ပြကွက်ကို ဘူတာရုံမှာပင် ပြသည်။ ပွဲကြည့်ပရိသတ်ကလည်း ဘူတာရုံသို့ တစ်အုပ်တစ်မကြီး သွားရောက်ကြည့်ရှုကြပါသည်။ ဘူတာရုံ လမ်းပေါ်တွင် ခရီးသည်တင် မီးရထားကြီးတစ်စင်း ရပ်နေ၏။ရထားမှာ အရုပ်မဟုတ်၊ ပုံကားချပ်လည်း မဟုတ်ဘဲ တကယ့် ရထား အစစ်ကြီး ဖြစ်သည်။ ရထားအစစ် ဟုတ်မဟုတ်ကို ပရိသတ်ထဲကတချို့ကို စစ်ဆေးကြည့်ရှုခွင့်ပေးသည်။ ခရီးသည်တင် ရထားကြီးဖြစ်ကြောင်း ပရိသတ်က အတည်ပြုပေးပြီးနောက် ရထားတစ်စင်းလုံးပေါ် တာလပတ်ကြီးဖြင့် အုပ်မိုးလိုက်ပါသည်။

ထို့နောက် ကြိမ်တုတ်ကလေး တဝင့်ဝင့်နှင့် ဒေးဗစ်ကော့ပါးဖီးလ်က ထိုရထားကြီးကို ပျောက်ကွယ်သွားအောင် သူလုပ်ပြပါမည်ဟု ပရိသတ်ကိုပြောကာ တုတ်ကို အပေါ်ဘက် ဝင့်ပြလိုက်သည်နှင့် တာလပတ်အုပ်ထားသော ရထားကြီးအပေါ်သို့ တဖြည်းဖြည်း မြောက်တက်ကာ နောက်ဆုံးကောင်းကင်ပေါ် တွင် ပျောက်ကွယ်သွားပါတော့သည်။ ထို့နောက် ဒေးဗစ်ကော့ပါးဖီးလ်က ကြိမ်တုတ်လေးကို အောက်ဘက်သို့ ဆွဲချပြလိုက်သောအခါ တာလပတ်ကြီးမှာ အောက်သို့ ပုံကျသွားပြီး ရထားကြီးမှာ မရှိတော့ပေ။ မည်သို့မည်ပုံ လုပ်လိုက်သည်ကို ပရိသတ်က မသိသော်လည်း ဒေးဗစ်ကော့ပါးဖီးလ် မျက်လှည့်ပြကွက်မှာ ပီပြင်လွန်းလှပါသည်။
မျက်လှည့်၊ လက်လှည့်၊ ပဉ္စလက် စသည်ဖြင့် လူ၏အမြင်နှင့် စိတ်ကို အာရုံပြောင်းအောင် လှည့်စား နိုင်သော ပညာကို မျက်လှည့် ပညာဟု ခေါ်ကြလေသည်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ထိုမျက်လှည့် များကို တအံ့တဩ ငေးမော့၍ ကြည့်ကြရလေသည်။ သိပ္ပံ နည်းကျ စမ်းသပ်လျှင် မျက်လှည့်သည် လိမ်ညာခြင်းသာ ဖြစ်၏။ မျက်လှည့်ဆရာများမှာ လူလိမ်များသာ ဖြစ်သည်။ ယုတ္တိတန်အောင် အမြင်အာရုံကို လှည့်ဖြားခံရသူမသိအောင် ပြသနိုင်လေ၊ ယုံကြည်မှုရလေ ဖြစ်၏။ ယခုခေတ် ဘိုးတော်များကလည်း ထိုသို့လှည့်ဖြားနည်းမို့ အသုံးပြု၏။ သိပ္ပံပညာကောင်းကောင်း မသိသောသူများကိုလည်း သိပ္ပံနည်းဖြင့် မျက်လှည့်ပြလေ့လည်း ရှိသည်။ ဥပမာ ဘိလပ်ရည် ပုလင်းထဲသို့ အ၀ကျဉ်းမြောင်းသော ပုလင်းဝမှ ကြက်ဥကြီးတစ်ခုလုံးလုံး ဝင်သွားစေပြီး