The Corner

The Corner

cropped-Logo_round_grey-background.png

AIDS နဲ့ AID

Share မယ်

ခုခံအားကျရောဂါ AIDS နဲ့ ဗိုင်းရပ်စ် HIV ကို တစ်ရံရောအခါက တစ်ကမ္ဘာလုံး ကြောက်ရွံ့ခဲ့ကြပါတယ်။ အာဖရိက တောင်ပိုင်းနိုင်ငံတွေရဲ့ မိခင်ထက်ဝက်လောက်ဟာ နောင်နှစ်အနည်းငယ်အတွင်း သေဆုံးကြ လိမ့်မယ်လို့ ကမ္ဘာပျက် ဟောကိန်းသမားတွေက ၂၀၀၂ ခုနှစ်မှာ ခန့်မှန်းကြပါတယ်။ သိန်းပေါင်းများ စွာသော လူ့အသက်တွေ လာမယ့် ဆယ်စုနှစ်များ အတွင်း ဆုံးရှုံးရမယ်၊ စီးပွားရေးတွေ လည်း ကမောက်ကမတွေဖြစ်ကုန်ကြမှာပါ။ သို့သော်ငြားလည်း အထိရောက်ဆုံး နိုင်ငံခြားအကူအညီလို့ ပြောရမယ့် အစီအစဉ်တစ်ခုကို သမ္မတ ဘုရှ်က ၂၀၀၃ခုနှစ်မှာ စတင်ခဲ့ပါတယ်။

Source: PICRYL

AIDS လျှော့ချရေး သမ္မတ၏ အရေးပေါ် အစီအစဉ်  (PEPFAR – President’s Emergency Plan for AIDS Relief) ဟာ ရောဂါကူးစက်ခံနေရသူ တွေကို ကုသမှု ပေးခြင်းအား‌ဖြင့် လူပေါင်း ၂၆ သန်းရဲ့ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ပိုအရေးကြီးတာက ကူးစက်မှုတွေ လျော့ကျအောင် လုပ်ဆောင်ခြင်းဖြင့် ရောဂါကိုလည်း ထိန်းနိုင် ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က စဉ်းတောင် မစဉ်းစား ရဲပေမယ့် အခု လောလော လတ်လတ် မှာတော့ အလှမ်းမီလို့ လာနေပါပြီ။ ဒါကြောင့်မို့ UNAIDS အဖွဲ့ကြီးက AIDS ရောဂါကို ကမ္ဘာ့ပြည်သူ တွေရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှု အဖြစ်ကနေ ၂၀၃၀ ခုနှစ်မှာ အဆုံးသတ်နိုင်မယ်လို့ မျှော်လင့် လာပါတယ်။ ဒါပေမဲ့လည်း လူထုကို ပံ့ပိုးနေတဲ့ PEPFAR ဟာ ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ အရေးပေါ် အခန်းထဲ ရောက်နေတာ တွေ့လိုက်ရပါတယ်။

PEPFAR အစီအစဉ်ဟာ မလိုအပ်တဲ့ နိုင်ငံခြားအကူအညီတွေကို ဖြတ်မယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့  သားကောင် ဖြစ်သွားရပါတယ်။ ကျမ်းကျိန်တဲ့နေ့မှာ ဒေါ်နယ်ထရမ့်ကပျာကယာ လက်မှတ်ထိုးလိုက်တဲ့ အမိန့် ကြော်ငြာစာတွေထဲမှာ မလိုတဲ့ နိုင်ငံခြားအကူအညီတွေကို ဖြတ်တောက်ဖို့ ဆိုတာလည်း ပါဝင်ပါတယ်။ လေးရက်အကြာမှာတော့ PEPFAR ရဲ့ လုပ်ငန်း တွေကို ရပ်လိုက်ဖို့ အမိန့်ရောက်လာပါတယ်။ နောက်ရက်အနည်းငယ် ကြာတဲ့အခါ အသက်ကယ်လုပ်ငန်းတွေကို ဆက်လုပ်ဘို့ ဖြေလျှော့စာ ရောက်လာ ပြန်ပါတယ်။ အဓိကအားဖြင့် လက်ရှိ ARV ဆေးသောက်သုံးနေသူတွေ၊ ရောဂါဖြစ် နိုင်ခြေရှိသူ ကိုယ်ဝန်ဆောင်များအတွက် ဆေး၊ မိခင်ကနေ ကလေးကို ကူးစက်မှုမရှိအောင် ကာကွယ် ပေးခြင်းတို့ အတွက် ဖြစ်ပါတယ်။

