သမ္မတ ထရမ့် ခေတ်မှာ သူ့နိုင်ငံရဲ့ကာကွယ်ရေးကို ပြောင်းလဲဖို့ ပြန်စဉ်းစားရမယ့်အိုက်စလန်

မီးတောင်ချော် လယ်ကွင်းတွေနဲ့ ဖယော့လို့ ခေါ်တဲ့ ချောက်ကမ်းပါးနှစ်ခုကြားက ပင်လယ်ရေဝင်ပေါက်၊ တစ်နည်း ဆိုရရင် ပင်လယ်ကျဉ်း တွေမှာ တစ်နေရာကနေ တစ်နေရာ အင်မတန်ကို လျင်မြန်စွာနဲ့ ရွေ့ရှား သွားလာနေကြရတဲ့ အိုက်စလန် နိုင်ငံရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့တွေဟာ စွမ်းရည်ပြပြီး ရဟတ်ယာဉ် မောင်းသမားကို ချပေးနေတယ်။ အိုက်စလန် နိုင်ငံမှာ စစ်တပ်အစား မှီခို အားထားနေရတဲ့ ကမ်းခြေစောင့် တပ်ဖွဲ့ဟာ ထိန်းကျောင်းရခက်တဲ့ ကမ္ဘာလှည့် ခရီးသွားတွေ ကိုကယ်ဆယ်ရေး သာမက ပင်လယ်ရေအောက်က ကေဘယ်ကြိုးတွေကို အဖျက်အမှောင့်တွေ ဘေးကနေ ကာကွယ် ပေးရတာမျိုး အထိ အစစ အရာရာ ဆောင်ရွက်ပေးရပါတယ်။ အခုတော့ သူတို့တွေဟာ ဝန်နဲ့ အားမျှအောင် တာဝန် ထမ်းဆောင် နေရတာကို စပြီးခံစားနေကြရပါပြီ။ “ရဟတ်ယာဉ် သုံးစင်း၊ သင်္ဘောနှစ်စင်းနဲ့ လေယာဉ်ပျံ တစ်စင်းနဲ့ ကတော့ ဘယ်လိုမှကို မလောက်တော့ပါဘူး” လို့ ရေနွေးငွေ့တွေ ထွက်နေတဲ့ မီးတောင်နားမှာကပ်ပြီးသူ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို ချပေးခဲ့ပြီးတဲ့ နောက် အရာရှိတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ စူအောင့်ပြီးပြောလိုက်တယ်။
နေတိုး (NATO) လို့ ခေါ်တဲ့ မြောက် အတ္တလန္တိတ်စစ် စာချုပ်အဖွဲ့ ကြီး စတင် ဖွဲ့စည်းစဉ် ကတည်းက အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အဖြစ် ပါဝင်ခဲ့တဲ့ အိုက်စလန်နိုင်ငံဟာ သူ့နိုင်ငံရဲ့ ကာကွယ်ရေးအတွက် အမေရိကန်နိုင်ငံပေါ်မှာပဲ အဓိက မှီခို အားထားခဲ့ရတယ်။ ဒါပေမဲ့ ဥရောပတိုက်ကို လက်နက်ပြန်လည် တပ်ဆင်တာနဲ့ အမေရိကန် နိုင်ငံသားတွေက အစိုးရ ဆောင်ရွက်ပုံ နှေးကွေး နေတာကို ဝေဖန်တာတွေကြောင့် အိုက်စလန်နိုင်ငံဟာ အခက်အခဲနဲ့ ကြုံရပြီး ဖိအားပေး ခံနေရ ပါတယ်။ “သူတို့တွေက ကျွန်မတို့ကို ဖိအားတွေပေးနေပါတယ်” လို့ အိုက်စလန် နိုင်ငံခြားရေး ဝန်ကြီး သောဂီဒါး ကက်ထ ရင်ဂန်နာ ဒေါ့တီယာ က ဝန်ခံပြောကြားခဲ့တယ်။ အိုက်စလန်နိုင်ငံဟာ များမကြာသေးခင်အချိန်အထိ နိုင်ငံကာ ကွယ်ရေး အတွက် သူ့နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်း ထွက်တန်ဖိုး (GDP) ရဲ့ ဝ ဒသမ ၂ ရာခိုင်နှုန်း လောက်ပဲ သုံးစွဲခဲ့ ရပါတယ်။

