The Corner

ဩဇာလွှမ်းမိုးရေး ကစားပွဲ

Share မယ်

ပနားမားတူးမြောင်းရဲ့ မီရာဖလိုးရက်စ် ရေလှောင်တမံထဲ ဝင်လာတဲ့ သင်္ဘောကြီးတွေကို ရေထိန်းတံခါး ပေါက်က လမ်းလွှဲပေးနေချိန်မှာ ကမ္ဘာလှည့်ခရီးသည်အုပ်စုတစ်စုဟာ တမံပေါ်ကနေ ကြည့်နေတယ်။ အမေရိကန်အင်ဂျင်နီယာတွေက ဒီတူးမြောင်းကို တည်ဆောက်ပေးခဲ့ပြီး နှစ်ပေါင်း ၁၀၀ကျော် အကြာမှာ၊ အမေရိကန်က ပနားမားအစိုးရကို ပြန်လွှဲပေးပြီး ၂၅ နှစ်အကြာမှာ အသစ်တက်လာတဲ့ သမ္မတဒေါ်နယ် ထရမ့်က ဒီတူးမြောင်းကို ပြန်လိုချင်တယ်လို့ ပြောလိုက်ပါတယ်။ တစ်ဆက်တည်းမှာ ထရမ့်က ဒီလက်ဆောင် ဟာ ဘယ်တုန်းကမှ မပေးသင့်ခဲ့တဲ့လက်ဆောင်ပါ လို့လည်း ပြောလိုက်တယ်။ 

ဒီတူးမြောင်းထဲမှာ အမေရိကန်ကို ဝင်ထွက်နေတဲ့ ကုန်သင်္ဘောကြီးတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ ပနားမားကို လွှဲပြောင်းပေးအပ်ပြီးနောက်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားတယ်။ ရာစုနှစ်တစ်ခုကျော်ကတည်းက အသုံးပြုလာတဲ့ တူးမြောင်းရေလှောင်တမံထဲကို ခုချိန်မှာ နေ့စဉ် ဖြတ်သန်း နေတဲ့ သင်္ဘောအရေအတွက်ဟာ ကုန်တန်ချိန်အရ ထက်ဝက်သာ ရှိပါတော့တယ်။ အသစ်ဖောက်လုပ်ထားပြီး ပိုကြီးတဲ့ နီယိုပနားမက်စ် ရေလှောင်တမံဘက်မှာတော့ ၁၂၁၅ ပေရှည်တဲ့ သင်္ဘောကြီးတွေ ဖြတ်သန်းနေကြတယ်။ တက္ကဆက် နဲ့ လူဝီဆီးယားနားက သဘာဝ ဓာတ်ငွေ့ရည်တင် ကုန်သင်္ဘောတွေဟာ ဒီနေရာကိုဖြတ်ပြီး တစ်လအတွင်း အာရှကို ရောက်အောင်သွားနိုင်တယ်။ တူးမြောင်းအဆင့်မြှင့်တင်မှုကို ပနားမားအစိုးရရဲ့ ထောက်ပံ့ငွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး စုစုပေါင်း ၅.၂ ဘီလီယံကုန်ကျကာ ၂၀၁၆ခုနှစ်မှာ ဖွင့်လှစ်ခဲ့တယ်။ 

ပနားမားတူးမြောင်းဟာ ဒေါ်နယ်ထရမ့် မျက်စိကျနေတဲ့ အိမ်ခြံမြေလုပ်ငန်းစု အစိတ်အပိုင်း လည်း ဖြစ်တယ်။ သူဟာ အမေရိကန်နဲ့ ကပ်နေတဲ့ နယ်မြေများ နဲ့ အခြေခံအဆောက်အအုံတွေ အပေါ် ဩဇာလွှမ်းမိုးချင်နေတယ်။ မက္ကဆီကိုဟာ မလိုလားအပ်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ၊ မူးယစ်ဆေးဝါး နဲ့ တရုတ်ပစ္စည်းတွေ ဝင်လာတဲ့အရပ်၊ ကနေဒါက လစ်ဘရယ်အမှိုက်တွေ ဖြစ်ပြီး ဂရင်းလန်ကတော့ အားပျော့တဲ့ကြားခံနယ်လို့ သူက မြင်တယ်။ ” မက္ကဆီကို ပင်လယ်ကွေ့” ကို “အမေရိကန် ပင်လယ်ကွေ့” လို့နာမည်ပြောင်းရမယ်လို့ ဆိုတယ်။ (ခုတော့ နာမည်ပြောင်းပြီးပါပြီ) ထရမ့်က ကနေဒါကိုလည်း အမေရိကန်ရဲ့ (၅၁)ခုမြောက် ပြည်နယ်ဖြစ်လာသင့်တယ်လို့ ပြောခဲ့တယ်။ 

