The Corner

လျှပ်စစ်စွမ်းအင်

Share မယ်

သည် အီကောနောမစ် ကမ္ဘာ့စွမ်းအင်နှင့်ဥတုဆိုင်ရာ အယ်ဒီတာ ဗီဂျေး၏ Energy’s next big thing ဆောင်းပါးကို မြန်မာပြန်သည်။

မကြာခင်မှာဘဲ ပမာဏများတဲ့ လျှပ်စစ်ကို သိုလှောင်နိုင်မယ့် နည်းလမ်း အသစ်တွေ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA – International Energy Agency) ရဲ့ ခန့်မှန်းချက်အရ လျှပ်စစ်ကို သိုလှောင်ထိန်းသိမ်းနိုင်မယ့်နည်းပညာသစ်ဟာ စွမ်းအင်ဆိုင်ရာ တီထွင်မှုများစွာထဲက အလျင်အမြန် တိုးတက်လာနေတဲ့ နည်းလမ်းတစ်ခုဖြစ်လာနေပါတယ်။၂၀၂၅ ခုနှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လျှပ်စစ် သိုလှောင်နိုင်စွမ်းဟာ ၂၀၂၁ ခုနှစ်ကထက် ရှစ်ဆ ပိုမိုလာပြီး ၈၀ ဂီဂါဝပ်အား အထိ သိုလှောင်ထားနိုင်မယ်လို့ ဆိုပါတယ်။

လျှပ်စစ်စွမ်းအား ပမာဏ ကြီးကြီးမားမားကို သိုလှောင်နိုင်မှု နည်းပညာများ မြင့်မားလာတာဟာ အကြောင်းခြင်းရာ လေးခု ပေါ်မူတည်ပြီး ဖြစ်လာတာပါ။ ပထမ တစ်ခုကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ သဘာဝက တစ်လှည့်စီ ပေးနေတဲ့ နေစွမ်းအင် လေစွမ်းအင် ထုတ်လုပ်မှုများတိုးတက်လာခြင်းပဲ ဖြစ်ပါတယ်။ တစ်ပိုင်တစ်နိုင် ထုတ်ယူသုံးစွဲ နေကြတုန်းမှာတော့ သိပ်မသိသာပေမယ့် အခုဆို တချို့နေရာတွေမှာ လိုအပ်ချက်ထက် ထက်ဝက်မက ပိုထုတ်လာနိုင်တဲ့ အတွက်  လျှပ်စစ် မီးပေးတဲ့လုပ်ငန်းရှင်တွေ အနေနဲ့ မိုးအုံ့တဲ့နေ့တွေ၊ လေငြိမ်တဲ့ နေ့တွေမှာတောင် ခေါင်းကိုက်နေကြရပါပီ။ လျှပ်စစ် ဓါတ်အားလိုင်းတွေမှာပိုလျှံနေတဲ့ လျှပ်စစ်အားတွေကို သိုလှောင်ပြီး လိုအပ်ရင် ပြန်ဖြန့်ဖြူးနိုင်ဖို့ အားကောင်းတဲ့ ဘက်ထရီကြီးတွေ တပ်ဆင်ထားရပါတယ်။  အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီ (IEA) ရဲ့ အဆိုအရ နေစွမ်းအင်က ထုတ်လုပ်လို့ရတဲ့ လျှပ်စစ်စွမ်းအင်ကိုဘက်ထရီနဲ့ သိုလှောင်ပြီး တဆင့် ပြန်လည်သုံးစွဲခြင်းဟာ တရုတ်ပြည်မှာဆို ကျောက်မီးသွေး၊ အမေရိကန်မှာဆို ဓာတ်ငွေ့ကထုတ်လုပ်တဲ့ လျှပ်စစ်အတွက် ကုန်ကျစရိတ်တွေထက် သက်သာ လာမယ်လို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ တရုတ်ပြည်ဖြစ် လစ်သီယံ ဘက်ထရီ ထုတ်လုပ်မှုဟာ ဝယ်လိုအားထက် အဆမတန် များပြားလာတဲ့ အချက်ဖြစ်ပါတယ်။ လစ်သီယံ ဘက်ထရီကို လက်ပ်တော့ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနဲ့ အခုနောက်ပိုင်း လျှပ်စစ်ကားတွေမှာပါ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်နေစလို့ ခုချိန်ထိ ဆိုရင် လစ်သီယံ ဘက်ထရီစျေးဟာ ၉၇% ထိုးကျသွားခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ရောက်တော့ လမ်းတစ်ဝက်ကနေ ပေါ်လာတဲ့ လျှပ်စစ်ကား (EV) သုံး ဘက်ထရီဟာလည်း သမိုင်းတလျှောက်မကြုံစဖူး စျေးတွေထိုးကျလာလို့ ခုဆို တစ်ကီလိုဝပ်နာရီ ($/kWh) စျေးဟာ အတူတူလောက် ဖြစ်သွားပါတယ်။ လျှပ်စစ်ကားထုတ်လုပ်မှုကလည်း ခုချိန်မှာ အရှိန်တန့်သွားလို့ လစ်သီယံ ဘက်ထရီတွေက စျေးကွက်ထဲမှာ ဖောချင်းသောချင်း ဖြစ်လို့နေပါပီ။အကျိုးဆက်က အာရှဘက်ခြမ်းက ဘက်ထရီ ထုတ်လုပ်သူတွေဟာ စျေးကွက်အသစ် ဖောက်သည်အသစ်တွေကို ရှာနေကြရပါပြီ။ သမိုင်းမှာ ပထမဆုံးအကြိမ် လျှပ်စစ်စွမ်းအားသိုလှောင်နိုင်မယ့် ဘက်ထရီ စျေးကွက်ဟာဆိုရင် အိမ်သုံး လျှပ်စစ်ပစ္စည်းဘက်ထရီ စျေးကွက်ထက် ကြီးလာပါပြီ။ လုပ်ငန်းရှင်တွေ အနေနဲ့ လေအားနဲ့ နေစွမ်းအင် လျှပ်စစ် ထုတ်လုပ်မယ်ဆိုရင် လျှပ်စစ်စွမ်းအား သိုလှောင်နိုင်မယ့် ဘက်ထရီတွေ မရှိမဖြစ် ထားဖို့လိုအပ်တယ်ဆိုတဲ့ မူဝါဒ တစ်ခု ကို တရုတ်နိုင်ငံက ချမှတ်လိုက်လို့နောက်ထပ် စျေးကွက် ကျယ်ပြန့်လာဖို့ပဲ ရှိတော့တာပေ့ါ။

