The Corner

The Corner

cropped-Logo_round_grey-background.png

နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေး (Chinua Achebe) (၁၉၃၀-၂၀၁၃)

Share မယ်

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကျော်အချိန်က အင်္ဂလိပ် စာတတ်ပေတတ်ပုဂ္ဂိုလ်များ၏ အမြင်၌ အင်္ဂလိပ်ဘာသာစကားသည် အင်္ဂလိပ်အတွေး နှင့် စိတ်ကူးစိတ်သန်းများ ကိုသာလျှင် ဖော်ကျူးနိုင် သည်ဟု ယူဆခဲ့ကြသည်။ ၂၁ ရာစုအမြင် နှင့် ငဲ့စောင်း ကြည့်လိုက်သောအခါ ထိုအမြင်က မည်သို့ မျှလက်ခံ နိုင်ဖွယ်မရှိ။ နိုင်ဂျီးရီးယား စာရေးဆရာ ချင်နူယား အာချေဘေးက သူ၏နာမည်ကျော်ဝတ္ထု Things Fall Apart (1958) ကို သူ့မိခင်ဘာသာစကားဖြစ်သည့် အစ်ဂ်ဘို (Igbo) နှင့် မရေးဘဲ အင်္ဂလိပ် ဘာသာနှင့်ရေးသားခဲ့ခြင်းမှာ ယင်းအမြင်ကို တစ်စိတ်တစ်ဒေသ ချေဖျက်ချင်သော ကြောင့်ဖြစ်သည်။ သူသုံးစွဲခဲ့သည့် အင်္ဂလိပ်ဘာသာက သာမန် ရေးရိုးရေးစဉ် အင်္ဂလိပ်ဘာသာ စကားမဟုတ်ဘဲ နိုင်ဂျီးရီးယား လူမျိုး တစ်ယောက်ပြောနေသည်ကို တစ်နိုင်ငံတည်းသားနိုင်ဂျီးရီးယား စာဖတ်ပရိ သတ် နားလည် နိုင်အောင် ရေးခြင်းဖြစ်သည်။ အာဖရိကန် စာရေးဆရာ တစ်ယောက်က အင်္ဂလိပ် ဘာသာစကားကိုမွေးစားပြီး သူကိုယ်ပိုင် ဘာသာစကားဖြစ်အောင် လုပ်ဆောင်ပြခဲ့ခြင်းလည်း ဖြစ် သည်။ တိုင်းရင်းဘာသာ စကားပေါင်းစုံ ပေါကြွယ်လှသည့် အာဖရိကတိုက်ကြီး၌ လူများစု ရင်းနှီး နေသော ဘာသာစကားတစ်ခုကို သူရွေးချယ်သုံးစွဲခဲ့ခြင်းလည်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် သူ့ဝတ္ထု Things Fall Apart ကအာဖရိကန်တစ်ယောက်ရေးသည့် ပထမဦးဆုံး အာဖရိကန် ဝတ္ထုရှည်ကြီး ပါပဲ။ သူဝတ္ထု၏ အရေးပါမှု၊ ကြီးမြတ်မှုက ဒီတစ်ချက်တည်းနှင့်ပင် ပြည့်စုံနေပါပြီ။ ဒီစာအုပ် ရေးချိန်က ကျန် အာဖရိကနိုင်ငံများ နည်းတူ နိုင်ဂျီးရီးယား နိုင်ငံသည်လည်း ကိုလိုနီ တံပိုးအောက်မှ ရုန်းထွက်ပြီး လွတ်မြောက်ရေး ရကာစအချိန်၊ အာဖရိကန်များ အနေနှင့် စပ်ကူးမတ်ကူး ကာလ အခက်အခဲ အကြပ်အတည်းများကို ခံစားနေရချိန် ဖြစ်သည်။ ဥရောပတိုက်သား ဖြစ်ကြသည့် ပိုလန်လူမျိုး အင်္ဂလိပ် စာရေးဆရာ ဂျိုးဇက်ကွန်းရက်ဒ် (၁၈၅၇-၁၉၂၄)၊ အိုင်ယာလန် လူမျိုး အင်္ဂလိပ် စာရေးဆရာ ဂျွိုက်စ်ကယ်ရီ (၁၈၈၈-၁၉၅၇) တို့၏ဝတ္ထုများ၌ ဖော်ကျူးထားသော အာဖရိကအပေါ် အမြင်စောင်း မှုများ၊ နှိမ့်ချဝေဖန် ရေးသားမှုများကို ပြန်လည်ချေဖျက်ပြီး အာဖရိကန် တို့၏ ဇာတိဂုဏ်နှင့် ဥရောပတိုက်သားများ ရောက်မလာမီ ကတည်းက ရှိနှင့်ပြီး၊ ဖွံ့ဖြိုးကြွယ်ဝပြီးဖြစ်သည့် အာဖရိကန် တို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများကို သူ့အာဖရိကန်စာဖတ်ပရိ သတ်ကို ပြောပြချင်၍ ဤဝတ္ထုကို အာချေဘေး ရေးသားခဲ့ခြင်းဖြစ်သည်။  

