ဂါဇာ မှာ သတင်းထောက်ပေါင်း ၂၀၀ လောက် သေဆုံးခဲ့ကြရပြီ

“ဟေ့ကောင် အာနတ်စ် မင်းပါးစပ်ကို ပိတ်ထားစမ်း” လို့ အဓိပ္ပာယ်ရတဲ့ အာရဗီ စကားနဲ့ အစ္စရေး သူလျှိုတွေက ဂါဇာက သတင်းထောက်တွေ ဆီကို ဖုန်းခေါ်လေ့ရှိတယ်။ ဂါဇာမှာရှိနေကြတဲ့ သတင်းထောက် တစ်ယောက်ယောက်ဟာ ဒီလို ဖုန်းမျိုး လက်ခံရပြီဆိုရင် နှုတ်ပိတ်ခံရဖို့ နီးစပ်လာပြီဆိုတာ သိကြလို့ ဂါဇာဒေသကနေ ရှောင်ထွက် သွားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ အသက် ၂၈ နှစ်အရွယ် ပူလစ်ဇာဆုပိုင်ရှင် အာနက်စ် အယ်လ် ရှာရစ်ဖ် ကတော့ ထူးခြားပါတယ်။ သူက “ဂါဇာက ဖြစ်ပျက် နေတာတွေ ကမ္ဘာကသိအောင် လုပ်ပေးရမယ်” လို့ အမြဲပြောလေ့ရှိတယ်။ အာနက်စ်နဲ့ နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ငါးဦးဟာ အယ် ရှီဖာ ဆေးရုံဘေးမှာ ဖြစ်သလို ဆောက်ထားတဲ့ တဲသာသာ သတင်း ရုံးခန်းကို အစ္စရေး ဒရုန်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြရပါတယ်။ အဲဒီဖြစ်ရပ် မတိုင်ခင် သြဂုတ်လ ၈ ရက်နေ့က သူဟာ ကာတာနိုင်ငံမှာရှိတဲ့ ငယ်သူငယ်ချင်း ဖြစ်သူကို ဖုန်းခေါ်ပြီး သူ့ကို အစ္စရေးက လုပ်ကြံဖို့ ကြိုးစားနေကြောင်း ပြောခဲ့တယ်။ နောက်ပြီး သူငယ်ချင်းနှစ်ယောက် အစ္စလာမ် ဘာသာရေး ဆုတောင်းစာတွေ ရွတ်ဆိုပြီး ကြောက်စိတ်ကို အန်တုခဲ့ ကြတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ အစ္စရေးက ဒရုန်းနဲ့ တိုက်ခိုက်လို့ သတင်းထောက် စုစုပေါင်း ခုနစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်။ အစ္စရေး ဘက်က ဒီတိုက်ခိုက်မှုဟာ ထုံးစံ အတိုင်းပဲ သက်သေ ခိုင်လုံအောင် မပြနိုင်ဘဲနဲ့ အာနက်စ်ကို ဟားမာ့စ်ဘက်က လူလို့ စွပ်စွဲပြီး သူတို့ရှိနေတဲ့ တဲကို ရည်ရွယ်ပြီး ချေမှုန်းတာလို့ ဝန်ခံတယ်။ မနှစ်ကလည်း ကာတာနိုင်ငံက အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနကို ဟားမာ့စ် အာဘော်တွေ အသားပေး ထုတ်လွှင့်နေတယ်လို့ စွပ်စွဲပြီး အစ္စရေးနိုင်ငံကနေ နှင်ထုတ်လိုက် သေးတယ်။
