
နိုင်ငံတော် သမ္မတဆိုတာ တိုင်းပြည်အတွက် လေးနက် ကျယ်ပြန့်တဲ့ ယုံကြည်မှု တစ်ခု ရှိရပါမယ်။ စာရိတ္တနေရာမှာလည်း စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ဖြစ်ရပါမယ်။ တရားဥပဒေ စိုးမိုးရေးကို ဖော်ဆောင်ပေး နိုင်သလို ကိုယ်တိုင်လည်း တရားဥပဒေ ကို လေးစားလိုက်နာသူဖြစ်ရပါမယ်။ ဒေါ်နယ်ထရမ့်မှာ ဒီစံချိန်စံညွှန်းတွေ အားလုံးမရှိပါဘူး။ လုံးဝမရှိပါဘူး။ ဒီတော့ ပြောချင်သလိုပြော လုပ်ချင်သလို လုပ်တယ်ဆိုတာ အံသြစရာ မရှိပါဘူး။ ဒေါ်နယ်ထရမ့်က ဒီအမူအကျင့်တွေကို သူ့နိုင်ငံထဲ ကျင့်သုံး ရုံမက မဟာမိတ်မချန် ကမ္ဘာကြီး အပေါ်မှာပါ ကျင့်သုံးလာတာကတော့ ကမ္ဘာကြီးကို ကသောင်းကနင်း ချောက်ကမ်းပါးထဲ တွန်းချနေတာနဲ့ အတူတူပါပဲ။
ကနေဒါနိုင်ငံဆိုတာ အမေရိကန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်သလို ကမ္ဘာ့စီးပွားရေး အင်အားကြီး ခုနှစ် နိုင်ငံထဲက တစ်နိုင်ငံပါ။ သမိုင်းတစ်လျှောက် နှစ်နိုင်ငံ လက်တွဲဆောင်ရွက်ခဲ့တဲ့ စံနမူနာကောင်း တွေ တစ်ပုံတစ်ပင် ရှိခဲ့သလို နှစ်နိုင်ငံကြား အပြန်အလှန် စီးပွားရေး ချိတ်ဆက် ဆောင်ရွက်ထား ပုံကလည်း ရေပက်မဝင် လို့ ပြောနိုင်ပါတယ်။ ဒီလိုမဟာမိတ်နိုင်ငံကောင်းကို ဒေါ်နယ်ထရမ့်က သွင်းကုန် (Tariff) ၂၅% တိုးကောက်မယ်လို့ ကြေညာခဲ့ပါတယ်။ ပြောလိုက်ပါသေးတယ် “ကနေဒါကို အမေရိကန်နိုင်ငံရဲ့ (၅၁) ခုမြောက် ပြည်နယ် ဖြစ်ရစေမယ်တဲ့” အချုပ်အခြာအာဏာပိုင်တဲ့ နိုင်ငံအဖို့ ဒီထက် ရိုင်းပျစော်ကားတဲ့ လုပ်ရပ်မရှိနိုင်ပါဘူး။
ကမ္ဘာ့ရွာကြီးဖြစ်သွားပြီဖြစ်တဲ့ ဒီကနေ့ခေတ်မှာ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ “အကောင်းဆုံး၊ စျေးအသက်သာဆုံး” ဖြစ်အောင် ယှဥ်ပြိုင်ကြရတာပါ။ ဒါကြောင့် ကမ္ဘာအနှံ့ကွန်ရက်ဖြန့်ကြက်ပီး ကိုယ့်စီးပွားရေးအတွက် “အကောင်းဆုံး၊ စျေးအသက်သာဆုံး” ပစ္စည်းတွေ ရအောင် ရှာဖွေ၊ ချိတ်ဆက်၊ ဆောင်ရွက်ကြရတာပါ။ အမေရိကန်လုပ်ကား ဆိုပေမယ့် ဒီထဲမှာ ကနေဒါနဲ့ မက္ကဆီကို မှာ ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေ မနည်းမနောပါ။ ဒါက ဥပမာ တစ်ခုအနေနဲ့ ပြောတာပါ။ ကနေဒါနဲ့ အမေရိကန်အကြား စီးပွားရေး အရ “ရေကို စည်းသားလို့ မရ” လို့ပြောရင် မလွန်ပါဘူး။ ဒီနေရာမှာ သွင်းကုန်ခွန် (Tariff) ကို ပြောချင်ပါတယ်။ ကနေဒါနိုင်ငံကို သွင်းကုန်ခွန် (Tariff) ၂၅% ချမှတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာ ကနေဒါနိုင်ငံက အမေရိကန်နိုင်ငံကို ၂၅% အခွန်ပေးဆောင်ရတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ကနေဒါထုတ် ကုန်ပစ္စည်းတွေကို တင်သွင်းတဲ့ အမေရိကန် ကုမ္ပဏီတွေက