The Corner

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့

Share မယ်
ဈေးကွက်တွင် ရောင်းချနေသည့် သနပ်ခါးတုံးများ

မြန်မာနှင့် သနပ်ခါးသည် ခွဲခြား၍မရသည့် မြန်မာ့ယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့ လူ့အဖွဲ့ အစည်းအတွင်း သနပ်ခါးလိမ်းသည့် အလေ့အကျင့်သည် ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ သည်ဟု ယူဆထားကြသည်။ သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းသုတေသန အထောက် အထားများ အဖြစ် ပုဂံခေတ် အေဒီ ၁၁၁၃ ခုနှစ်မှာ တည်ခဲ့သည့် မြင်းကပါကူပြောက်ကြီးဘုရား နံရံ ဆေးရေးပန်းချီများ တွင် လည်းကောင်း၊ အေဒီ ၁၁၈၃ ခုနှစ်တွင်တည်ခဲ့သည့် စူဠာမဏိဘုရား အတွင်းနံရံပန်းချီများတွင် လည်း ကောင်း၊ ခေတ်အဆက်ဆက် တည်ထောင်ခဲ့သော ဂူဘုရားများရှိ နံရံပန်းချီများတွင်လည်းကောင်း သနပ်ခါး လိမ်းခြယ်သည့် ဓလေ့ကို သရုပ်ဖော်ရေးဆွဲထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် မြန်မာတို့၏ ရိုးရာ ရှေးရိုးပုံပြင်၊ ရိုးရာဘာသာစကားနှင့်စာပေ၊ အရေးအသားများတွင်လည်း သနပ်ခါးဓလေ့ကို ဖော်ပြခဲ့ကြ သည်ကို ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့သည့် ပျို့၊ ကဗျာ၊ ဧချင်း၊ အိုင်ချင်း၊ မောင်းထောင်းတေး၊ လမိုင်း လယ်သူဟန်ချင်း၊ တေးထပ်များတွင် မြန်မာလူ့အဖွဲ့အစည်း၏ သနပ်ခါးကို သုံးစွဲသည့်ဓလေ့များကို ထည့်သွင်း စပ်ဆိုထားသည်ကို တွေ့ရှိ ရခြင်းဖြင့် သနပ်ခါးကို မြန်မာလူမျိုးတို့သည် ရှေးနှစ်ပေါင်းထောင်ချီ ကာလကပင် လိမ်းခြယ်ရန် အသုံးပြုခဲ့ကြသည်ကို သိရှိရသည်။မြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ပျိုးရှင်သန်ရာ နေရာများမှာ အပူပိုင်းဒေသများဖြစ်သည့် မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ စသည်တို့ဖြစ်သည်။ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပြည်၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ နွားထိုးကြီး၊ တောင်သာ၊ အရာတော်မြို့နယ်များတွင် သနပ်ခါးပင်များကို အများဆုံးတွေ့ရသည်။

မြန်မာ့သနပ်ခါးကို လိမ်းခြယ်ရာတွင် အချို့က အလှအပအတွက် လိမ်းခြယ်ကြသကဲ့သို့ အချို့က အသားအရေထိန်းသိမ်းရန်အတွက် လိမ်းခြယ်ကြသည်လည်းရှိသည်။ ကျေးလက်တောရွာနေ လယ်တောသူ ကောက်စိုက်သမလေးများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ပန်းရန်သမလေးများကမူ မိမိတို့ လုပ်ငန်း ခွင်၏ သဘောသဘာဝနှင့် ကိုက်ညီမှုရှိအောင် ပူပြင်းလှသည့် နေလောင်ဒဏ် ကိုခံနိုင်စေရန် သနပ်ခါးကို ခြေဆုံးခေါင်းဆုံး လိမ်းလေ့ရှိကြပြီး မျက်နှာပြင်ကိုလည်း ပိန်းပိတ်နေအောင် လိမ်းခြယ်လေ့ရှိကြသည်။

မြန်မာ့သနပ်ခါးသည် မြန်မာ့ရာသီဥတုနှင့် လိုက်လျောညီထွေရှိကာ သနပ်ခါးကို လိမ်းခြယ် လိုက်လျှင် စိတ်နှလုံးအေးချမ်းသကဲ့သို့ သနပ်ခါးလိမ်းထားလျှင် နေရောင်ခြည် အပူဒဏ်ကို ခံနိုင်သလို အရေပြားမပျက်စီးအောင်လည်း ကာကွယ်ပေးနိုင်သည်။ ထို့ကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ တောင်ပေါ်၊ မြေပြန့်မှ တိုင်းရင်းသူ အမျိုးသမီးများသည် သနပ်ခါးကို အမြတ်တနိုး လိမ်းခြယ်ကြသည်။

သနပ်ခါးကို အမျိုးသမီးများသာမက အမျိုးသားများပါ လိမ်းလေ့ရှိကြသည်။ ပါးပြင် ထက်ဝယ် သနပ်ခါးပါးကွက်ကျားလေးများ လိမ်းချယ်ထားပါက နေလောင်ဒဏ်ကို ကာကွယ်ရုံမျှ မက နေပူရှိန် အောက်တွင် ချွေးကလေးတစ်စို့စို့ သနပ်ခါးနံ့လေး တသင်းသင်းနှင့် စိတ်ကို ပျော်ရွှင် လန်းဆန်းစေသော သတ္တိထူးများ ရှိပါသည်။ သနပ်ခါးကို ရှေးအတီတေကာလမှ ယနေ့တိုင် မြန်မာလူမျိုးတို့ နှစ်သက်မြတ်နိုးစွာ စွဲစွဲမက်မက် လိမ်းကြပါသည်။ သနပ်ခါးဟု ဆိုလျှင် ရွှေဘိုသနပ်ခါး၊ ရှင်မတောင်သနပ်ခါးဟူ၍ လူသိ များကြပါသည်။ အရာတော်နယ်ဘက်မှ ထွက်ရှိသော သနပ်ခါးကို ရွှေဘိုအရပ်တွင် ရောင်းချရာမှ ရွှေဘိုသနပ်ခါးအဖြစ် နာမည်ကျော်လာခဲ့ပါသည်။ ရွှေဘိုသနပ်ခါး (အရာတော်)မှာ နူးညံ့ညက်ညောပါသည်။ ရှင်မတောင် သနပ်ခါးမှာ ရှင်မတောင်ဒေသဖြစ်သော မြိုင်၊ ပခုက္ကူနှင့် ရေစကြိုဒေသများမှ ထွက်ရှိပါသည်။ ရှင်မတောင် သနပ်ခါးသည် အလွန်မွှေးကြိုင်သော ရနံ့ရှိသည်ဟု ထင်ရှားပါသည်။

