The Corner

The Corner

cropped-Logo_round_grey-background.png

ဖြတ်တောက်ခြင်းများ၏ လောင်းကြေး

Share မယ်

Dr Craig Spencer, an emergency medicine physician and an Associate Professor of the Practice of Health Services, Policy and Practice at Brown University School of Public Health က မတ်လ ၁၄ရက်နေ့ CNN နဲ့ အင်တာဗျူး အတွင်းမှာ ကမ္ဘာကြီးအတွက် ရောဂါတွေ လာနေပြီ “Diseases are coming” လို့ US ရဲ့ WHO က ထွက်ခွာမှု နဲ့ ပတ်သက်ပြီး သတိပေးသွားခဲ့ပါတယ်။ အောက်က ဆောင်းပါးမှာ အမေရိကန် က အထောက် အပံ့တွေ ရပ်လိုက်တာဟာ အမေရိကန်ကိုလည်း ထိခိုက်စေကြောင်း ဖေါ်ပြထားတာကို ပြန်ဆိုပေး လိုက်ပါတယ်။ 

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ဘက်မှာ ရှိတဲ့ ပုံပျက်ပန်းပျက် အယ် ဟိုလ် အကျဉ်းထောင် ဆိုတာ အစ္စလာမ်မစ် ကာလီဖိတ်နိုင်ငံ ထူထောင်မယ် ဆိုတဲ့ဘာသာရေးစစ်ပွဲကို အမေရိကန်နဲ့ မဟာမိတ်များက ၂၀၁၉မှာ ချေမှုန်း လိုက်ပြီးနောက် ထောင်သောင်းချီတဲ့ အကျဉ်းသား တွေနဲ့ မိသားစုတွေကို ထိန်းသိမ်းထားရာ အကျဉ်း ထောင်များထဲက တစ်ခုပါ။ အနောက်တိုင်းနိုင်ငံ အစိုးရတွေထဲက လုံခြုံရေးတာဝန်ရှိသူတွေအနေနဲ့ အကျဉ်းသားတွေ လွတ်မြောက်ပြီး ဆီးရီးယားနဲ့ အခြားနိုင်ငံတွေမှာ သွေးထွက်သံယို သောင်းကျန်းမှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာပါ။ ဒီဇင်ဘာလမှာ အာဏာရှင် အာဆတ်ကျဆုံးပြီးပေါ်ပေါက်လာတဲ့ မတည်မငြိမ် ဖြစ်မှုတွေကြောင့် စိုးရိမ်ပူပန်မှုတွေက ပိုပြီး ပြင်းထန်လာပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမေရိကန် ပထမ ဆိုတဲ့ မူဝါဒနဲ့ ညီ မညီ ရက်ပေါင်း ၉၀ အတွင်း စိစစ်ဘို့အတွက်   ဆီးရီးယားက အကျဉ်းထောင် အပါအဝင် အကူ အညီအားလုံးကို ချက်ချင်း ရပ်တန့်ဖို့ အမိန့်ပေး လိုက်ခြင်းဟာ ထရမ့်ရဲ့ အစိုးရအတွက် ရှားရှားပါးပါး အဆိုးဆုံး အချိန်လို့ ဆိုနိုင်ပါတယ်။ အစ္စရေးနဲ့ အီဂျစ်အတွက် အကူအညီ (အများစုက စစ်ရေးဆိုင်ရာ) နဲ့  အရေးပေါ် စားနပ်ရိက္ခာထောက်ပံ့မှု တွေကိုတော့ ခြွင်းချက်ထား ပေးပါတယ်။ လုပ်ငန်း တစ်ခုချင်းစီအပေါ် ချွင်းချက် အမိန့်တွေ ထပ်ထွက်လာနိုင်ပါတယ်။  

၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံ အကူအညီပေးခဲ့တဲ့ အမေရိကန်ဟာ ကမ္ဘာ့ ထိပ်ဆုံး အလှူရှင် နိုင်ငံဖြစ်ပါတယ်။ နိုင်ငံအလိုက် လူမှုကရုဏာ လုပ်ငန်းကို ထောက်ပံ့ကြရာမှာ အားလုံးရဲ့ ၄၀% ဟာ အမေရိကန် ထံမှ ဖြစ်ပါတယ်။ ဒီအထောက်အပံ့တွေကို ရုတ်တရက် ဖြတ်တောက် လိုက်တဲ့ ကြေညာချက်ဟာ တစ်ကမ္ဘာလုံးက လူမှုကရုဏာ အဖွဲ့အစည်းတွေကို ငလျင်ကြီးလို ကိုင်လှုပ်ပစ်လိုက်ပါတယ်။ အမေရိကန် အထောက်အပံ့ခံ အဖွဲ့ အစည်းတွေ ယိမ်းယိုင်ကုန်ပြီး တချို့ဆို လဲပြိုဖို့ အထိဖြစ်သွားတာပါ။ ထိခိုက်ကုန်တဲ့ လုပ်ငန်းတွေက တော့ ၂၀၀၃ခုနှစ်က စလို့ လူပေါင်း ၂၆သန်းကို အသက်ကယ်ခဲ့နိုင်ရာမှာ PEPFAR (President’s Emergency Plan for AIDS Relief) လို့ အသိများတဲ့ HIV ရောဂါသည် တွေကို စဉ်ဆက်မပြတ် ဆေးထောက်ပံ့ခြင်း စီမံချက်၊ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ အရှေ့တောင် အာရှက မိုင်းရှင်းလင်းရေးလုပ်ငန်း၊ ယူကရိန်းမှာ ဗုံးဒဏ်ကြောင့် ပျက်စီး သွားတဲ့ စွမ်းအင်လုပ်ငန်းများ ပြန်လည်တည်ဆောက်ရေး၊ ရုရှားနိုင်ငံ ပတ်ဝန်းကျင်က ဒီမိုကရေစီ အထောက်အပံ့ တွေ အပြင် အခြား အများကြီးရှိပါသေးတယ်။ 

အမေရိကန်တွေမှာလည်း အန္တရာယ်ရှိပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ရာမှာတော့ “သုံးလိုက်တဲ့ တစ်ဒေါ်လာတိုင်း၊ ထောက်ပံ့တဲ့ စီမံချက်တိုင်း၊ လိုက်နာတဲ့ မူဝါဒတိုင်းကို စိစစ်ဖို့ မေးခွန်း ၃ ခုရှိပါတယ်။ အမေရိကကို ပိုပြီး လုံခြုံစေမလား… အမေရိကကို ပိုပြီး ခိုင်မာတောင့်တင်းစေမလား… အမေရိကကို ပိုပြီး ကြွယ်၀စေမလား…။  

ထိခိုက်ဆုံးရှုံးမှုတွေထဲမှာ အယ် ဟိုလ်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့တွေ၊ အစ္စလာမ်မစ် စစ်သွေးကြွ ၄၀,၀၀၀ ကို အိမ်ပြန်ပို့ရတဲ့ စရိတ်၊ အဲဒီအထဲမှာ စစ်သွေးကြွတွေနဲ့ အိမ်ထောင်ကျပြီး ကလေးရထားတဲ့ ဥရောပသူတွေ ပါ ပါတယ်။ ကာဒစ်ရှ် လူမျိုးအများစု လွှမ်းမိုးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်မတော် က ဆီးရီးယား အရှေ့ မြောက်ပိုင်းကို စိုးမိုးထားပြီး အယ် ဟိုလ် စခန်းများရဲ့ လုံခြုံရေးကို တာဝန်ယူထားတာပါ။ အထောက်အပံ့ လုပ်ငန်းများ လုပ်နေသူတွေက အားလုံးကို လွှတ်ပေးဖို့ ပြောနေကြတာပါ။ IS သစ္စာခံ မိန်းမတွေက သေနတ်ကိုင် ဝှေ့ယမ်းပြီး အစွန်းရောက် မျိုးဆက်သစ်ကို သင်တန်းပေးနေပါတယ်။ စခန်းတစ်ဝိုက် လှိုဏ်ခေါင်းတွေတူးပြီး လက်နက်တွေ သွင်း၊ အကျဉ်းသား တွေကို အပြင်ထုတ် လုပ်ကြပါတယ်။ သတ်တယ် ဆိုတာ မဆန်းတော့တဲ့ နေရာ ဖြစ်ပြီး ကလေး တွေဟာ စစ်သားအဖြစ် ရောင်းစားခံရပါတယ်။ အနောက်တိုင်း လေ့လာသူတစ်ဦးက “အဲဒီနေရာက အကျဉ်းစခန်းထက် IS စခန်းနဲ့ ပိုတူတယ်” လို့ ဆိုပါတယ်။  

နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်မှာ ကန်ထရိုက် ရထားပြီး အယ် ဟိုလ် စခန်းနဲ့ နောက် စခန်းငယ် တစ်ခုကို စီမံခန့် ခွဲတဲ့ အမေရိကန် ကုမ္ပဏီ ဘလူးမွန့်က “လုပ်ငန်းရပ်” အမိန့်ရတာနဲ့ သူတို့ ဝန်ထမ်းတွေ အားလုံး စခန်းက ထွက်လာခဲ့ပြီး အခြားဆက်လုပ်မယ့်သူတွေနဲ့ အနည်းဆုံး ဝန်ဆောင်မှု တွေသာ ပေးဖို့ စီစဉ်ခဲ့တယ် လို့ ဆိုပါတယ်။ အချို့သော လူမှုကရုဏာအဖွဲ့အစည်းတွေက သူတို့ရဲ့ ဝန်ထမ်း တွေကို လုပ်ငန်းကနေ ရပ်စဲရပါတယ်။ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဘလူးမွန့် ကုမ္ပဏီက လက်ခံရရှိခဲ့တဲ့ ၁၄ ရက် လုပ်ငန်းလုပ်ကိုင်ခွင့် ကင်းလွတ်ခွင့်စာမှာ နောက်တစ်နေ့ လုပ်ငန်းပြန်ဝင်ဖို့ ပြောထားပါတယ်။ ကမောက်ကမတွေရဲ့ အလယ်မှာ မရေမတွက်နိုင်တဲ့ လူတွေရဲ့ အသက်များ အန္တရာယ် ကျရောက် နေပြီလို့ ကန့်ကွက်နေချိန်မှာပဲ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပိုကျယ်ပြန့်တဲ့ ကင်းလွတ်ခွင့်မှာ အသက်ကယ်လူမှုကရုဏာ လုပ်ငန်းများကို ထည့်သွင်းလိုက်ပါတယ်။ အဲဒီထဲမှာ ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ စားဝတ်နေရေးအကူအညီတွေနဲ့ လိုအပ်တဲ့ ပစ္စည်းနဲ့ သင့် တော်တဲ့ စီမံခန့်ခွဲမှု စရိတ်များ ပါဝင်ပါတယ်။ ကိုယ်ဝန်ဖျက်ချမှု၊ မိသားစု အစီအစဉ် Family Planning၊ လိင်ကူး ပြောင်းမှုတွေနဲ့ အခြား အသက်ကယ်မဟုတ်တဲ့ လုပ်ငန်းတွေကို မထောက်ပံ့တော့ပါဘူး။  

လိုက်လျောမှုကို ရရှိပေမယ့် ရှုပ်ထွေးနေတုန်းလို့ အကူအညီပေးရေး အဖွဲ့တွေက ဆိုပါတယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့ကြီးတစ်ခုက တာဝန်ရှိသူတစ်ဦးက “ရေသန့် လုပ်ငန်းက အသက်ကယ် လုပ်ငန်းထဲ ပါမှာလား “ လို့ မေးခွန်းထုတ်ပါတယ်။ မရှင်းလင်းလို့ အချို့ စီမံချက်တွေလည်း ရပ်စဲ လိုက်ပါတယ်။ PEPFAR စီမံချက် အခြေအနေ လည်း မရေရာ မသေမချာပါ။  

