ဥရောပကို ရောက်ဖူးကြသူတွေရော၊ မရောက်ဖူးကြသူတွေပါ ဥရောပကို သွားရင် ဗီဇာ တစ်ကြိမ်ပဲ လိုပြီး နိုင်ငံပေါင်း(၂၉)နိုင်ငံကို တိုးလျှိုပေါက် ဗီဇမလို ဝင်ထွက်သွားလာနိုင်တာကို သိကြမှာပါ။ ကမ္ဘာမှာ ခုလို နိုင်ငံအများကြီးထဲ ဝင်ထွက်သွားလာဖို့ ဗီဇာတစ်ကြိမ်ပဲ လိုအပ်တဲ့အရပ် မရှိသေးပါဘူး။ ဥရောပ နိုင်ငံတွေကို ဝင်ထွက်ခွင့်ရစေတဲ့ ဗီဇာကိုတော့ ရှမ်ကန်ဗီဇာ လို့ မြန်မာလိုအလွယ်ခေါ်ကြတယ်။ ၁၉၈၅ခုနှစ် မှာ Schengen သဘောတူညီချက်အရ ဥရောပ (၂၉)နိုင်ငံက ဗီဇာမလို နိုင်ငံတွင်း ဝင်ထွက် သွားလာခွင့်ပြုရေး သဘောတူခဲ့ကြတယ်။ ဒီ (၂၉)နိုင်ငံမှာ (၂၅) နိုင်ငံက အီးယူ (ဥရောပသမဂ္ဂ) အဖွဲ့ဝင်နိုင်ငံ တွေပါ။ ပြင်ပကမ္ဘာက လူတစ်ယောက်ဟာ ဥရောပနိုင်ငံတခုခုကို သွားမယ်ဆိုရင် Shengen ဗီဇာပဲ လိုအပ်ပါတယ်။ ဥရောပထဲရောက်ပြီဆိုရင်တော့ ပြင်သစ်သွားမလား၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ စပိန်၊ပေါ်တူဂီ၊ အီတလီ ကြိုက်တဲ့နိုင်ငံကို ဥဒဟို ဝင်ထွက်သွားလာလို့ရပါပြီ။ (ခြွင်းချက်အနေနဲ့ အင်္ဂလန်မပါ)။

နှစ်ပေါင်း(၄၀)ကြာလာတဲ့ ဒီနေ့အချိန်မှာတော့ ဥရောပနိုင်ငံတွေ သဘောတူထားခဲ့ကြတဲ့ Shengen ဗီဇာနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုတွေ ရှိလာသလို နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ နယ်စပ်စစ်ဆေးရေးဂိတ်တွေလည်း ပြန်လည်ပေါ်ပေါက်လာတာကို တွေ့ရတယ်။
ရိုင်းမြစ်ဟာ နယ်သာလန်နိုင်ငံထဲကို “လိုဗစ်”မြို့အနီးက ဖြတ်ပြီး ဝင်ရောက်သွားတယ်။ ဥရောပ မြောက်ပိုင်းမှာ နယ်စပ်တံတိုင်းတွေ ရှိစဉ်အခါတုန်းကတော့ “လိုဗစ်” ဟာ နယ်စပ်မြို့တစ်မြို့ပေါ့။ ဒီမြို့ရဲ့ မလှမ်းမကမ်းမှာတော့ အေဒီ တစ်ရာစုနှစ်ကတည်းက မြေအောက်နစ်မြုပ်နေတဲ့ ရောမ နယ်ခြားစောင့် ကင်းစခန်းအကြွင်းအကျန်တွေ ရှိနေတယ်။ ဒီကင်းစခန်းတွေက ဂျာမန်လူရိုင်းတွေ ဝင်မလာအောင် စောင့်ကြည့် ဟန့်တားခဲ့တဲ့ စခန်းတွေပါ။ အေဒီ-၁၆၇၂ခုနှစ်မှာ ပြင်သစ် ဘုရင် လူဝီ-၁၄ ဟာ ရိုင်းမြစ်ကို ဖြတ်ကျော်ပြီး ဒတ်ချ်အင်ပါယာကို သိမ်းပိုက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး ” ဒတ်ချ် ရွှေခေတ်” ဟာ ကုန်ဆုံးသွားခဲ့တယ်။