ယောဒေသ သနပ်ခါး ပါးတို့ပွဲ

မြန်မာတို့ သနပ်ခါးလိမ်းခြင်း ဓလေ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၄၀၀ ကျော်ကပင် စတင် ခဲ့သည်ဟု ယူဆကြပါသည်။ သရေခေတ္တရာနှင့် ဗိဿနိုးခေတ်တွင် မိဖုရားတို့ စွဲစွဲလမ်းလမ်း ဖြစ်လာ ကြသည်ဟု ပညာရှင်များက ယူဆကြပါသည်။ စစ်ကိုင်းမြို့မှ နာမည်ကျော် စာရေးဆရာကြီး ဦးဘိုးသင်း၏ ပြောကြားချက်အရ သုနာပရန္တတိုင်း (အပရန္တတိုင်း)  တမ္ပဝတီတိုင်းတို့ ကောင်းစား စဉ်ကပင် သနပ်ခါးကို အမျိုးသမီးရော အမျိုးသားပါ သုံးစွဲလာခဲ့သည်ဟု ရှေးဟောင်းစာပေ ကျမ်းဂန်များတွင် ဖော်ပြထားကြောင်း သိရသည်။

ပခန်းသားတို့၏ ပါးစပ်ရာဇဝင်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်း ဖောင်စကြာဖြင့် တိုင်းခန်း လှည့်လည်လာစဉ် ရှင်မတောင်ဒေသသို့ ရောက်လာရာ တောင်နီတောင်နှင့် ရှင်မတောင် အနီး ရောက်စဉ် မိဖုရား၏ သနပ်ခါးအစ်တော် တိမ်းမှောက်ကျခဲ့သည်ဟု ဆိုကြပါသည်။ ထို့ကြောင့် သနပ်ခါးအစ်တော်မှ အလွန်မွှေးကြိုင်သော နံ့သာရည်များ ဖိတ်စင်ကျန်ခဲ့ကာ တောင်နီတောင်နှင့် ရှင်မတောင်ဒေသတွင် ပေါက်သော သနပ်ခါးတို့သည် အခြားဒေသမှ ပေါက်သော သနပ်ခါးများထက် မွှေးသည်ဟု ယနေ့တိုင် ယူဆကြပါသည်။

မြန်မာသက္ကရာဇ် ၇၄၅ ခုနှစ်တွင် ရာဇာဓိရာဇ်သည် ဗညားနွဲ့မင်းသားဘဝနှင့် ဒဂုံသို့ ချီတက် စဉ်တွင် ဗညားနွဲ့၏ ကြင်ရာတော်က ရေး၍ပို့ဆက်သော သုံးထောင့်အိုင် အိုင်ချင်းတွင် –

သနပ်ခါး ကျောက်ပြားပေါ်တွင် သောက်ရေအေးနှင့် ရောသွေးပါလျှင် နံ့သာအပေါ် ကျဲတတ်တယ် ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ ထိုအိုင်ချင်းကဗျာကို ထောက်၍ မွန်တို့၏ ဟံသာဝတီခေတ် တွင်လည်း သနပ်ခါးကို အမျိုးသမီးများ နှစ်သက်စွာ သုံးစွဲနေကြသည်မှာ ထင်ရှား ပါသည်။

အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက် မြန်မာသက္ကရာဇ် ၈၉၉ ခုနှစ်တွင် ရှင်မဟာရဋ္ဌသာရ ရေးစပ်ခဲ့သော ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့၌ သနပ်ခါးမွှေးကို သွေး၍ လူးသည့်ဥပမာနှင့် တင်စား၍-

ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြေးဖြေးသွေး၍၊ နံ့မွှေးတသုံ၊ လိမ်းလင့်ကုန် ဟု စပ်ဆိုထားပါသည်။ အင်းဝခေတ်၌လည်း အမျိုးသမီး များသည် နံ့သာဆယ်ပါ တစ်ပါးအပါအဝင်ဖြစ်သော သနပ်ခါးကို လိမ်းကြသည့်ဓလေ့ ဆက်လက် တည်ရှိ နေကြောင်း တွေ့ရှိရပါသည်။

ဟံသာဝတီခေတ် ဟံသာဝတီဆင်ဖြူများရှင် ဘုရင့်နောင်မင်းတရားကြီးလက်ထက် မြန်မာ သက္ကရာဇ် ၉၆၀ ခုနှစ်တွင် ရွှေမော်ဓောဘုရား ဌာပနာရာ၌ သမီးတော် ရာဇဓာတုကလျာသည် မိမိ၏ ရွှေချထားသော သနပ်ခါးကျောက်ပျဉ်တော်ကို ဌာပနာပြု လှူဒါန်းခဲ့သည်မှာ သနပ်ခါးကို မဆိုထား နှင့် ကျောက်ပျဉ်ကိုပင် ရှေးမြန်မာတို့ မည်မျှတန်ဖိုးထားသည် မြတ်နိုးသည်ကို တွက်ဆနိုင်ပါသည်။

ကုန်းဘောင်ခေတ် လမိုင်းလယ်တော်သူများ၏ဟန်ချင်းတွင် သနပ်ခါးနှင့် ပတ်သက်၍-

သနပ်ခါးကွက် ပါးမှာကူ၊ ရွှေမိုင်းသူတော့၊ ကျုပ်အလှဆုံး၊ 

မေတ္တာပါးစို့ စိတ်ထားတူ၊ ကြိုက်လျှင်ယူတော့၊ တစ်သက်ပန်လုံး ဟု လည်းကောင်း၊ ကုန်းဘောင်ခေတ် မောင်းထောင်းဆန်ဖွတ်တေး တစ်ပုဒ်တွင်- 

ရွှေနံ့သာခေါက်ကိုလ၊ ကျောက်ပျဉ်မှာ အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ ဆံတိုလေးရယ်၊ ပိန်းရိုက်စို့လေး..” ဟုလည်းကောင်း သနပ်ခါးနှင့် အမျိုးသမီးတို့ ခွဲမရအောင် ယှဉ်တွဲ ဆက်စပ်နေကြောင်း တွေ့ရပါသည်။

ရှေးစာဆို တောင်တွင်းကြီးဦးကြော့ကလည်း သနပ်ခါးပင်ဘွဲ့ တေးထပ်ကို စပ်ဆိုရာတွင်-ပုလဲငွေရည်နှင်းပျို့၊ လေသွေးချို့သုတ်ခါ၊ ရွှေတွင်းမြို့ဥတ္တရာဝယ်၊ ရုက္ခမာသာမော၊ နွဲ့ကြူးဆင့် ကဲထူးလှိုင်သည်၊ လဲဘူးမြိုင် ပန်းစုံတဲ့တော၊ စိမ့်စမ်းကျ ထွေထွေသွန်၊ ရေတံခွန် ကျလျော၊ ဟေမဝန်မြကြော၊ နံ့သာတော ရင့်မှုံ၊ လှလိုက်တာ ပင်နပ်ခါး၊ ရှင်နတ်များ စိုက်ထား သည့်ပုံ၊ အရိုးက ကတိုးထုံသည်၊ အခိုးစုံ ပင်စည်လျှောက်ပါလို့၊ အခေါက်က လေးတရာ၊ မွှေးတဲ့ နံ့သာ၊ ရွေတသန်း ဘွေမန်းညာမှာ၊ ရွှေဂန္ဓာ ဆင်မြန်းဖို့လေး…” ဟု တောင်တွင်းကြီး သနပ်ခါးကို ချီးကျူးရေးဖွဲ့ခဲ့ပါသည်။ ရှင်မတောင်သနပ်ခါး၊ ရွှေဘိုသနပ်ခါးများကို ဦးကြော့ တွေ့ဖူးသွားခဲ့လျှင် အဆပေါင်းမျာစွာ ပိုမိုချီးကျူး၍ တေးကဗျာ ရေးစပ်ဦးမည်ဟု ထင်ရပေသည်။

