The Corner

The Corner

cropped-Logo_round_grey-background.png

ထရမ့်နဲ့ ပူတင်

Share မယ်

“အမေရိကန် သမ္မတကြီးနဲ့ ရုရှား ဦးသျှောင်တို့ရဲ့ ပွတ်တိုက်မှုဟာ လေ့လာသူ အများစု

ခန့်မှန်းထားတာထက် ပိုပြီး စိုးရိမ်စရာ ကောင်းပါတယ်တဲ့…”

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို အန်တုဖို့ ကြံမယ်ဆိုရင် သူ့ကို နိုင်နည်းတွေကို လှလှပပ အကွက်ကျကျ ဘယ်လို သုံးမလဲ ဆိုတာ ပထမဆုံး စဥ်းစားတတ်ဖို့ လိုပါမယ်။ သူ့နဲ့ ပြိုင်ဘက် နိုင်ငံရေး သမား တစ်ယောက်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေ လုပ်တာ ခံရ နိုင်တယ်၊ သူ့ကို နှောင့်ယှက်မဲ့ အဖွဲ့တွေဆိုရင် တရားတဘောင် အလုပ်ခံရကိန်းရှိတယ်၊ လက်ဝဲယိမ်း အယူအဆရှိတဲ့ တက္ကသိုလ်တွေဆိုရင် အထောက်အပံ့တွေ ရပ်ပစ်ခံရဖို့များတယ်။ စေ့စပ်သေချာပြီး အလုပ်ကို ကျကျနန လုပ်သူ အစိုးရ ဝန်ထမ်း တစ်ဦးဆိုရင် ပန်းရောင် စာရွက် လက်ထဲရောက်လာနိုင်တယ်။ အမေရိကန်မှာ ပန်းရောင်စာရွက်ဆိုတာ အလုပ်ဖြုတ်ခံရရင် ဖြစ်စေ (သို့မဟုတ်) အတင်းအကျပ် အနားပေးခံရရင်ဖြစ်စေ အလုပ်ရှင်က ပေးလေရှိတဲ့ စာရွက်လို့ သိရပါတယ်။ အဲ ကိုယ့်ဘာသာကိုယ် ရပ်တည်နေပြီး ထီမထင်တဲ့ နိုင်ငံခြား အစိုးရမျိုးဆိုရင်တော့ ကြီးလေးတဲ့ သွင်းကုန်ခွန် နဲ့ ရင်ဆိုင်ဖို့သာ ပြင်ထားပေတော့။ သူ့ကို အန်တုဖို့ ကြိုးစားမယ့်သူဆိုရင် လူလယ်ကောင်မှာ စော်ကားမော်ကား ရစရာမရှိအောင် အတုတ်ခံရဖို့ ကျိန်းသေ သလောက်ပဲ။

                လျှို့လျှို့ဝှက်ဝှက်နဲ့ ဘာလုပ်နေမှန်းမသိရတဲ့ ဗလာဒီမာ ပူတင် ကျတော့ ခြွင်းချက်ပါ။ အမေရိကန်ရဲ့ ၂၀၁၆ ရွေးကောက်ပွဲတုန်းက ရုရှားရဲ့ ဝင်ရောက် နှောင့်ယှက်မှုတွေကြောင့် မစ္စတာထရမ့်က သူ့ရဲ့  မကျေမချမ်း ဖြစ်မှုတွေကို မြင်မြင်သမျှ လူအားလုံးကို အပြစ်တင်တယ်။ အဲ မစ္စတာ ပူတင် တစ်ယောက်က လွဲလို့ပေါ့။ ယူကရိန်း စစ်ပွဲကျပြန်တော့လည်း သမ္မတဟောင်း ဂျိုးဘိုင်ဒင် အသုံးမကျလို့ ဘိုင်ဒင် ကိုင်တွယ်တာ အားနည်းချက်တွေကြောင့်လို့ ဆိုပြီး ပြောပြန်ရောဗျ။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကိုလည်း သူကြောင့် ဒီစစ်ပွဲ ဖြစ်ရတာလို့ စွပ်စွဲသေးတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို စပြီး ဝင်တိုက်တာကိုတော့ မစ္စတာ ပူတင် တစ်ယောက်က “လူနပ်ကြီး” လို့ ချီးမွမ်းခန်းဖွင့်တယ်။

