်ပဲ တာဝန်ယူရမှာပါ။ ကိုယ့်တန်ဖိုးနိမ့်ကျနေတာ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်ဆိုပြီး လွှဲချနေဖို့မသင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ကျင်လည် ဖြတ်သန်းရတဲ့ ဘဝပေး အခြေအနေချင်း မတူနိုင် ကြပေမယ့် ကိုယ်ရောက်နေတဲ့ အခြေအနေ အပေါ်မှာ ထားရှိတဲ့ သဘောထားနဲ့ ရှေ့ဆက်လျှောက်ဖို့ ဘယ်လို အရှိန်အဟုန်မျိုးနဲ့ ခရီးဆက်မလဲ ဆိုတဲ့ အဆုံးအဖြတ်ကတော့ ကာယကံရှင် အပေါ်မှာပဲ မူတည်တာပါ။ တာထွက်ပုံချင်းမတူကြပေမယ့် ပန်းဝင်ပုံချင်းတော့ တူနိုင်ပါသေးတယ်။ တစ်နည်းအားဖြင့် တာထွက်နောက်ကျ တာတောင်မှ ကြိုးစားမှု အပေါ်မူတည်ပြီး ပန်းဝင် စောနိုင်ပါ သေးတယ်။

Source: Pexels

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမြှင့်တဲ့ လုပ်ငန်းက လေ့လာသင်ယူတာနဲ့ ကိုယ်ကျင့် တရားကောင်းအောင် စောင့်ထိန်းတာဆိုတဲ့ နှစ်ခုလောက်နဲ့ အတော်လေး တာသွားတယ် ဆိုပေမယ့် ဒီနှစ်ခုနဲ့ ပြည့်စုံဖို့ ဆိုတာကိုက သိပ်တော့မလွယ်ပါဘူး။ လေ့လာ သင်ယူမှု တစ်ခုတည်း ကိုပဲကြည့်ဦး။ ကျောင်းဆိုလည်းကျောင်းမို့၊ ပုဂ္ဂလိက ကျောင်းတွေ၊ အစိုးရကျောင်းတွေ၊ နိုင်ငံတကာကျောင်းတွေ၊ ကျောင်းကောင်းတာတွေ၊ မကောင်းတာတွေ၊ အဆင့်မြင့်တာတွေ၊ မမြင့်တာတွေ စတဲ့စတဲ့ကိစ္စတွေကလည်း ရှုပ်လို့မဟုတ်လား။ ဒီသင်တန်းပြီးတော့ ဟိုသင်တန်း၊ ဟိုသင်တန်းပြီးတော့ နောက်ထပ်သင်တန်းတစ်ခု၊ ဒီဘွဲ့ပြီးတော့ဟိုဘွဲ့၊ ဟိုဘွဲ့ပြီးတော့ နောက်ထပ်တစ်ဘွဲ့။ သင်တန်းတွေ ဘယ်လောက် ပြီးထားပြီးထား၊ ဘွဲ့ဒီဂရီတွေ ဘယ်လောက် ရထား ရထား နယ်ပယ်တစ်ခုမှာ တစ်ဖက်ကမ်းခပ် တတ်မြောက်သွားပြီ၊ ပြိုင်စံရှား ဖြစ်သွားပြီ ရယ်လို့တော့ မဆိုနိုင်သေး ပြန်ဘူး။ ပြိုင်စံရှားဖြစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် အထင်ရောက်နေတယ် ဆိုဦးတော့၊ သင်ယူမှုကို အခုရပ်လိုက်ရင် ကိုယ့်ကို ကျော်တက်သွားမယ့် သူတွေ အချိန်မရွေး ရှိလာနိုင်တယ် မဟုတ်လား။ ဒါ့ကြောင့် သင်ယူလေ့လာမှုကို ဘယ်အချိန်မှာ ရပ်လိုက်ရမလဲ ဆိုတဲ့ အချိန်အခါကိုရွေးချယ်နိုင်ဖို့ကလည်း ခက်ခဲပါဘိနဲ့။ ဘဝခရီးမဆုံးမချင်း သင်ယူလေ့လာနေဖို့လိုအပ်မယ်ထင်ပါရဲ့။