သနပ်ခါး စိုက်ပျိုး ဖြစ်ထွန်းသောမြေများ

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အပိုင် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း သီဟတောဘုရား၏ အောက်ဘက် နှစ်မိုင်အကွာတွင် ရှေးက သိန်းကတောနယ်မြေ ဟု ခေါ်တွင်သော နယ်မြေတစ်ခု ရှိပါသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး လက်ထက်တွင် သီဟတောဘုရား၏ ရွှေကြိုး သတ်နယ်မြေ သတ်မှတ်ရာတွင် ထိုအရပ်အား ချပ်လှပ်ထားခဲ့သဖြင့် “တကွက်”ဟု ခေါ်တွင် ကြပါသည်။ နောင်တွင် ကဗွက် ဟုခေါ်သောရွာ ဖြစ်လာပါသည်။ ထိုနေရာသည် နန်းသုံးတော်ဝင် သနပ်ခါးထွက်ရာ အရပ်ဖြစ်သောကြောင့် ရွှေနန်းတော်ကပင် အသိအမှတ်ပြုရသည့် အနေအထား ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီက နန်းတော်ရှေ့ဆရာတင်သည် ရွှေဘိုသနပ်ခါး သီချင်းကို ရေးစပ်ကာ အဆိုတော် မန္တလာမြင့်က သီဆို ဓာတ်ပြားသွင်းခဲ့ပါသည်။ ထိုသီချင်းသည်လည်း ယနေ့တိုင် မြန်မာလူမျိုး တို့ နှစ်သက်ကြသော တေးသီချင်းတစ်ပုဒ် ဖြစ်ပြီး ရွှေဘိုသနပ်ခါး အကြောင်းကို တင်စား ရေးဖွဲ့ထား ပါသည်။

သနပ်ခါးပင်များ ရှားပါးစျေးကြီးလာသော ယနေ့ခေတ်တွင် စျေးနှုန်းသက်သာကာ သယ်ယူရ လွယ်ကူသော သနပ်ခါးမှ အခြေခံထုတ်ကုန်များကို အစားထိုး အသုံးပြုလာကြသည်ကို တွေ့ရပါသည်။ ဒေါ်သီ၊ ရွှေပြည်နန်း၊ ရွှေဘိုမင်းသမီး၊ တောင်ကြီးမောက်မယ် စသော သနပ်ခါး ထုတ်ကုန်များမှာ ကမ္ဘာ့ ရောင်းတမ်းဝင် နေရာယူနေကြသော သနပ်ခါး ထုတ်ကုန် များအဖြစ် ထင်ရှားပါသည်။ 

သနပ်ခါးပင်သည် စျေးကြီး ရှားပါးသဖြင့် အပူပိုင်းဒေသ၏ ပဒေသာပင်၊ အပူပိုင်းဒေသ၏ ရတနာ ဟု တင်စားရသည်အထိ သနပ်ခါးတစ်ပင်စိုက်ပြီးပါက သန်မာထွားကျိုင်းသည့် သားတက်များ ဆက်ကာ ဆက်ကာ ထွက်လာသဖြင့် သားစဉ်မြေးဆက် ခုတ်ယူ ရောင်းချနိုင်သဖြင့် သနပ်ခါး စိုက်ပျိုးထုတ်လုပ် ရောင်းချသူများမှာ ဝင်ငွေ အလွန်ကောင်းပါသည်။ မြန်မာလူမျိုးတို့သည် သနပ်ခါးကို မွေးကင်းစမှစကာ အသက်အရွယ်မရွေး လိမ်းကြပါသည်။ သနပ်ခါးသည် စိတ်ကြည်လင်လန်းဆန်းခြင်း၊ မွှေးရနံ့သင်းပျံ့ခြင်း၊ အသားအရေကို အေးမြစေခြင်း၊ တို့ကြောင့် ထီးသုံးနန်းသုံး နန်းသုံးတော်ဝင်အဖြစ်သာမက သာမန်အရပ်သားများ၊ ကောက်စိုက် လယ်လုပ်သူများပါမကျန် လူတန်းစားမရွေး ခေတ်အဆက်ဆက် နှစ်သက်စွာ အလှပြင်ဆင်ရာတွင် သုံးစွဲလာကြပါသည်။ ထို့အပြင် သနပ်ခါးတစ်ပင်လုံးသည် တိုင်းရင်းဆေး ဖော်စပ်ရာတွင် ဆေးဖက် ဝင်သည့် အာနိသင်ဂုဏ်သတ္တိနှင့်လည်း ပြည့်စုံနေပေသည်။ ယနေ့ခေတ်အခါတွင်လည်း ခေတ်မီ အလှကုန်များအား အပြင်သွားလာရာတွင် သုံးစွဲနေစေကာမူ အိမ်၌နေသောအခါတွင် သနပ်ခါးကိုပင် လိမ်းကြသည်မှာ မြန်မာနှင့် သနပ်ခါးကို ခွဲခြားမရသော ပြယုဂ်တစ်ခုပင် ဖြစ်ပေသည်။

သနပ်ခါးပင်သည် သီရိလင်္ကာ၊ အိန္ဒိယအနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံ တို့တွင် ပေါက်ရောက်ပါသည်။ သနပ်ခါးမျိုးစိတ်များစွာ ရှိသည့်အနက် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသထွက် မြန်မာသနပ်ခါးသည် အရည်အသွေး အကောင်းဆုံးဖြစ်ပါသည်။

သနပ်ခါးဟူသည် ပါဠိပျက်စကား သနခါ ဟူသော စကားရပ်မှ ဆင်းသက်လာခြင်း ဖြစ် ပါသည်။ သန = အညစ်အကြေး၊ ခါ = စွန့်ထုတ်ခြင်း၊ သနခါ = မကောင်းသော အညစ်အကြေးများကို စွန့်ထုတ်သော သဘောရှိခြင်းကြောင့် သနခါ မှ သနပ်ခါး ဖြစ်လာသည်ဟု သိရပါသည်။ 

သနပ်ခါးကို သိပ္ပံအမည်နှင့် အမျိုးအစား ခွဲခြား တင်ပြပါက-

(က) မြန်မာအမည် = သနပ်ခါး

(ခ) အင်္ဂလိပ်အမည် = Chinese Box Tree, Wood Apple

(ဂ) မျိုးရင်း = Rutaceac

(ဃ) မျိုးစု = Limonia

(င) မျိုးစိတ် = L.acidissima

(စ) သိပ္ပံအမည် = Naringi crenulata (Roxb)

  1. Limonia acidissima

  2. Hespercthusa crenulata (Roxb) Rocam ဟူ၍ သတ်မှတ်ပါသည်။

သနပ်ခါးသည် နံ့သာ (၁၀) ပါးတွင် တစ်ပါးအပါအဝင် ဖြစ်ပါသည်။ နံ့သာ (၁၀) ပါးမှာ –

ကာဋ္ဌာနုသာရီ = အမြစ်နံ့သာ (အကြော်)