ဒီနေ့အချိန်မှာတော့ ဒတ်ချ်-ဂျာမနီ နယ်စပ်မျဉ်းဟာ တိတ်ဆိတ်တဲ့ မြို့အရှေ့ဘက် လမ်းတလျှောက်ကို ဖြတ်သန်းသွားတယ်။ ရိုင်းမြစ်ကြီးထဲ တွဲသင်္ဘောကြီးတွေ ခုတ်မောင်း ဖြတ်သန်း သွားချိန်၊ စက်ဘီးလမ်း တံတားခုံးပေါ်ကကြည့်ရင် ဘယ်နိုင်ငံကို ရောက်နေမှန်း ရောမ စာလုံး အက္ခရာပေါ်က အသံထွက် အမှတ်သားတွေကြည့်ပြီးမှ ပြောနိုင်တော့တယ်။ နယ်စပ်မျဉ်း အမှတ်အသားတွေ ခုလို တဖြည်းဖြည်း ပျောက်ဆုံးသွားရတာဟာ Shengen ဗီဇာစနစ် စတင်တဲ့ ၁၉၈၅ ခုနှစ်ကတည်းကပါ။
ဒီဘက်နှစ်တွေမှာတော့ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်လာသူတွေ၊ အတားအဆီးမရှိ ဝင်ထွက်သွားလာမှုတွေကြောင့် ဥရောပမဲဆန္ဒရှင်တွေ ဒေါသပေါက်ကွဲလာခဲ့ကြပြီး နိုင်ငံရေး သမားတွေကပါ အထိတ်တလန့်ဖြစ်လာကြတယ်။ မကြာမီက ကျင်းပခဲ့တဲ့ ဂျာမနီရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကွန်ဆားဗေးတစ် ခေါင်းဆောင် ဖရိုင်းဒရစ် မာ့ဇ်က တရားမဝင်ဖြတ်ကျော်ဝင် ရောက်လာသူတွေကို ဟန့်တားဖို့ သူ ဂျာမန်အဓိပတိတာဝန် စယူတဲ့နေ့ကစပြီး Shengen သဘောတူညီချက် အရ ဖွင့်ပေးထားတဲ့ နယ်စပ်ဂိတ်တွေအားလုံး အမြဲတမ်း ပြန်ပိတ်ဖို့ အဆိုပြုမယ်လို့ ဆိုတယ်။ သူ့ရဲ့ အဆိုပြုချက်ကြောင့် ဂျာမနီမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် ဂျာမနီအပါအဝင် ဥရောပနိုင်ငံအများအပြားဟာ Shengen အရေးပေါ် အစီအစဉ် အကောင်အထည် ဖော်ဖို့ကိုတော့ သဘောတူခဲ့ကြတယ်။ ဒီအစီအစဉ်အရ တစ်နှစ်ကို (၆)လ နယ်စပ် စစ်ဆေးရေးတွေ ပြန်လုပ်ကြမှာဖြစ်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၉)ရက်နေ့ကစပြီး နယ်သာလန်က နယ်စပ် စစ်ဆေးရေး စခန်းတွေ ပြန်ဖွင့်ထားပြီး ပြောက်ကျား အဝင်အထွက်တွေကို စစ်ဆေးနေတယ်။ ဒါပေမယ့် ဒီစစ်ဆေးမှုတွေက ရယ်စရာလိုပါ။ နယ်သာလန် လူဝင်မှုဝန်ကြီး မာဂျိုလိန် ဖေဗာကတော့ နယ်သာလန်ထဲကို တံခါးမရှိ ဓါးမရှိ ဝင်ထွက်နေကြတဲ့ နိုင်ငံရေးခိုလှုံခွင့်သမားတွေကို တားဆီးဖို့ သက်သက်ပါလို့ ဆိုတယ်။ (တကယ်တော့ ခိုလှုံခွင့်နဲ့ ဝင်လာသူတွေက ၂၀၂၂၊ ၂၀၂၃ ကနဲ့စာရင် ပိုနည်း လာပြီး ၂၀၁၅ တုန်းကထက် အများကြီး ပိုနည်းပါတယ်)
နယ်သာလန် လိုဗစ် မြို့မှာဆို နယ်စပ်စစ်ဆေးရေးဂိတ်က ဘယ်နားမှန်းတောင်မသိဘူး။ နယ်သာလန် တစ်နိုင်ငံလုံးကို ဖြတ်သန်းဝင်ထွက်သွားလာနိုင်တဲ့ နေရာပေါင်း က (၈၄၀) ရှိပြီး ဒီနေရာ အားလုံးရဲ့ ၅၀% လောက်မှာပဲ နယ်ခြားစောင့်ရဲ ချထားနိုင်တယ်။ နယ်စပ်စစ်ဆေးရေး အစီအစဉ် ပြန်စတဲ့ ပထမပတ်ကဆို လူ ၁၀ယောက်ပဲ ပြန်နှင်ထုတ်နိုင်တယ်။ နယ်စပ်ရဲတွေက သူတို့ဒီမှာ လာစောင့်နေရတာ အလကားအချိန်ဖြုန်းသလိုဖြစ်နေတယ်လို့ဆိုတယ်။ တကယ်ဆို ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်းတွေကို အခြေခံပြီး ပိုအရေးကြီးတဲ့ စစ်ဆင်ရေးတွေ နေရာမှာ တာဝန်ယူ သင့်တယ်။ နယ်သာလန်အတိုက်အခံတွေကတော့ လူဝင်မှုဝန်ကြီး ဖေဗာရဲ့ နယ်စပ်ဂိတ်တွေဟာ နိုင်ငံရေးအပြသက်သက်ထက်မပိုဘူးလို့ ဆိုတယ်။ အလားတူပဲ ဂျာမန် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် မစ္စတာ မာ့ဇ်ရဲ့ အဆိုပြုချက်ကလည်း အလုပ်မဖြစ်နိုင်ဘူးလို့ ဂျာမနီ ဗဟို ရဲသမဂ္ဂ ခေါင်းဆောင်က ဝေဖန်တယ်။
လက်ရှိအချိန်မှာ Schengen အဖွဲ့ဝင် ဥရောပ (၁၀)နိုင်ငံအတွင်းမှာပဲ နယ်စပ်စစ်ဆေးရေးတွေ ရှိနေပြီး များသောအားဖြင့် အလုပ်မဖြစ်ဘူးလို့ ဆိုတယ်။ အမြဲတမ်း စစ်ဆေးရေးဂိတ်တွေ ခုချိန်ထိ မရှိသေးဘဲ စစ်ဆေးမှုတွေဟာ ဟိုနားဒီနား ယာယီတွေပဲ ရှိနေသေးတယ်။ “ခုချိန်ထိတော့ Schengen မတိုင်မီက ရှိခဲ့တဲ့ စစ်ဆေးရေးဂိတ်ပုံစံမျိုး ဖြစ်မလာသေးပါဘူး။ နိုင်ငံတွေကလည်း ခန့်ထားဖို့ ဝန်ထမ်း မရှိဘူး” လို့ ဘရပ်ဆဲလ်မြို့က ရွှေ့ပြောင်းနေထိုင်သူများ မူဝါဒ အင်စတီကျုက ဟန်နီ ဘိုင်ရင်က ဆိုတယ်။ နိုင်ငံရေးခိုလှုံခွင့် ငြင်းပယ်ခံရသူတဦးက လူသုံးယောက်ကို သတ်ဖြတ်မှု ဖြစိပွားပြီးတဲ့နောက် ဂျာမနီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ” အရေးပေါ် ထိန်းချုပ်ရေး” အစီအစဉ်ကို စတင် အကောင်အထည် ဖော်ခဲ့တယ်။ ဂျာမနီ နဲ့ နယ်သာလန်အကြား A1 အဝေးပြေးလမ်းမပေါ်က ဂျာမနီ စစ်ဆေးရေးဂိတ်ကြောင့် မကြာခဏဆိုသလို ယာဉ်ကျောပိတ်ဆို့မှုတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် ကားမောင်းသူတွေ ကလည်း ယာဉ်ကျောပိတ်နေတဲ့ အဲဒီလမ်းအစား လူသွားနည်းတဲ့ N35 လမ်းကနေ ရှောင်ပြီး သွားကြတယ်။ ရဲတွေကတော့ စစ်ဆေးရေးဂိတ်သစ် ချထားလိုက်လို့ ရလဒ်ကောင်းတွေ ထွက်ပေါ် ခဲ့တယ်လို့ဆိုတယ်။ အချက်အလက်တွေ အတည်ပြုလို့ မရပေမယ့် စစ်ဆေးရေး ဂိတ်ချပြီးချိန်က ၂၀၂၄ နှစ်ကုန်အထိ လူပေါင်း ၁၁၆၇၅ ကို ပြန်နှင်ထုတ်နိုင်ခဲ့တယ်လို့ ဆိုတယ်။