ကြက်ဥကို အခွံလည်းမကွဲ ဘာမှမဖြစ်ဘဲ ဝင်သွားသော မျက်လှည့်မျိုးမှာ သိပ္ပံပညာနှင့် ဓာတုဗေဒအရ ဖန်တီးသော မျက်လှည့်မျိုးဖြစ်သည်။ ကြက်ဥ၏ ဖင်ဝကို ရှိန်းခိုအနည်းငယ် သုတ်လိမ်းထားလိုက်ပြီး ဘိလပ်ရည်ပုလင်းဝတွင် အသာလေးတင်ထားပါက ကြက်ဥမှာပျော့ပြီး ပုလင်းထဲ အသာလေးဝင်သွားတော့သည်။ ပုလင်းထဲသို့ ရောက်သောအခါ မူလအတိုင်း ပြန်ဖြစ်သွားသည်။ ထိုမျက်လှည့်မျိုးမှာ သိပ္ပံနည်းကျ မျက်လှည့်မျိုး ဖြစ်သည်ဟု ဆိုရမည်။
နောက်တစ်နည်းမှာ ဖန်ခွက်ကို ဝါးစားပြခြင်း ဖြစ်ပါသည်။ ထိုသို့ ဝါးစားခြင်းမှာလည်း သိပ္ပံနည်းကျပါသည်။ မျက်လှည့်မပြခင် တစ်ညမှာ အိုးတစ်လုံးထဲ ဟင်းနုနယ် ဆူးပေါက်များနှင့် မိမိမျက်လှည့်ပြမည့် ဖန်ခွက်ကို ပြုတ်ထားရ၏။ ဖန်ခွက်မှာ နဂိုအတိုင်းဖြစ်သော်လည်း မူလဓာတ်သဘာဝမှာ ပုံမှန်မဟုတ်တော့ပေ။ ထိုအခါ မျက်လှည့်ဆရာက ဖန်ခွက်ပုံမှန်ဖြစ်သည်ကို ပရိသတ်က ပြပြီးနောက် ဖန်ခွက် အပေါ်ပိုင်းမှနေ တဖြည်းဖြည်း ကိုက်စားပြလေသည်။ ဖန်ခွက်မှာ ကြေမွပြီး အမှုန့်ဖြစ်သွား၏။ ဖန်ခွက်တစ်ခုလုံး ဝါးစားပြသလို မျိုချ ရန်လည်း ပြသည်။ ဓာတ်သဘောအရ ဟင်းနုနယ်ဆူးပေါက်သည် ဘာကြောင့် ဖန်သားပြင်ကို ကြေမွစေသည်ကိုကား မသိပါ။ အမှန်တကယ်မှာ ဓာတုဗေဒသဘောအရ ပြောင်းလဲပစ်လိုက်ခြင်းဖြစ်ပါသည်။
အမှန်ကိုသိသောအခါ၌ ပုလင်းထဲ ကြက်ဥဝင်သည်မှာလည်း ဓာတ်သဘောအရဖြစ်သလို ဖန်ခွက် ဝါးစားခြင်းမှာလည်း ဓာတ်ပြု၍ ဓာတ်သဘော ပြောင်းလဲခြင်းဖြစ်သည်။ မသိသူများအဖို့ မျက်လှည့်ဆရာက တန်ခိုးရှိသယောင်ယောင် ပြသလိုက်ခြင်းဖြစ်၏။ စင်စစ်အားဖြင့် လူအများကို လိမ်ညာပြလိုက်ခြင်း ဖြစ်လေသည်။ ထိုသို့ မျက်လှည့်ပြခြင်းလုပ်ရပ်များမှာ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးများတွင်လည်း တွေ့ရတတ်ပါသည်။ လူအများကို လိမ်ညာပြီး အမှန်တကယ်တွင် လိမ်ညာသွားခြင်းကို မျက်လှည့်ပြခြင်း ဖြစ်သည်ဟု ခေါ်သည်။ ၁၉၇၂-၃ လောက်က ထင်ရှားသော ကဗျာတစ်ပုဒ်ကို ကဗျာဆရာဝင်းလတ်က ရေးခဲ့ဖူး၏။ ကဗျာ၏နာမည်မှာ ‘မျက်လှည့်ဆရာ၏ဇနီး’ ဖြစ်ပါသည်။ ကဗျာဆရာက ကဗျာထဲတွင် အလိမ်အညာများအကြောင်း ရေးသားခဲ့ခြင်းဖြစ်၏။ မကြာသေးခင်ကပဲ အရောင်းအဝယ်လုပ်မည်ဆိုပြီး ပဲကုန်သည် များဆီမှ ကျပ်ငွေသိန်းပေါင်းသောင်းချီရန် လိမ်သွားသည်ကို ဂျာနယ်ထဲ ဖတ်လိုက်ရသည်။ လိမ်ညာသွားသူများမှာ ယုံလောက်သော သူများ ဖြစ်ပေလိမ့်မည်။ ရှေ့တွင် ယုံလောက်သော လုပ်ရပ်များ လုပ်ဖူးပေလိမ့်မည်။ အချီကြီးရမှ အထုပ်လိုက်၊ အထည်လိုက် မ,သွားခြင်းဖြစ်၏။ ယခင်က ဝန်ဆောင်မှု လုပ်ငန်းအများအပြား ရှိသည်။ ထိုလုပ်ငန်းများ၏ကြော်ငြာများ၊ ဟိတ်ဟန်များက ကောင်းလွန်းသောကြောင့် ပင်စင်လစာများ၊ စုဆောင်းထားသောငွေများကို ထည့်ဝင်ကြသည်။ အတိုးလည်း ပေး ပါသည်။ နောက်ရရှိသော ရှယ်ယာများကို ခွဲဝေပေးမည်ဟု သတင်းစာထဲ ထည့်၏။ အစိုးရကလည်း ခွင့်ပြု ထားပုံရ၏။ ရှင်းရှင်းလင်းလင်း ပြောရလျှင် အတိုး ပေးစားသော ကုမ္ပဏီသဖွယ် ဖြစ်နေပါသည်။ စင်စစ်အားဖြင့် ထိုဝန်ဆောင်မှုအဖွဲ့များ၊ ကုမ္ပဏီများ ပေါ်လာကတည်းက ဥပဒေနှင့်မညီညွတ်ပါ။ အစိုးရခွင့်ပြု ချက်မရှိဘဲ ငွေတိုးချေးသည်ကို မလုပ်ရပါ။ လူအများကလည်း အာမခံချက် အသေအချာမရှိဘဲ အသီးသီး ထည့်ဝင် မြှုပ်နှံ ကြသဖြင့် ငွေသိန်းပေါင်းထောင်ချီရန် အလိမ်ခံရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ လိမ်ညာသော လုပ်ငန်းအများအပြားမှာ စီးပွားရေး လုပ်ငန်းများ တွင် ရှိနေကြ၏။ ကမ္ဘာပေါ်တွင်လည်း ထို့ထက်ကြီးကျယ်သော လိမ်လည်မှုများ ဖြစ်လာသည်။ အမေရိကန် စီးပွားရေး ကျဆင်းလာသည်မှာ အေရွန်လို ကုမ္ပဏီကြီးက ငွေများကို လိမ်လည်ချေးငှားပြီး ရှယ်ယာဝင်ငွေများကို မျက်လှည့်ပြခဲ့သဖြင့် ထိုသို့ထိခိုက် ခဲ့ခြင်း ဖြစ်ပါသည်။
မျက်လှည့်ပြခြင်းသည် စစ်မှန်သော အလုပ်မဟုတ်၍ မျက်လှည့်ပြသူရော၊ မျက်လှည့်အပြခံရသူပါ သတိကြီးစွာ ထားသင့်၏။ ဖျော်ဖြေမှု သက်သက်ဖြင့် လူအများအပန်းပြေအောင် ပြသသော မျက်လှည့်မှာမူ လိမ်နေညာနေမှန်း သိလျက်ဖြင့် အပျော်သဘော ကြည့်ရှုခြင်း ဖြစ်သောကြောင့် အကြောင်းမဟုတ်လှပေ။ သို့သော် စီးပွားရေးလုပ်ငန်းများတွင် လိမ်ညာပြခြင်း၊ ကတိဖောက်ဖျက်ခြင်း စသည်တို့မှာမူ အလွန် ဆိုးယုတ်ပြီး ပြည်သူ့ အကျိုးစီးပွား၊ နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေပါသည်။ စီးပွားရေးလုပ်မည်ဆိုလျှင် ကတိစကား ပေးထားပါက ထိုဈေးကွက် စီးပွားရေးကို မှန်မှန်ကန်ကန် လုပ်ပြရမည်။ လူထုကို မျက်လှည့်ပြသလိုလုပ်လျှင် လူထုတင်မက နိုင်ငံရေး၊ စီးပွားရေးပါ ထိခိုက် သွားနိုင် လေသည်။ အများအကျိုးစီးပွားအတွက် ဆိုရှယ်လစ်စီးပွားရေးကို ကျင့်သုံးမည်ဟုဆိုကာ ကတိကဝတ်များ ပေးထားခဲ့သော်လည်း နောင်အခါ တွင် မိမိအကျိုးစီးပွား၊ လူတစ်စု၏အကျိုးစီးပွားအတွက်သာ လုပ်ခဲ့သဖြင့် နိုင်ငံစီးပွားရေးကျဆင်း၊ လူထု၏ယုံကြည်မှုမရရှိ၊ နိုင်ငံတကာက ဝိုင်းပယ်၊ လူအများ၏ တံတွေးခွက်တွင် မျောရပေသည်။
“လူထုကို မျက်လှည့်မပြဖို့ ဖြစ်၏။ အရိုးသားဆုံး၊ သစ္စာအရှိဆုံး တိုင်းပြည်နှင့် လူမျိုး အတွက် လုပ်ပြဖို့သာ အရေး ကြီးသည်“
တစ်ချိန်က ဂျာမနီ နာဇီပါတီ၏ ခေါင်းဆောင် အဒေါ့ဟစ်တလာသည် အမျိုးသား ဆိုရှယ်လစ်ဝါဒကို ကြွေးကြော်သည်။ ဂျာမနီနိုင်ငံ ကမ္ဘာထိပ်သီး နိုင်ငံဖြစ်ရေး၊ ဂျာမနီပြည်သူများ၏ အကျိုးစီးပွားတိုးတက်ရေး၊ အလုပ်လက်မဲ့ ပပျောက်ရေး စသဖြင့် ကြွေးကြော်ကာ အာဏာရယူခဲ့သော်လည်း စစ်အင်အားကိုသာ တိုးချဲ့ပြီး ကမ္ဘာတွင် စစ်အင်အား ကောင်းသော နိုင်ငံကြီး ဖြစ်လာသည်။ နောက် ဥရောပသို့ တိုက်ခိုက်လာသည်။ ချက်၊ ပိုလန်လို နိုင်ငံလေး များကို သိမ်းပိုက်ပြီးနောက် တစ်ကမ္ဘာ လုံးကို သိမ်းပိုက်ဖို့ ကြိုးစားလာ၏။ ဟစ်တလာ၏ အမျိုးသားဆိုရှယ်လစ်ဝါဒမှာ ကျူးကျော်ရေးနှင့် စစ်တိုက်ရေးမူဝါဒ ဖြစ်လာသဖြင့် ကမ္ဘာစစ်ကြီး ဖြစ်ပေါ်စေခဲ့ခြင်းလည်း ဖြစ်သည်။ သူသည် အမျိုးသားဆိုရှယ်လစ်မူဝါဒကို မျက်လှည့်ပြကာ ကျွန်ပြုရေးမူဝါဒကို ပြောင်းလဲ ခဲ့သည်။