စန္ဒကူး = အနှစ်နံ့သာ

ထင်းရှူး = အကာနံ့သာ

သနပ်ခါး = အခေါက်နံ့သာ

သီး = အလွှာနံ့သာ

ပွဲလျက် = အရည်နံ့သာ

ကွမ်း = အရွက်နံ့သာ

ကံ့ကော် = အပွင့်နံ့သာ

ဇာတိပ္ဖိုလ် = အသီးနံ့သာ

သင်္ကန်း = အပင်နံ့သာ တို့ ဖြစ်ပါသည်။ သနပ်ခါးသည် အခေါက်နံ့သာ ဖြစ်ကြောင်း တွေ့ရပါသည်။ ထို့အပြင် အသီး၊ အပွင့်၊ အရွက်၊ အမြစ် တစ်ပင်လုံး အသုံးဝင်ကာ ဆေးဖက်ဝင် ကြောင်းလည်း သိရပါသည်။

သနပ်ခါးပင်သည် ပုံသဏ္ဍာန်အားဖြင့် အပင်လတ်မျိုး ဖြစ်ပြီး အမြင့်ပေ ၂၀ မှ ၃၀ ထိ မြင့်မား ပါသည်။ အကိုင်းအခက်များတွင် လက်မဝက်၊ တစ်လက်မခန့် ရှည်လျားသော မာကျောသည့် ဆူးများ ပါရှိသည်။ အပင်နုစည်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါမှ အပွေးထူလာပါသည်။ အရွက်၏ ပုံသဏ္ဍာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်ပါသည်။ ရွက်မြွှာ နှစ်စုံမှ သုံးစုံအထိ ရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါသည်။ ရွက်ပြား ပြောင်ချောပြီး တောင့်တင်း မာကျောသည်။ အစိမ်းရင့် ရောင် ရှိသည်။ အပွင့်ပုံသဏ္ဍာန်မှာ သေးငယ်ပြီး အဝါနုရောင် ရှိပါသည်။ အဆုပ်လိုက်ပွင့်သည်။ ရေ မြေ ရာသီဥတုအပေါ် မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန် (မတ်၊ ဧပြီ၊ မေ)လ များတွင် အပွင့်များ ပွင့်ပါသည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်း (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) လများတွင် အသီးများ ရင့်မှည့်ပါသည်။ ချဉ်သောအရသာ ရှိ၍ အပြွတ်လိုက်သီး၏။ ရေသောက်မြစ်ရှည်လျားကာ ဘေးထွက် မြစ်များလည်း ရှည်လျားပြီး ဖြန့်ကားထွက်ပါသည်။ အမြစ်တွင်လည်း အပွေးအခေါက်များ ပါရှိ ပါသည်။ အမြစ်များမှ အပင်သား တက်များ ထွက်လေ့ရှိပါသည်။

သနပ်ခါး စိုက်ပျိုးရန် ဂဝံကျောက်စရစ်မြေသည် အကောင်းဆုံး မြေအမျိုးအစား ဖြစ်ပါသည်။ သဲမြေ၌လည်း စိုက်ပျိုးနိုင်ပြီး ငယ်စဉ်တွင် အသေအပျောက် များနိုင်သဖြင့် အပင်ဖြစ်ထွန်းရန် နည်း ပါသည်။ ရွှံ့စေးမြေ၊ ဆားပေါက်မြေ၊ ရေဝပ်သောမြေများမှလွဲ၍ ကျန်မြေများတွင် စိုက်ပျိုး နိုင်သည်။ သနပ်ခါးသည် မိုးရေချိန် ၁၀ လက်မနှင့် ၄၀ လက်မကြား ရရှိသော နေရာများတွင် စိုက်ပျိုး ဖြစ်ထွန်း ပါသည်။ 

သနပ်ခါးပင်သည် နှစ်နှစ် သုံးနှစ်သား အရွယ်အထိ ချုံကဲ့သို့ ရှိသောကြောင့် ကောင်းစွာ ဖြစ် ထွန်းရန် အပင် နှစ်နှစ် သုံးနှစ်သား အရွယ်မှစ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်း လင်း ဖယ်ရှား ပေးရပါသည်။ သားတက်စိုက်ခင်းများတွင် တစ်ပင်လျှင် တစ်တက် နှစ်တက်သာ ထား၍ ကျန်အတက်များ အား ဖယ်ရှားပေးရသည်။ ရာသီဥတုအခြေအနေနှင့် အပင် အခြေအနေပေါ် မူတည် လျက် ပိုးသတ်ဆေး များကို လိုအပ်သလို ကြိုတင်ကာကွယ်သည့် အနေဖြင့် ပက်ဖျန်းပေးရပါသည်။

ဈေးကွက်ဝင် သနပ်ခါးအဖြစ် ထုတ်လုပ်ရန် အချိန်ကာလမှာ မူလအပင်သက်တမ်း ခြောက်နှစ်မှ ခုနှစ်နှစ် သားအရွယ်တွင် စတင်ထုတ်လုပ်ကာ ဈေးကွက်တင် ရောင်းချနိုင်ပါသည်။ အများအားဖြင့် ရှစ်နှစ်မှ ၁၀ နှစ်ကြား အရွယ်သည် ဈေးကွက်အတွင်းသို့ အများဆုံး တင်ပို့ရောင်းချသော အရွယ်ဖြစ်ပါသည်။ သားတက်စိုက်ခင်းများတွင် အပင်သက်တမ်း ငါးနှစ်မှ ခြောက်နှစ် အရွယ်တွင် စတင် ရောင်းချပြီး၊ ခြောက် နှစ် မှ ရှစ်နှစ် အရွယ် သက်တမ်းတွင် ဈေးကွက်အဝင်ဆုံး ရောင်းချချိန် ဖြစ်ပါသည်။ အရည်အသွေး အကောင်းဆုံး သနပ်ခါးပင် တစ်ပင်ရရှိရန် သက်တမ်း ၃၅ နှစ်ခန့် လိုပါသည်။ ဒေသအသီးသီး၊ နိုင်ငံ အသီးသီးတွင် သနပ်ခါးပင်များ စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံး ဖြစ်ပါသည်။

မြန်မာတိုင်းရင်းဆေးကျမ်းများတွင် ဖော်ပြထားသော သနပ်ခါး၏ ဆေးဖက်ဝင်ပုံများမှာ – သနပ်ခါး သည် ပူ၏၊ သွေးကိုကြွတက်စေ၏၊ ပူ၊ ခါး၊ ချုပ်၊ ပွင့် ဖြစ်၏၊ ငန်း မန်းကို နိုင်စေ၏။ အပူနာ၊ အအေးနာ နှစ်မျိုးလုံးကို နိုင်၏ဟု ဖော်ပြထားပါသည်။