ထရမ့်ရဲ့ ပနားမားတူးမြောင်း၊ ဂရင်းလန် နဲ့ မက္ကဆီကိုတို့အပေါ် ပြောဆိုချက်တွေဟာ ထိရှမှုတွေ ရှိနေပြီး သိသာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလည်းရှိနေတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်က ပနားမားတူးမြောင်းဟာ အမေရိကန်နိုင်ငံအတွက် အလွန်အရေးပါပြီး တရုတ်တွေက ထိန်းချုပ်နေ တယ်လို့ ထရမ့်က ပြောခဲ့တယ်။ ဇန်နဝါရီ ၉ ရက်နေ့မှာ ရီပတ်ဘလစ်ကင် ကွန်ဂရက်အမတ် ဒတ်စတီ ဂျွန်ဆင်က ပနားမားအစိုးရဆီက တူးမြောင်းကို ပြန်ဝယ်ဖို့ အဆိုတစ်ခု တင်သွင်းခဲ့တယ်။ တူးမြောင်း တစ်လျှောက် တရုတ်အကျိုးစီးပွား နဲ့ ခြေလှမ်းတွေကို ဟန့်တားဖို့အတွက် ဖြစ်တယ်။ ထရမ့်ရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ပနားမားသမ္မတ ဂျိုဆေ ရာအူးလ် မူလီနို ကတော့ တူးမြောင်းရဲ့ စတုရန်းမီတာတိုင်းကို ပနားမားက ပိုင်ဆိုင်တယ်လို့ တုံ့ပြန်ခဲ့ပြီး ဒီအတိုင်းပဲ ရပ်တည်သွားမယ်လို့ ဆိုတယ်။ 

ထရမ့်ရဲ့ ပြောဆိုချက်တွေထဲမှာ ပနားမားတူးမြောင်းကို တရုတ်က ပိုင်ဆိုင်နေပြီး ထိန်းချုပ်နေ တယ်ဆိုတာ မမှန်ပါဘူး။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ပနားမားအစိုးရဟာ တရုတ်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိခဲ့တယ်။ “တရုတ်က တူးမြောင်းကို ထိန်းချုပ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အားနည်းတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ ကိုဗစ်နောက်ဆက်တွဲ ခြစားမှုတွေကို အကြောင်းပြုပြီး တရုတ်က စီးပွားရေး နဲ့ နိုင်ငံရေးမှာ ပိုမိုလွှမ်းမိုးလာတာဖြစ်တယ်” လို့ ပနာမားစီးတီး ဆန်တာမာရီယာ ကက်သလစ်တက္ကသိုလ်က အလွန်ဆို အီလူးဆား က ပြောပါတယ်။ 

“အားနည်းတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်း တွေ၊ ကိုဗစ်နောက်ဆက်တွဲ ခြစားမှုတွေကို အကြောင်းပြုပြီး တရုတ်က စီးပွားရေး နဲ့ နိုင်ငံရေးမှာ ပိုမိုလွှမ်းမိုးလာတာဖြစ်တယ်”

၂၀၁၇ခုနှစ် ဇွန်လမှာ ပနားမားအစိုးရဟာ ထိုင်ဝမ်နဲ့ သံတမန်အဆက်အသွယ်ဖြတ်တောက်ပြီး တရုတ်အစိုးရနဲ့ စတင်ဆက်သွယ်ခဲ့တယ်။ ပနားမားဆိုင်ရာ အမေရိကန်သံအမတ်ဟာ ဒီအကြောင်းကို အဆက်အသွယ်မလုပ်မီ တစ်နာရီအလိုကျမှ သိရတယ်။ အဲဒီအချိန်မှာ တရုတ်ကုမ္ပဏီတွေဟာ ဆိပ်ကမ်းတစ်ခု၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ရုံ နဲ့ ညီလာခံခန်းမကြီးတစ်ခု တည်ဆောက်ဖို့ ကန်ထရိုက် ရ ထားပြီးပါပြီ။ တရားဝင် သံတမန်ဆက်သွယ်လိုက်ချိန်မှာတော့ တရုတ်နဲ့ ဆက်ဆံရေးက ပိုပြီးတိုးပွားသွားတယ်။ 