တချို့နိုင်ငံတွေအတွက်တော့ “ယာယီ” စစ်ဆေးရေးစခန်းတွေက ခြောက်လတကြိမ်ရောက်လာတဲ့ အလေ့အထတခုဖြစ်နေတယ်။ ပါရီအိုလံပစ်ပွဲတော်ကာလအတွင်း အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုက ကာကွယ်ဖို့ နယ်စပ်စစ်ဆေးရေးဂိတ်တွေ ချထားခဲ့တဲ့ ပြင်သစ်နိုင်ငံဟာ ပြီးခဲ့တဲ့ အောက်တိုဘာမှာ နယ်စပ်ဂိတ်တွေကို ထပ်မံသက်တမ်းတိုးခဲ့တယ်။ တကယ်တော့ ပြင်သစ်က ၂၀၁၅ မှာ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုခံရပြီးကတည်းက နယ်စပ်စစ်ဆေးရေးဂိတ်တွေ ချထားခဲ့တာပါ။ ဩစတြီးယားကလည်း ဥရောပ ရွှေ့ပြောင်းနေထိုင်သူများ အကြပ်အတည်း ဖြစ်ပေါ်ခဲ့တဲ့ အဲဒီအချိန်ကတည်းက စစ်ဆေးရေးစခန်းတွေ ပုံစံတမျိုးမဟုတ် တမျိုး ချခဲ့တယ်။ ဒါပေမယ့် ဘရပ်ဆဲလ်ကနေ လိုင်လီ အထိ၊ ပရေ့ဂ် ကနေ လင့်ဇ် အထိ ဥရောပတကြော ကားမောင်း သွားသူတွေဟာ အဲဒီလို နယ်စပ်စစ်ဆေးရေးဂိတ်တွေ မတွေ့ရသလောက်ပဲလို့ဆိုတယ်။
ဥရောပကော်မရှင်က တာဝန်ရှိသူတချို့ကတော့ ယာယီနယ်ခြား ထိန်းချုပ်ရေး စခန်းတွေဟာ ဆိုင်ရာနိုင်ငံ အစိုးရတွေအတွက် ပြဿနာမရှိတဲ့ နိုင်ငံရေးပြယုဂ်တွေပဲလို့ ဆိုတယ်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက်တော့ နယ်စပ်စစ်ဆေးရေးစခန်းသစ်တွေဟာ စိုးရိမ်ပူပန်စရာ ဖြစ်စေတာကလွဲပြီး ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ အထူးသဖြင့် နယ်သာလန်နိုင်ငံမှာပါ။ နယ်သာလန်ရဲ့ စီးပွားရေးက ဥရောပရဲ့အကြီးဆုံးဆိပ်ကမ်းတခုဖြစ်တဲ့ “ရော့တာဒမ်”ကို ဝင်ရောက်လာတဲ့ ကုန်သင်္ဘော လမ်းကြောင်း တစ်ခုကိုသာ မှီခိုနေရလို့ပါ။ ဒတ်ချ် သယ်ယူ ပို့ဆောင်ရေး အဖွဲ့ TLNရဲ့ အဆိုအရ ကုန်ကားမောင်းသူတွေဟာ ဂျာမန်နယ်စပ်စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ရပြီဆို အနည်းဆုံး ဆယ်မိနစ်ကနေ နာရီဝက်အထိ ကြန့်ကြာသွားတယ်လို့ဆိုတယ်။ သိပ်ကြာတယ်လို့ ပြောမရပေမယ့် ဒရိုင်ဘာတွေဟာ ကြန့်ကြာသွားတဲ့အချိန်အတွက် အချိန်မီအောင် မနားတမ်းမောင်းကြရတဲ့အခါ ယာဉ်မောင်းစည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူခံကြရတယ်။ (အီးယူနိုင်ငံတွေမှာ tachograph လို့ခေါ်တဲ့ ယာဉ်မောင်းအနားယူချိန် စစ်ဆေးတဲ့ စနစ်ထားရှိပြီး အနားမယူဘဲ တဆက်တည်းမောင်းခွင့်မရှိဘူး)
နယ်စပ်စစ်ဆေးရေးစခန်းတွေ ထားရှိလိုက်တဲ့အတွက် ဆုံးရှုံးရမှုတွေကို ခန့်မှန်းထားတာ သိပ်မရှိပါဘူး။ ၂၀၁၆ ခုနှစ်က လေ့လာတွေ့ရှိချက်အရ နှစ် နှစ်ကြာ Schengen နယ်ခြားစနစ် ရုပ်သိမ်း လိုက်တဲ့အတွက် ဆုံးရှုံးမှု ယူရို၂၅ ဘီလျံကနေ ၅၀ဘီလျံထိ ရှိတယ်လို့ သိရတယ်။ ဒါက လက်ရှိ အခြေအနေနဲ့ ယှဉ်ရင် ဘာမှမပြောပလောက်ဘူးလို့ ဆိုတယ်။