ကိုယ်ကျင့်သိက္ခာ စောင့်စည်းဖို့ ဆိုတဲ့ အပိုင်းကလည်း စကားလုံးအားဖြင့် နည်းပေမယ့် တကယ့်တကယ် ထိန်းသိမ်း စောင့်စည်းရတဲ့ သူတွေအတွက် လွယ်လင့်တကူ ဖြစ်နေတဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး။ ကျင့်ဝတ် သိက္ခာဆိုတဲ့ပန်းကလေး အညှိုးနွမ်းမခံရဖို့အရေး လက်တစ်ကမ်း ရောက်ပြီးမှ လက်လွှတ်လိုက်ရတဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေရှိကြမှာပေါ့။ ရိက္ခာနဲ့ သိက္ခာ အလဲအထပ် မလုပ်ဖြစ်ဖို့ ကျားကန် ခဲ့ရတဲ့အခြေအနေတွေရှိကြမှာပေါ့။ နာမည်ကောင်းကို ပြုတ်သုပ်စားလို့မရဘူးဆိုပေမယ့် ကိုယ့်နာမည်လေး ကောင်းနေဖို့ အရေး ကိုယ်၊ နှုတ်၊ နှလုံးစောင့်စည်းခဲ့ရတဲ့အချိန်တွေ ရှိခဲ့ကြမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့ သူတွေ အနေနဲ့တော့ ကျင့်ဝတ်သိက္ခာ ပိုင်းကို ကောင်းမွန်အောင်စောင့်ထိန်းကြရမှာပါပဲ။

ပညာရပ်တစ်ခုခုနဲ့ ပတ်သက်လို့ အတော်အတန် ကျွမ်းကျင် တတ်မြောက်လာပြီ၊ ကိုယ်ကျင့်တရား လည်း ကောင်းနေပြီဆိုရင် သက်ဆိုင်ရာ နယ်ပယ်မှာတော့ ရတနာလို့ ဆိုနိုင်မှာပါပဲ။ ဒါပေမဲ့ ဒီနေရာမှာ ပကတိ တန်ဖိုးနဲ့ အသုံးချတန်ဖိုးဆိုတာကို ပြန်စဉ်းစားဖို့လိုမှာပေါ့။ နယ်ပယ်တစ်ခုခုမှာ ထွန်းထွန်းပေါက်ပေါက် ဖြစ်လောက်အောင်ကြိုးစားနိုင်တာက ကိုယ့်ရဲ့ ပကတိတန်ဖိုးမြင့်လာတာလို့ဆိုနိုင်မှာပါ။ အသုံးချ တန်ဖိုး မြင့်လာဖို့ဆိုရင်တော့ ကိုယ့်မှာရှိတဲ့ အသိပညာ၊ အတတ်ပညာတွေကို အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးချ နိုင်ဖို့လိုမှာပါ။ အိမ်နံရံမှာ ဘွဲ့ဓာတ်ပုံ အလှချိတ်ဖို့ သက်သက်၊ ကိုယ်ရေးရာဇဝင်မှာ အမြီးတွေ ရှည်နေဖို့ သက်သက်အတွက်နဲ့ ဘွဲ့ဒီဂရီတွေ တစ်ထပ်ကြီး ယူခဲ့တာဆိုရင်တော့ အသုံးချ တန်ဖိုးမြင့် မလာသေးဘူးလို့ ဆိုနိုင်မှာပေါ့။

ပကတိ တန်ဖိုးရော၊ အသုံးချ တန်ဖိုးရော မြင့်နေဖို့လိုပါတယ်။ ပကတိတန်ဖိုး မြင့်နေဖို့ ကြိုးစားရမယ့် အပိုင်းရှိသလို အသုံးချ တန်ဖိုး မြင့်နေဖို့ အတွက်လည်း ကြိုးစားနေရမှာပါ။ တချို့လူတွေကို ကြည့်လိုက်ရင် အရည်အချင်းကတော့ သူလို ကိုယ်လိုပုံမှန်ပါပဲ။ ဒါပေမဲ့ သူ့မှာ ရှိနေတဲ့ အရည်အချင်းကလေးတွေကို လူသိအောင်၊ အများလက်ခံအောင် လုပ်ထားနိုင်တော့ သူ့ရဲ့အစွမ်းအစတွေကို အတော်လေး အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးချနိုင်လာတယ်။ အသုံးချ တန်ဖိုးတွေ မြင့်လာတယ်ပေါ့။

တချို့ကျတော့လည်း ပကတိတန်ဖိုးကတော့မြင့်နေပါရဲ့။ သူ့မှာရှိနေတဲ့ အစွမ်းအစတွေ၊ အရည်အချင်းတွေကို ဘယ်နေရာမှာမှ ထိထိရောက်ရောက် သုံးမသွားဘူး။ ပန်းတော့ပညာ၊ ပန်းတမော့ ပညာတွေ တစ်ဖက်ကမ်းခပ် တတ်ပြီးခါမှ ပန်းရန် အဖွဲ့ထဲမှာ မဆလာဖျော်တဲ့ အလုပ်ကိုလုပ်နေတဲ့သူလိုပါပဲ။ အထူးကု ဆရာဝန်ဖြစ်ပြီးခါမှ သွေးပေါင်ချိန်ကလေးလောက်ပဲ တိုင်းနေရတဲ့သူလိုပါပဲ။ အခြေခံ ကျွမ်းကျင်မှု ကလေးလောက်ရှိရုံနဲ့ ဘယ်သူမဆိုလုပ်နိုင်တဲ့အလုပ်မျိုးကို ပညာရပ်ဆိုင်ရာကျွမ်းကျင်သူတွေ ဝင်လုပ်နေတာမျိုးက ကိုယ့်ရဲ့အသုံးချတန်ဖိုးကို ကိုယ်ကိုယ်တိုင်ဆွဲချနေသလိုပါပဲ။

တစ်ခါတစ်ခါ ကျတော့လည်း အသုံးချတန်ဖိုးတက်မလာတာက အသုံးချမယ့်သူအပေါ်မူတည်နေတတ် ပြန်တယ်။ နေရာအထား မှားတဲ့ ပစ္စည်းတစ်ခုက အလိုလိုနေရင်း တန်ဖိုးကျနေသလို လူမှန်နေရာမှန် မဖြစ်တဲ့ သူတွေလည်း ရှိနေတဲ့ အရည်အချင်း လေးတွေကို ထုတ်သုံးခွင့်မရဘဲဖြစ်ပြီး အလိုလိုနေရင်း အသုံးချတန်ဖိုး ကျနေတတ်ပါတယ်။ ကြာလာတော့ စိတ်ဓာတ်တွေ ဘာတွေပျက်ပြီး ပကတိတန်ဖိုး တွေပါ ကျသွားတတ် ပါတယ်။ နယ်ပယ်တစ်ခုခုမှာ ရတနာဖြစ်အောင်ကြိုးစားပြီးခါမှ သက်ဆိုင်ရာနယ်ပယ်မှာ ထိုက်သင့်တဲ့ လုပ်ကိုင် ဆောင်ရွက်ခွင့်၊ ထိုက်သင့်တဲ့ကြိုးစားအားထုတ်ခွင့်တွေ ရအောင်မလုပ်နိုင်ဘူးဆိုရင် နေရာနဲ့လူ ဟန်ချက်ပျက်ပြီး ကြာလေ အခြေအနေဆိုးလေ ဖြစ်သွားနိုင်ပါတယ်။  အပယ်ရတနာဖြစ်ပြီး ဘယ်နေရာမှာမှ မတောက်ပြောင်နိုင်ဘဲဖြစ်သွားနိုင်ပါတယ်။

ရတနာဖြစ်အောင် ကြိုးစားနိုင်ဖို့ဆိုတာက အတော်လေးမလွယ်တဲ့ကိစ္စပါ။ တစ်ဖက်မှာလည်း ရတနာ ဖြစ်ပြီးခါမှ အပယ်ရတနာဘဝ မရောက်အောင် ကြိုးစားဖို့ကိစ္စက ပိုပြီးနက်နဲနေတတ်ပြန်တာပါပဲ။

ရတနာလည်းဖြစ်နိုင်ကြပါစေ။ အပယ်ရတနာအဖြစ်ကိုလည်း ရှောင်ကွင်းနိုင်ကြပါစေ။

Click to rate this post!
[Total: 0 Average: 0]