The Corner

The Corner

cropped-Logo_round_grey-background.png

အကောင်းဆုံးမိတ်ဆွေ

Share မယ်

လူ့ဘဝရဲ့အကောင်းဆုံးအဖော်ဟာ ဘာလဲလို့မေးလာရင် အကောင်းဆုံးအဖော်ဟာ “စာအုပ်”ပေါ့လို့ ကျွန်တော်ဖြေမယ်လို့ ရေးခဲ့ဖူးပါတယ်။ စာအုပ်ဟာ အကောင်းဆုံးအဖော်၊ အကောင်းဆုံးမိတ်ဆွေ ဖြစ် ပါတယ်။ စာဖတ်နေသူဟာ စိတ်ကို တည်ငြိမ်စေပြီး အာရုံကို မပျံ့လွင့်စေတော့ပါဘူး။ စာအုပ်ထဲမှာက အားလုံးပါတယ်။ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာတရား စတဲ့ လူ့လောကနဲ့ဆိုင်တဲ့ အကြောင်းအရာအားလုံး စာအုပ်ထဲမှာရှိတယ်။ စာအုပ်ထဲက အကြောင်းအရာတွေကို စာသိနဲ့မှတ်ပြီး လောကထဲမှာ ဘဝသိဖြစ်အောင် တိုးဝင်ကြရတာပဲ။ စာသိမရှိဘဲ လောကထဲ ဆင်းတဲ့အခါ မျက်မမြင်ပုဏ္ဏားတွေ ဆင်စမ်းသလို ဖြစ်ကြလိမ့်မယ်။

Source: Pexels

စာရေးခြင်းနဲ့ အသက်မွေးဝမ်းကျောင်းမှုပြုသူတွေ၊ ဝါသနာပါလို့ စာရေးနေသူ၊ စာရေးဆရာတွေဟာ စာကို ဖတ်ရမယ်။ ဝါသနာအဖြစ်နဲ့လည်း ဖတ်ရမယ်။ လုပ်ငန်းအဖြစ်နဲ့လည်း ဖတ်ရပါမယ်။ စာမဖတ်ဘဲ စာရေးလို့ မရနိုင်ဘူး။ စာမဖတ်ဘဲ စာရေးဆရာမဖြစ်နိုင်ဘူး။ တချို့စာရေးဆရာတွေဟာ စာမဖတ်ကြတော့ဘူး။ ယခင်ရှိခဲ့တဲ့၊ ဖတ်ခဲ့တဲ့ ဝမ်းစာလေးတွေနဲ့ပဲ အလုပ်လုပ်နေကြတယ်။ ဒီတော့ သူတို့စာတွေမှာ အသစ် မပါတော့ဘူး။ ယခင်ရှိခဲ့တဲ့ ဝမ်းစာနဲ့ လုပ်ကိုင်စားသောက်ရင် ဝမ်းစာကုန်သွားတဲ့အခါ ရေးစရာလည်း ကုန်သွားတော့တာပဲ။ သူတို့အိမ် မောင်ရိုး ရောက်သွားတော့ စာအုပ်လေး တစ်အုပ်စနှစ်အုပ်စပဲ တွေ့ရတယ်။ သူရေးတဲ့စာတွေက လျှို့ဝှက်သည်းဖိုတွေ၊ စုံထောက်တွေပါ။ သူနဲ့ စကားပြောရတဲ့အခါ မောင်ရိုးအတွက် ဗဟုသုတကြွယ်စရာ ဘာတစ်ခုမှ မရခဲ့ဘူး။ နောက်တစ်ယောက် ကတော့ ဘာသာပြန်ဆရာပါ။ သူ့အိမ်မှာ လည်း အင်္ဂလိပ်စာအုပ်ရယ်လို့ သုံးအုပ်လောက်ပဲ တွေ့ရတယ်။ အဲဒါတွေက အပေါစားဝတ္ထုတွေချည်းပဲ။ ဆိုးတာက အဘိဓာန်စာအုပ် မတွေ့ရတာပဲ။ အိတ်ဆောင် အင်္ဂလိပ်-မြန်မာအဘိဓာန် အသေးလေးတစ်အုပ်ပဲ တွေ့ရတယ်။ အခန်းထဲမှာများ အောက်စဖို့ဒ်တို့၊ ဝက်ဘ်စတာတို့၊ ချိန်ဘာတို့၊ လောင်းမင်းတို့လို အဘိဓာန်အကြီးကြီးတွေ သိမ်းထားသလားဆိုပြီး “ခင်ဗျား ဒီရှင်နရီတွေရော”လို့ မေးကြည့်တော့ “ဒီမှာလေ”ဆိုပြီး အိတ်ဆောင်လေးကို ထိုးပြတယ်။ တခြားမရှိတော့ဘူးလားဆိုတော့ မရှိတော့ဘူးတဲ့။ သိပ်မလိုအပ်လို့ အဘိဓာန်မထားတာပါတဲ့။ သူ့ခေါင်းထဲမှာ အင်္ဂလိပ်စာလုံးတွေ၊ ဝေါဟာရတွေ အဘိဓာန်မထားရလောက်အောင် လုံလောက်ပေါများနေပြီဆိုတဲ့ သဘောပေါ့။

