ပြောစမှတ် ပြုနိုင်တဲ့ အောင်မြင်မှုတွေ ရှိခဲ့တယ်၊ ကင်ဆာကြောင့် အသေအပျောက်တွေ သိသိသာသာ ကျဆင်းသွားတယ်၊ ထပ်လည်း ကျနေဦးမှာ
၁၉၇၁ ခုနှစ်မှာ အမေရိကန်သမ္မတ ရစ်ချတ် နစ်ဆင်က “ကင်ဆာ ရောဂါကို တိုက်ဖျက်သွားမယ်” လို့ ကြေညာခဲ့ပါတယ်။ အဲဒီအချိန် မတိုင်ခင် နှစ်နှစ်လောက်က သိပ္ပံဆိုင်ရာမှာ အံ့သြဘနန်း အောင်မြင်ခဲ့တာလို့ ပြောစမတ်တွင်ရမယ့် လပေါ်ကို လူရောက်အောင် လုပ်ပေးနိုင်ခဲ့တာ မို့လို့ ကင်ဆာ တိုက်ဖျက်ရေးကိုလည်း လူတွေက အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ အချို့ အကောင်းမြင်တဲ့ ဆရာဝန်များက နောက် နှစ်အနည်းငယ်အတွင်းမှာ ကင်ဆာရောဂါကို ပျောက်အောင် ကုသပေး နိုင်မှာပါလို့ ပြောခဲ့ကြတယ်။

သူတို့ မှားသွားခဲ့ပါတယ်။ ဒီနေ့ အသက်ကြီးတဲ့ လူကြီး အယောက်တိုင်း အယောက်တိုင်း သူတို့ကိုယ်တိုင်မှာ ကင်ဆာဝေဒနာ ခံစားနေရတာ ဖြစ်ဖြစ် ဒါမှမဟုတ် သူတို့နဲ့ သိတဲ့သူတစ်ယောက် ယောက်မှာ ကင်ဆာဖြစ်တာ ဒါမှ မဟုတ်ရင်လည်း နှစ်ယောက်စလုံးမှာ ဖြစ်နေတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အချက်အလက်တွေအရ ချမ်းသာတဲ့ နိုင်ငံ တစ်နိုင်ငံချင်းကို ကြည့်ရင် အမျိုးသားဦးရေ တစ်ဝက်နဲ့ သုံးပုံနှစ်ပုံသော အမျိုးသမီးများဟာ သူတို့ရဲ့ ဘဝ အပိုင်းအခြား တစ်ခုခုမှာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ အမေရိကန် မှာတော့ နှလုံးရောဂါပြီးရင် ဒုတိယလိုက်တဲ့ အသေအပျောက် အများဆုံး လက်သည်ဟာ “ကင်ဆာ” ပါ။ ကင်ဆာကြောင့် တစ်နှစ်ကို လူ ခြောက်သိန်းလောက် အသက်ဆုံးရှုံးရတယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း မှာတော့ သေဆုံးမှု ခြောက်ခုမှာ တစ်ခုက ကင်ဆာရောဂါကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ သမ္မတ နစ်ဆင်ပြောခဲ့တဲ့ ကင်ဆာကို ပျောက်ကင်းအောင် ကုနိုင်မယ်ဆိုတာ ဆယ်စုနှစ် တစ်စုအတွင်းလား သေသေချာချာ မပြောခဲ့ပါဘူး။ သို့သော်လည်း အနှစ် နှစ်ဆယ်လဲမဟုတ် သုံးဆယ်လည်းမဟုတ် လေးဆယ်လည်းမဟုတ် ဆိုတဲ့အခါ ယခုအခါ နှစ်ငါးဆယ်ကြာမှ ပြန်သုံးသပ်ရရင် ကင်ဆာ စစ်ပွဲ ရှုံးခဲ့တယ်လို့ ပြောရမှာပါ။