သနပ်ခါး အရွက်

သနပ်ခါး အရွက်သည် ဝက်ရူးပြန်ရောဂါဆေးတွင် အသုံးပြု၏။ အနာကြီးရောဂါသည်များ အတွက် အရွက်ကို ပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများခတ်၍ သောက်သုံးပါက ငှက်ဖျားရောဂါ ပျောက်၏။ အနာဝင်လျှင် အရွက်ကိုကြိတ်၍ ဆန်ဆေးရည်နှင့် သောက်ရ၏။ အရွက်ကို အခြောက်လှန်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖော အယောင်၊ အနာအဆာနှင့် ကိုယ်တွင်းရောဂါဟူသမျှ ကင်းရှင်းပပျောက်၏။

သနပ်ခါးအသီး

သနပ်ခါး အသီးသည် အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

သနပ်ခါး အမြစ်သည် ဝမ်းနုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့် သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါသည်များ ပျောက်၏။ ကလေးချွဲကျပ်ပါက အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်း ရည်နှင့် ဆတူတိုက်ပါက ချွဲအမြန်ကျ၏။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ငါးပဲသားစီကို ပျားရည် ခြောက်ပဲ သားနှင့် ရော၍ စားသုံးသော် မြွေဆိပ် ပျောက်ကင်း၏။ အနပ်ခါးမြစ်မှုန့် သုံးကျပ် သားကို သကြား၊ ပျားရည်နှင့် ရောလျက်သော် အစာအိမ်ရှိ အဆိပ်ပြေစေ၏ ဟု ဆိုထားပါသည်။

မြန်မာ့သနပ်ခါးကို သိပ္ပံနည်းကျ ဓာတ်ခွဲ စမ်းသပ်မှုများ မပြုလုပ်နိုင်သေးသဖြင့် သနပ်ခါး သည်  အလှကုန်တစ်မျိုး၊  တိုင်းရင်းဆေးတစ်ဖုံ  အနေဖြင့်သာ  ယနေ့တိုင် တည်ရှိနေပေသေးသည်။ 

မြန်မာ့ လူ့အဖွဲ့အစည်းတွင် ကလေးငယ်များအား ဖြည့်စွက်အာဟာရအဖြစ် မိဘများသည် သနပ်ခါး ခွံ့လေ့ ရှိကြပါသည်။ သနပ်ခါးနှင့် ပန်းသီး တွဲဖက်စားပါက သေစေတတ်သည်ဟုလည်း ဆိုကြပါသည်။ ထို့ကြောင့် သနပ်ခါးအား အသုံးပြုခြင်းဖြင့် ဘေးထွက်ဆိုးကျိုးများ ရှိ၊ မရှိ လေ့လာကာ သုတေသန ပြုလုပ်ရန် လိုအပ်နေပေသည်။ ထိုင်းနိုင်ငံ၌ ၂၀၁၀ ခုနှစ်တွင် သနပ်ခါးအား စမ်းသပ်မှု ပြုလုပ်ခဲ့ရာ သနပ်ခါး အခေါက်တွင် Anti- oxidant ပါဝင်သဖြင့် အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေပြီး ဘက်တီးရီး ယားများကို သေစေသောဓာတ်နှင့် အရေပြားအရောင်ကို ပြောင်းလဲစေသော ဟော်မုန်း ထွက်ရှိမှုကို ဟန့်တားပေးသည့်ဓာတ်လည်း ပါဝင်ကြောင်း လေ့လာ တွေ့ရှိရသည်ဟု ဆိုပါသည်။

ဓာတ်ခွဲစမ်းသပ်မှုအရ သနပ်ခါးတွင် Anti- bacterial နှင့် Anti- fungal ပါဝင်မှုကြောင့် အသားအရေ ကြည်လင်သန့်စင်စေသည်။ ဝက်ခြံနှင့် တင်းတိပ်ကို ပျောက်ကင်းစေသည်။ အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်း သက်သာစေပြီး အဖုအပိန့်များကိုလည်း ပျောက်ကင်း စေပါသည်။ သနပ်ခါးတွင် Coumarine တို့ ပါဝင်သဖြင့် အသားအရေပေါ်တွင် ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများကို ဖယ်ရှားပေးနိုင်ပြီး အိုမင်းရင့်ရော်မှုကို လျော့ကျစေကာ အရွယ်တင် နုပျိုလန်းဆန်းစေပါသည်။ Mamesin ပါဝင်မှုကြောင့် ခရမ်းလွန် ရောင်ခြည် (UV- A ray) ကြောင့် ဖြစ်ပေါ်သော မျက်နှာပေါ်တွင် အရေပြားတွန့်လိမ်ခြင်း (အရေးကြောင်းပေါ်ခြင်း) တို့မှ ကာကွယ်ပြီး အိုမင်းရင့်ရော်မှု ကာကွယ်နိုင်ကာ (UV- B ray) ကြောင့် ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း (Skin discoloration) မှ ကာကွယ်ပြီး တင်းတိပ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပါသည်။

မြန်မာနိုင်ငံတွင် သနပ်ခါးကို သနပ်ခါးစစ် (ကုန်းသနပ်ခါး)နှင့် မြိုင်သနပ်ခါး [သီဟရာဇာ (ခေါ်) အညာသနပ်ခါး] ဟူ၍ နှစ်မျိုးခွဲခြားပါသည်။ သနပ်ခါးပင် နှစ်မျိုးလုံး၌ အဖိုပင်နှင့် အမပင် ဟူ၍ ရှိပါသည်။ သနပ်ခါးအဖိုနှင့် အမ ကွာခြားမှုမှာ အဖိုပင်မှ သနပ်ခါးသည် အမပင်မှ သနပ်ခါး ကဲ့သို့ မမွှေးသည့်အပြင် အနည်းငယ် ညက်ညောမှုလျော့သည်။ များသောအားဖြင့် အဖိုပင်သည် မသီး၊ မပွင့်။ သို့သော် ချွင်းချက်ရှိပါသည်။ အပွင့်ပွင့်သော အဖိုပင် အချို့ရှိပါသည်။ သို့သော် အသီး မသီးချေ။ 

မြန်မာနိုင်ငံမှ သနပ်ခါးများကို အဆင့်အတန်း၊ အမျိုးအစား ခွဲခြားရာ ပထမတန်းစား သနပ်ခါး မျိုးများမှာ ရှင်မတောင်၊ တောင်နီတောင်၊ ပြည်အနီးတစ်ဝိုက်၊ အရာတော်၊ စစ်ကိုင်းတောင်ရိုး၊ မင်းဝံ တောင်ရိုး တစ်လျှောက်မှ သနပ်ခါးများ ဖြစ်ပါသည်။ ညက်ညောခြင်း၊ ဖြူရော်သော အရောင်၊ အဝါရင့်ရောင် အရည်အသွေးများ ရှိပြီး အနံ့မှာလည်း စူးရှကာ အပွေး၊ အရောင်မှာ ညိုဝါ ရောင်၊ နီညိုရောင်နှင့် မည်းဝါရောင် ရှိပါသည်။ 