မောင်ရိုးကြားဖူးတာက စာအလွန်ဖတ်ပြီး အဘိဓာန်ကို အမြဲကြည့်သူတွေမှာ အားနက်စ်ဟဲမင်းဝေးပါတယ်လို့ ဆိုတယ်။ သူ့အိမ်နေရာတိုင်းမှာ စာအုပ်တွေချည်းပဲ။ အဘိဓာန်တွေလည်း မျိုးစုံရှိသတဲ့။ အိမ်သာထဲမှာတောင် စာအုပ်စင် ရှိတယ်။ အဘိဓာန်တွေထားတယ်။ သူရေးတဲ့ဝတ္ထုတွေမှာ စကားလုံးတွေ၊ ဝေါဟာရတွေကို ပြန်ဖတ်ပြီး ပြန်ပြင်လေ့ ရှိသတဲ့။ ပြင်တဲ့အခါ အဘိဓာန်တွေကို လှန်လှောကြည့်ပြီး ပြင်တာ ဖြည့်တာမျိုးတွေ လုပ်တယ်လို့ ကြားဖူးတယ်။ ဆရာမြသန်းတင့်ကို သိခါစတုန်းက သူ့ရဲ့ဘာသာပြန်ဆိုမှု၊ အင်္ဂလိပ်စာ ကျွမ်းကျင် တတ်မြောက်မှု တွေကြောင့် အင်္ဂလိပ် ဘာသာနဲ့ပတ်သက်ပြီး မသိတာရှိမှာ မဟုတ်ဘူးဆိုပြီး ဆရာအဘိဓာန်ကြည့်ရသေးလားလို့ မေးတော့ ဆရာက ရယ်မောပြီး “ကြည့်ရတာ ပေါ့ဗျာ၊ ဘာသာပြန်တဲ့အခါ အဘိဓာန်မဆောင်ရတဲ့ ဘာသာပြန်ဆရာ ဘယ်ရှိပါ့မလဲ”လို့ ဖြေပါတယ်။ ကာလတစ်ခုကို နှစ်အတော်များများ အတူဖြတ်သန်းရစဉ်ကဆိုရင် ဆရာမြဟာ အချိန်ရတိုင်း အဘိဓာန် စာအုပ်ကို မျက်မှန်ထူကြီးနဲ့ အမြဲဖတ်နေတတ်ပါတယ်။ ဒေါက်တာဘမော်ဆီ ရောက်သွားတဲ့ သတင်းစာ ဆရာ တစ်ယောက်က ပြောဖူးတယ်။ “ဆရာကြီး စာရေးနေတာကို ကျွန်တော်က စောင့်ရင်း ကြည့်လိုက်တော့ အင်္ဂလိပ်လို ရေးနေတာ၊ ဘေးမှာလည်း အဘိဓာန်တွေနဲ့ ချိန်ဘာရော၊ အောက်စဖို့ဒ်ရော တွေ့တယ်။ ရေးပြီး ကျွန်တော်နဲ့ စကားလာပြောတော့ “ဆရာကြီးအဘိဓာန်ဆောင်ရသေးလား”လို့ မေးလိုက်တဲ့အခါ “ဟာ… ဆောင်ရတာပေါ့၊ ဘယ်ကောင်ဖြစ်ဖြစ်၊ ဘယ်လူမျိုးဖြစ်ဖြစ် အင်္ဂလိပ်စာနဲ့ ပတ်သက်ရင် အင်္ဂလိပ် အဘိဓာန်ဆောင်ရတာချည်းပဲ မှတ်ထား”လို့ ကျွန်တော့်ကို ပြောပါတယ်။ “ဆရာကြီးဟာ ဥပဒေရော၊ အင်္ဂလိပ်စာ E.Lilt: ရော၊ ဒေါက်တာဘွဲ့ ရတဲ့လူနော်”လို့ မောင်ရိုးကို ပြောဖူးတာ မှတ်မိနေတယ်။ ဆိုလိုချင် တာက ယနေ့ စာရေးနေသူတွေ၊ အယ်ဒီတာ လုပ်နေသူတွေ တချို့ဟာ (တချို့မက များချင်လည်း များပါ လိမ့်မယ်) စာဖတ်ကြပါဘူး။ မဂ္ဂဇင်းတချို့၊ ဂျာနယ်တချို့ပဲ ဖတ်တယ်။ တချို့စာရေးဆရာ၊ ကဗျာဆရာတွေဆိုရင် မဂ္ဂဇင်း၊ ဂျာနယ်တောင် မဖတ်ကြဘူး။ တစ်နေကုန် ဖတ်သီဖတ်သီနဲ့ ဝမ်းစာရှာကြရတယ်။ ညနေကျတော့ မိတ်ဆွေတွေနဲ့ ချိန်းဝိုင်းတွေရှိပြန်တော့ စာဖတ်ချိန်၊ စာရေးချိန် မရကြရှာဘူး။

Source: Pexels

ဆရာတိုက်စိုးက သူ့ရဲ့ ‘စာသမား’ဆိုတဲ့ အက်ဆေးထဲမှာ ဘယ်လိုရေးထားသလဲဆိုတော့

စာသမားများနှင့်စပ်၍ ကျွန်တော်သတိထားမိသည်မှာ စာသမားမည်သည် မျက်စိနှစ်လုံးပွင့်သည့် အချိန်ကာလ အတွင်း စာအုပ်မရှိလျှင် မနေတတ်ဟူသော အချက်ပင် ဖြစ်လေသည်။ စာသမားဟု ကျွန်တော်က ဆိုလိုက်သဖြင့် ထိုအသိုက်တွင် တက္ကသိုလ်ပါမောက္ခ၊ အထက်တန်းကျောင်းဆရာ၊ ယဉ်ကျေးမှုဌာနဝန်ထမ်း၊ အယ်ဒီတာများသာ ပါသည်မဟုတ်ပါ။ ဘာအလုပ်ကိုပင် လုပ်ကိုင်နေပေစေ၊ စာအုပ်ကို တယုတယရှိတတ်သော စာအုပ်ကို မက်မက်မောမော ဖတ်တတ်သော လူစားသည် စာသမား ဖြစ်ပါသည်။