ကျွန်တော်တို့ ငယ်စဉ်က သဘောကျသော မျက်လှည့်ဆရာကြီးများ ရှိပါသည်။ ပီကိုလာ၏ မျက်လှည့်များကို အမြဲကြည့်ရှုကာ တအံ့တဩ ဖြစ်ခဲ့ရသည်။ ထူးခြားသော မျက်လှည့်ဆရာပဏ္ဍဝ၏ မျက်လှည့်ဆိုလျှင် လက်ဖျားခါလောက်၏။ ဆရာပဏ္ဍဝက လူကို လင်းတဖြစ်အောင် ပြောင်းလဲပေးသော ပြကွက်မှာ အလွန်အံ့ဩဖို့ ကောင်းလေသည်။ ထိုသို့ ထဘီခြုံလိုက်သည်နှင့် လင်းတဖြစ်သွားသော ပြကွက်ကို ကျွန်တော်တို့ ဇာတ်စင်နောက်မှနေခိုးပြီး ကြည့်ဖူး၏။ ဇာတ်စင်နောက်မှနေ ဇာတ်စင်ရှေ့မျက်လှည့် ပြသည့်နေရာအထိ လိုဏ်ခေါင်း တူးထားသည်။ မျက်လှည့်ဆရာက ကြိမ်တစ်လုံးဖြင့် ဂါထာများ ရွတ်ဖတ်ကာ သူ့ကိုယ်သူ တန်ခိုးရှင်လိုလိုလုပ်သည်။ ပရိသတ်ကလည်း ဆရာပဏ္ဍဝကို လေးလေးစားစား ငေးကြည့်နေကြ၏။ သူကလည်း ထဘီခြုံလိုက်သည်နှင့် လူက လင်းတဖြစ်သွားမည်ဟု ပြောသည်။ သူ့တပည့် အမျိုးသမီးတစ်ယောက်ကိုခေါ်ကာ ထဘီခြုံခိုင်းလိုက်သည်။ နောက် သူ့တပည့်ကို ကြိမ်ဖြင့် တို့လိုက်သည့်အခါ မီးခိုးလုံးကြီး ဝုန်းခနဲထသွား၏။ နောက် သူက သူကြိမ်တုတ်ဖြင့် ထဘီကို ဖယ်လိုက်သည့်အခါ သူ့တပည့်မှာ လင်းတကြီး ဖြစ်နေတော့သည်။ ထိုလင်းတကြီးကို ခြောက်လှန့် လိုက်သည့်အခါ ထိုလင်းတကြီးမှာ ပြေးလွှားပြီး ကောင်းကင်ပေါ် ပျံတက်သွားလေတော့သည်။ ဇာတ်စင်အောက် လိုဏ်ခေါင်းတူး ထားသော နေရာမှနေ လင်းတကြီးကို ပို့လိုက်သည်ကို ကျွန်တော်တို့ ခိုးကြည့်၍ မြင်ဖူး၏။ ဇာတ်စင်ရှေ့မှ ထဘီခြုံထားသော မိန်းမက လင်းတကို ထဘီအောက်သွင်းသူက လိုဏ်ခေါင်းထဲဆင်းကာ တံခါးကို အသာ ပိတ်လိုက်သည်။ ပရိသတ်က လိုဏ်ခေါင်းရှိ မှန်းလည်းမသိပေ။ ပျံသွားသော လင်းတကြီးက ခပ်လှမ်းလှမ်း တွင် မြေပြင်ပေါ်ဆင်း၏။ ထိုအခါ မျက်လှည့်ဆရာကြီး၏ တပည့်များက ထိုလင်းတကြီးကို ပြန်ဖမ်းကာ နောက်ပွဲအတွက် ပြန်သိမ်းထားသည်။ မျက်လှည့်ဆရာက လိမ်ညာ၍ ငွေယူ လိုက်ခြင်းသာ ဖြစ်၏။ မျက်လှည့်အတော်များများကို ကျွန်တော်တို့ ကြည့်ခဲ့ဖူးပါသည်။ ဓားစက်ဖြင့် ကိုယ်လုံးကိုဖြတ်ခြင်း၊ သေတ္တာထဲထည့်၍ ဓားများဖြင့် စိုက်ခြင်းများ ကြည့်ခဲ့ဖူးပါသည်။ ပီကိုလာ၏ မျက်လှည့် ပြကွက်များကို သဘောကျခဲ့သလို ဆရာ ပဏ္ဍဝ ပြသခဲ့သော လင်းတနှင့် လူအကြောင်း ကိုလည်း ကောင်းကောင်းမြင်တွေ့ခဲ့ဖူးလေ သည်။ နောက် ဒေးဗစ်ကော့ပါးဖီးလ်၏ ရထားကြီးစင်းလုံး ပျောက်သွားအောင် လုပ်သော ပြကွက်ကိုလည်း မှင်သက်ရှုမောစွာ ကြည့်ခဲ့ရသည်။ ထိုမျက်လှည့်များမှာ အလိမ်အညာပြကွက်များသာ ဖြစ်၏။
