
ဘ၀မှာ ဘာအရေးအကြီးဆုံးလဲ။ ပိုက်ဆံ ဘယ်လိုရှာရမလဲ။ အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲ။
ဒီမေးခွန်းတွေကို သမိုင်းတစ်လျှောက် လူတိုင်းမေးခဲ့ပြီးပါပြီ။ ဒီမေးခွန်းကို သုံးပြီးလည်း အောင်မြင်ရေး တက်ကျမ်းဆရာကြီးတွေ ဒေါ်လာငွေ သန်းပေါင်းများစွာ ရှာခဲ့ပြီးပြီ။
ဒါကြောင့် သွယ်၀ိုက်မနေတော့ဘဲ လိုရင်းအဖြေကို အခုပဲပြောပါမယ်။
ဘ၀မှာ အောင်မြင်ဖို့၊ ပိုက်ဆံရဖို့အတွက် အသေချာဆုံး နည်းလမ်းကတော့ ‘အပေးအယူ’ ပါပဲ။
လူတွေလိုချင်တာကို ကိုယ်လုပ်ပေးနိုင်ရင် လူတွေက ကိုယ့်ကို ပိုက်ဆံတွေ ထိုးပေးမှာပါ။
ဒါပါပဲ။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးတွေ ဘာလို့ အောင်မြင်နေသလဲ။ သူတို့ဟာ လူတွေလိုချင်တာကို ပေးနိုင်ခဲ့တယ်။ လူ့သဘောကို နပ်ပြီး လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို ကိုယ်ဖြေရှင်းပေးနိုင်လေလေ – လူသားမျိုးနွယ်က ကိုယ့်ကို ပြန်ပြီး ပိုက်ဆံတွေ ပုံပေးလေလေ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ မှန်ကန်တဲ့ နည်းပဲ ဖြစ်တယ်။
မှားယွင်းတဲ့ နည်းတွေလည်း ရှိပါတယ်။ သူများပစ္စည်းကို လုယက်တာဟာ မှားယွင်းတဲ့ နည်းနဲ့ ရှာတာပါ။ ဒီလို လုနိုင်ဖို့တော့ ရက်စက် လူမဆန်တဲ့ စိတ်ရှိဖို့လိုတယ်။ ဒီလို ဘ၀ကနေ ပြန်ရလာမဲ့ စိတ်မချမ်းမသာမှုတွေကို တစ်သက်လုံး ခံစားရမှာလည်း အသေအချာပါပဲ။ ဒါကြောင့် ဒီနည်းကို အားမပေးလိုပါ။
နောက်တနည်းကတော့ လိမ်လည်တာပါ။
အပေါ်ဆုံးမှာပြောခဲ့တဲ့ မှန်ကန်တဲ့ နည်းအတိုင်း လူတွေလိုတာကို ပေးမယ်ပြောပြီး တကယ် ကတိမတည်ဘဲ လိမ်လည်တဲ့နည်းပါ။ ဒီနည်းကို သုံးဖို့ အပြောကောင်းဖို့လိုတယ်။ ဟန်ဆောင်ကောင်းဖို့လိုတယ်။ လူတွေရဲ့ လောဘကို ပြန်သုံးတဲ့ နည်းပါပဲ။ ဒီနည်းဟာလည်း မမှန်ကန်တဲ့အတွက် အားမပေးလိုပါဘူး။
“ပိုက်ဆံတွေ၊ အောင်မြင်မှုတွေ၊ လူရာ၀င်မှုတွေဟာ အံ့သြစရာကောင်းလောက်အောင် လွယ်ကူလာတာကို ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။”
‘အပေးအယူ’ ဆိုတိုင်း ကောင်းသလား။
…………………………………
ဒါကတော့ မှန်ကန်တယ်ဆိုတဲ့ ပထမဆုံး နည်းလမ်းကို ပြန်ခွဲခြမ်းစိတ်ဖြာတာပါပဲ။ လူသားတွေလိုချင်တာကို ပေးမယ်ဆိုပါစို့။ လူသားတွေ လိုချင်တာက မကောင်းဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ လူသားတွေက မူးယစ်ဆေးတွေ၊ အရက်သေစာတွေ၊ ကာမဂုဏ်တွေကို လိုချင်နေရင် ဘယ်လိုလုပ်မလဲ။ ဒီမေးခွန်းတွေဟာ သိမ်မွေ့ပြီး ဘာသာရေး၊ ယဥ်ကျေးမှုတွေနဲ့ စပ်နွယ်နေတယ်။
သင်ဟာ တစ်စုံတစ်ခုကို လိုချင်နေပြီ ဆိုပါစို့။ အဲဒါကို ကောင်းလား၊ မကောင်းဘူးလား ဘယ်လို သိနိုင်မလဲ။