သူ့အိမ်တွင်းသို့ မိတ်ဆွေဝင်ကြည့်ပါ။ သူ့တွင် စာအုပ်များများမရှိသည့်တိုင်အောင် ရှိသည့်စာအုပ် များသည် ဆိုင်ရာစာအုပ်စင်၊ ဆိုင်ရာအကန့်မှာ နေရာတကျမရှိသည်မှာ သေချာပါသည်။ သုံးလေးအုပ်သည် လက်ဖက်ရည် ကြမ်းအိုး နေရာတွင် စုပုံလျက်သား ရှိကောင်းရှိပါလိမ့်မည်။ အိပ်ရာထဲတွင်လည်း နောက်တစ်ခု ရှိပါဦးမည်။ အိမ်အတွင်း၌သာမဟုတ်၊ လမ်းထွက်သည့်အခါ၌လည်း စာသံယောဇဉ်သည် စာသမားနှင့် ထက်ကြပ်မကွာ ပါလာ စမြဲ ဖြစ်လေသည်။ ထိုသံယောဇဉ်သည် နည်းနည်းနောနော သံယောဇဉ်မဟုတ်ပါလော။ စာအုပ်မြင်လျှင် မကိုင်ရမနေနိုင်သော ကိုယ့်အပါး၌ စာအုပ်ကြာကြာမရှိလျှင် ဂနာမငြိမ် ဖြစ်တတ်သော သံယောဇဉ်ပင် ဖြစ်လေသည်။

လို့ ပါရှိပါတယ်။ တစ်နေ့က မြန်မာသမိုင်းအဖွဲ့ Myanmar Historical Commission က ထုတ်တဲ့ စာအုပ်တစ်အုပ် ဖတ်ရတယ်။ အနှစ် ၅ဝ ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် မြန်မာ့သမိုင်းအဖွဲ့က ထုတ်ဝေတာပါ။ စာအုပ်ကတော့ Selected Writings of U Than Htut (Taik Soe) ဆိုတဲ့ စာအုပ်ပါပဲ။ မြန်မာ့သမိုင်း အဖွဲ့ဝင်ဖြစ်ခဲ့တဲ့ ဆရာတိုက်စိုးရဲ့စာတွေ အင်္ဂလိပ်ရေးတာရော၊ မြန်မာလိုရေးတာရော ထုတ်နုတ်ပြီး စုပေါင်းထုတ်ဝေလိုက်တာပါ။ (ဆရာတိုက်စိုးရဲ့စာတွေ အကုန်မဟုတ်ပါဘူး) အဲဒီမှာ ဖတ်စရာတွေ စာတွေ အများကြီးပါပါတယ်။ တစ်အုပ်လုံးအကြောင်းလည်း ရေးဖို့ ကောင်းပါတယ်။ ဒါပေမဲ့ ယခုရေးနေတဲ့ စာဖတ်ခြင်းနဲ့ ပတ်သက်ပြီး တိုက်ဆိုင်နေတဲ့ ‘စာဖတ်ဝါသနာ’ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို အသေအချာ ဖတ်လိုက်မိတယ်။ ဆရာနောက်ဆုံးရေးသွားတဲ့ စာမူဖြစ်ပြီး တစ်ခါမှ ပုံမနှိပ်ရသေးဘူးလို့ မှတ်ချက်ရေး ထားပါတယ်။