ပြဿနာက ငြိမ်သွားလို့ ကျေးဇူးတင်ရပါတယ်။ ဒီနှစ် ဘတ်ဂျက်ထဲက ဖြတ်တောက်မယ့် ဒေါ်လာ သန်း ၈၀၀ ကို ဇူလိုင် ၁၈ ရက်နေ့မှာ ပြန်ရလိုက်ပါတယ်။ နောင်နှစ်အတွက် PEPFAR အကူအညီတွေကို သက်ဆိုင်ရာနိုင်ငံတွေမှာ တိုက်ရိုက် ဆက်ပေးနိုင်ဘို့ အစိုးရက  ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံကို ကွန်ဂရက်ဆီက ခွင့်ပြုချက်တောင်းထားပါတယ်။ လက်ရှိပမာဏထက် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ နည်းပါတယ်။ လျစ်လျူရှု လိုက်လို့ ရတဲ့ ပမာဏမဟုတ်ပါဘူး။

နိုင်ငံတကာ AIDS အဖွဲ့အစည်းဟာ သူတို့ရဲ့ ရှင်သန်မှုအတွက် ဘယ်တုန်းကမှ အကြီးအကျယ် မထိခိုက် ခဲ့ပါဘူး။ “လုပ်ငန်းရပ်” အမိန့်စာဟာ PEPFAR ရန်ပုံငွေထောက်ပံ့ထားတဲ့ ရာပေါင်းများ စွာသော ဆေးခန်းတွေ၊ လူထုအခြေပြု စီမံချက်တွေက ဝန်ထမ်းတွေကို လျှော့ချပစ်ရပြီး ပိတ်သိမ်းရ တာတွေ ဖြစ်လာပါတယ်။ ဖြေလျှော့မိန့်ကြောင့် ကန့်သတ်ထားတဲ့ လုပ်ငန်းများကို ပြန်စနိုင်ပေမယ့် လုပ်ငန်းများ ကို ပြန်စရတာ ခက်ခဲပါတယ်။ ဝန်ထမ်းတွေ ပြန်ခန့်ရတယ်၊ စနစ်တွေ ပြန်အသက် သွင်းရတယ်၊ အကူ အညီရယူနေသူတွေနဲ့ ယုံကြည်မှု ပြန်တည်ဆောက်ရတယ်။ တချို့အတော် များများဟာ ဆေးသောက်ဖို့ အတွက် အတော်ကို စည်းရုံးထားရသူတွေပါ။

အဲဒီအတောအတွင်း မှာပဲ ရယ်စရာကောင်းတာက ဇွန်လ ၁၈ ရက်နေ့မှာ HIV ဆေးလောက အတွက် ကြီးမားတဲ့ တိုးတက်မှုကြီး တွေ့ရှိခဲ့ပါတယ်။ Lenacapavir လို့ ခေါ်တဲ့ ရေရှည် အာနိသင်ရှိ ထိုးဆေး တစ်မျိုးကို အမေရိကန် FDA က ခွင့်ပြုလိုက်ပါတယ်။ တစ်ကမ္ဘာလုံးမှာ သုံးစွဲခွင့် ရရှိသွား တာပါ။ လက် ရှိ ဆေးက နေ့စဉ် သောက်ဆေးပါ။ အခု အသစ်တွေ့ရှိတဲ့ ထိုးဆေးက ခြောက်လ တစ်ကြိမ် ထိုးရုံနဲ့ တူညီတဲ့ အာနိသင် ရနိုင်မှာ ဖြစ်ပါတယ်။

ရဝမ်ဒါနိုင်ငံ ကီဂါလီမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ခုခံအားကျရောဂါအဖွဲ့ရဲ့ အစည်းအဝေးမှာ ဘယ်လို ဆက်ပြီးလုပ်ဆောင်ကြမယ်ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ အားတက်သရော မရှိလှတဲ့ သဘောတူညီချက်ကို ရယူနိုင် ခဲ့တဲ့ ကမ္ဘာလုံး ဆိုင်ရာ ခုခံအားကျရောဂါကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကြီးရဲ့ တွဲဖက် ဥက္ကဋ္ဌနဲ့ PEPFAR ရဲ့  ဆေးပညာ ဆိုင်ရာအကြံပေးအဖွဲ့ဝင် ဒေါက်တာ မစ်ချယ်ဝါရင်းက “ဒီလို ပြင်းထန်တဲ့ ငလျင်ကြီးလှုပ်လို့ ပြိုကျသွားတဲ့ အလားတူ အဆောက်အအုံမျိုးကို ပြန်ဆောက်ကြဘို့ မကြိုးစား သင့်ပါဘူး၊ မတူတာကိုပဲ ပြန်ဆောက်ကြရပါမယ်” လို့ ပြောခဲ့ပါတယ်။