Source: Easy-Peasy.AI

မစ္စတာ ပူတင်ဘက်ကတော့ ထရမ့် ရဲ့ လုပ်ရပ်တွေကို ရယ်သွမ်းသွေး ပြက်ရယ်ပြုနေမှာ သေချာတယ်။ ထရမ့်ရဲ့ လုပ်ရပ်တွေ ဆိုတာ သူသမ္မတ ဖြစ်လာရင် ယူကရိန်း စစ်ပွဲကို တစ်ရက်အတွင်း စစ်ပြေငြိမ်းအောင် လုပ်မယ်တို့၊ မြောက်ကိုရီးယား နိုင်ငံကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်မယ်လို့ ကြိမ်းဝါးတာတွေ၊ တရုတ်နိုင်ငံကို ၂၄၅ ရာခိုင်နှုန်း သွင်းကုန်ခွန် ကောက်လိုက်မယ် စတဲ့ သင်္ကြန်အမြောက်တွေကိုပေါ့။ ထရမ့်လေသံက ခပ်မာမာ ခပ်ပြင်းပြင်း အတည် ပြောနေ တာထက် ခပ်လေးလေးနဲ့ ညည်းတွားနေသလို ဖြစ်နေလို့ နေမှာပေါ့။ ဥပမာ ဧပြီလတုန်းက ဆိုရှယ်မီဒီယာမှာ ထရမ့်က “ဗလာဒီမာ ရပ်တော့ကွာ” လို့ ရေးခဲ့တယ်လေ။ သူလုပ်ပုံက သိပ်ခင်ကြတဲ့ သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်က သစ္စာဖောက်သွားလို့ နာမည်ခေါ်ပြီး “မင်းကွာ လုပ်ရက်တယ်” လို့ ပြောနေသယောင်ယောင်…

                ဒါပေမယ့် မစ္စတာ ပူတင်က ယူကရိန်း လူမျိုးတွေ အပေါ် ဆက်လက်ကျူးလွန်မှုတွေ ဆက်တိုက်လုပ်နေတော့ သမ္မတ ထရမ့်တစ်ယောက် သူလုပ်နေ ကိုင်နေကျ သူ့ပုံစံ ပျောက်သွားပြီး ကမ္ဘာ့စင်မြင့်ပေါ်မှာ သူအရူးလုပ်ခံနေရပြီဆိုတာ ဝန်ခံတဲ့ အထိ ရောက်လာပါတယ်။ “ဒီလူက စစ်ကို မရပ်တဲ့အပြင် ကျုပ်ကိုပါ အဲဒီအထဲ ဆွဲခေါ်နေပြီ” လို့ ဧပြီလ ၂၆ ရက်နေ့က ကဗျာဆန်ဆန် ဇာတ်ဆန်ဆန် ပြောပါတယ်။ တစ်လလောက် အကြာမှာတော့ အရဲစွန့်ပြီး သူ့သူငယ်ချင်းကြီး တစ်ယောက် အပြောင်းကြီး ပြောင်းလဲသွားပြီ။ “လုံးဝ ရူးသွပ်သွားပြီ” လို့ ပြောလာပါတယ်။ ဇူလိုင်လ ၈ ရက်နေ့မှာတော့ ဒီကိစ္စတွေ စဖြစ်ကတည်းက ပြောခဲ့သင့်တဲ့ စကားတစ်ခွန်းကို စပြောလာပါတယ်။ “ဒီလူက လူကောင်းတစ်ယောက်ပါ။ အခုတော့ အဓိပ္ပာယ် မရှိတာတွေ လုပ်နေပြီ” တဲ့။ ရုရှားကို ဒုတိယမ္ပိ စီးပွားရေး ပိတ်ဆို့မှုတွေ ထပ်လုပ်လိုက်တဲ့ အခါ မစ္စတာ ပူတင်က ဝိုးတိုးဝါးတား ငြိမ်းချမ်းရေး စကားပြောကြရအောင်လို့ ဗလုံးဗထွေးပြောတာကို သမ္မတ ထရမ့် နားယောင်သွားပြီး ထိပ်သီး အစည်းအဝေး တစ်ခု စီစဥ်ပြီး အမေရိကန်မှာ တွေ့ဖို့အထိ စီစဥ် ပါတော့တယ်။