ပြီးခဲ့တဲ့ နှစ်နှစ် လောက်အချိန်အတွင်းကတည်းက နိုင်ငံခြားအခြေစိုက် သတင်းထောက်တွေအားလုံးကို လွတ်လပ်စွာ ဝင်ထွက်ခွင့် ပိတ်ပင်လိုက်တယ်။ သတင်းယူ ခရီး အတိုတွေလေးတွေကို စစ်တပ် အစောင့်အရှောက်နဲ့မှ သွားရမယ်လို့ ကန့်သတ်လိုက်တယ်။ ဒီလ စောစောပိုင်းတုန်းက ဂါဇာအတွက် စားနပ်ရိက္ခာတွေ လာချတဲ့ လေယာဥ် နဲ့ လိုက်လာတဲ့ သတင်းထောက်တွေကို မြေပြင်မှာ ဖြစ်ချင်တိုင်း ဖြစ်နေတာကို မှတ်တမ်းတင် ရုပ်ရှင် မရိုက်ဖို့လည်း တားမြစ်ခဲ့သေးတယ်။ အနောက်ဘက်ကမ်းခြေမှာ အခြေစိုက်တဲ့ အစ္စရေးတို့ရဲ့ ကိုယ်ပိုင် သတင်းထောက်အဖွဲ့နဲ့ ပါလက်စတိုင်း သတင်းထောက်တွေ ပါဝင်တဲ့ အဖွဲ့တွေကို ဂါဇာဒေသကို မလာဖို့ ပိတ်ပင်ထားတာဆိုရင် ဆယ်စုနှစ် တစ်ခု ရှိခဲ့ပြီ။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ကတည်းက အစ္စရေး တိုက်ခိုက်လို့ သတင်း လုပ်သားပေါင်း ၂၃၈ ယောက် အသက် ဆုံးရှုံးခဲ့ကြရပြီလို့ ဂါဇာအစိုးရ သတင်းပြန်ကြားရေးဌာနက ဆိုပါတယ်။ ဒီအထိအခိုက်နှုန်းဟာ ပထမ နဲ့ ဒုတိယ ကမ္ဘာစစ်၊ ဗီယက်နမ် စစ်ပွဲ၊ အာဖဂန်နစ္စတန် စစ်ပွဲ နဲ့ ယူဂိုဆလားဗီးယား စစ်ပွဲတွေအားလုံးပေါင်းထက် များပါတယ်။ နယူးယောက် အခြေစိုက် စီပီဂျေလို့ခေါ်တဲ့ သတင်းထောက်များအား အကာအကွယ် ပေးရေး ကော်မတီက ပြောတာကတော့ စစ်ပွဲတွေ စဖြစ်ခါစ ကတည်းက ဒီနေ့အထိ ဂါဇာမှာ သတင်းထောက်စုစုပေါင်း ၁၈၆ ယောက် အသက် ဆုံးရှုံးခဲ့ကြပြီ။ ဒီ ကိန်းဂဏန်း တွေဟာ ကမ္ဘာတစ်ဝန်း တိုက်ပွဲတွေကို ၁၉၉၂ ခုနှစ်က စလို့ စောင့်ကြည့်ချိန် ကတည်းကဆိုရင် အားလုံးနဲ့ ယှဥ်ရင် ပိုများ ပါတယ် လို့ပြောတယ်။ စီပီဂျေက ဒီလို သတင်းထောက်တွေကို “အကြမ်းဖက်သမား” တွေလို့ အကြောင်းပြချက် ခိုင်ခိုင် လုံလုံမရှိပဲနဲ့ စွပ်စွဲပြီး သတ်ဖြတ်နေတာကြောင့် အစ္စရေးကို ရှုတ်ချတဲ့ အဖွဲ့များထဲက ထင်ရှားတဲ့ အဖွဲ့ တစ်ဖွဲ့ဖြစ်ပါတယ်။