ဝတ္ထုတည်ရာက အမူအိုဖီးယားဆိုတဲ့ အစ်ဂ်ဘိုရွာကလေး။ အဲဒီရွာမှာ စစ်သူရဲကောင်း ‘အော့ကုံးကို’ နေသည်။ ကာယသတ္တိ ပြည့်ဝသော်လည်း သူကစင်းလုံးချော သူရဲကောင်းမဟုတ်။ သူ့မှာ အပြစ်အနာအဆာတွေ ရှိသည်။ ရှိတ်စပီးယားရဲ့ အလွမ်းပြဇာတ်ထဲက ဟီးရိုးလိုပါပဲ။ သူက ရှုံးမှာ ကြောက်သည်။ ပျော့ညံ့သွားမှာ ကြောက်သည်။ သူကျဆုံးသွားရခြင်းက သူတွေ့နေ မြင်နေကျ ပတ်ဝန်းကျင်လောက ကိုခြိမ်းခြောက်လာသည့် အပြောင်းအလဲများကို သူကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိတော့ ခြင်းပဲဖြစ်သည်။ အထူးသဖြင့် ခရစ်ယာန် သာသနာပြုအဖွဲ့တွေ ရွာကိုဒုတ်ဒုတ်ထိ ဆိုက်ရောက်လာတဲ့ ကိစ္စ။ အစောဆုံး ရောက်လာတဲ့အဖွဲ့က ချဉ်းကပ်ပုံသိမ်မွေ့သည်။ ပြေရာ ပြေကြောင်း ပြုသည်။ သူတို့ သာနာပြုမည့် တိုင်းရင်းသားများ တန်ဖိုးထားသည့်အရာကို လေးစားသမှု ရှိသည်။ နောက်ရောက်လာသည့် ဒုတိယ သာသနာပြုအဖွဲ့ကတော့ အစေ့အစပ်၊ အညှိအနှိုင်းမရှိ။ တိုင်းရင်းသားများကို ထိပ်တိုက်ရင်ဆိုင်ပြီး ခပ်ကြမ်းကြမ်းကိုင်တွယ်သည်။ သူတို့နှင့် အကြမ်းဖက်မှုများ၊ ကြေကွဲစရာများနှင့် မလွှဲသာ မရှောင်သာ ဆုံစည်းရတော့သည်။ Things Fall Apart (1958) ရေးပြီးနောက် ၎င်းနောက်ဆက်တွဲ ဝတ္ထုနှစ်ပုဒ် ဖြစ်သည့် No Longer at Ease (1960) နှင့် Arrow of God (1964) တို့ကိုဆက်ရေးရာ အာဖရိကန် ဇာတ်လမ်းသုံးပုဒ်တွဲ (The African Trilogy) ဖြစ်သွားသည်။ No Longer at Ease က ‘အော့ကုံးကို’၏ အင်္ဂလိပ် စာတတ်မြေးနှင့် နိုင်ဂျီးရီးယား နိုင်ငံကို စိုးမိုး အုပ်ချုပ်နေသော လူပေါ်ကြော့ များထိပ်တိုက် ရင်ဆိုင်ရပုံ အကြောင်းကိုဖွဲ့သည်။ Arrow of God ကဒေသခံဘုန်းကြီး တစ်ပါး နှင့် ခရစ်ယာန် သာသနာပြုများ၏ ရင်ဆိုင်တိုက် ပွဲများ အကြောင်းကို ဖွဲ့သည်။ အာချေဘေး ကိုယ်နှိုက်က ခရစ်ယာန် ဘာသာဝင်အဖြစ် ကြီးပြင်းလာရသူ။ နိုင်ဂျီးရီးယား၏ နာမည်ကြီး တက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခွင့်ရခဲ့သူ။ သို့ပေမယ့် သူက တိုင်းရင်းသားများ၏ ရိုးရာဘာဝ နေထိုင်စားသောက်မှုဘဝကို နားလည် တန်ဖိုးထားသူဖြစ်သည်။ အစဉ်အဆက်သယ် ဆောင်လာခဲ့သော နှုတ်ပြောဒဏ္ဍာရီတွေ၊ ပုံပြင်တွေက သူကလေးဘဝမှာ အရေးပါတဲ့ ကဏ္ဍဖြစ်နေသည်။ ဒါတွေကပဲ မိခင်ဘာသာစကားကို သူမြတ်နိုးတတ်၊ တန်ဖိုး ထားတတ် အောင် ပျိုးထောင်ပေး ခဲ့ခြင်းဖြစ်သည်။ Things Fall Apart ထဲ ခေတ်အဆက်ဆက် လက်ဆင့် ကမ်းခဲ့သော စကားပုံတွေ၊ ပုံပြင်တွေ၊ ဒဏ္ဍာရီတွေတစ်ပုံကြီးပါသည်။ “စကားပုံဆိုတာဗျာ … စကားလုံးတွေကို စားတဲ့အခါ ထည့်သုံးရတဲ့ စားအုန်းဆီပါပဲ” ဟု အာချေဘေးကဆိုသည်။  