ဆောင်းပါးထဲမှာ ဆရာတိုက်စိုး စာဖတ်ဝါသနာပါလာပုံကို မှတ်သားဖွယ်ကောင်းအောင် ရေးထား ပါတယ်။ တောမှာ နေရပေမယ့် အဖေဝယ်ထားတဲ့ သူရိယမဂ္ဂဇင်း၊ သူရိယရုပ်စုံ၊ ဒီးဒုတ်ဂျာနယ်(သတင်းစာ) တွေကို မပြတ် ဖတ်ခဲ့ရပြီး စာဖတ်ဝါသနာပုံ အဆင့်ဆင့်ကို ဆရာက ရေးထားတယ်။ စာဖတ်ဝါသနာပါသူ ဟာ ဘယ်နေရာ ရောက်ရောက်၊ ဘယ်အရွယ်ရှိရှိ မျက်စိက ဖတ်လို့ရနေသေးသမျှ စာဖတ်နေပါတယ်။ စာမဖတ်ရရင် မနေနိုင် လောက်အောင် စွဲသွားတယ်။ ထမင်းမေ့ဟင်းမေ့ပြီး စာအုပ်ကိုလည်း စွဲလမ်းနေတယ်။ အစားအစာက ခန္ဓာကိုယ် တောင်းဆိုမှုကြောင့် စားရတာဖြစ်ပြီး စာဖတ်တာကလည်း ဦးနှောက်ရဲ့ တောင်းဆိုမှုတင်မကဘူး၊ အကျင့်စရိုက် တစ်ခုအဖြစ် အချိန်ပြည့် တောင်းဆိုနေတတ်ပါတယ်။ စာအုပ်ဖတ်ပြီး အားကျလာပုံ၊ အတုယူချင်တဲ့စိတ်ဓာတ် နိုးကြားလာပုံတွေကိုလည်း ဆောင်းပါးထဲမှာ ပါပါတယ်။ မောင်ရိုးတို့ စာဖတ်စဉ်မှာလည်း စာအုပ်ထဲက ဇာတ်လိုက်တွေကို အတုယူတာ၊ စာအုပ်ထဲက သူရဲကောင်းတွေ၊ ပုဂ္ဂိုလ်တွေကို အားကျတာတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ငယ်စဉ်က ဖတ်ခဲ့သမျှ ကြီးလာတဲ့အထိ စံပြအဖြစ် စွဲသွားတာတော့ မဟုတ်ပါဘူး။ ဘဝကို ကျော်ဖြတ်လာတဲ့အခါ ဘဝနဲ့ယှဉ်ပြီး အသိတွေ ပြောင်းလဲသွားတတ်ပါတယ်။ ငယ်စဉ်က ချန်ကေရှိတ်ကို သူရဲကောင်းတင်ခဲ့ပေမယ့် ကြီးလာတဲ့အခါ မော်စီတုန်းက ဇာတ်လိုက်ဖြစ်လာတာမျိုးတွေ ရှိပါတယ်။ မောင်ရိုးတို့ ငယ်စဉ်က လင်ကွန်းကို အားကျပြီး တက္ကသိုလ်ပညာသင်တော့ လီနင်ကို သဘောကျခဲ့တယ်။ အသက်ရလာတော့ လင်ကွန်းရော၊ လီနင်ရော အားမကျတော့ဘဲ အေးချမ်းမှုကို ရှာချင်လာတတ်ပါတယ်။

            စာဖတ်ဝါသနာ ဆောင်းပါးမှာ ဦးပဂျီငိုရဲ့ ကြီးပွားချမ်းသာရေးစာအုပ်ကို ဆရာတိုက်စိုး ခိုးဖတ်ခဲ့ တာကို ရေးထားပါတယ်။

ထိုစာအုပ်တွင် ပညာရေး၊ ကံ၊ ဝီရိယ၊ ချမ်းသာရေး၊ ယဉ်ကျေးသိမ်မွေ့ခြင်းနှင့် အတ္ထုပ္ပတ္တိဟူ၍ အခန်း ခြောက်ခန်းခွဲ တင်ပြထားလေသည်။ အ‌ကြောင်းအရာအချုပ်မှာ စာအုပ်စာတမ်းမရှိသောအိမ်သည် ပြတင်း ပေါက်ကင်းမဲ့သောအိမ်နှင့် အလားတူကြောင်း၊ ဖိုးရာဇာသည် ယာထွန်ရင်း ပေ၊ ပုရပိုက် လက်ကမချ၊ မကြာခဏ ဖတ်ရှုသဖြင့် ပညာတတ်ကာ မင်းဆရာဟောင်းဆိုသကဲ့သို့ ပစ္စုပ္ပန်ကံကို အာရုံစိုက်၊ ဉာဏ်ဝီရိယနှင့် ယှဉ်တွဲ၍ သမ္မာအာဇီဝလုပ်ဆောင်ပါမူ ဘယ်အရာမှ မဖြစ်နိုင်စရာမရှိ၊ မိမိရော သူတစ်ပါးပါ၊ အကျိုးမုချ ရှိမည်ဖြစ်ကြောင်း စီးပွားရှာရာ၌ တစ်နေ့ ဆယ်ပြားဖိုးသုံးသူသည် ကိုးပြားဖိုးသုံးသော်လည်း မသေနိုင်ဆိုသကဲ့သို့ ဝင်ငွေနှင့်ထွက်ငွေ ချင့်ချိန်သုံးစွဲလျှင် ချမ်းသာရေးလမ်းပေါ် ဆိုက်မည်ဖြစ်ကြောင်း၊ အနေအထိုင် အပြောအဆို၌လည်း သန့်ရှင်းသပ်ရပ်၊ ကိုယ်နှုတ်၊ နှလုံးသုံးပါး စောင့်ထိန်းအပ်ကြောင်းဟူ၍ ဖြစ်သည်