အစွန်းရောက်တဲ့ အရာတွေကတော့ ရှင်းလင်းတယ်။ ဥပမာ – သင်ဟာ သင့်မိသားစုကို ကျန်းမာစေချင်တယ်။ ဒါဟာ ကောင်းတဲ့ လိုလားမှုပဲ။ ဒီတော့ သင့်မိသားစု ကျန်းမာဖို့ ကျန်းမာရေး ၀န်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ ဆေးရုံဆေးခန်းတွေ၊ ဆရာ၀န် သူနာပြုတွေကို သင်ဟာ ပိုက်ဆံပေးဖို့ ၀န်လေးမှာ မဟုတ်ဘူး။ ကျန်းမာရေး ၀န်ထမ်းတွေဘက်ကလည်း သင့်လိုအင်ကို ဒီနည်းနဲ့ ‘အပေးအယူ’ လုပ်နိုင်ရင် သူတို့ ငွေရှာခြင်းဟာလည်း ကောင်းသော အောင်မြင်မှုဖြစ်လိမ့်မယ်။
နောက်အစွန်းရောက်တဲ့ လိုအင်ကတော့ မူးယစ်ဆေး။ လူသားမျိုးနွယ်ထဲက လူတစ်စုဟာ မူးယစ်ဆေးကို အလိုရှိနေတယ်။ ဒါကို ‘အပေးအယူ’ သဘောအရ သင်ဟာ သူတို့ကို မူးယစ်ဆေး ရှာပေး ရောင်းပေးနိုင်ရင် သူတို့က သင့်ကို ပိုက်ဆံတွေ ပေးကြမှာပဲ။ ဒါဆို ဘာမှားသလဲ။ သူတို့လိုချင်တာကို သင်ရှာပေးတာပဲ မဟုတ်လား။
ဒါပေမဲ့ အသေအချာစဥ်းစားကြည့်ရင် သင်ဟာ ဒီမူးယစ်ဆေးစွဲနေသူတွေကို သေတွင်းထဲ တွန်းပို့နေသလိုပဲ။ မူးယစ်ဆေးစွဲသူတွေဟာ ကျန်းမာရေးချွတ်ယွင်းပြီး အသက်တိုကြတယ်ဆိုတာ လူတိုင်းအသိပါ။ ဒါကြောင့် ဒီအလုပ်ဟာ ကောင်းတဲ့အလုပ်မဟုတ်ဘူးဆိုတာ ရှင်းပါတယ်။
ဒီအစွန်းနှစ်ဖက်ကြားထဲမှာ အဖြူအမည်း မသဲကွဲတဲ့ အပိုင်းတွေလည်း ရှိတတ်တယ်။ ဥပမာ – အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို ရောင်းတာမျိုး။ သူများတွေလိုအပ်တာကို ပေးပေမယ့် စျေးနှိမ်ပြီး အပေးအယူ လုပ်တာမျိုးတွေ။ ဒုက္ခရောက်နေချိန်မှာ အခွင့်အရေး ၀င်ယူတာမျိုးတွေ။ ဒါတွေဟာ ‘အပေးအယူ’ သဘောဟုတ်ပေမဲ့ မှန်ကန်မနေပြန်ဘူး။
ပြောလိုရင်းကတော့ – ပိုက်ဆံလိုချင်ရင် အောင်မြင်ချင်ရင် – နည်းလမ်းက မခက်ဘူး။ လူတွေ ဘာလိုနေသလဲ လိုက်ရှာ။ လေ့လာ။ လိုတွေ လိုနေတာကို သိရင် အဲဒါကို ပေးနိုင်တဲ့လူဖြစ်အောင်လုပ်။ ဒါပါပဲ။
လူတွေလိုအပ်တာကို သင့်အနေနဲ့ ဘာတစ်ခုမှ မပေးနိုင်ဘူးဆိုရင်တော့ သင့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် အသုံး၀င်အောင် တစ်ခုခုကို သင်ရပါလိမ့်မယ်။ သင်ယူပြီးမှ ‘အပေးအယူ’ စျေးကွက်ထဲကို ပြန်၀င်ပြီး လူတွေ လိုချင်တာကို ပြန်ပေးဖို့ ကြိုးစားပါ။
လူတွေ မလိုချင်တာကို လိုက်ရောင်းနေရင်တော့ သင့် ထုတ်ကုန် ဘယ်လောက်ကောင်းကောင်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။
လောကမှာ အောင်မြင်တဲ့ လူတွေကို လိုက်ကြည့်ပါ။ ဒီလူတွေ လူသားမျိုးနွယ်ကို ဘာတွေ လုပ်ပေးနေလို့လဲ။ သင်ဆိုရင်ရော လူသားမျိုးနွယ်ကို ဘာတွေ ပေးနိုင်မလဲ။ အဲဒီလို စပြီး မေးခွန်းထုတ်တတ်ပြီဆိုရင်၊ အဲဒီလို စပြီး တွေးမိပြီဆိုရင် – သင့်အတွက် ပိုက်ဆံတွေ၊ အောင်မြင်မှုတွေ၊ လူရာ၀င်မှုတွေဟာ အံ့သြစရာကောင်းလောက်အောင် လွယ်ကူလာတာကို ကိုယ်တိုင် တွေ့ရပါလိမ့်မယ်။
ကိုယ့်ဟာကိုယ် အပျင်းထူပြီး ဖုန်းပွတ်၊ အိပ်ရာထဲ ခွေနေမယ်ဆိုရင်တော့လည်း ဒါဟာ သင့်ရဲ့ ရွေးချယ်မှုပါပဲ။
မူရင်း Lost at sea, The Economist