တတိယ အချက် ကတော့ ဉာဏ်ရည်တု (Artificial Intelligent – AI) သုံးစွဲမှု မြင့်မားလာြခင်းနဲ့အတူ လျှပ်စစ်စွမ်းအင်အများအပြားလိုအပ်မှု ကြောင့် ဖြစ်ပါတယ်။ ဂိုးလ်ဒ်မန်း ဆက်ချ်စ် (Goldman Sachs) ဘဏ်ကြီး ရဲ့ အဆိုအရတော့အချက်အလက်သိုလှောင်ဌာန (Data Center) တွေမှာ လိုအပ်မယ့် စွမ်းအင်ဟာ ၂၀၂၀တုန်းက ၂၄၀ တယ်ရာဝပ် နာရီ (တစ် တယ်ယာဝပ်နာရီမှာ မီဂါဝပ်နာရီ တစ်သန်း ရှိပါတယ်) ရှိရာကနေ ၂၀၂၅မှာ ၆၀၀ တယ်ရာဝပ် နာရီ ထိ လိုအပ်မှာပါ။ သို့သော်လည်းနည်းပညာ ကုမ္ပဏီများ ကတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထွက်တဲ့ စွမ်းအင်ကို သုံးစွဲကြဖို့နဲ့သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ လုပ်ကိုင်ကြဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်လို့ ကျောက်မီးသွေး (သို့) သဘာဝဓာတ်ငွေ့ထုတ် စွမ်းအင်တွေ ဘက် ပြန်လှည့်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့်မို့လို့ ဒီကုမ္ပဏီကြီးတွေ အနေနဲ့ သဘာဝပတ်ဝန်းကျင်အတွက် သဟဇာတ ဖြစ်တဲ့ ပြန်ပြည့်မြဲ စွမ်းအင် (renewable energy) ကို သူတို့လုပ်ငန်းတွေအတွက် အမြဲတမ်း သုံးကြရတော့မှာ ဖြစ်ပါတယ်။