ဒါတွေသင်သိရဲ့လား  

ပျောက်ဆုံးလုနီးနီးစာမူ Things Fall Apart ဝတ္ထုက ကံကောင်းထောက်မ၍ ကျွန်တော်တို့ တတွေ စာအုပ်အဖြစ် မြင်တွေ့ရခြင်း ဖြစ်သည်။ အာချေဘေးက သူလက်ရေးနှင့် ရေးထားသောစာမူကို လန်ဒန်ရှိ စာရိုက်လုပ်ငန်း အေဂျင်စီ တစ်ခုသို့ ပို့ခဲ့ရာ ယင်းစာမူကို မည်သူမျှမဖတ်ဘဲ ချောင်ထိုး ထားလိုက်ကြသည်။ သူ့လက်ရေးမူကို ကော်ပီပွားမထားသဖြင့် အာချေဘေးလက်ထဲ၌ စာမူလက်ခံ တစ်ခုမှမရှိ။ နောက်ဆုံး အာချေဘေး၏ အထက်အရာရှိ နိုင်ဂျီးရီးယားအသံလွှင့်ဌာနမှ မစ္စက်ဘိတီ လန် ဒန်သို့ လူကိုယ်တိုင် သွားရောက်ခဲ့ပြီး လက်ရေးစာမူကို လက်နှိပ်စက် နှင့် ရိုက်ပေးဖို့ရာ တောင်းဆိုခဲ့ ရသည်ဟူ၏။  