လူဦးရေ လေးသိန်းလောက် နေထိုင်ရာ ကျွန်းနိုင်ငံအတွက်ကတော့ သူတို့နိုင်ငံရဲ့ရာသီဥတုနဲ့ ပထဝီနိုင်ငံရေး မဟာဗျူဟာ ကျတဲ့ အနေအထားတွေက ထူးခြား ထင်ရှားပြီး အရေးပါလှတယ်။ အတ္တလန္တတိတ် သမုဒ္ဒရာထဲကို တိတ်တခိုး ဝင်ရောက်လာတဲ့ ရုရှား ရေငုပ်သင်္ဘောတွေကို စောင့်ကြည့်ဖို့ အမေရိကန်တွေက သူတို့နိင်ငံကို အသုံးချတယ်။ ဒီလို ပထဝီဝင် နိုင်ငံရေးအရ အရေးပါတာက အိုက်စလန် နိုင်ငံကို သူ့နိုင်ငံ ကာကွယ်ရေးအတွက် အခြားနိုင်ငံကို တာဝန်ပေး ဆောင်ရွက်စေရအောင် အခြေအနေက ခွင့်ပြုပေးခဲ့ တာပါ။ “ကျွန်မတို့ ဒီထက်ကို ပိုပြီး ဆောင်ရွက်ဖို့ လိုပါတယ်” လို့ သောဂီဒါး ကဆိုပါတယ်။သူတို့ရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဂျီဒီပီရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း အထိမြှင့်တင်ဖို့ စီစဉ် ထားပါတယ်။ ဒီအစီအစဉ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာကို မျက်ခြည်မပြတ် စောင့်ကြည့်နိုင်ရေးနဲ့ စစ်ရေးကာလ အတွင်း အမေရိကန်နဲ့ ဥရောပက သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေနဲ့ လေယာဉ်ပျံတွေ ရပ်နားစခန်းတစ်ခု အဖြစ် အသုံးပြုစေ နိုင်မယ့် အခြေခံ အဆောက်အအုံတွေကို တည်ဆောက်နိုင်ရေးတွေကို အထောက်အကူပြုမှာ ဖြစ်တယ်။
ဒါပေမဲ့ ဂရုမစိုက်ဘဲ လျစ်လျူရှုထားတာတွေက အိုက်စလန်ကို နေရာတိုင်းမှာလို ပျော့ကွက်ဟာကွက် တွေနဲ့ အန္တရာယ် ရှိလာစေတယ်။ တကယ်လို့သာ သူနိုင်ငံက ဆက်သွယ်ထားတဲ့ ကေဘယ်ကြိုးတွေ ဖြတ်တောက် ခံရရင် တခြား ဒေသတွေနဲ့ လုံးဝ အဆက်အသွယ်ပြတ် သွားနိုင်တယ်။ အဖျက်အမှောင့် လုပ်မယ့်သူတွေနဲ့ သူလျှိုတွေကို မျက်ချည် မပြတ်အောင် စောင့်ကြည့်ဖို့၊ တကောက်ကောက် လိုက်နေဖို့ ထောက်လှမ်းရေး ဌာန မရှိဘူး။ သောဂီဒါး ကတော့ ဒီလိုထောက်လှမ်းရေး ဌာန တည်ထောင်ဖို့ သူထောက်ကူပေးမယ် လို့ဆိုပါတယ်။ တကယ်လို့သာ သင်္ဘောမျိုးစုံ တစ်ပြိုင်နက်တည်း နစ်မြုပ်ပြီဆိုရင် ကမ်းခြေစောင့် တပ်ဖွဲ့က မနည်းကို ကြိုးပမ်း ဆောင်ရွက်ရပါ လိမ့်မယ်။ အိုက်စလန် နိုင်ငံဟာ များမကြာသေးခင် အချိန်ကမှ လူမလိုက်ပါတဲ့ ရေငုပ်သင်္ဘောတွေနဲ့ ဒရုန်း တိုက်ဖျက်ရေး နည်းပညာတွေကို စတင်အသုံး ပြုလာခဲ့ တာဖြစ်တယ်။ ပါတီပေါင်းစုံ ပါဝင်တဲ့ အထူးလုပ်ငန်းအဖွဲ့ပြီး ဆောင်ရွက်ဖို့ကိစ္စနဲ့ နောက်ထပ်ဘာ တွေ လုပ်ရဦးမှလဲဆိုတာကို စဉ်းစားကြဖို့ ကိုတော့ ဆွေးနွေး ညှိနှိုင်း နေတုန်းပါပဲ။