လို့ ရေးထားပါတယ်။ ခေတ်စမ်းစာပေကာလမှာ ဆရာမင်းသုဝဏ်ရဲ့ ‘လယ်တောကအပြန်’ ကဗျာလေးကို ဖတ်ရှုခဲ့ရပုံကို ရေးထားတယ်။ ကာရန်နဲ့အနက် လိုက်ဖက်တဲ့အတွက် ကဗျာဟာ ရင်ထဲတန်းဝင်သွားတယ်လို့လည်း ကောက်ချက်ချထားပါတယ်။ နောက် အမှတ်ရပြီး မမေ့နိုင်တဲ့ လယ်တီဆရာတော်ရဲ့ ကဗျာအချို့ကိုလည်း ရေးထားတယ်။

            ”မိုက်မလင်းနိုင်ဘု

            မြိုက်ခင်းညာဆီမှာ

            ခါတော်မီ သီမဝေ့နိုင်ဘု

            ဒီကွေ့တွင် နေကုန်မျှောပြန်ရ

            အတောဘယ်မသတ်နိုင်တဲ့

            ဇောရဟတ်ဗွေ

လို့ ဖော်ပြထားပါတယ်။ ဆရာဇော်ဂျီ မြန်မာပြန်တဲ့ စစ္စကိုမြို့က သူဌေးကြီးဝတ္ထုကိုလည်း ဖတ်ခဲ့ စွဲလမ်းခဲ့တယ်။ ယူဂိုဆလားဗီးယား စာရေးဆရာအန်ဒရစ်ရဲ့ ဖောတံတားသမိုင်းကိုလည်း မှတ်မိနေတယ်။ ဆရာဇော်ဂျီပဲ ဘာသာပြန်ခဲ့တယ်လို့ ဆရာက ရေးထားပါတယ်။

စာဖတ်တာဟာ ကောင်းပါတယ်။ စာဖတ်တဲ့အတွက် ယဉ်ကျေးသိမ်မွေ့လာနိုင်တယ်။ အသိဉာဏ် ရင့်ကျက် လာနိုင်တယ်။ ဗဟုသုတရှိပြီး လူလိမ်မခံရနိုင်ဘူး။ ဒါပေမဲ့ စာဖတ်တိုင်း လူလိမ္မာ၊ လူယဉ်ကျေး ဖြစ်မယ်လို့တော့ ကောက်ချက်မချနိုင်ပါဘူး။ စာဖတ်ပြီး မိုက်ရိုင်းတဲ့သူတွေလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ယေဘုယျအနေနဲ့တော့ စာဖတ်သူဟာ စာမဖတ်သူထက် စဉ်းစားချင့်ချိန်မှုရှိတာကတော့ အမှန်ပါ။ အသိတရားရှိတာကလည်း အမှန်ပါပဲ။ စာဖတ်ဝါသနာပါတာဟာ အရက်ဝါသနာပါသူ၊ မူးယစ်ဆေး ဝါသနာပါသူ၊ လောင်းအစားဝါသနာပါသူတွေထက် ကောင်းတာတော့ ငြင်းမရပါဘူး။ စာဖတ်ခြင်းဟာ မိမိအတွက်၊ မိမိမျိုးနွယ်အတွက်၊ မိမိလူမျိုးနဲ့ တိုင်းပြည်အတွက်၊ အကျိုးတစ်ခုခု ပြုနိုင်တယ်ဆိုတာကို လက်ခံကြရပါလိမ့်မယ်။

Click to rate this post!
[Total: 1 Average: 5]