ဒုတိယတန်းစား သနပ်ခါးမျိုးများမှာ ရွှေဘိုခရိုင်အတွင် ကျောက်ပေါသော တောင်ကုန်းနိမ့် များနှင့် မြေပြန့် တောခြောက်များအတွင်း ပေါက်ရောက်သော သနပ်ခါး၊ မိတ္ထီလာမြို့နယ် အတွင်း ခြောက်သွေ့သော ဒေသများတွင် ပေါက်ရောက်သော သနပ်ခါး၊ မြိုင်မြို့နယ်အတွင်း ပေါက်ရောက်သော သနပ်ခါး၊ ပျော်ဘွယ် မြို့နယ်အတွင်း ကျောက်စရစ်ကုန်း ဒေသများနှင့် မင်းဝေတောင်တန်း တစ်လျှောက်တွင် ပေါက်ရောက်သော သနပ်ခါး၊ တောင်တွင်းကြီးမြို့နယ်၊ ကုက္ကိုခွရွာနှင့် ဗိဿနိုး မြို့ဟောင်းတစ်ဝိုက်တွင် ပေါက်ရောက်သော သနပ်ခါး၊ သရက်မြို့နယ်နှင့် အထက်မင်းလှမြို့နယ် တစ်ဝိုက်တွင်  ပေါက်သော သနပ်ခါး၊ လားရှိုးမြို့နယ်၊ သီပေါမြို့နယ်နှင့်  ကျောက်မဲမြို့နယ် တစ်ဝိုက် ခြောက်သွေ့၍ ကျောက်ထူ ထပ်သော ဒေသတွင် ပေါက် ရောက်သော သနပ်ခါးများ ဖြစ်ပါသည်။ ညက်ညောခြင်း၊ ဝါဝင်းသောအဆင်းရှိ၍ ရနံ့သင်းပါသည်။ သနပ်ခါးအပွေးမှာ ညိုဝါရောင် ဖြစ်ပါ သည်။ လားရှိုး၊ သီပေါနှင့် ကျောက်မဲဒေသထွက် သနပ်ခါးသည် အခြားဒေသများမှ သနပ်ခါးကဲ့သို့ ဝါဝင်းခြင်း မရှိဘဲ အနည်းငယ်ဖျော့တော့သော အဝါနုရောင် ရှိပါသည်။

တတိယတန်းစား သနပ်ခါးမျိုးများမှာ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မင်းဂုဏ်တောင် တစ်ဝိုက်၊ တောင်သာမြို့နယ်အတွင်းရှိ မြင်စိုင်းတောင်၊ မုံရွာသနပ်ခါး၊ သာစည်နှင့် ယင်းမာပင် နယ် ထွက်သနပ်ခါးများ ဖြစ်ပါသည်။ ယင်းသနပ်ခါးသည် သွေးသောအခါတွင် အဝါရောင်ဖျော့ပြီး မကြမ်းလွန်း၊ မချောလွန်းသော အနေအထားရှိပြီး ရနံ့သင်းသင်း ရှိပါသည်။ လိမ်း၍ ခြောက်သော အခါအများအားဖြင့် အဖြူရောင်သမ်းပြီး အချို့မှာ အဝါနုရောင်သမ်းပါသည်။ 

မကောင်းမညံ့သနပ်ခါးမှာ ရမည်းသင်း၊ မင်းဘူး၊ မကွေးနှင့် ကျောက်ဆည်ခရိုင်များ အတွင်း ပေါက်ရောက်သော သနပ်ခါးများ ဖြစ်ပါသည်။

အခြား သနပ်ခါး တစ်မျိုးမျိုးများမှာ ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသော ရှမ်းသနပ်ခါး၊ မောက်မယ် သနပ်ခါး၊ လင်းခေးရှင်မတောင်၊ မွန်ပြည်နယ်၊ ကျိုက်ထီးရိုးဒေသမှ ထွက်ရှိသော ရွှေနန်းကျင် သနပ်ခါးတို့ ဖြစ်ပါသည်။

သနပ်ခါးကျောက်ပျဉ်နှင့် သနပ်ခါးတုံး

သနပ်ခါးအပွေးကို လိုက်၍လည်း စောင်းပွေး၊ ရှားပွေး၊ ကပ်ပွေး၊ ရှမ်းပွေး၊ ပိတ်ပွေး၊ ဂုံပွေး၊ မောက်မယ်ပွေး၊ မန်ကျည်းပွေး၊ နှစ်ထပ်ပွေး၊ ကျောက်ပွေး ဟူ၍လည်း ခေါ်ဆိုသည်ကို တွေ့ရ ပါသည်။

ရှေးက သနပ်ခါးကို သဘာဝအလျောက် အလေ့ကျပေါက်ရောက်သော တောအတွင်းမှ ရရှိကြ သော်လည်း သဘာဝသနပ်ခါးတောများ ရှားပါးလာသောအခါ လူတို့ စိုက်ပျိုးထုတ်လုပ်သော သနပ်ခါး စိုက်ခင်းများကိုလည်း များစွာ ပေါ်ပေါက်လာပါသည်။ ယခုအခါ သနပ်ခါးကို မြန်မာနိုင်ငံ တွင်သာမက ကမ္ဘာကပါ စိတ်ဝင်စားလာကြပြီး သနပ်ခါးမှထုတ်ကုန် အလှပြင်ပစ္စည်းများကို ထုတ်လုပ် လာကြသဖြင့် မြန်မာ့သနပ်ခါးသည်  မြန်မာလူမျိုးများသာမက ကမ္ဘာတွင်လည်း နေရာယူ လာပြီး ဖြစ်ပါသည်။ ထို့အတူ မြန်မာတို့၏ ခေတ်အဆက်ဆက် ကျောက်ပျဉ်တွင် သနပ်ခါးသွေး၍ သနပ်ခါးလိမ်းခြင်းဓလေ့ ဒြပ်မဲ့ ယဉ်ကျေးမှုသည်လည်း ကမ္ဘာကပါ စိတ်ဝင်တစား ရှိလာသည်ကို နိုင်ငံခြားသား ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံ အညာဒေသသို့ လာရောက်သောအခါ သနပ်ခါး ကို နှစ်သက်စွာ လိမ်းကြသည်ကို တွေ့မြင် ရခြင်းအားဖြင့် မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ရ ပေသည်။ 

သနပ်ခါးနှင့် ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှု ပွဲတော်တစ်ရပ်ကို ပုဂံခေတ်မှ ယနေ့တိုင် မီးဖုန်းလှူပွဲ တပို့တွဲ ဟူသော ဆိုရိုးအတိုင်း တပို့တွဲလတွင် အအေးဓာတ်ကို ကာကွယ်ရန် ဘုရားရှင်အား ပူဇော် သည့်အနေဖြင့် အညာဒေသ၌ သနပ်ခါးနံ့သာတောများ ပေါများခဲ့သည့် အလျောက် သနပ်ခါး နံ့သာတုံး များဖြင့် မီးပူဇော်သည့်ပွဲကို ကျင်းပခဲ့ကြပါသည်။ ယခုခေတ်တွင် သနပ်ခါး ရှားပါးလာရာ ထိုဓလေ့လည်း တဖြည်းဖြည်း ကွယ်ပျောက်လာပါသည်။  