အမေရိကန် အစိုးရကို ပေးဆောင်ရတာပါ။ ဒါကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေမှာ ကုန်ကျစရိတ် ပိုတိုးလာပါမယ်။ ဘယ်ကုမ္ပဏီမှ အရှုံးကို အိတ်ကပ်ထဲက စိုက်ပြီး စီးပွားရေး မလုပ်ပါဘူး။ အဆုံးမှာတော့ အမေရိကန်ပြည်သူတွေက စျေးကြီးပေးဝယ်ရမှာပါ။ ထရမ့်က အမေရိကန် ပြည်သူတွေ ကုန်ကျစရိတ် တိုးလာမှာကို ဂရုမစိုက်ပါဘူး။ ကမ္ဘာကြီးရဲ့ အင်ပါယာ အရှင်သခင်လို ဇာတ်ပွဲပြဖို့ လောက်ပဲ စိတ်ဝင်စားတာပါ။
ကမ္ဘာကြီးရဲ့ နံပါတ်တစ် အင်အားကြီးနိုင်ငံတစ်ခု အနေနဲ့ ကျန်တစ်ကမ္ဘာလုံးကို “မှောက်လို မှောက်၊ သွန်လိုသွန်” လုပ်နိုင်တယ်ဆိုတာကို တစ်ခုပြီးတစ်ခု သရုပ်ဆောင် ပြနေတာပါ။ ထရမ့်ရဲ့ အင်ပါယာ အရှင်သခင် အရူးထမှုဟာ အမေရိကန်နိုင်ငံနဲ့ အမေရိကန် ပြည်သူတွေကိုသာမကပါဘူး တစ်ကမ္ဘာလုံးကို ကသောင်းကနင်းဖြစ်အောင် တွန်းပို့နေတာပါ။ ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ကျန်ကမ္ဘာ့ နိုင်ငံတွေက သိုးငယ်ကလေးတွေလို လည်စင်းခံနေမှာ မဟုတ်ပါဘူး။ ကနေဒါနိုင်ငံကို ဥပမာ ပေးပါမယ်။
“ကမ္ဘာကြီးရဲ့ နံပါတ်တစ် အင်အားကြီးနိုင်ငံတစ်ခု အနေနဲ့ ကျန်တစ်ကမ္ဘာလုံးကို “မှောက်လို မှောက်၊ သွန်လိုသွန်” လုပ်နိုင်တယ်ဆိုတာက”
ကနေဒါ ပြည်သူတွေရဲ့ အမေရိကန်နိုင်ငံကို အလည်အပတ်လာရင်း သုံးစွဲမှုဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ရှိပါတယ်။ ထရန့်ရဲ့ စော်ကားမှုအပေါ် ကနေဒါပြည်သူတွေက အတော်ကြီးကို ခံပြင်းဒေါသထွက်နေကြတာပါ။ ဒါကြောင့် ကနေဒါပြည်သူတွေဟာ “အမေရိကန်ကို မလည်ပတ်ရေး” လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် အရှိန်အဟုန်ကောင်းကောင်း အကောင်အထည် ဖော်နေကြပါတယ်။ ဒီလှုပ်ရှားမှုကြောင့် ကနေဒါပြည်သူတွေရဲ့ အမေရိကန်ကို လာရောက်မှုက ၂၀% ကျဆင်းသွားရင်တောင် ဒေါ်လာ နှစ် ဘီလီယံ ဆုံးရှုံးနေပါပြီ။ ဒေါ်လာ နှစ်ဘီလီယံဆိုတာ အမေရိကန် ပြည်သူ ၁၄၄၀၀၀ အလုပ်လက်မဲ့ ဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ် ပါပဲ။ လက်တွေ့ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် ၁၀% မက ထိခိုက်နိုင်တယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ကနေဒါနိုင်ငံသား လင်မယား နှစ်ယောက်က သူတို့လနဲ့ချီ ပြင်ဆင်ထားတဲ့ အမေရိကန်ခရီးစဥ်ကို ဖျက်သိမ်းမယ်လို့ အကြောင်းကြား တော့ သက်ဆိုင်ရာတာဝန်ခံက “ယုံပါဗျာ၊ သူက ကျွန်တော်တို့ သမ္မတ မဟုတ်ပါဘူး” လို့ ရှင်းပြ ပါတယ်။ ဘယ်လက်ခံပါ့မလဲ။ ထရမ့်ရဲ့ ဘဝကလည်း ကိုယ့်ပြည်သူကတောင် ကိုယ့်သမ္မတပါလို့ ဝန်မခံချင်တဲ့ ဘဝမျိုးပါ။