စတုတ္ထနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ နောက်ဆုံးပေါ် နည်းပညာတစ်ခုဖြစ်တဲ့ လစ်သီယံ ဘက်ထရီထက် ပိုကောင်းမယ့် စွမ်းအင် သိုလှောင်နိုင်မယ့် အဆင့်မြင့်နည်းပညာ ဖြစ်ပါတယ်။ အခုဆို ဒီနည်းပညာကို စတင်လေ့လာနေပြီးအတော်လဲ ခရီးရောက်နေပါပီ။ ဆိုဒီယမ် ဘက်ထရီဟာ နောင်ဖြစ်လာနိုင်မယ့် အစားထိုး နည်းပညာသစ် တစ်ခုပါ။ စျေးသက်သာပြီး မီးလောင်နိုင်တဲ့ အန္တရာယ်လည်း နည်းပါတယ်။ ဒါဟာ အချက်အလက် သိုလှောင်ရာ ဌာန (Data Center) လုပ်ကိုင်နေသူတွေအတွက် မီးလောင်လွယ်တဲ့ လစ်သီယံ မသုံးတော့တဲ့ အတွက် အာမခံ ပရီမီယံ သက်သာ လာပါလိမ့်မယ်။ ဘလွန်းဘက် အန်န်အီးအက်ဖ် (BloombergNEF) အဆိုအရ တရုတ်နိုင်ငံက ဟိန (HiNa) ဦးဆောင်တဲ့ ဆိုဒီယမ် ဘက်ထရီ ထုတ်လုပ်သူများက ၂၀၂၅မှာလျှပ်စစ် သိုလှောင်ဖို့ ဘက်ထရီ အများအပြား ထုတ်လုပ်နိုင်ကြမယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်မှာတော့ စျေးကွက်ထဲစတင်ဝင်ရောက်လာတဲ့ ဖောင်မ် အင်န်နာဂျီ (Form Energy) ကုမ္ပဏီက ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံမတည်ထားပီး စျေးသက်သာတဲ့ ဘက်ထရီတွေကို သံ-လေ (Iron-Air) နည်းပညာကနေ ထုတ်လုပ်ဖို့ ကြံစည်နေပါပြီ။ ၂၀၂၅မှာ ကယ်လီဖိုးနီးယားနဲ့ မင်နီဆိုးတား ပြည်နယ်တွေမှာ လုပ်ငန်း စတင်လည်ပတ်မယ်လို့ ဆိုပါတယ်။

အခုဆိုရင် ကမ္ဘာ့ဆွဲငင်အားကိုပါ အလကားမထားပဲ လျှပ်စစ်အား သိုလှောင်ရာမှ အသုံးချဖို့ စဥ်းစားနေကြပြန်ပါပီ။ ဆွစ်ဇာလန်နိုင်ငံက အင်နာဂျီ ဘော့ (Energy Vault) အမည်ရှိ ကုမ္ပဏီက အမြင့်ကိုတင်ထားတဲ့ ရေအားနဲ့ လစ်သီယံ ဘက်ထရီ နှစ်မျိုးပေါင်းစပ်ပြီး ဆာဒီးနီးယားမှာရှိတဲ့ အနက် မီတာ ၅၀၀ရှိ မိုင်းတွင်း တစ်ခုအတွင်းမှာ ၂၀၂၅ခုနှစ်အတွင်း စမ်းသပ်ဖို့  ပြင်ဆင်နေပါတယ်။ Energy Vault ဟာ (ဒူဘိုင်းရှိ ဘာ့ချ် ခါလီဖာ မိုးမျှော်တိုက် ကို ပုံဆွဲပေးခဲ့တဲ့) SOM လို့အမည်ရတဲ့ ဗိသုကာ ကုမ္ပဏီနဲ့ ပူးပေါင်းကာ နောင်ဆောက်လုပ်မယ့် မိုးမျှော်တိုက်မြင့်များမှာ ကမ္ဘာ့ဆွဲငင်အားကို အသုံးချပြီး လျှပ်စစ် သိုလှောင်နိုင်မယ့် နည်းပညာကို စမ်းသပ် ထုတ်လုပ်ကြဖို့ သဘောတူထားကြတာပါ။ ဒါမှလည်း ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