လူတစ်ယောက်ဟာ အားလုံး အဆင်ပြေပြီး ဘဝကချိုမြိန် နေတဲ့ အခါ အဖနိုင်ငံတော်က သူ့ နိုင်ငံတော်ပဲ။ ဒါပေမယ့် ဝမ်းနည်းစရာ၊ ခါးသီးစရာတွေနဲ့ ကြုံတဲ့အခါ ကျတော့အမိနိုင်ငံတော်မှာ သူခိုလှုံရာ ရှာရတယ်။

စာအုပ်နာမည်ကို သူဘယ်ကရသလဲ  

အိုင်းရစ်ကဗျာဆရာ ယိတ်စ် (၁၈၆၅-၁၉၃၉) ၏ The Second Coming (1919) ကဗျာမှ ယူထားခြင်း ဖြစ်သည်။  

Turning and turning in the widening gyre  

The falcon cannot hear the falconer;  

Things fall apart; the centre cannot hold;  

Mere anarchy is loosed upon the world,  

…………………………………………  

Things Fall Apart ထဲမှမှတ်သားဖွယ်ရာကောက်နုတ်ချက်များ  

– လူဖြူကောင်က အင်မတန် လည်တယ်။ သူက သူ့ဘာသာတရားနဲ့အတူ တိတ်တိတ်လေး၊ အေး အေးလေးလာတယ်။ သူ့ရဲ့ မသိမိုက်မဲမှု တွေကို ငါတို့ကရယ်မောစရာသဘောထားပြီး သူ့ကိုနေ ခွင့်ပေးလိုက်တယ်။ အခုတော့ သူက ငါတို့ရဲ့ ညီအကိုတွေနောင်တော်တွေကို သူ့ဇာတ်ထဲသွတ် သွင်းလိုက်ပြီ။ ငါတို့ မျိုးနွယ်စု အားလုံးစည်းစည်းလုံးလုံး မရှိတော့ဘူး။ ငါတို့ကိုစုစည်းထားတဲ့ အရာတွေ ကို သူရဲ့ဓားနဲ့ ထိုးစိုက်ခဲ့လို့ ငါတို့ဟာ တစ်ကွဲတစ်ပြားစီ ဖြစ်သွားခဲ့ပြီ။  

– လူတစ်ယောက်ဟာ အားလုံး အဆင်ပြေပြီး ဘဝကချိုမြိန် နေတဲ့ အခါ အဖနိုင်ငံတော်က သူ့ နိုင်ငံတော်ပဲ။ ဒါပေမယ့် ဝမ်းနည်းစရာ၊ ခါးသီးစရာတွေနဲ့ ကြုံတဲ့အခါ ကျတော့အမိနိုင်ငံတော်မှာ သူခိုလှုံရာ ရှာရတယ်။  

– လသာတဲ့အချိန် အကျိုးသမားတောင် မွတ်မွတ်သိပ်သိပ် လမ်းထလျှောက်ချင်စိတ် ပေါက်လာတယ်။ – အမူအိုဖီးယား ရွာမှာပြောလေ့ ရှိတာက လူတစ်ယောက် ,ကခုန် လိုက်တာနဲ့ သူ့နောက် ဆိုင်းတွေ ဗုံတွေ လိုက်တော့တာပဲတဲ့။  

– အင်းနက်ခ်ဆိုတဲ့ ငှက်ကပြောတယ်။ လူတွေက ငှက်တွေ ကိုမလွဲတမ်းမှန် အောင်ပစ်တတ်လာတာနဲ့ အမျှ သူလည်း ဘယ်သစ်ကိုင်းမှာမှ မနားမနေ တဆက်တည်းပျံ တတ်လာသတဲ့။ 

– သူရဲ့မျိုးနွယ်စုက အသက်အရွယ်ကြီးရင့်မှုကို လေးစားတယ်။ ဒါပေမယ့် အောင်မြင်မှုကိုတော့ ကိုးကွယ်တယ်။ သက်ကြီးရွယ်ကြီးတွေ ပြောကြတာက ကလေးတစ်ယောက်ဟာ သူ့လက်တွေ ကိုဆေးကြော သုတ်သင်နိုင်ခဲ့ရင် ဘုရင်တွေ နဲ့ အတူ ပွဲတော်တည်လို့ ရပတဲ့။ 