တကယ်တော့ ကနေဒါပြည်သူတွေဟာ “အမေရိကန် မလည်ပတ်ရေး” လှုပ်ရှားမှုတစ်ခုတည်း ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ အမေရိကန်ပစ္စည်းအားလုံးမဝယ်ရေး လှုပ်ရှားမှုကိုလည်း ဆောင်ရွက်နေကြတာပါ။ ပြည်သူတွေရဲ့ နှလုံးသားက ပေါ်ထွက်လာတဲ့ သန္နိဋ္ဌာန်ဖြစ်လို့ ဒီစည်းချက်ညီ လှုပ်ရှားမှု အရှိန်အဟုန်ဟာ အင်မတန် ပြင်းထန်ပါတယ်။ ကနေဒါပြည်သူတွေဟာ ပစ္စည်းတစ်ခု ဝယ်မယ်ဆိုရင် အမေရိကန် နိုင်ငံလုပ် မဟုတ်ဘူးဆိုတာ အရင်သေသေချာချာ စစ်ဆေးပြီးမှ ဝယ်ယူ နေကြပါတယ်။ ဒီတော့ ကုန်တိုက်ကြီးတွေ၊ စတိုးဆိုင်တွေက ကနေဒါပြည်သူတွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြရပါတယ်။ သေချာတာကတော့ ကနေဒါပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမေရိကန်ဆန့်ကျင်ရေး သဘောထားဟာ နှစ်ပေါင်းများစွာ ရှိနေတော့မှာပါ။ ထရမ့်ရဲ့ လုပ်ရပ်ဟာ ကိုယ့်သေတွင်းကိုယ်တူးနေတာပါ။ ဆိုးတာက ဒီဒဏ်ကို အမေရိကန်ပြည်သူ တွေက ခံရတာပါ။
ထရမ့်ရဲ့ အဆိုးရွားဆုံး လုပ်ရပ်ကတော့ ကနေဒါနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ကနေဒါ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားတာပါ။ Meidas Touch ဆိုတဲ့ မီဒီယာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ကနေဒါလွှတ်တော် အမတ် ချာလီ အန်းဂတ်စ် (Charlie Angus) ပြောခဲ့တာက ကနေဒါပြည်သူတွေရဲ့ ခံပြင်းဒေါသကို ထင်ဟပ်နေပါတယ်။
“ထရမ့်ကို ဒီလိုတိုက်ရိုက်ပြောချင်တယ်ဗျာ။ ကျွန်တော်တို့ ကနေဒါ ကလေးတွေက ကိုယ့် စာသင်ခန်းထဲက ပစ်သတ်ခံရမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ကျောင်းသွားစရာမလိုဘူး။ ဘာလို့လဲ။ ကျနော်တို့ ကနေဒါနိုင်ငံမှာ လက်နက်ထိန်းချုပ်တဲ့ ဥပဒေရှိတယ်လေ”
“ကနေဒါပြည်သူတွေ နေထိုင်မကောင်းလို့ ဆေးရုံသွားရင် တစ်ပြားမှ ပေးစရာမလိုဘူး။ မကျန်းမာတဲ့ အမေရိကန်တွေအပေါ် မတရား အမြတ်ထုတ်လို့ ပစ်သတ်ခံရတဲ့ ဦးဆောင်ပုဂ္ဂိုလ်မျိုး ကနေဒါနိုင်ငံမှာ မရှိပါဘူး။”
“ထရမ့်က ကနေဒါကို မြတ်နိုးပါတယ်လို့ ပြောပေမယ့် ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယား လုပ်ရပ်ပါ။ ထရမ့်က ကနေဒါနိုင်ငံကို သူပြုသမျှ နုရမယ့် အချဥ်နိုင်ငံလို ဆက်ဆံနေတာလေ။ ထရမ့် အနိုင်ကျင့်တာကို ကျွန်တော်တို့ ခေါင်းငုံ့ခံနေမှာ မဟုတ်ပါဘူး။”
“ကျွန်တော်တို့ပြည်သူအားလုံးဟာ ဒီရာဇဝတ်ကောင် လုပ်သမျှကို ခုခံကာကွယ်သွားမှာပါ။ ထရမ့်ရေ မင်းပြောချင်တာပြော မင်းပြောလေလေ ကနေဒါပြည်သူတွေက မင်းကို ဆန့်ကျင်လေလေ ဆိုတာ သဘောပေါက်ထားလိုက်ပါ”
ဟုတ်ပါတယ်။ အင်အားအလွန်အကျွံသုံး အနိုင်ကျင့်မှုဟာ အဆပေါင်းများစွာ ပြင်းထန်တဲ့ တုံ့ပြန်ဆိုးကျိုးကို ဖြစ်စေတယ်ဆိုတာကို အစပိုင်းက သက်သေပြပြီးပါပြီ။