အရွှန်းဖောက်တယ်ဆိုတာ အဖောက်ခံရသူက မျက်နှာကြီးမည်း သွားပြီး ပရိသတ်က “ဝါးခနဲ” ရယ်တဲ့အခါမှ ဟာသမြောက်တာပါ။ ဝါရင့် လူရွှင်တော်ကြီးတွေ ပြောတာ ‘အအုပ်’ နဲ့ ‘အခံ’ ဆိုတာ မှတ်သားမိပါတယ်။

၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲအတွင်းမှာ အိုနီယွန် (Onion) – ကြက်သွန်လို့ အမည်ရတဲ့ လစ်ဘရယ် အသော အထေ့ ဂျာနယ် တစ်စောင်မှာ သတင်းခေါင်းစီးကို ဒီလိုရေးပါတယ် “Trump calls Harris to congratulate himself on winning“။ မြန်မာလို ပြန်မယ်ဆိုရင်တော့ “သူ အနိုင်ရတဲ့အတွက် ထရမ့်က ဟဲရစ်ဆီကို ဖုန်းခေါ်ပြီး သူ့ကိုယ်သူပဲ ဂုဏ်ပြု စကားပြောလိုက်တယ်” တဲ့။ ခပ်တိုတိုပါပဲ။ ဟာသတစ်ခု အမြင်နဲ့ဆိုရင် ဒီစာကြောင်းက ပြုံးစရာလေးတစ်ခုပါ။ ထရမ့် ဖုန်းခေါ် မခေါ် မသေချာပေမယ့် ထရမ့်က တကယ်ပဲ သမ္မတဖြစ်သွားတယ်လေ။ ဘယ်သူက ဒီလို ထင်ခဲ့မှာလဲ။
ဒေါ်နယ်ထရမ့် ခေတ်မှာ ထေ့ငေါ့ နောက်ပြောင်သူတွေအတွက် ဟာသကို ထုတ်ရတာ တကယ့် ပြဿနာကြီးပါတဲ့။ ထရမ့်ကို တည်ပြီး ပြက်လုံးထုတ်ရတာ ဟာသတွေချည်းလို့ ဆိုပေမယ့်လည်း တကယ်တော့ ထင်သလောက် မလွယ်ပါ။ ဘာကြောင့်လဲဆိုတော့ ဟာသတွေက တကယ် ဖြစ်လာလို့လေ။ အိုနီယွန် ဂျာနယ်ရဲ့ အယ်ဒီတာဟောင်း စကော့ ဒိုက်ကားစ် က သူမှတ်မိတာကို ရယ်ရင်း ပြန်ပြောပြတာက “သူက ၂၀၁၇ ခုနှစ်တုန်းက ထရမ့်ပြောခဲ့တာတွေကို စုပြီး ရယ်စရာ စာအုပ် ထုတ်ခဲ့ပေမယ့် အခုပြန်ဖတ်မယ်ဆိုရင် သတင်းတွေကို ပြန်ဖတ်နေရသလိုပဲ” တဲ့။ ဥပမာ ဒေါ်နယ်ထရမ့်ရဲ့ စိတ်ကူးထားတဲ့ နောက်ဖြစ်လာမဲ့ ကမ္ဘာ့မြေပုံမှာ အမေရိကန်ရဲ့ ၅၁ မြောက်ပြည်နယ်ဟာ ကနေဒါ လို့ ရေးထားတာမျိုး။ အမျိုးသား သိပ္ပံ ဖောင်ဒေးရှင်း မှာ ပြောမယ့် ထရမ့်ရဲ့ မိန့်ခွန်းကို “သိပ္ပံပညာအရ ဆိုပြီး လာမပြောနဲ့၊ ကျုပ်က ဒါတွေကို လွယ်လွယ်နဲ့ လက်ခံတာ မဟုတ်ဘူး။ သိပ္ပံပညာရှင်ဆိုပြီး ခေါင်းထဲမှာ ကြက်ဥလောက်ပဲ သိတဲ့လူတွေကို ဖြုတ်ပစ်မယ်။ တကယ် ပြောနေတာ“…။ ဒါတွေက အခုတကယ်ဖြစ်လာတာဆိုတော့ မခက်ပေဘူးလား။