သနပ်ခါးနံ့သာရည်များနှင့် အထင်ကရပူဇော်မှု တစ်ခုကို သာဓကပြရမည်ဆိုလျင် မန္တလေး မဟာမုနိရုပ်ပွားတော် ဘုရားကြီးနှင့် မန္တလေးနန်းတော်ရှေ့အောင်တော်မူ ဘုရားတို့ကို နေ့စဉ် နံနက် အရုဏ်တက် မျက်နှာတော်သစ်ရာတွင် သနပ်ခါးနံ့သာရည်များဖြင့် ပူဇော်ခြင်းဖြစ်သည်။ မဟာမုနိ ဘုရားကြီးတွင် မျက်နှာသစ်တော်ရေအတွက် သနပ်ခါးသွေးကာ ကုသိုလ်ယူကြပြီး နံနက်တိုင်း သနပ်ခါးနံ့သာရည်ဖြင့် ပူဇော်လေ့ရှိသည်မှာလည်း သနပ်ခါး၏ မြန်မာလူ့အဖွဲ့အစည်း အတွင်း လူမှုရေး အစဉ်အလာ အလေ့အထ တစ်ခုအဖြစ် ထင်ရှားပါသည်။ 

လူငယ်များအကြား လွတ်လပ်ပျော်ရွှင် ချစ်ခင်ရင်းနှီးမှုကို ဖော်ပြချက်အနေဖြင့် ယောနယ် ဘက်တွင်လည်း ယောဓလေ့ သနပ်ခါးပါးတို့ပွဲကို တွေ့ရှိနိုင်သည်။ မိမိတို့ရွာမှ အခြားတစ်ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားပွဲတော်များသို့ သွားရောက် ပူဇော်ကန်တော့ကြရာတွင် ရွာခံ လူပျို၊ အပျိုများက ဘုရားဖူးလာသူ တစ်ရွာသူ၊ တစ်ရွာသား လူပျို၊ အပျိုများအား ဘုရား၊ ဘုန်းတော်ကြီး ကျောင်းအဝင်တွင် သနပ်ခါးလိမ်းပေးကြခြင်း၊ မှန်ကြည့်ပြီး ရယ်မောပျော်ရွှင် ဖွယ်ကောင်းသည့် သနပ်ခါးကို အခြေခံသည့် ရိုးရာဓလေ့ပွဲတော် တစ်ရပ်ဖြစ်သည်။ သနပ်ခါးပါးတို့ပွဲကို နှစ်စဉ် မြန်မာ ပြက္ခဒိန်အရ သီတင်းကျွတ်လပြည့်ကျော် (အောက်တိုဘာလ ၃၁ ရက်)မှ တန်ဆောင်မုန်း လပြည့် ကျော် (နိုဝင်ဘာလ ၂၉ရက်) အထိ ကျင်းပလေ့ရှိသည်။ ထို့အတူ မန္တလေးတိုင်း စဉ့်ကူးမြို့၊ အနောက်ဘက် ဧရာဝတီမြစ်ကမ်း ဘေး ခက်သင်ရွာရှိ ရွှေတောင်ဦးတောင်စေတီ တက်လမ်း တစ်လျှောက် သီတင်း ကျွတ်လပြည့်နေ့ (အောက်တိုဘာလ)တွင် ဘုရားဖူးလာသူနယ်စုံမှ ပရိသတ် အား ရွာသူအပျိုချောများမှ ကြေးဖလားငယ်ထဲမှ သနပ်ခါးမှုန့်များဖြင့် မျက်နှာအား တို့ဖတ်ရိုက် ပေးကြသည့် ရိုးရာဓလေ့သနပ်ခါး ပါးတို့ပွဲ သည်လည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သနပ်ခါး၏ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာ တစ်ခု ဖြစ်သည်။

မြန်မာ့သနပ်ခါးပင်စိုက်ပျိုးရေးနှင့် သနပ်ခါးယဉ်ကျေးမှုတို့ကို လူငယ်များအကြား ဖြန့်ဝေပေး နိုင်ရန် ရည်ရွယ်ချက်ဖြင့် ရွှေပြည်နန်းသနပ်ခါးပြတိုက်ကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် တည် ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင် တစ်ခုတည်းသော သနပ်ခါးပြတိုက်ကြီး ဖြစ်ပါသည်။ ၂၀၀၉ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာအရပ်ရပ်မှ ခရီးသွားများ၊ သုတေသီများ သွားရောက်လေ့လာလျက် ရှိပါသည်။ သနပ်ခါးပြတိုက်တွင် သနပ်ခါးသမိုင်း၊ သနပ်ခါးစိုက်ပျိုးပုံ၊ မြန်မာနိုင်ငံအရပ်ရပ်မှ သနပ်ခါးများ နှင့် သနပ်ခါးတစ်ပင်လုံး၏ အသုံးဝင်ပုံများကို ခင်းကျင်း ပြသထားပါသည်။

ချမ်းအေးလှသော ဆောင်းရာသီ တပို့တွဲလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး တို့သည် မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့် ပူဇော်ကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာသည် ရှေးပဝေသဏီမှ ယနေ့တိုင် တည်ရှိခဲ့ပါသည်။ ထိုနေ့ကို အစွဲပြု၍ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော် အစိုးရက “တပို့တွဲလပြည့်နေ့” ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါသည်။ ထိုနှစ်ကစ၍ မြန်မာ့သနပ်ခါးနေ့ကို နိုင်ငံအဝန်း သနပ်ခါးချစ်သူများက ဦးဆောင်ကာ နှစ်စဉ် အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလာခဲ့ပါသည်။

တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှု

မြန်မာ့သနပ်ခါးဓလေ့တွင် ရှင်ပြုပွဲများ၌ သနပ်ခါးပြောက်ထိုးသည့် ဓလေ့တစ်ရပ်လည်း ရှိပါသည်။ ရှင်ပြုပွဲတွင် မောင်ရှင်လောင်းများကို ဘုရင်၊ အိမ်ရှေ့မင်းသားတို့ ဝတ်ဆင်အပ်သော မင်းမြောက်တန်ဆာ များ ဆင်မြန်းပေးပြီး ဆင်၊ မြင်း၊ ယာဉ်အမျိုးမျိုးတို့ဖြင့် တင်ဆောင်ကာ ရွှေထီးမိုးလျက် ရှင်ပြုပွဲကို ခမ်းနားစွာ ကျင်းပလေ့ ရှိပါတယ်။

မင်းဝတ်တန်ဆာဆိုသည်မှာ ဘုန်းကံကြီးမားသူတို့နှင့်သာ ထိုက်တန်သည့် အဆင်တန်ဆာမျိုး ဖြစ်သောကြောင့် မိမိတို့ သားရတနာလေးများ ဘုန်းကံမကုန်အောင် သနပ်ခါးပြောက်ထိုးခြင်း ဆောင်ရွက် ကြရသည်ဟု လေ့လာ မှတ်သားရပါသည်။ ၎င်းဓလေ့သည် ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေမှာ ယနေ့တိုင် တွေ့မြင်နေရဆဲ ဖြစ်ပါသည်။