ဥရောပကော်မရှင်က တာဝန်ရှိသူတချို့ကတော့ ယာယီနယ်ခြား ထိန်းချုပ်ရေး စခန်းတွေဟာ ဆိုင်ရာနိုင်ငံ အစိုးရတွေအတွက် ပြဿနာမရှိတဲ့ နိုင်ငံရေးပြယုဂ်တွေပဲလို့ ဆိုတယ်။ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းလာကြသူတွေကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ် နေကြောင်း မဲဆန္ဒရှင်တွေကို ပြသနေတဲ့ အမှတ်အသားမျှသာဖြစ်တယ်။ ဒါပေမယ့် ခိုလှုံခွင့် တောင်းသူတွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေအတွက် အဓိက စိန်ခေါ်မှုတခုက အတားအဆီးမဲ့ ကုန်စည် ဝင်ရောက်တဲ့ကိစ္စမဟုတ်ဘဲ ၂၀၂၆ မှာ ပြဌာန်းဖို့စီစဉ်ထားတဲ့ ” ရွှေ့ပြောင်းခြင်း နဲ့ နိုင်ငံရေးခိုလှုံခြင်းဆိုင်ရာ သဘောတူညီချက် ( Pact on Migration and Asylum ) စာချုပ်သစ် ကြောင့်ဖြစ်တယ်။ ဒီသဘောတူချက်မှာ ဥရောပသမဂ္ဂအပြင်ဘက် နယ်စပ်စောင့်ကြည့်ရေး တပ်ဖွဲ့တွေကို ပိုပြီးတွန်းအားပေးဖို့နဲ့ ဒုက္ခသည်တွေကို မျှဝေတာဝန်ယူဖို့ ပါဝင်တယ်။
မျှော်လင့်စရာတစ်ခုက ပိုမိုထိရောက်တင်းကျပ်တဲ့ ပြင်ပနယ်စပ် (ဂရီ-တူရကီ နယ်စပ်လို) ထိန်းချုပ်ရေးကြောင့် တရားမဝင် ဝင်ရောက်လာသူအရေအတွက်ကို လျှော့ချနိုင်မှာဖြစ်တယ်။ ဒါမှသာ အဖွဲ့ဝင်နိုင်ငံတွေက သူတို့ရဲ့ အတွင်းပိုင်း နယ်စပ်စစ်ဆေးရေးစခန်းတွေကို ပျော်ပျော်ရွှင်ရွှင် ဖျက်သိမ်းနိုင်မှာဖြစ်တယ်။ ဒါပေမယ့် စစ်ဆေးရေးဂိတ်တွေကို နိုင်ငံရေး သရုပ်ပြ ဓါတ်ပုံရိုက်ဖို့ အတွက်သာ သဘောထားတဲ့ အစိုးရများရဲ့ နိုင်ငံရေးအင်အားစုတွေကတော့ ဒီသဘောတူညီချက်တွေကို ခြိမ်းခြောက်လာဖွယ် ရှိနေတယ်။
နိုင်ငံရေးသမားတွေအနေနဲ့ နယ်စပ်ဂိတ်တွေကို အပြသဘောနဲ့ မဲဆန္ဒရှင်တွေကို ပြသပြီး ပိုမိုထိရောက်တဲ့ ဥရောပအဆင့် ဖြေရှင်းချက်တွေအပေါ် ဖျက်လိုဖျက်ဆီး လုပ်မယ်ဆိုရင်တော့ ရှက်စရာ ကောင်းပါတယ်။ တချို့အစိုးရတွေကတော့ ဒီ ဖိအားတွေကို မလွန်ဆန်နိုင်ပါဘူး။ တချို့ကတော့ နယ်စပ်ထိန်းချုပ်ရေး ပြန်လုပ်ဖို့ ဆုံးဖြတ်ထားကြပြီးဖြစ်တယ်။ ဒတ်ချ် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ TLN ကတော့ ဒတ်ချ်အစိုးရကို နယ်စပ်ဂိတ်တွေ မထားဖို့ တိုက်တွန်းနေတာကြာပါပြီ။ “ဒီလို မလုပ်ဖို့ ကျွန်တော်တို့ ပြောတယ်။ ဒါက စီးပွားရေးထိခိုက်မှုကိုပဲ ဖြစ်စေမှာ ” လို့ အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လားစ် ဝေါလ်ဒါ ကပြောတယ်။ ဒါပေမယ့် နယ်စပ်စစ်ဆေးရေးဂိတ်တွေကတော့ (ခုချိန်ထိ) ဆက်ရှိနေတုန်းပါပဲ။
CWM. Papers please. Economist. Europe