ပနားမားနိုင်ငံရေးသမားတွေက တရုတ်နဲ့ထိတွေ့ဆက်ဆံရတာကို ပျော်နေကြတယ်။ ၂၀၁၉ မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် ပနားမားကို လာလည်ပါတယ်။ ပနားမားတူးမြောင်းအဝနားမှာ တရုတ်သံရုံး ဆောက်ဖို့ စီစဉ်နေတာ အမေရိကန်က ဖိအားပေးလို့ ပျက်သွားခဲ့တယ်။ စီးပွားရေးအရ လွှမ်းမိုးမှု ပြန်ရအောင် အမေရိကန်က ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ တူးမြောင်းချဲ့ထွင်ရေးစီမံကိန်း တစ်ခုကို အမေရိကန်ကုမ္ပဏီ Bechtel က ကြိုးစားခဲ့ပေမယ့် တင်ဒါမအောင်မြင်ခဲ့ဘူး။ ဟောင်ကောင် ကုမ္ပဏီ တစ်ခုက လုပ်ပိုင်ခွင့်ရထားတဲ့ ဆိပ်ကမ်းချဉ်းကပ်ရေး လုပ်ငန်းကို ၂၀၂၁ မှာ သက်တမ်းလာတိုးတော့ ပနားမားအစိုးရက တင်ဒါဖွင့်ပေးဖို့ ငြင်းဆန်ပြီး ကုမ္ပဏီကို သက်တမ်းတိုးပေးခဲ့တယ်။ 

“အမျိုးသားလုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂရင်းလန်းကျွန်းကို ပိုင်ဆိုင်ဖို့နဲ့ ထိန်းချုပ်ဖို့ လုံးဝလိုအပ်တယ်” လို့ ထရမ့်က ပြောဆိုခဲ့ပြီး အင်အားသုံးရယူမယ့်ကိစ္စကိုတော့ ငြင်းဆို မသွားခဲ့ဘူး။ ဂရင်းလန် ဝန်ကြီးချုပ် မြုအီဂီဒီ ပြောတာက ကျွန်းနေ လူဦးရေ ၅၇၀၀၀ ဟာ အမေရိကန်အောက်မှာလည်း မနေချင်ဘူး။ ဒိန်းမတ်အောက်မှာလည်း မနေချင်ဘူးလို့ ဆိုတယ်။ ထရမ့်ရဲ့ မဟာမိတ်တွေကတော့ တရုတ်ရဲ့ ဝင်ရိုးစွန်းပိုးလမ်းမ စီမံကိန်းကို လက်ညှိုးထိုးပြကြတယ်။ တရုတ်က အာတိတ်ဒေသမှာ အခြေခံအဆောက်အအုံတွေဆောက်လုပ်နေတာကို ဆိုလိုတာဖြစ်ပြီး ဒါက သတင်းဟောင်းသာဖြစ်တယ်။ ငွေလိုနေတဲ့ ဂရင်းလန်အစိုးရက တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို လွန်ခဲ့တဲ့ ၁၀နှစ်က လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် အမေရိကန်နဲ့ ဒိန်းမတ် အရာရှိတွေက ဟန့်တားခဲ့ကြတယ်။ ဒေသခံတွေကန့်ကွက်ခဲ့ကြလို့ တရုတ်မိုင်းတွင်းတွေ ငွေကြေးအခက်အခဲ ကြုံတွေ့ ခဲ့ပြီး ခုတော့ ဒီဒေသမှာ ငါးဖမ်းလုပ်ငန်းတစ်ခုပဲ တရုတ်က လုပ်နိုင်တော့တယ်။ ၂၀၂၄ စစ်တမ်းအရ ဂရင်းလန်ကျွန်းသား ၂၅%ကသာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုလားတယ်လို့ သိရတယ်။ အရင်က ၄၇% အထိ လိုလားမှု ရှိခဲ့တယ်။ 

ဂရင်းလန်က အမေရိကန် အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။ အမေရိကန်အရှေ့ဘက်ကမ်းခြေကို ရုရှား နျူကလီးယားဒုံးကျည်တွေ ကျရောက်ဖို့ အနီးဆုံးဖြတ်သန်းရာလမ်းဟာ ဂရင်းလန်ဖြစ်တယ်။ ဂရင်းလန်ရဲ့ အနောက်မြောက်ဒေသက Pituffuik Space Base ဟာ အမေရိကန်ရဲ့ ဒုံးပျံတားဆီးရေး ကြိုတင်သတိပေးစခန်းဖြစ်တယ်။ 