တချို့ကတော့ နောက်တစ်ဆင့်ကို တောင်လှမ်းချင်လှပြီ။ အိုက်စလန်နိုင်ငံရဲ့ထိပ်တန်း ကာကွယ်ရေးအရာရှိ အနူးဆီ ဂူယွန်ဆန် က တလောက ပြောကြားရာမှာ အိုက်စလန် နိုင်ငံမြို့တော် ရေကျာဗစ် မှာရှိတဲ့ အစိုးရ အဖွဲ့ဟာ မတတ်သာရင်တော့ ဆေးခါးကြီး မျိုချရသလို စစ်တပ်ကိုတော့ မဖြစ်မနေ ဖွဲ့ကို ဖွဲ့စည်းရလိမ့်လို့ ဆိုပါတယ်။ နိုင်ငံ ကာကွယ်ရေးအတွက် အခြားနိုင်ငံကို ဆောင်ရွက် စေတာဟာ ကိုယ့်မှာ အတွေ့အကြုံ ရှိလျက်သားနဲ့ အထင်သေး အမြင်သေး ကလေးလို နိုင်ငံငယ်လို ဆက်ဆံခံရစေတယ်လို့ သူကဆိုတယ်။ သူက အရေးပေါ် အခြေအနေမှာ လေဆိပ် တွေနဲ့ ဆိပ်ကမ်းမြို့တွေကို ကာကွယ်ဖို့ အင်အား ထောင်ချီရှိတဲ့ တပ်ဖွဲ့တစ်ရပ် ဖွဲ့စည်း ဆောင်ရွက်ဖို့ လိုတယ်တဲ့။ ဒါပြင် အိုက်စလန်ရဲ့ အခြေခံအဆောက်အအုံတွေဟာ ရုရှားရဲ့တိုက်ခိုက်လာတာကို အဓိက ပစ်မှတ် ထားရမယ်လို့ ဆိုတယ်။ “သူတို့က ကျုပ်တို့ဟာ လူအင်အား နည်းလွန်းတယ်၊ ဆင်းရဲလွန်းတယ်လို့ ပြောကြတယ်။ တကယ်တော့အဲဒါ မဟုတ် ပါဘူး” လို့သူက ဆို တယ်။
ဒီလို အမြင်မျိုးတွေဟာ တစ်ချိန်က ရယ်စရာလုပ်ခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့ အဲဒီအခြေအနေ မဟုတ်တော့ဘူး။ အာနိုးရဲ့ အဆိုနဲ့ စပ်လျဉ်းလို့ မယုံသင်္ကာ ဖြစ််စရာ အများစု ရှိနေသေးပေမဲ့ အိုက်စလန်နိုင်ငံသူ နိုင်ငံသားတွေဟာ ယေဘုယျအားဖြင့် ကတော့ ကာကွယ်ရေး အသုံးစရိတ် အခုထက်ပိုပြီး သုံးသင့်တယ် ဆိုတာကို သဘောတူကြပါတယ်။ စစ်တပ်တစ်ခု ဖွဲ့စည်းဖို့ လိုအပ်တာနဲ့ စပ်လျဉ်းလို့ သောဂီဒါး စွမ်းဆောင် နိုင်ရည် မရှိပါဘူး။ ငွေကြေးနဲ့ ဩဇာ အာဏာလည်း မရှိပါဘူး။ ဒါပေမဲ့ လူဇင်ဘတ်လို နိုင်ငံငယ် ကလေးမှာ စစ်တပ် ငယ်ကလေး တစ်ခုရှိတယ် ဆိုတာကိုတော့ သတိပြုမိပါတယ်။ မော်လတာလို ကျွန်းနိုင်ငံ ကလေးမှာလည်း သူ့နိုင်ငံနဲ့ လျော်ညီစွာ ရေတပ် အုပ်စုတစ်စုရှိပါတယ်။ “ကျွန်မဒီလို အချေအတင် ပြောရဆိုရမှာတွေကို မကြောက်ပါဘူး။ အဓိက ပြဿနာက ကျွန်မတို့ အိုက်စလန်နိုင်ငံကို ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ ကိစ္စပါ” လို့သူက ပြောလိုက်ပါတယ်။