ကျွမ်းကျင် သတင်းထောက်တွေ တဖြည်းဖြည်း နည်းလာကြတဲ့အခါ ပြည်သူတွေထဲက ရှောင်တခင် သတင်းထောက်တွေက သူတို့နေရာတွေကို တဖြည်းဖြည်းချင်း နေရာ ဝင်ယူလာ ကြပါတယ်။ ဒီလို သတင်းထောက်တွေကိုလည်း အစ္စရေးက အလွတ်မပေးပါဘူး။ အန်နဝါ နင်းမ်းဆိုသူ ပိန်ချည့်ချည့်နဲ့ ဝါသနာရှင် သတင်းထောက် တစ်ဦးက စားနပ်ရိက္ခာဝေတဲ့အချိန်ဖြစ်နေတဲ့ ဗရုတ်ဗရက်တွေကို ဖုန်းနဲ့ မှတ်တမ်းတင်ဖို့ ကြိုးစားရင်း အစ္စရေး စစ်သားတွေက သေနတ်နဲ့ချိန်တာ တွေ့လိုက်ရလို့ ကြောက်လန့်တကြားနဲ့ ဖုန်းကို ကမန်းကတန်း ဝှက်လိုက် ရတယ်လို့ ပြောပါတယ်။

ဒီလိုမျိုး အစ္စရေးရဲ့ သတင်းထောက်များကို စနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ နှိမ်နင်းနေတာကြောင့် ဂါဇာက သတင်းလုပ်သားတွေဟာ ခက်ခဲတဲ့ လမ်းတွေကို မလွှဲသာ မရှောင်သာဘဲ ရွေးကြရတယ်။ သတင်းသမားတစ်ယောက်က “နေ့စဥ်လိုလိုပဲ အလုပ်လုပ်နေကြရတယ်။ ဒါပေမဲ့လည်း စားစရာမရှိတော့ ရေပဲသောက်နေရတယ်။ ဒီကလူတွေလိုပဲ ကျွန်တော်တို့ တစ်တွေလဲ အငတ်ဘေး ဆိုက်နေတာ” လို့ ပြောတယ်။ သတင်းထောက်လည်းဖြစ် ကင်မရာ ဆရာလည်းဖြစ်တဲ့ ဟက်ဆန် အဘူဒန်က “ဒီလူတွေ နေကြရတာက ခင်ဗျားတို့ ထင်ထားတာထက် အများကြီးဆိုးတယ်။ တဲထဲမှာ နေရတယ်၊ သောက်ရေလို့တောင် ခေါ်လို့မရတဲ့ ရေကို သောက်နေရတယ်။ စားဖို့ မသင့်တော်တော့တဲ့ အစားအစာတွေကို စားနေကြရတယ်။ ဒါကို သတင်းထောက်လို့ ခေါ်တာလား သူတို့တစ်တွေ ကိုယ်တိုင်လည်း မသိကြတော့ဘူး၊ ဒါဟာ ကျွန်တော်တို့ရဲ့ ဘဝတွေပဲ စုတ်ပြတ်သတ်ကုန်ပြီဗျာ” လို့ ထပ်ရှင်းပြပါတယ်။
အယ်ဂျာဇီးယား သတင်းထောက် မိုဟာမက်က ခုလို ရှင်းပြတယ် “ဒီလို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိုးရိမ် ကြောင့်ကြ မှုတွေ ကြားက ပါလက်စတိုင်း သတင်းထောက်တွေက သူတို့လုပ်စရာရှိတာ ဆက်လုပ်နေကြတယ်။ သူတို့က ‘ယုံကြည်မှု တစ်ခုကနေ မောင်းနှင်အားနဲ့ မှတ်တမ်းတင် သတင်း ထောက်လှမ်းနေရတာ အသက်မွေးဝမ်းကျောင်း အလုပ် တစ်ခုတည်း ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်တို့ လူမျိုးနဲ့ သမိုင်းအတွက်လည်း အရေးကြီးပါတယ်’ လို့ပြောကြတယ်ဗျ”။
ကိုးကား
၁) “Will I make it back alive?”: Gaza Journalists fear targeting by Israel, Aljazeera, August 2025
၂) The Killing of journalists in Gaza, The Economist, August 2025