‌            ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ထွက်မလာခင်အထိ AIDS ရောဂါ ကာကွယ်နှိမ်နင်းမှုဟာ အောင်မြင်နေခဲ့ ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀က သေဆုံးမှုနှုန်း နှစ် သန်းရှိခဲ့ရာက ၂၀၀၄ ခုနှစ်မှာတော့ ခြောက်သိန်း သုံးသောင်းကို လျော့ကျလာတာပါ။ UNAID ရဲ့ အစီရင်ခံစာတွေအရ တစ်နှစ်အတွင်း ကူးစက်မှုနှုန်းဟာလည်း သုံးသန်း လေးသိန်းနဲ့ ၁၉၉၅ တုန်းက အမြင့်ဆုံးကနေ အခုတော့ တစ်သိန်း သိန်း သုံးသောင်းသာ ရှိပါတော့တယ်။

ကိန်းဂဏန်းတွေက မနှစ်က ကိန်းဂဏန်းတွေနဲ့ မကွာခြားသော်လည်း ဘာကိုပြနေလဲဆိုတော့ ကျန်နေ သေးတဲ့ လူနာတွေနဲ့ အန္တရာယ်ရှိနေတဲ့ တစ်ဦးချင်းထံ အကူအညီရောက်ဘို့အတွက် ခက်ခဲနေဆဲ ဆိုတာပါ။ သို့သော်ငြားလည်း Lenacapavir ဆေးက လျော့ကျလာမှုဘက်ကို ပြန်ရောက်အောင် အထောက်အပံ့ဖြစ်စေမှာဖြစ်သလို အခြားသော တီထွင် တွေ့ရှိမှု အသစ်တွေကလည်း အား‌ဖြည့်ပေး နိုင်မှာ ဖြစ်ပါတယ်။ 

လာဘံ ပရမံ အာရောဂျံ Money Changes Everything

ခုခံအားကျရောဂါကို တိုက်ဖျက်ရာမှာ အမေရိကန်နိုင်ငံရဲ့ အချိုးမကျတဲ့ ရန်ပုံငွေအပေါ် အားပြု ထားရတာပါ။ ဆင်းရဲ နဲ့ အလယ်အလတ်ဝင်ငွေရှိ နိုင်ငံများမှာ ဗိုင်းရပ်စ် တိုက်ဖျက်မှုအတွက် သုံးတဲ့ ပြည်ပအကူအညီ လေးပုံ သုံးပုံဟာ အမေရိကန် ပြည်သူတွေက ဆောင်ထားတဲ့အခွန်က လာတာပါ။ PEPFAR က တိုက်ရိုက်ရယူသုံးစွဲပြီး အခြားရန်ပုံငွေ တစ်ခုကနေ ရယူတာက ဂျီနီဗာမှာ ရုံးဖွင့် ပြီး AIDS, တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း Global Fund ဖြစ်ပါတယ်။ အစိုးရရဲ့ ရန်ပုံငွေ လျှောက်ထားမှုကို လက်ခံခဲ့ရင် ဆက်လက် လုပ်ဆောင် သွားနိုင်မယ် ဆိုပေမယ့် ရန်ပုံငွေတစ်ခုလုံးပမာဏရဲ့  ၂၀ % ထက်ပိုလို့ မရတော့ပါဘူး။ (မနှစ်က ၃၃ % ကနေ ကျသွား တာပါ)

သမ္မတရဲ့ အရေးပေါ်အစီအစဉ် PEPFAR ကို ရန်ပုံငွေဖြတ်တောက်ခြင်းရဲ့ အကျိုးဆက်ကတော့ သက်ဆိုင်ရာ နိုင်ငံတွေထံကို တာဝန်ကျရောက်သွားခြင်းပါပဲ။ သူတို့ဘာသာသူတို့ ရန်ပုံငွေ ရှာကြ ရတော့မှာပါ။ ဒီရည်ရွယ်ချက်က အရင်တည်းက ရှိခဲ့ပေမယ့် ရည်ရွယ်ချက်ကို လက်တွေ့လုပ် ဘို့တော့ နှေးကွေးခဲ့ ပါတယ်။