Source: www.pravda.ru

ဘာကြောင့်များ ထရမ့်ဆိုတဲ့ ပုဂ္ဂိုလ်က ဒီလို လိုက်လျောနေရတာလဲ။ သတင်းစာဆရာတွေ၊ လွှတ်တော်ဆိုင်ရာ စုံစမ်းရေး တာဝန်ရှိသူတွေနဲ့ တရားရေးဌာနက လူတွေ တညီတညွတ်တည်း မြင်ကြတာက အတူတူပါပဲ။ ရှုံးနိမ့်သူတွေ အားကိုးရာမဲ့ ဝမ်းနည်းပက်လက် ဖြစ်ကြသူတွေ အကျပ်အတည်းကို ရောက်တဲ့အခါ ဒါလို လုပ်ရပ်မျိုးတွေ လုပ်ကြတယ်လို့ သုံးသပ်ပါတယ်။ ဖြစ်ရပ်တွေကို ပြန်ကြည့်မယ်ဆိုရင် သိပ်တော့ အခြေအနေ မကောင်းပါဘူး။ ၂၀၀၇ ခုနှစ်လောက်တုန်းက ထိုစဥ်က သူဋ္ဌေးကြီး မစ္စတာ ထရမ့်ဟာ မစ္စတာ ပူတင်ကို ရုပ်မြင်သံကြား အစီအစဥ် တစ်ခုက တစ်ဆင့် ချီးမွမ်းခန်းဖွင့်ရင်း ၂၀၁၃ ခုနှစ် မော်စကိုမှာ ကျင်းပမယ့် မယ်စကြဝဠာရွေးပွဲကို တက်ရောက်ဖို့ ဖိတ်ပါတယ်။ ၂၀၁၃ ကနေ ၂၀၁၆ အတွင်း မော်စကိုမှာ တည်ဆောက်မယ့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး ကိစ္စမှာ အကူအညီ ရလိုရငြား တွစ်တာကနေ “အခင်မင်ဆုံး သူငယ်ချင်း အသစ်” လို့ ခေါ်ဝေါ် သုံးနှုန်းပြီး သွေးတိုးစမ်းခဲ့တယ်။ ၂၀၁၅ ခုနှစ်အတွင်း ပူတင်နဲ့ တွေ့ခွင့်ဖို့ ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး ဆိုတာတွေ သိခဲ့ရပါတယ်။ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မှာတော့ ရုရှားရဲ့ ဝင်ရောက် နှောင့်ယှက်မှု တွေထဲမှာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ အီးမေးလ်တွေ ကို ခိုးယူမှုတွေ အထိဖြစ်ခဲ့တယ်လို့ ယိုးစွပ် ကြတယ်။ တချို့ သတင်းသမားတွေ အဆိုအရဆိုရင် ပူတင်နဲ့ ထရမ့်တို့ အကြီးမားဆုံး ပွတ်တိုက်မှုမှာ ပူတင်က ထရမ့်ရဲ့ အမြင်မတင့်တယ်တဲ့ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက် အကျပ်ကိုင်တဲ့ ကိစ္စတွေ ကြောင့်လို့ဆိုတယ်။ သို့ပေမဲ့ ဒီကိစ္စဟာ မစ္စ ကလင်တန်ကို ကူညီပေးနေတဲ့ လူတစ်စုဘက်ကနေ ထွက်ပေါ်လာခဲ့တာမို့ ကောလဟာလ တစ်ခု သာဖြစ်ခဲ့ပါတယ်။

                နောက်ထပ် ကိုးနှစ်အကြာမှာတော့ မစ္စတာ ပူတင်ရဲ့ ခပ်အေးအေး မှန်မှန် နှောင့်ယှက်လာမှုဟာ သူရဲ့ ရန်သူတော်ကြီး အမေရိကန်ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကိုပါ ထိခိုက် လာစေခဲ့ပါတယ်။ မကြာခင်က ရှေ့နေချုပ် ပမ်ဘွန်ဒီ က သမ္မတဟောင်း ဘာရက် အိုဘားမား အပေါ် စုံစမ်းစစ်ဆေးရေး ကောင်မရှင်တစ်ရပ် ဖွဲ့ဖို့အထိဖြစ်လာတယ်။ ထရမ့်ကတော့ အိုဘားမားနဲ့ သူ့လူ အချို့ဟာ နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျူးလွန်ခဲ့ကြလို့ ဖြစ်တယ်လို့ စွပ်စွဲတယ်။