အကျဉ်းထောင်ထဲတွင် ရှိခဲ့စဉ်က ဘိုးတော်မျက်လှည့်ဆရာတစ်ဦးကို ကျွန်တော်တွေ့ခဲ့ဖူးပါသည်။ သူ့ကို ထောင်မှူး၊ ထောင်ပိုင်များ သာမက အပြင်မှ လူများကလည်း လာရောက်ယတြာချေကြ၏။ သူသည် ဘိုးတော်အဖြစ် လိမ်ညာမှုနှင့် အဖမ်းခံရခြင်းဖြစ်သည်။ သူ့ကို ဗေဒင်၊ ယတြာလာမေးသူများကို ကက်ဆက်ခွေဖြင့် ပေးလေသည်။ လာရောက်သူက ကြိုတင်၍ရှာမည်။ မွေးနေ့သက္ကရာဇ်၊ လက်ဝါးရိုက် ထားသော လက္ခဏာပုံများကို ပေးထားရ၏။ သူ့ကို လာမေးသည့်အချိန်တွင် ကက်ဆက်ခွေ အသစ်စက်စက် ကိုလည်း ယူလာရလေသည်။ ထိုသို့ ဗေဒင်ကြည့်ရှုသူ ရောက်လာသည့်အချိန်တွင် ထိုသူ ယူလာသော ကက်ဆက်ခွေအသစ်ကို သူက လက်ဝါးပေါ်တင်ကာ တိုးတိုး၊ တိုးတိုးဖြင့် မန်းမှုတ်ပါတော့ သည်။ သူက အခွေကို ကာယကံရှင်ထံ ပြန်ပေး၏။ ကက်ဆက်ဖွင့်ကြည့်သောအခါ မေးသူ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟောပြောချက်၊ ဆောင်ရန်၊ ရှောင်ရန်နှင့် ယတြာချေရမည်များ ပါဝင်သည်။ အံ့ဩဖွယ် ကောင်းလှပါသည်။ သို့သော် ကက်ဆက်ခွေ အသစ်နှင့် အသံသွင်းထားသော အခွေကို လက်ထဲ၌ပင် လဲလိုက်သည်ကို မည်သူမျှ မသိလိုက်ကြပေ။

ထိုကဲ့သို့ မျက်လှည့်ပြပြီး ကမ္ဘာပေါ်တွင် လိမ်ညာမှုပေါင်းစုံကို လူအများအပြား ခံစား နေရပေသည်။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရေး ကို အကြောင်းပြကာ နိုင်ငံ့ သယံဇာတများကို လုယူနေမှုများ၊ ဆိုရှယ်လစ် ဝါဒကို အကြောင်းပြပြီး လူဆင်းရဲများကို မွဲသထက် မွဲစေမှုများ၊ မိမိ မိသားစုနှင့် ဆွေမျိုးများ ကောင်းစားမှုကိုသာ လုပ်နေသည်များကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကြုံတွေ့ ခံစား သိမြင် ခဲ့ရပေသည်။ အရေးကြီးသည်မှာ လူထုကို မျက်လှည့်မပြဖို့ ဖြစ်၏။ အရိုးသားဆုံး၊ သစ္စာအရှိဆုံး တိုင်းပြည်နှင့် လူမျိုး အတွက် လုပ်ပြဖို့သာ အရေး ကြီးသည်။ ပဏ္ဍဝလို၊ ဒေးဗစ်ကော့ပါးဖီးလို နိုင်ငံရေးနှင့် စီးပွားရေး မျက်လှည့် ပြသူများကို မလိုချင်ပါ။