သနပ်ခါးပြောက်ထိုးရာတွင် အပြောက် ၃၇ ခု ရှိရပါသည်။ အပြောက် ၃၇ ခုသည် ဘုရားရှင်၏ ဗောဓိပက္ခိယ ၃၇ ပါးကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ ဘယ်ဘက်ပါးတွင် ၁၀ ပြောက်၊ ညာဘက်ပါးတွင် ၁၀ ပြောက်၊ နဖူးတွင် ၁၀ ပြောက်နှင့် နှာခေါင်းတွင် ခုနှစ်ပြောက် စုစုပေါင်း ၃၇ ပြောက် ပြည့်စုံအောင် ထိုးရ ပါသည်။

သို့မှသာ ရှင်လိင်ပြန်၍ လူ့ဘဝပြန်လာသောအခါ ဘုန်းကြီး၊ သက်ရှည်၊ ကျန်းမာ၊ ဘေးဘယာ ကင်းကွာသည်ဟု မြန်မာလူမျိုးတို့ ယူဆကြပါသည်။ 

ပ်ခါးပြောက်ထိုးထားသည့် မောင်ရှင်လောင်းလေးများ

သနပ်ခါးနှင့် ပတ်သက်၍ အောက်ပါအတိုင်း လေ့လာသိရှိ သုတေသန ပြုလုပ် သုံးသပ် နိုင်ခဲ့ပါသည်-

(က) သနပ်ခါးသည် မြန်မာလူမျိုးတို့ ခေတ်အဆက်ဆက် အလှပြင်ပစ္စည်း၊ ဆေးဖက်ဝင် ပစ္စည်းအဖြစ် အသုံးပြုလာကြပါသည်။

(ခ) ရှေးက သဘာဝအတိုင်း ပေါက်ရောက်သော သနပ်ခါးများကို ပေါများစွာ ရရှိကြ သော်လည်း ယခုအခါ ရှားပါးလာသဖြင့် စိုက်ခင်းများဖြင့် စိုက်ပျိုး ထုတ်လုပ်လာကြ ပါသည်။

(ဂ) မြန်မာ့သနပ်ခါးသည် ထီးသုံးနန်းသုံး နန်းတော်တွင်း၌ အသုံးပြုသော တော်ဝင် သနပ်ခါး အဖြစ်သာမက သာမန်တောင်သူ လယ်လုပ်အရပ်သားများအထိပါ အလွှာစုံ နှစ်သက်မြတ်နိုးစွာ ယနေ့တိုင် သုံးစွဲလျက် ရှိပြပါသည်။ 

(ဃ) ယခုအခါ သနပ်ခါးကို ကျောက်ပျဉ်ထက်တွင် သွေးလိမ်းကြသကဲ့သို့ အလွယ်တကူ သယ်ယူ၍ အသင့်လိမ်းနိုင်သော သနပ်ခါးအရည်၊ သနပ်ခါးအနှစ်ဘူး၊ သနပ်ခါး မိတ်ကပ်၊ သနပ်ခါးမျက်နှာသစ်ဆေး၊ သနပ်ခါးပေါင်ဒါမှုန့်များကို ထုတ်လုပ် အသုံးပြု လာကြပေသည်။

(င) သနပ်ခါးနှင့် ပတ်သက်သော နံ့သာသွေးပွဲ၊ မီးဖုန်းပူဇော်ပွဲ၊ သနပ်ခါးပါးတို့ပွဲ များလည်း နိုင်ငံအနှံ့ ရိုးရာဓလေ့အနေဖြင့် တည်ရှိနေပါသည်။ 

မြန်မာလူမျိုးတို့သည် အမြဲတစေ သနပ်ခါရည်ကျဲလိမ်းကာ နေကြသဖြင့် အသားအရေ စိုပြည် ဝင်းဝါသူများကိုတွေ့လျှင် သနပ်ခါးသားရသည် ဟု ရှေးက ဆိုကြပါသည်။ ထိုမျှ သနပ်ခါးသည် မြန်မာ့အလှ ခြယ်သမှုတွင် နေရာယူခဲ့ပြီး မြန်မာနှင့် သနပ်ခါးမှာ ခွဲမရအောင် ဖြစ်နေပါသည်။ ယနေ့ခေတ်တွင် နိုင်ငံခြားသား ခရီးသွားများပင် မြန်မာပြည်သို့ ရောက်သောအခါ သနပ်ခါးပါးကွက်ကျား ကို နှစ်သက်စွာ လိမ်းခြယ်လာကြသည်ကို တွေ့နေရပါသည်။ 

မြန်မာတို့၏ သနပ်ခါးလိမ်းခြယ်သောဓလေ့သည် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခု ဖြစ်သကဲ့သို့ ရှားပါး၍ တန်ဖိုးကြီးမားလှသော မြန်မာ့သနပ်ခါးသည်လည်း အလှကုန်အဖြစ်သာမက ရိုးရာ တိုင်းရင်း ဆေးဝါးများ ဖော်စပ်ရာတွင်လည်း များစွာ အသုံးဝင်ပါသည်။ မြန်မာနိုင်ငံ၊ မြန်မာလူမျိုး နှင့် သနပ်ခါးမှာ ခွဲမရအောင် တည်ရှိနေသကဲ့သို့ ကမ္ဘာကပါ စိတ်ဝင်တစား သိရှိလာသဖြင့် မြန်မာ တို့အတွက် ဂုဏ်ယူစရာပင် ဖြစ်ပေသည်။

ကျမ်းကိုးစာရင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သနပ်ခါးအကြောင်း သိကောင်းစရာနှင့် စိုက်ပျိုးနည်းစနစ်

          ဆည်မြောင်းဝန်ကြီးဌာန           

၂။ သီရိမာလာ၊ ရွှေဘို မြန်မာသနပ်ခါး

၃။ သာလှ၊ ဦး မြန်မာ့သနပ်ခါး

၄။ ၂၀၀၇ ခုနှစ်၊ မေလ ဂမ္ဘီရဆန်းကြယ်မဂ္ဂဇင်း

၅။ တင်လတ်ယု၊ ဦး သနပ်ခါးကွင်းဆင်းသုတေသန အစီရင်ခံစာ၊ ၂၀၁၇ ခုနှစ်

၆။ တွေ့ဆုံမေးမြန်းခဲ့သူများ

(က) ဦးအောင်ဌေး (စာရေးဆရာ စိမ်းညက်- ညောင်ဦး)၊ အသက် ၅၈ နှစ်၊ ညောင်ဦးမြို့

      ပြတိုက်မှူး၊ ရွှေပြည်နန်းသနပ်ခါးပြတိုက်

(ခ) ဦးညွန့်မောင် (​ဥက္ကဋ္ဌ၊ မြိုင်မြို့နယ်သနပ်ခါး ထုတ်လုပ်သူများအသင်း)၊ အသက် ၆၅နှစ်၊       

      မြိုင်မြို့၊ မကွေးတိုင်းဒေသကြီး

(ဂ) ဦးကိုကိုလေး (သနပ်ခါး စိုက်ပျိုးထုတ်လုပ်သူ) အသက် ၅၅ နှစ်၊ ပခုက္ကူမြို့နယ်၊ မကွေးတိုင်းဒေသကြီး

Leave a Comment

Your email address will not be published. Required fields are marked *