တိုးတက်မှုတွေတော့ ရှိလာနေပါတယ်။ UNAIDS က စစ်တမ်းကောက်ရာမှာ ၆၁ နိုင်ငံထဲက ၂၆ နိုင်ငံမှာ AIDS တိုက်ဖျက်ရေးအတွက် ဘတ်ဂျက်တွေ တိုးထားတယ် ဆိုပါတယ်။ နိုင်ဂျီးရီးယား၊ တန်ဇန်းနီးယား နဲ့ ဇင်ဘာဘွေ တို့မှာ AIDS အတွက် ရည်ရွယ်တဲ့ အခွန်ကောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။

အခြားအဓိကကျတဲ့ ဖြစ်ပေါ်တိုးတက်မှု နှစ်ခုရှိပါတယ်။ တစ်ခုက Merck က တီထွင်ပြီး အခု နောက်ဆုံး စမ်းသပ်ချက် အဆင့်ကို ရောက်နေတဲ့ လစဉ်သုံး ဆေးလုံးဖြစ်ပါတယ်။ ထိုးဆေးမထိုးချင်သူ တွေအတွက် သင့်တော် ပါတယ်။ နောက်တစ်ခုက နှစ်လ တကြိမ်ထိုးဆေးပါ။ အခုလည်း ထိုးလို့ ရနေပါပြီ။ ဒါပေမဲ့ ခြောက်လ တကြိမ်မှ ထိုးဖို့လိုတဲ့ Lenacapavir က သူ့နေရာဝင်ယူသွားဘို့ များပါတယ်။

ဒီလို သတင်းကောင်းတွေ ရှိပေမယ့်လည်း ရန်ပုံငွေဖြတ်လိုက်တဲ့အတွက် အကျိုးဆက်အနေနဲ့ လာမယ့် နှစ်အနည်းငယ်အတွင်း အသက်တွေ အများကြီး ဆုံးရှုံးရပါလိမ့်ဦးမယ်။ ဘယ်လောက်များ မလဲ ပြောရခက်ပေမယ့် ရန်ပုံငွေသာ ရှိရင် အသက်ရှင်နိုင်မယ့် သူတွေပါ။ ဧပြီလထုတ် ဗြိတိသျှ ဆေးပညာ ဂျာနယ်ရဲ့ စစ်တမ်းတစ်ခုကတော့ PEPFAR သာ ရပ်သွားရင် ၂၀၂၃ ခုနှစ် မတိုင်ခင် ကလေးသူငယ်ပေါင်း ငါးသိန်းလောက် သေဆုံးနိုင်မယ်လို့ ဆိုပါတယ်။ UNAIDS အစီရင်ခံစာ အရတော့ ၂၀၂၉ မတိုင်မီ တိုးလာမယ့် ကူးစက်မှုပေါင်း ခြောက်သန်းဖြစ်ပြီး တိုးလာမယ့် သေဆုံးမှု လေးသန်း ဖြစ်ပါတယ်။ PEPFAR က ရပ်သွားတာမဟုတ်ဘဲ ပမာဏလျော့ကျသွားတာသာ ဖြစ်တဲ့အတွက် တကယ့် အခြေအနေမှာ အဲဒီ လောက် မဆိုးသွားဘူးလို့ ခန့်မှန်းရပါတယ်။ သို့ပေမယ့် ကာလတိုအတွင်း ကူးစက်မှုမြင့်မားသွားမှာ ကိုတော့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။

Source: Pexels

ရှေ့မှာ ဒေါက်တာ မစ်ချယ်ဝါရင်း ပြောခဲ့တဲ့ အဆောက်အအုံ အသစ်ကတော့ စတင်နေပါပြီ။ အဆောက်အအုံ အ‌ဟောင်း PEFFAR က တကယ့် ဘုံဗိမာန်ကြီး ဖြစ်ခဲ့ပါတယ်။ အဆောက်အအုံ  အဟောင်းရဲ့ အုတ်မြစ်တွေကို ကြည့်ပြီး ငလျင်ရဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား မခံရစေဖို့ အဆောက်အအုံ အသစ်ကို ဆောက်ကြမှာဖြစ်ပါတယ်။ ကံကောင်းခြင်း နဲ့အတူ စိတ်ကူးအသစ်တွေနဲ့ နည်းပညာ အသစ်တွေက လုပ်ငန်းလုပ်ဆောင်နိုင်ဖို့ နည်းလမ်းကို ဖန်တီးပေးကြမှာပါ။ ကံကောင်းခြင်းနဲ့အတူပါ။

ကိုးကား – “Snatching defeat From the jaws of victory”, The Economist July 2025

Click to rate this post!
[Total: 1 Average: 4]