– ယောက်ျားတစ်ယောက်က သူကိုးကွယ်တဲ့ နတ်တွေ၊ သူ့ဘိုးစဉ်ဘောင်ဆက်တွေ နဲ့ ရန်ပြေမာန် ပြေဖြစ်နေခဲ့ရင် သူ့လယ်ယာသီးနှံထွက် ကောင်းမကောင်းဆိုတာက သူ့လက်မောင်း ကြွက်သား သန်စွမ်းမှု ပေါ်တည် ပါလိမ့်မယ်။  

– ငါတို့က ချမ်းသာဖို့မတောင်းဆိုဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကျန်းမာတဲ့လူ၊ ကလေးတွေရှိတဲ့ လူဟာ ချမ်းသာမှာပဲ။ ငါတို့က ပိုက်ဆံရှိဖို့ ဆုမတောင်းဘူး။ ဒါပေမယ့် ဆွေတွေ မျိုးတွေ ပိုရှိဖို့တော့ ဆုတောင်းတယ်။ ငါတို့က တိရိစ္ဆာန်တွေ ထက်သာတယ်။ ဘာ့ကြောင့်လဲဆိုတော့ ငါတို့မှာ ဆွေတွေ မျိုးတွေ ရှိလို့။ တိရိစ္ဆ န် တစ်ကောင်ကောင်ဟာ သူကျောယားတဲ့ အခါသစ်ပင် တစ်ပင်ပင်နဲ့ ပွတ်ရ တိုက်ရတယ်။ လူတစ်ယောက်ကတော့ သူ့ဆွေမျိုး သားချင်းတစ်ဦးဦးကို ကုတ်ခိုင်းလိုက်တာပဲ။  

– ‘အော့ကုံးကို’ က စိတ်လှုပ်ရှား မှုဆိုရင် ဘယ်တော့မှပေါ်ပေါ်ထင်ထင်မပြဘူး။ စိတ်ဆိုးတာက လွဲ ရင်ပေါ့လေ။ သူ့အဖို့ ချစ်တာကိုပြတာက ပျော့ညံ့တဲ့ လက္ခဏာတစ်ခုတဲ့။ ပြသင့်တဲ့ တစ်ခုတည်း သော စိတ်လှုပ်ရှားမှုက ခိုင်မာသန်စွမ်းခြင်း ပဲဖြစ်ရမတဲ့။  

ဥရောပသားစာရေးဆရာတွေကို အာချေဘေး ဘာ့ကြောင့်သဘောမတွေ့သလဲ  

ဂျိုးဇက်ကွန်းရက်ဒ်၏ နာမည်ကျော်ဝတ္ထု Heart of Darkness (1899) ထဲ၌ အာဖရိကန် လူမျိုးများကို လူသားသဖွယ် သဘောမထားခြင်း၊ အာဖရိကန် တို့၏ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို ခေတ်နောက်ကျသော အရိုင်းအစိုင်းဓလေ့များ အဖြစ် ပုံဖော်ထားခြင်းကြောင့် ဟု ဆိုသည်။ အလားတူ အိုင်းရစ် စာရေးဆရာ ဂျွိုက်စ်ကယ်ရီ၏ အာဖရိကန် အခြေစိုက်ဝတ္ထုများ၊ အထူးသဖြင့် Mister Johnson (1939) ထဲ၌ လူမျိုးကြီးဝါဒ၊ လူမျိုး ခွဲခြားဆက်ဆံရေး အတွေးအခေါ် များ ပါဝင်နေခြင်းကြောင့် ဟုဆိုသည်။  

ရည်ညွှန်း Andy Tuohy with Caroline Taggart. 2017. A to Z Great Modern Writers. Cassell. London 

Click to rate this post!
[Total: 0 Average: 0]