သရော်စာဆိုတာကို စာရေးဆရာ ဖိလစ် ရော့သ်က “ရှိသင့်တဲ့ ရှိရမယ့် ကျင့်ဝတ်တွေ ပြောင်းလဲလာရင် ဟာသ ဆန်ဆန် နောက်ပြောင် စရာတွေ ဖြစ်လာတာပါ” လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။ လှောင်ပြောင်တယ် ဆိုတာ ပစ်မှတ်ထားတဲ့ ပုဂ္ဂိုလ်ကို သူ့ လုပ်ခဲ့တဲ့ လုပ်ရပ်အပေါ် အရှက်ရစေဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပစ်မှတ်ထားတဲ့ ပုဂ္ဂိုလ်က အရှက်မဲ့နေရင် ဘယ်လို လုပ်မှာလဲ။ “Private Eye” လို့အမည်ရှိတဲ့ ဗြိတိသျှ မဂ္ဂဇင်း အယ်ဒီတာ အီယန် ဟစ်လော့ပ်က “ဒီလိုလူမျိုးဆိုတာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသူ ထည်ဝါတယ်လို့ ထင်တာလို့ နေမှာပေါ့ဗျာ၊ အနှစ်သာရ ပျောက်နေတဲ့သူမျိုးပေါ့” လို့ ပြောပါတယ်။ ဆက်ပြီး “အမှန်ဆိုတာကိုလည်း သူက လက်ခံမယ့်သူ မဟုတ်ဘူးလေ” ဒါဆိုရင် သူတော်ကောင်းယောင် ဆောင်ပြီး ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့ နိုင်ငံရေးသမားတွေကို ဟာသလုပ်လို့မရတော့ဘူးလား။ ကနေဒါနိုင်ငံထုတ် Beaverton စာစောင်ကို တည်းဖြတ်ပေးနေသူ လုခ် ဂေါ်ဒန် ဖီးလ်က “သူတို့ကို ဟာသထုတ်မယ်ဆို လုပ်လို့ရပါတယ်။ ဒါပေမဲ့ တည့်တည့်သာပြော ဥပမာ ကောင်းကင်က ပြာတယ်။ ရေနဲ့ပက်ရင် စိုမယ်.. စတာမျိုးတွေပေါ့” လို့ ပြောပြပါတယ်။
အံ့သြစရာ ကောင်းတာက ထရမ့်ကို ကြည့်မရလို့ ဟာသလုပ်သူများဟာ လစ်ဘရယ် ဘက်ကလူတွေချည်းပဲ မဟုတ်ပါဘူး။ အခုဆိုရင် ကွန်ဆာဗေးတစ် (ရှေးရိုးစွဲဝါဒီ – ထရမ့်နဲ့ ဘက်တူသူများ) ကလည်း ထရမ့်ရဲ့ လုပ်ရပ်အချို့ကို ထောက်ပြ ပြောဆိုကြပါတယ်။

ဘေဘီလုံဘီး (Bablyon Bee) လို့ခေါ်တဲ့ ကွန်ဆာဗေးတစ် သရော်စာတွေ တင်ဆက်တဲ့ အွန်လိုင်း ဝက်ဘ်ဆိုက် ကို ၂၀၁၆ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ သူတို့ရဲ့ ကမ္ဘာအပေါ် မြင်တဲ့အမြင်က နေ့စဥ်ကြုံတွေ့နေကျ ကိစ္စတွေကို ဟာသအမြင်နဲ့ ကြည့်သလိုတော့ မဟုတ်ပါဘူး။ တစ်ခါတလေ လက်တွေ့မကျတာတွေပေါ့။ ဥပမာ “ထာဝရ ဘုရားသခင်က လူတွေကို စောင့်ရှောက်ပေးနေတယ် ဆိုတာကို လူတွေက အလေးမထားကြဘူး” လို့ ပြောတာမျိုးပေါ့။ ဒီ ဝက်ဘ်ဆိုက်ကို ဖတ်သူများက ထရမ့်ကို သမ္မတ ဖြစ်လာစေဖို့ မဲပေးခဲ့သူတွေ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် ဒီလူတွေက ထရမ့်ရဲ့ အဆင်မပြေလှတဲ့ လုပ်ရပ်တွေကိုလည်း သိနေသူတွေပါ။ ဥပမာပြောရရင် ပုပ်ရဟန်းမင်းကြီးဓာတ်ပုံ မှာ ထရမ့်က အေအိုင်နဲ့ သူ့မျက်နှာ အစားထိုးပြီး ဆိုရှယ် မီဒီယာမှာ ခပ်တည်တည်နဲ့ တင်ထားတာကို ဘီး မဂ္ဂဇင်းက “ဒီပုံကို ဗာတီကန်မှာ သွားချိတ်ထားလိုက်” ဆိုတဲ့ ပြန် ထေ့တာမျိုး၊ ဒီလိုပဲ အာဒမ်ရဲ့ ပုံ မျက်နှာနေရာမှာ ထရမ့်မျက်နှာ အစားထိုး ထားတဲ့ ပုံကိုလဲ “အာဇာနည် သူတော်စင် ဘဝကနေ ငကြောက်မို့လို့ လူယုတ်မာဖြစ်သွားတာ ဝမ်းနည်းစရာ ကောင်းလိုက်တာ“လို့ ပြန်ပက် တာမျိုးပေါ့။ မူဝါဒ အရတော့ ဘီး မဂ္ဂဇင်းဟာ ထရမ့် ဘက်တော်သားအဖြစ် ရပ်တည် ပေမယ့် ထရမ့်ရဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး နားလည်ရခက်တဲ့ အမူအကျင့်တွေကိုလဲ တွေ့ရင် တွေ့သလို အလွတ်မပေး တတ်ကြပါဘူး။ ဥပမာ ထရမ့်ဟာ နိုင်ငံတွေကို သွင်းကုန်ခွန် ဘယ်လောက် ကောက်မလဲဆိုတာ သေသေချာချာ စဥ်းစား တွက်ချက်ထားတာ မဟုတ်ဘဲ နိုင်ငံရဲ့ အမည်ကို ကြည့်လိုက်ပြီး စိတ်ထဲပေါ်လာတဲ့ နံပါတ်တစ်ခု ရွေးလိုက်တာလို့ ခပ်သောသော ရေးတတ် ပြောတတ်ပါတယ်။ ဒီနှစ် မတ်လတုန်းက သမ္မတထရမ့်က စစ်တုရင် ဘုတ်ပြားပေါ်က အမည်းရောင် အရုပ်တွေ ဖယ်ရှားပစ်ဖို့ ညွှန်ကြားချက် ထွက်လာစဥ်တုန်းက “အမည်းရောင် အရုပ်တွေ ဖယ်လိုက်ကြပါ။ ဘယ်လောက် အကျည်းတန် အရုပ်ဆိုးလိုက်တဲ့ အရုပ်တွေလည်း နောက်ပြီး ဒီအရုပ်တွေဟာ ဒီအီးအိုင် (DEI – Diversity, Equality and Inclusion ဆိုတဲ့ အသားအရောင်၊ ဘာသာလူမျိုး ကွဲပြားမှုကို လက်ခံရေးမခွဲခြားရေး) မူအရ ခန့်ထား ခဲ့တာတွေပဲ” လို့ အတည်ပေါက်နဲ့ ခပ်နောက်နောက် ရေးပြီး တို့ထိပါတယ်။ နောက်တစ်ခါလည်း ထရမ့်က တရုတ်နိုင်ငံက ကျောင်းသား တွေကို ကျောင်းဗီဇာ ရပ်ဆိုင်းမယ်လို့ ပြောတုန်းကလည်း ဘီးက “ထရမ့်က တရုတ်ကျောင်းသားတွေကို ဗီဇာ ပိတ်လိုက်တော့ အမေရိကန် ကျောင်းသားတွေ ဘယ်သူတွေကို ကလိမ်ကျ ရမှန်း မသိတော့ပါ” လို့ သတင်း ခေါင်းစဥ် တပ်ခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံရဲ့ ထက်ဝက်လောက်ရှိတဲ့ ဒီမိုကရက်တွေက သူတို့ ဘီး ကို မကြိုက်ကြပေမယ့် ဒီလို ပြက်လုံး တွေကိုတော့ အားပေးကြပါတယ်။
လိင်မုဆိုး အက်ပ်စတိန်းရဲ့ ဆောင်ကြာမြိုင်မှတ်တမ်းကို ပြည်သူတွေထံက ချပြဖို့ နှောင့်နေးနေတဲ့ ထရမ့်အစိုးရကို သူရဲ့ ဘက်တော်သားတွေကပါ မကျေမနပ်နဲ့ ဖြစ်နေတာကို ဘီးက ထပ်ပြီး မီးလောင်ရာ လေပင့်ပါတယ်။ ဘီးက “ထရမ့်ရဲ့ တရားရေးချုပ် ပမ် ဘွန်ဒီက ဒီမှတ်တမ်း မထုတ်ပြန်နိုင်တဲ့ အကြောင်း ခုနစ်ချက် ရှိပါတယ်” ဆိုပြီး ဝင်နှောက်တဲ့အပြင် “ပမ်ဘွန်ဒီက ဒီမှတ်တမ်းဖိုင် သူ့စားပွဲပေါ်မှာ တင်ခဲ့တာ ဖိုင်ကို