                မစ္စတာ ထရမ့်က ပူတင်ကို ဘာကြောင့် ဒီလောက်တောင် လေးစားအားကျ နေရသလဲဆိုတာကတော့ စိတ်ရောဂါ အထူးကု ဆရာဝန်မှပဲ ပြောနိုင်မယ်ထင်ပါတယ်။ သေချာတာတစ်ခုကတော့ ကေဂျီဘီဟောင်း တစ်ဦးဖြစ်ခဲ့သူ ပူတင်ဟာ အားနည်းပြီး ပျော့ညံ့ချက် ရှိသူ အခြောက်တိုက် ဘဝင်မြင့်နေသူတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ကောင်းကောင်း သိနေပုံရပါတယ်။ မတ်လတုန်းက ပူတင်က လက်ဆောင်အဖြစ် ပေးခဲ့တဲ့ အပေါစား သူ့ပုံ ပန်းချီကားကို ထရမ့်က အမြတ်တနိုး ထားပုံရတယ်။

                ထင်မြင် ယူဆချက်တွေက မစ္စတာထရမ့်အပေါ် မတရားသဖြင့် ပြောရာ ရောက်ပါတယ်။ နောက်ပြီးတော့ ကျရောက် လာမယ့် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုလည်း ဖြစ်သွားနိုင်ပါတယ်။ သူ့မှာ မစ္စတာ ပူတင်ကို အရေးတယူနဲ့ လေ့လာနေတုန်း ပါ။ ၁၉၃၀ ခုနှစ်က စလို့ အမေရိကန် ကိုင်စွဲထားတဲ့ အသက်တစ်ခုလိုလည်း ဖြစ်တဲ့ မူဝါဒတစ်ခုဟာ နိုင်ငံ တစ်နိုင်ငံက နောက်တစ်နိုင်ငံ အပေါ် အနိုင်အထက်နဲ့ သိမ်းပိုက်ခြင်းကို လုံးဝ ဆန့်ကျင်ထားခြင်းပါ။ ဒီ မူဝါဒ ကလည်း ကမ္ဘာ့ ကုလသမဂ္ဂ ပဋိညာဥ်ကို ပိုမိုပြီး ပြောင်မြောက်စေအောင် အထောက်အပံ့ ဖြစ်စေပါတယ်။ သို့သော်လည်းပဲ ထရမ့်က သူ့ရဲ့ ပထမသက်တမ်းတုန်းက အစ္စရေးက ဂိုလမ်ကုန်းမြင့်ကို ရယူခဲ့တာ၊ မော်ရိုကိုက ဆာဟာရ သဲကန္တာရကို သူပိုင်တယ်လို့ ပြောခဲ့တာကို အသိအမှတ်ပြု ထောက်ခံခဲ့တယ်။ အခုလဲ သူ့ပုံစံ ကြည့်ရတာ ရုရှားကို နယ်မြေသစ်တွေ အပ်နှင်းလိုက်ပြီး ယူကရိန်းစစ်ပွဲကို အဆုံးသတ်စေမယ့် ပုံပါပဲ။

                ဒါဟာ ထရမ့်တို့၊ ပူတင်တို့လို လူနပ်ကြီးတွေက ဒီနေ့ကမ္ဘာကြီးမှာ ဒီလို နိုင်သူ အကုန်ယူ ဝါဒီဟာ လုပ်သင့်တဲ့ လုပ်ရပ်တစ်ခုလို့ ယူဆနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာ စံနှုန်းတွေ၊ သံရေး တမန်ရေးတွေကို ဂရုစိုက်စရာမလို ဘေးဖယ်လိုက်ကြတယ်။ ဒါဟာ ကြီးမြတ်သူတွေ အောင်မြင်သူတွေ မှသာ လုပ်တဲ့ အရည်အချင်းတစ်ခု ဖြစ်တယ် ဆိုတာမျိုးပေါ့။ ဒီလိုလူတွေ တစ်ယောက်နဲ့ တစ်ယောက် ပွတ်တိုက်မှုတွေ ဖြစ်ကြတဲ့အခါ ကမ္ဘာကြီးကတော့ ဓားစာခံပေါ့။

ကိုးကား The Real Collusion Between Donald Trump and Vladimir Putin – The Economist, Aug 2025                                 

Click to rate this post!
[Total: 3 Average: 5]