အခြားတစ်ဖက်ကကြည့်မယ်ဆိုရင်လဲ ထင်သလောက် မဆိုးပါဘူး။ အထက်က တင်ပြခဲ့တဲ့ အချက်အလက်တွေဟာ အရေအတွက် သက်သက်ကို ချပြထားတာပါ။ ကင်ဆာက အသက်ကြီးတဲ့လူတွေမှာ အဖြစ်များတယ် မဟုတ်လား။ ၁၉၉၀ ခုနှစ်ကို မဏ္ဍိုင်နှစ်အဖြစ်ထားပြီး ပြန်ကြည့်ကြမယ်ဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ လူများရဲ့ သက်တမ်းဟာ ပိုရှည်ရှည် နေလာ နိုင်ကြပါတယ်။ ဒီလို ကြည့်မယ်ဆိုရင် အသက်ရှည်လာတာနဲ့ အမျှ ကင်ဆာကြောင့် သေကျေနှုန်းဟာ ၁၉၉၀ ခုနှစ်တွေ ကထက် နှိုင်းယှဥ်မယ်ဆိုရင် အမေရိကန်နိုင်ငံမှာ သုံးပုံတစ်ပုံလောက် ဖြည်းဖြည်းချင်း ကျဆင်းလာတယ်လို့ ပြောရင် ရပြီး ဒီနှုန်းအတိုင်း အခြား နိုင်ငံတွေမှာလည်း ကျဆင်းလာနေတာလို့ ပညာရှင်များက ထောက်ပြ ကြပါတယ်။
တချို့ ပညာရှင်တွေက ကင်ဆာဟာ အဆိုးဆုံး ညဉ့်အမှောင် ကာလကို ဖြတ်ကျော်ခဲ့ပြီး အခုဆိုရင် မျှော်လင့်ချက် ရောင်ခြည် ပျပျလေး မြင်နေရပြီဆိုတဲ့ အယူအဆ တွေလည်း ရှိပါတယ်။ စစ်ပွဲတစ်ခုကို အောင်မြင်သလိုတော့ မဟုတ်ဘူးပေါ့။ တချို့ အောင်မြင်မှုတွေ ကျတော့လည်း သိသာပါတယ်။ ဥပမာ ကလေးဘဝမှာ ဖြစ်တဲ့ လူကီးမီးယားဆိုတဲ့ သွေးကင်ဆာတစ်မျိုးဟာ အရင်အချိန်တုန်းက သိရပြီဆိုတာနဲ့ သေမိန့်တစ်ခုလို ဖြစ်ရာကနေ အခုဆိုရင် ငါးနှစ် လောက် အသက်ကို ဆွဲဆန့်ထားနိုင်ဖို့အခွင့်အရေး ၉၀ ရာခိုင်နှုန်းအထက်မှာ ရှိနေပါပြီ။ နောက် ကင်ဆာဆို တာက သာမန် ရောဂါလေး တစ်ခုမဟုတ်ပဲ အုံနဲ့ကျင်းနဲ့ ဖြစ်တတ်တဲ့ အနာတစ်မျိုးဖြစ်တာကြောင့် သူ့ကို ကာကွယ်တဲ့နေရာမှာ ကြီးကြီးမားမား အောင်မြင်မှုဆိုတာမျိုး မရှိဘူးလေ။ ဒါပေမဲ့လည်း ကင်ဆာကို ကြိုတင် သိရှိနိုင်အောင် စစ်ဆေးနိုင်တာ၊ ခွဲစိတ်မှုတွေ လုပ်ပြီး ဆေးဝါး အကူအညီနဲ့ ရပ်တန့်အောင် လုပ်နိုင်ခဲ့တာတွေက အောင်မြင်မှု သေးသေးတွေ မဟုတ်ပါလား။
အနာဂတ်မှာ အောင်မြင်မှုတွေ ဆက်လက်ရရှိဖို့ အဓိက ရင်းမြစ် သုံးခု ကနေ ဖြစ်လာနိုင်မည်လို့ ခန့်မှန်းရပါတယ်။ တစ်ခုက အချို့ ချမ်းသာတဲ့ နိုင်ငံတွေမှာ အောင်မြင်ခဲ့တာတွေကို အခြားနိုင်ငံတွေမှာ ပြန်ပြီး အသုံးချတာပေါ့။ နောက် လူတွေ တော်တော်များများ မျက်စိသျှမ်း သွားကြတာက ကင်ဆာဖြစ်မလာအောင် ကာကွယ်နိုင်ခဲ့တယ်ဆိုတဲ့ အောင်မြင်မှု တစ်ခုပါ။ ဒါကလည်း သဘာဝကျပါတယ်။ ကင်ဆာဖြစ်လာရင် ကုသရမယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ကြောက်နေ ကြတာ ဖြစ်ပြီး ကင်ဆာ အဖြစ်နည်းလာတယ် ဆိုတာကို သတိမမူ မိ ကြတာပါ။ ဥပမာတစ်ခု ပြရမယ်ဆိုရင် ချမ်းသာတဲ့ နိုင်ငံတွေမှာ ဆေးလိပ်သောက်နှုန်းဟာ သိသိသာသာ ကျဆင်းသွားတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာ ဆေးလိပ်သောက်နှုန်းကျဆင်းသွားမှုက ၁၉၇၅ ခုနှစ်နဲ့ နှိုင်းကြည့်မယ်ဆိုရင် ကင်ဆာကြောင့် သေဆုံးမှု သုံးသန်းလောက် လျော့ကျသွားတယ်လို့ ဆိုတယ်။ ကမ္ဘာတစ်ဝန်း ကြည့်မယ်ဆိုရင်တော့ ဆေးလိပ်သောက် ခြင်းက ကင်ဆာကြောင့် သေဆုံးမှု ငါးမျိုးမှာ တစ်မျိုး ဖြစ်နေတာကြောင့် ဆေးလိပ်သောက်တာဟာ ပုံမှန်လိုဖြစ်နေတဲ့ ဆင်းရဲတဲ့ နိုင်ငံနဲ့ အလယ်အလတ် နိုင်ငံတွေမှာ ဆေးလိပ် မသောက်ဖို့ လှုံ့ဆော်နိုင်မယ်ဆိုရင် ကောင်းခြင်းတွေ အများကြီး ယူဆောင် ပေးလာနိုင်မှာပါ။

နောက်ထပ် အောင်မြင်မှုတစ်မျိုးကတော့ အစွမ်းထက် ဆေးဝါးတွေ သက်သက်သာသာနဲ့ ဝယ်ယူလို့ ရလာဖို့ ဖြစ်တယ်။ သားအိမ်ခေါင်းကင်ဆာဟာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာ တစ်မျိုး ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် HPV (Human Papillomavirus) ဆိုတဲ့ ပိုးတစ်မျိုး စွဲကပ်ပြီ ဆိုရင် အချိန်ကြာလာတာနဲ့အမျှ သားအိမ်ခေါင်းကင်ဆာ ဖြစ်လာတတ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်ကစလို့ ဆယ်ကျော်သက် မိန်းကလေးတွေကို အသစ်ဖော်စပ် ထားတဲ့ HPV ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းပါတယ်။ ၁၅ နှစ်လောက်အကြာမှာတော့ အသက် ၂၀ မိန်းကလေးတွေမှာ သားအိမ်ခေါင်း ကင်ဆာ ဖြစ်နှုန်းဟာ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာ တွေ့ရှိလာရတဲ့အတွက် ဗြိတိန်မှာရှိတဲ့ ကျန်းမာရေး တာဝန်ရှိသူတွေအပြောအရ ၂၀၄၀ ခုနှစ်မှာ သားအိမ်ခေါင်းကင်ဆာ ပပျောက်အောင် လုပ်နိုင်ဖို့ အရေး ဆက်လက်ဆွေးနွေးနေကြပါတယ်။ မူရင်း ထုတ်လုပ်ထားတဲ့ HPV ကာကွယ်ဆေးက အတော်ကို စျေးကြီးပါတယ်။ ဒါပေမယ့် အိန္ဒိယ နိုင်ငံမှာ စျေးသက်သာတဲ့ အမျိုးအစား တစ်မျိုး ထုတ်လုပ် နိုင်ခဲ့ပါတယ်။ ဒါကို အကြောင်းပြုပြီး အိန္ဒိယ နိုင်ငံဟာလည်း နိုင်ငံအဝန်း အသက် ကိုးနှစ် နဲ့ ၁၄နှစ် အရွယ် အမျိုးသမီးငယ်များကို HPV ကာကွယ်ဆေး ထိုးကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။ အိန္ဒိယမှာ သားအိမ် ခေါင်းကင်ဆာက တတိယ အဖြစ်အများဆုံး ဖြစ်လေ့ရှိတဲ့ ကင်ဆာတစ်မျိုးပါ။
နောက်ဆုံး အောင်မြင်မှု နည်းလမ်းတစ်ခုကတော့ သိပ္ပံနည်းကျ တွေ့ရှိချက်တွေကို ဆေးပညာ ဆေးရုံတွေမှာ စမ်းသပ် အသုံးချ လာနိုင်ရေးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတစ်ဆင့်က ကင်ဆာ ဖြစ်နိုင်ခြေများတဲ့ လူကို ဖော်ထုတ်ပြီး ဒုတိယအဆင့်မှာ သူ့မှာရှိတဲ့ ကင်ဆာမျိုးဗီဇတွေကို သုတ်သင်ပစ်ရမှာ ဖြစ်တယ်။ ဒီစာရေးတဲ့ အချိန်အထိ သိပ္ပံပညာရှင်တွေဟာ ကင်ဆာကို သယ်ဆောင်ပေးတဲ့ မျိုးဗီဇ တချို့ကို ဖော်ထုတ်နိုင်ခဲ့ပါပြီ။ ဥပမာ ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကို သယ်ပေးတဲ့ မကောင်းတဲ့ BRCA-1 မျိုးဗီဇ လိုဟာမျိုးပေါ့။ ဒါပေမဲ့ ကင်ဆာဝေဒနာရှင်များရဲ့ တစ်ဝက်လောက်ဟာ ဒီလို မျိုးဗီဇမျိုး သူတို့မှာ ရှိတယ်ဆိုတာ မသိကြပါဘူး။ ဒီလိုပါပဲ ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေ ရှိတိုင်း ကင်ဆာဖြစ်လာတာလည်း မဟုတ်ပါ။ သာဓက အနေနဲ့ အူမကြီး ကင်ဆာဟာ ပိုး တစ်မျိုးက ဖြစ်လာတာပါ။ သို့သော်လည်း အဲဒီ ပိုးတွေရဲ့ ၅-၁၀ ရာခိုင်နှုန်းကသာ ကင်ဆာ ဆက်လက် ဖြစ်စေတာလို့ သိရပါတယ်။
ရည်ရွယ်ချက်ကတော့ ဒီရှုပ်ရှုပ်ထွေးထွေးတွေကို ရှင်းလင်းသွားအောင်လုပ်ပြီး ကင်ဆာ ဖြစ်နိုင်ခြေများသူကို စောလျင်စွာ ဖော်ထုတ်၊ စောစောကုသမှု ခံယူတာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး မဟုတ်ပေဘူးလား။ ဒီအလုပ်က တစ်သျှူး အသားစတွေကို သိုလှောင်ပေးနိုင်မယ့် ဇီဝဘဏ်တစ်ခု လိုမယ်။ နောက်ပြီးတော့ ဒီတစ်သျှူးတွေထဲက ဆဲလ်တွေအတွင်း မျိုးဗီဇတွေ ဘယ်လို ပြောင်းသွားသလဲဆိုတာ မျက်ခြည်မပြတ် စောင့်ကြည့် သိရှိဖို့ လိုအပ်မယ်။ ဒါမျိုးကို လွန်ခဲ့တဲ့ ဆယ်နှစ် လောက်က ပြောခဲ့မယ် ဆိုရင် မဖြစ်နိုင်တာလို့ ပြောကြမှာပါ။ အခုတော့ တိုးတက်လာတဲ့ ဇီဝ အထောက်အကူ ပစ္စည်းတွေနဲ့ သွေးထဲနဲ့ အသက်ရှူသွင်း ရှူထုတ်တဲ့ အခါတိုင်း မျိုးဗီဇတွေ ဘယ်လိုပြောင်းလဲနိုင်တာ၊ ပြင်ပ သက်ရောက်မှု တွေက လူတွေမှာ ကင်ဆာဖြစ်နိုင်မှု ရှိမရှိဆိုတာ တိုင်းတာနိုင်တာတွေ ဖြစ်လာနိုင်ပါပြီ။ သမားတော်တွေက ဒီနည်းလမ်းကို သုံးပြီး ဖြစ်နိုင်ခြေများသူတွေကို ကုသမှုတွေ ရအောင် လုပ်ပေးနိုင် နေပါပြီ။ ဒါတွေလုပ်လာနိုင်မယ်ဆိုရင် ခွဲစိတ်မှုတွေ၊ ကီမိုဆေးတွေ၊ ဓာတ်ကင်တာတွေ ကြောင့် မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ကာကွယ်နိုင်မည့်အပြင် ငွေကုန်ကြေးကျ မှုတွေကိုလည်း ရှောင်လွှားနိုင်မှာ အမှန်ပါပဲ။
လူသားအများအသက်ကို ကယ်တင်ဖို့ တာဝန်ယူထားရတဲ့ ဆရာဝန်များဟာလည်း ကင်ဆာ ရောဂါကို ကုသဖို့ ရှိရှိသမျှ ကုသနည်းပေါင်းစုံ ထုတ်သုံးပြီး ကုသ ပေးခဲ့ကြပါတယ်။ ကင်ဆာကို ကာကွယ်နိုင်တယ်လို့ သိမြင်လာကြတဲ့အခါ စျေးပေါတဲ့ ဆေးတွေ သုံးပြီးတော့ ကာကွယ် ပေးခဲ့ကြပါတယ်။ အက်စပရင်လို အကိုက်အခဲပျောက်ဆေးဟာ Lynch syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ဝေဒနာခံစားနေရသူများ အူမကြီး ကင်ဆာ မဖြစ်စေဖို့ ၅၀ ရာခိုင်နှုန်းလောက် အခွင့်အရေး ရှိပါတယ်တဲ့။ နောက် အမျိုးသမီးတွေအတွက် တချို့ ရင်သားကင်ဆာ အမျိုးအစား တစ်ခုခုကို ကုသပေးပြီးတဲ့အခါ ကင်ဆာ ပြန်ပြီး ခေါင်းထောင်ထ မလာအောင် ပေးတဲ့ ဆေးတစ်မျိုးဟာ စျေးပေါတဲ့ မက်ဖော်မင် လို့ခေါ်တဲ့ ဆီးချိုဆေး ဖြစ်ပါတယ်တဲ့။

ခွဲတာစိတ်တာ၊ ကီမို ဆေးသွင်းတာနဲ့ ဓာတ်ကင်တာလို သမားရိုးကျ ကုသတဲ့နည်းတွေအပြင် ခုခံအားကို မြင့်တက်စေတဲ့ နည်းအသစ်တွေလည်း ပေါ်ပေါက်လို့ လာပါပြီတဲ့။ သဘောက လူရဲ့ ပကတိ ပင်ကိုအားကို တက်စေပြီး ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ ကို တိုက်ဖျက်ပစ်တာမျိုးပေါ့။ တချို့ လူတွေရဲ့ မျိုးဗီဇနဲ့ လိုက်ဖက်အောင် ဖန်တီးထားတဲ့ ကင်ဆာ ကာကွယ်ဆေးမျိုးကတော့ ကင်ဆာ ဆဲလ်ကို တိုက်ရိုက် နှိမ်နင်း နိုင်ပါတယ်။ တုပ်ကွေးလို အအေးမိ ဖျားနာ တာမျိုး ကို ကာကွယ်တဲ့ ပုံစံမျိုးနဲ့ ကင်ဆာ ကာကွယ်ဆေး အမျိုးအစားတွေလည်း ထွက်ပေါ်လာပါတော့မယ်။ ရင်သား ကင်ဆာနဲ့ အူမကြီးကင်ဆာ ကာကွယ်ဆေးမျိုးတွေကို လူတွေမှာ စမ်းသပ်နေပါပြီ။
တစ်ခါတလေမှာ သတင်းကောင်းတွေ ရှိပေမယ့် လေထဲမှာ ကွယ်ပျောက်သွားတတ်ပါတယ်။ အထူးသဖြင့် တိုးတက်မှု နှေးကွေးတဲ့ အခါမျိုးတွေမှာပေါ့။ အရာရာတိုင်းကတော့ ထင်သလို ဖြစ်မလာ သေးပါဘူး။ ကုသမှုတွေဟာ ကုန်ကျစရိတ်များလွန်းတယ်၊ ဆေးကုမ္ပဏီတွေ အနေနဲ့ကလည်း ကုသရာမှာ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့အခါ လူနာရှင် တွေက တရားတဘောင် လုပ်လာမှာကိုလည်း ကြောက်နေ ကြတယ်၊ နောက်ပြီး တလောက သမ္မထရမ့် အစိုးရအဖွဲ့က အမေရိကန်က အမျိုးသား ကင်ဆာဆိုင်ရာ တက္ကသိုလ်အတွက် ငွေကြေး ရန်ပုံငွေတွေ အများကြီး ဖြတ်တောက်ခံ လိုက်ရလို့ မျိုးဆက်သစ် ဆေးပညာ သုတေသီတွေရဲ့ တွေ့ရှိမှု အသစ်များကို ဟန့်တားမှုတွေ ဖြစ်စေတာ အမှန်ပါပဲ။ အမေရိကန်ကို ခဏထားခဲ့ပြီး ဥရောပနဲ့ တရုတ်နိုင်ငံတို့ရဲ့ ကြိုးစားမှုတွေကြောင့် စျေးသက်သာတဲ့ ကုသမှုတွေ၊ ဆေးဝါးအသစ်တွေ စျေးကွက်ထဲကို ရောက်လာမှာပါ။ ရှေ့မှာပြောခဲ့သလို လူတွေရဲ့ နေနိုင်မှု သက်တမ်းမြင့်တက်မှာကို ထောက်ရှုရင်တော့ ကင်ဆာကြောင့် သေဆုံးမှုဟာ တစ်နှစ်ထက် တစ်နှစ် ကျဆင်းလာမယ်လို့ မျှော်လင့်ရပါတယ်။
ကိုးကား – The World is winning the war on cancer, The Economist, July 2025