ခွေးစားသွားပါတယ်။ နောက်တော့ ပမ်က ခွေးပါးစပ်ထဲ ကနေ ကြိုးစားပမ်းစား တစ်စစီ ပြန်ထုတ်နေတုန်း ခွေးကို ဟေတီလူမျိုးတွေက စားပစ်လိုက်ကြတယ်” လို့ အရွှန်းဖောက် ပါတယ်။ (ဟေတီလူမျိုးတွေ ခွေးသား စားကြတယ်ဆိုတာ ထရမ့် မဲဆွယ်စဥ်ကာလမှာ နိုင်ငံခြားသားတွေကို နှိပ်ကွပ်တဲ့ လုပ်ဇာတ် တစ်ခုပါ။ ။စာရေးသူ)
အမေရိကန်လူမျိုး တော်တော်များများက ထရမ့် ဘယ်သူဆိုတာ အရင်ကတည်းက သိနေကြပြီးသားပါ။ ၁၉၈၀ ပြည့်နှစ် တစ်ဝိုက်မှာကတည်းက နယူးယောက် ပြည်နယ်က သတင်းစာ ဂျာနယ်တွေက သူ့ကို ကလိနေခဲ့ကြတာပါ။ လူတိုင်းလောက် နီးနီး ထရမ့် သမ္မတ မဖြစ်ခင် ကတည်းက သိနေကြတာဆိုတော့ သူ့ကို နောက်ပြောင်တဲ့ ဟာသတွေ ဆိုတာ ဖန်တစ်ရာတေ မဲပြာပုဆိုး ဖြစ်လို့နေပါပြီ။ ထရမ့် စကားပြောပုံ၊ သူရဲ့ ပြောင်းဖူးမွေးလို ဆံပင်အရောင်နဲ့ ပွရောင်းရောင်း နီစပ်စပ် အသားအရေ ကို နောက်ပြောင်တာ တွေပေါ့။
ဟာသတွေက များတော့လည်း ထုံနေပါပြီ။ ထရမ့် အစိုးရ တာဝန်ရှိသူတွေဘက်က ဘယ်လိုပဲ ကလိထိုးထိုး မရယ်ကြတဲ့ လူတွေလိုပါပဲ ဘာမှ တုံ့ပြန်တာလဲမရှိ တုံဏှိဘာဝေ လုပ်နေကြပါတယ်။ ဒီတော့ ဟာသလုပ်ရတဲ့ သူတွေမှာလည်း အောင့်သက်သက်နဲ့။ ဥပမာ တလောက လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ Big Beautiful Bill ဥပဒေကို “ရီပတ်ဘလီကင် အမတ်တွေ နှစ်ဖွဲ့ကွဲပြီး လွှတ်တော်ထဲမှာ ထချကုန်ကြပြီ။ ထရမ့်ရဲ ဥပဒေကြမ်းကို ‘လှတယ်’ လို့ နာမည်ပေးမည့် အဖွဲ့နဲ့ ‘ခန့်ညားတယ်’လို့ နာမည်ပေးမည့် အဖွဲ့တို့ အငြင်းအခုံ ဖြစ်ကြလို့တဲ့” ဆိုတဲ့ ဟာသဖွဲ့လည်း ထရမ့်အဖွဲ့ကတော့ ခပ်တည်တည်ပါပဲ။
လူတွေ ဟာသတစ်ခုကို ရယ်တာ နှစ်သက်တာကို ကြည့်ပြီး သင်ခန်းစာယူစရာတွေ အများကြီး ရနိုင်သလို ပြုပြင်စရာ လိုအပ်တာတွေ လုပ်ရင်လည်း ရပါတယ်။ ဒါပေမဲ့ ထရမ့် တစ်ယောက်ကတော့ ဟာသ ကောင်းတစ်ခုကို ရယ်တတ်ပုံ မရဘဲ သနားစရာ အလွန်ကောင်းပါတယ်။ အပျော်တမ်း ဟာသပြောသူ မစ်ချီဂန် တက္ကသိုလ်က ဂျက်စတင် ဝုဖ် က ဘီဘီစီ ကို ပြောတာက “သမ္မတ ထရမ့်မှာ နာမ်စား မှန်အောင် မသုံးတတ်တဲ့ ပြဿနာရှိတယ်ဗျ၊ သူက ‘သူတို့ (နိုင်ငံတွေ)’ ဆီက သွင်းကုန်ခွန်တွေ တိုးကောက် လိုက်မယ်လို့ ပြောနေပေမယ့် တကယ်ပေးရတဲ့ သူတွေက ‘ကျွန်တော်’ တို့ပါ” တဲ့။
မူရင်း – “American Humor, Sting Like a Bee”, The Economist, July 2025