ဒီအရေးကိစ္စဟာ ပိုပြီး ဖိစီးတဲ့ ပြဿနာ တစ်ခု ဖြစ်လာတယ်။ ဘာကြောင့်လဲဆိုတော့ အိုက်စလန်ရဲ့ အိမ်နီးချင်း ဂရင်းလန်ကျွန်းကို ဒေါ်နယ်ထရမ့်ရဲ့ အန္တရာယ် အတော်ကလေး ရှိလာလို့ပဲ ဖြစ်တယ်။ အဲဒီ ကိစ္စကို အိုက်စလန် ကျွန်းသား တွေက အထိတ်တလန့် ဖြစ်ကြတယ်။ အိုက်စလန် နိုင်ငံကို အမေရိကန်က ကာကွယ် ပေးမလား၊ မပေးတော့ ဘူးလား ဆိုတာကို အဆုံးအဖြတ်ပေးမယ့်သူက ထရမ့်ပဲ မဟုတ်လား။ အိုက်စလန်ရဲ့ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန်တွေက ကျခံ နေရတာနဲ့ စပ်လျဉ်းလို့ ဒေါ်နယ်ထရမ့်က မကျေမနပ် ဖြစ်မှာကတော့ သေချာတယ်။
ဘူမိဗေဒဆိုင်ရာ အချက်အလက်တစ်ခုအရကတော့ အိုက်စလန်ကျွန်း ဆိုတာဟာ ဥရောပတိုက်နဲ့ အမေရိကတိုက် တို့ ကွဲထွက်ချိန်က ကုန်းမကြီး ကနေ ကွဲထွက်လာတာလို့ ဆိုတယ်။ မီးတောင်တွေက အဲဒီအချက်ကို သက်သေ ထူတယ်။ အခုတော့ အိုက်စလန် ကျွန်းသူကျွန်းသားတွေ ကိုယ််တိုင်က နိုင်ငံရေးအရ ရော တကယ်ပဲ ဒီလို ဖြစ်လာနိုင်တော့မလား ဆိုတာကို စိတ်ပူနေကြတယ်။ ဥရောပ သမဂ္ဂကို ပြန်ဝင်မလား၊ မဝင်ဘူးလား ဆိုတာကို နောက်တစ်ကြိမ် ထပ်ပြီး အချေအတင် ဆွေးနွေးရမယ့် အခြေအနေ ဆိုက်လာတယ်။ ဥရောသမဂ္ဂ အဖွဲ့ဝင် ရောက်ရေးမှာ လိုအပ်တဲ့ လုပ်ထုံး လုပ်နည်း အရ ရှိပြီးသား အဖွဲ့ ဝင်နိုင်ငံတွေနဲ့ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဖို့ ကိစ္စကို ပြန်စဖို့ အရေး လူထုဆန္ဒ သဘောထား ကောက်ပွဲတစ်ခု လုပ်ဖို့ စီစဉ်ထားခဲ့တယ်။ လူထု သဘောထား ဆန္ဒအောင်မြင်မယ့် လက္ခဏာကိုတော့ ညွှန်ပြနေတယ်။ ဥရောပတိုက် လိုလားတဲ့ အမတ်တစ်ယောက် ဖြစ်သူ ပါဝဲလ်ဘာတိုဇက် ကတော့ အိုက်စလန် နိုင်ငံသူ နိုင်ငံသားတွေဟာ အရင်တုန်းကထက် ဥရောပတိုက်နဲ့ ပိုပြီး ပေါင်းစည်းလိုတဲ့ ဆန္ဒရှိ လာတယ်လို့ ဆိုတယ်။သူတို့ကို ဥရောပသမဂ္ဂဝင်ဖို့ ယုံံကြည် စိတ်အချရဆုံး ဖြစ်အောင် လုပ်ပေးနိုင်တဲ့သူ နှစ်ယောက်ကတော့ ဘာပဲပြောပြော ဗလာဒီမာပူတင်နဲ့ ဒေါ်နယ်ထရမ့်တို့ပဲ ဖြစ်တယ်လို့သူက ပြောလိုက်ပါတယ်။
ရည်ညွှန်း – The Economist July 12th 2025.