ကင်းလွတ်ခွင့်အမိန့်တွေကလည်း လုပ်ငန်းတစ်ခုချင်းစီ အပေါ်မှာ ထုတ်ပေးတာပါ။ ဒီလုပ်ငန်းစဉ် တွေကို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့ အစိုးရမှာ ဝန်ထမ်းလုံလောက်ရဲ့လား ဆိုတာက နောက်ထပ် မေးခွန်းတစ်ခုပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးရာထူးနေရာတွေကို ခန့်ထားတဲ့ သူတွေ ဝင်မလာသေးပါဘူး။ အမေရိကရဲ့ အဓိက ဖွံ့ဖြိုးရေးဌာနကြီး USAID ဟာ အကြီးတန်း ဝန်ထမ်းတွေနဲ့ စာချုပ်ချုပ်ထားတဲ့ ဝန်ထမ်းတွေကို လစာပြည့် ခွင့်ပေးလိုက်ပါတယ်။ ဝမ်းနည်းစရာ ကမ္ဘာပျက်တာပါ လို့ တယောက်က ဆိုပါတယ်။ “စီမံချက်တွေကို မစဉ်းစား အားထုတ်မှု မရှိဘဲ ဆန်းစစ် သုံးသပ်ဖို့ မဖြစ်နိုင်တဲ့အတွက် အပြည့်အ၀ ရပ်ဆိုင်းထားဖို့ လိုတယ်” လို့ နိုင်ငံခြားရေး ဌာနက ကြေညာပါတယ်။ ထောက်ပံ့ငွေတွေ ဆက်စီးဆင်းနေမယ်ဆိုရင် စီမံချက်လုပ်နေသူတွေက အသေးစိတ် တွေ ပြောချင်မှာ မဟုတ်ဘူးလို့ စောဒက တက်ပါတယ်။ ဂါဇာမှာ ကွန်ဒုံးဝေတာ၊ တစ်ကမ္ဘာလုံးမှာ လိင်ပညာပေးတာ၊ ဖီဂျီနိင်ငံက အမျိုးသမီးတွေကို သန့်ရှင်း စွမ်းအင် အစီအစဉ် ပေးတာ၊ စသဖြင့် ရပ်တန့်လိုက် တာတွေက အမေရိကန် ဒေါ်လာ ၁ ဘီလျံ သက်သာသွားတယ် ဆိုပါတယ်။ အသေးစိတ် ကိုတော့ ဌာန က မထုတ်ပြန်ပါ။ သံသယရှိဖွယ် အကြောင်းပြချက်တွေနဲ့ အထောက်အပံ့တွေကို ရုတ်တရက် ရပ်စဲခြင်းဟာ ရှောင်လွှဲလို့မရတဲ့ ကိုယ့်ဆီကို ပြန်လာတဲ့ ထိခိုက်မှုဖြစ်ကြောင်းကို အယ် ဟိုလ်စခန်းက သက်သေပြနေပါတယ်။ ဆီးရီးယား ဒီမိုကရက်တစ် တပ်မတော်ရဲ့ နိုင်ငံရေးဌာနဖြစ်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်ကောင်စီရဲ့ ပြောရေးဆို ခွင့် ရှိသူ အလီ ရာမောင်းက “အထောက်အပံ့မရှိဘဲ စခန်းလုံခြုံရေးကို ထိန်းထားဖို့ ခက်တယ်” လို့ ပြောပါတယ်။ ဘာသာရေးစစ်ပွဲ ဝါဒီတွေဟာ ဆီးရီးယားအတွက်သာ ပြဿနာ မဟုတ်ဘူး၊ ဒေသတွင်းနဲ့ ဥရောပ အတွက်ပါ ပြဿ နာ ရှိတယ်” လို့ သူက ဆိုပါတယ်။ 

အမေရိကန်တွေမှာလည်း အန္တရာယ်ရှိပါတယ်။ နှစ်သစ်ကူးနေ့မှာ အသက် ၄၂နှစ် ရှိ၊ အမေရိကန် စစ်ပြန် ရှမ်ဆုဒ်ဒင် ဟာ သူ့ရဲ့ ဖို့ဒ် ပစ်ကပ်ကားကို နယူးအော်လင်းမြို့ရဲ့ လူအုပ်ကြားထဲ မောင်းသွင်းခဲ့လို့ လူ ၁၄ယောက် သေဆုံးခဲ့ ရပါတယ်။ ရဲများက သူ့ကို ပစ်သတ်ပြီးနောက် ကားကို စစ်ဆေးတဲ့အခါ IS ရဲ့ မဟူရာအလံကို တွေ့ကြ ရပါတယ်။ 

မူရင်း Aid and a bet. The Economist, February 2025 

Click to rate this post!
[Total: 0 Average: 0]