ရှေးရိုးနည်း ဖြစ်တဲ့ ရေကို အမြင့်မှာ သိုလှောင်ထားပြီး အနိမ့် အမြင့် ဖြစ်နေတဲ့ ရေလှောင်ကန်တွေဆီ တွန်းချကာ လျှပ်စစ်အား ထုတ်လုပ်တဲ့နည်းပညာဟာ ကမ္ဘာမှာ ခုချိန်ထိ အသုံးပြုနေဆဲပါ။ အိန္ဒိယရဲ့  ပြန်ပြည့်မြဲ စွမ်းအင်ထုတ်လုပ်ရာမှ နာမည်ကြီးတစ်ခုဖြစ်တဲ့ ဂရင်းကို (Greenko) ဟာ ကမ္ဘာ့ဆွဲငင်အား နဲ့ ခေတ်မီနည်းများကို ပေါင်းစပ်တီထွင်ဆန်းသစ်ထားပြီး စီးပွားရေးအရ တွက်ခြေကိုက်မယ့် ထုတ်ကုန်တွေ အမြောက်အမြား ထုတ်လုပ်ဖို့ တာစူနေပါပီ။ ၂၀၂၅မှာ ၅၀ ဂီဂါဝပ်နာရီ ထုတ်လုပ်နိုင်ဖို့ စီစဥ်ထားပြီး နောက်ထပ် ၅၀ ဂီဂါဝပ်နာရီကို နောက်နှစ်အနည်းငယ် အတွင်း ဆက်လက် ထုတ်လုပ်သွား ဖို့ လျာထားပါတယ်။

နောက်နည်းလမ်း ဖိအားများ ဓာတ်ငွေ့ တစ်ခုကလည်း တဖြည်းဖြည်းချင်း ပုံပေါ်လာနေပါပီ။ အီတလီရဲ့ အင်နာဂျီ ဒုမ်း (Energy Dome) ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေကို ဖိအားပေးပြီး အရည်အဖြစ်ပြောင်းကာ တမူထူးခြားပြီး ကြီးမားတဲ့ အဖြူရောင် သိုလှောင်ကန်တွေထဲ ထည့်ထားကာ စွမ်းအင် လိုအပ်မယ်ဆိုရင် အရည်မှ အငွေ့အဖြစ် ပြန်ပြောင်းကာ တွန်းအား ဖြစ်စေပြီး တာဘိုင်တွေ လည်ပတ်စေကာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းပါ။ အီတလီမှာတော့ သူ့လုပ်ငန်းတွေ စတင်လည်ပတ် နေပီး မကြာခင်မှာ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်မှာ နောက်တစ်ခု တည်ဆောက်ဖို့ လုပ်ဆောင်နေပါပြီ။ ဒီနည်းပညာကို ကနေဒါရဲ့ ဟိုက်ဒရို စတော (Hydrostror) က ဖော်ထုတ်ခဲ့တာဖြစ်ပြီး ၂၀၂၅ခုနှစ်အတွင်း သြစတြေးလျမှာ ထုတ်လုပ်ဖို့ စက်ရုံတည်ဆောက်မှာ ဖြစ်ကာ အဲဒီစက်ရုံထက်ကြီးတဲ့ နောက်တစ်ခုကိုတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ တည်ဆောက်ဖို့ စီစဥ်နေပါတယ်။ 

 အတိုချုပ်ဆိုရမယ်ဆိုရင် စွမ်းအင် သိုလှောင်ရေး နည်းပညာတွေဟာ တိုးတက်မယ့် လမ်းပေါ် ရောက်နေပါပြီ။ အခုလောလောဆယ်တော့ လစ်သီယံ ဘက်ထရီက ဦးဆောင်နေပေမယ့် အခြား အသစ်အသစ် နည်းလမ်းတွေကလည်း နောက်က ကပ်လိုက်လာနေပါပြီ။ ပိုမိုပြီး သန့်စင်တဲ့၊ အားကိုးအားထားပြုရမယ့် စွမ်းအင်တွေ အနာဂတ်မှာ ရရှိလာမှာ မလွဲပါဘူး။