ဂရင်းလန်ကျွန်းသားအများစုက ဒိန်းမတ်ဆီက လွတ်လပ်ရေးလိုချင်ကြတယ်။ ၂၀၀၉ ခုနှစ် ပြည်ထဲရေးဥပဒေအရသူတို့မှာ လွတ်လပ်ရေးရယူခွင့် လမ်းကြောင်းရှိတယ်။ လွတ်လပ်တဲ့ ဂရင်းလန် ဟာ အင်အားကြီးနိုင်ငံတွေအောက် ကျရောက်ဖို့များသလို အားထားရမယ့် မဟာမိတ်လည်း ဖြစ်မလာ နိုင်ဘူး။ ဂရင်းလန်းသားတွေက စစ်ကို မလိုလားကြဘူး။ ထရမ့်အနေနဲ့ကတော့ ဂရင်းလန်ကို ဖိအားပေးရယူဖို့ထက် ညှိနှိုင်းပြီး ယူလိုတယ်။ ဂရင်းလန်က အမေရိကန်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်စရာ မလိုဘဲ လုံခြုံရေးတိုးတက်အောင်လုပ်ဖို့ လမ်းတွေအများကြီးရှိပါတယ်။ စီးပွားရေးနဲ့ စစ်ရေးကို ပြန်လည်ချိန်ညှိဖို့ပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဒိန်းမတ်က ဒေါ်လာ၂ ဘီလီယံတန်ဖိုးရှိတဲ့ အာတိတ် စစ်ရေးအစီအစဉ်တစ်ရပ်ကို ချပြခဲ့တယ်။ ဒိန်းမတ်ဟာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလက်နက်နဲ့ ထောက်လှမ်းရေးဒရုန်းတွေကို အများအပြားဝယ်ယူနေပြီး ဒိန်းမတ် နဲ့ အမေရိကန် အက်ဖ်-၃၅ တိုက်လေယာဉ်တွေ ဆင်းသက်နိုင်ဖို့ အရပ်ဖက်လေယာဉ်ကွင်းတခုကို အဆင့်မြှင့်တင် နေတယ် လို့ဆိုတယ်။ ဇန်နဝါရီ ၁၃ ရက်က ထရမ့်ရဲ့ ဂရင်းလန်နဲ့ပတ်သက်တဲ့ မှတ်ချက်ကို ကြားလိုက် ရတဲ့အခါ ဂရင်းလန်းဝန်ကြီးချုပ် အီဂီဒီက အတော်တုန်လှုပ်သွားပြီး တစ်ဆက်တည်းမှာ အမေရိကန်နဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ သတ္တုတူးဖော်ရေးမှာ အမေရိကန်တွေ လာရောက် ရင်းနှီးမြှုပ်နှံမှာကို ကြိုဆိုတယ်လို့ ထုတ်ပြောခဲ့ရတယ်။ “အမေရိကန်အနေနဲ့ လက်ရှိ အခြေအနေမှာ ဂရင်းလန်ကို ပိုင်ဆိုင်နေဖို့ မလိုအပ်သေးပါဘူး” လို့ ဂျာမန် မာရှယ်ရန်ပုံငွေ အဖွဲ့က ခရစ္စတင်း ဘာဇီနာက ဆိုတယ်။ 

အလားတူပါပဲ။ အမေရိကန်ဟာ ပနားမားကို ဝင်ရောက်ကျူးကျော်သိမ်းပိုက်ဖို့ အစီအစဉ် မရှိသေးပါဘူး။ ပနားမားဝန်ကြီးချုပ် မူလီနိုကတော့ တစ်နှစ် ဝင်ငွေ ဒေါ်လာ ငါး ဘီလီယံရနေတဲ့ တူးမြောင်းနဲ့ပတ်သက်ပြီး ဘာမှ ညှိနှိုင်းဆွေးနွေးစရာမရှိဘူးလို့ ငြင်းချက်ထုတ်ထားတယ်။ ပနားမားအနေနဲ့ တရုတ်နဲ့ ဆက်ဆံရေး လျှော့ချပြီး အမေရိကန်နဲ့ ကုန်သွယ်ရေး၊ သံတမန်ရေး ဆက်သွယ်မှု ပိုလုပ်လာဖွယ်ရှိနေတယ်။ အမေရိကန်ရဲ့ အရေးအပါဆုံးနဲ့ အနီးဆုံးအိမ်နီးချင်း မက္ကဆီကိုကတော့ Plan Mexico ခေါင်းစဉ်နဲ့ တရုတ်မှီခိုမှုလျှော့ချရေး၊ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ၊ USMCA ကုန်သွယ်ရေး သဘောတူညီချက် ကို ပြန်လည်အသက် သွင်းဖို့ သမ္မတ ရှိန်ဘွမ် က ထုတ်ဖော်ကြေညာသွားခဲ့တယ်။ ဒါဆိုရင် ထရမ့် ကျေနပ်အောင် လုပ်နိုင်ပါပြီလား။ သူမက ထရမ့်ရဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို အဖိတ်မခံခဲ့ရ ကြောင်းကိုပါ ထည့်ပြောသွားခဲ့တယ်။ ထရမ့်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ကျူးကျော်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အားကိုးရတဲ့ မိတ်ဖက်နိုင်ငံ အဖြစ်လည်း ဦးစားပေး တည်ဆောက်လိုဟန် မရှိဘူး။ 

မူရင်း The influence games, The Economist

Leave a Comment

Your email address will not be published. Required fields are marked *