The Corner

တိုးတက်လာတဲ့ တရုတ်နိုင်ငံမှ စွမ်းအင် ဖန်တီးမှုများ

Share မယ်

သည် အီကောနောမစ် တရုတ်ပြည် သတင်း‌ထောက် ဂါဘရီရယ် ခရော့စလေ ရေးသားသည့် post-solar war ကို မြန်မာဘာသာသို့ ပြန်ဆိုသည်။

မကြာသေးခင်နှစ်များအတွင်းက တရုတ်နိုင်ငံမှာ သဘာဝနဲ့ လိုက်လျောညီထွေမှုရှိမယ့် နည်းပညာများ ဆန်းသစ်တီထွင်မှုတွေ လုပ်ခဲ့ပါတယ်။ အစိုးရကနေ လုံလောက်တဲ့ ငွေကြေး‌ထောက်ပံ့မှုရယ် အပြိုင်အဆိုင် တွေပိုများလာတာကြောင့် တရုပ်ကုမ္ပဏီတွေဟာ နေရောင်ခြည်စွမ်းအင် ထုတ်ရာမှာ သုံးတဲ့ ဆိုလာပြားတွေ၊ ဘက်ထရီတွေနဲ့ လျှပ်စစ်ကား စတာတွေကို ပိုမိုကောင်းမွန်အောင် ထုတ်လုပ်နိုင်လာကြတဲ့အပြင် စျေးချိုချို နဲ့ ရောင်းချနိုင်ခဲ့ကြပါတယ်။ ခုဆိုရင် တရုတ်နိုင်ငံကထုတ်တဲ့ အဆိုပါ ထုတ်ကုန်သုံးမျိုးဟာ ကမ္ဘာ့စျေးကွက်အထိကို စျေးကွက် ချဲ့ထွင် နိုင်ခဲ့ပီ။ ပေါချောင်ကောင်းလို့ သတ်မှတ်ထားတဲ့ တရုတ် နည်းပညာ လုပ်ငန်းတွေဟာ ကမ္ဘာပေါ်က အခြားနေရာတွေဆီ မြန်မြန်ဆန်ဆန်ပဲ ရောက်ရှိ နေရာယူလာကြပီး ကာဗွန် ထုတ်လုပ်မှု လျှော့ချနိုင်မယ့် လျှပ်စစ်ဓါတ်အား လုပ်ငန်းများ၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဏတွေ အပြင် အခြား နေရာတွေကို ပါ အထောက်အကူ ပြုနိုင်ပါတော့မယ်။

A hand holds a lightbulb above a young plant, symbolizing eco-friendly innovation.

သဘာဝနဲ့ လိုက်လျောညီထွေမှုရှိမယ့် နည်းပညာတွေကို နောက်တဆင့်ကိုမြင့်တက်ဖို့ ဆက်လက်တီထွင်ဖို့ဆိုတာ သိပ် အလွယ်ကြီးတော့ မဟုတ်လှပါဘူး။ ဓါတ်မြေသြဇာ စက်ရုံ၊ ဓါတုထုတ်ကုန် နဲ့ သံမဏိစက်ရုံတွေဟာ လုပ်ငန်းလည်ပတ်ဖို့ အပူချိန် များများစားစား လိုအပ်ကြသလို  ကာဗွန်ထုတ်လွှင့်မှုရဲ့ အများဆုံး အကျိုးဆက် ဖြစ်စေတဲ့ စက်မှုလုပ်ငန်းတွေပါ။ ဒီလုပ်ငန်းမျိုးတွေအတွက် စွမ်းအင် လိုအပ်ချက်ကို ဓါတ်ဆီ ဒီဇယ်လို ရုပ်ကြွင်းလောင်စာတွေ သုံးစွဲနေရတာက လက်တွေ့အကျဆုံး ရှေးရိုးနည်းလမ်းပဲ ဖြစ်နေပါသေးတယ်။ လက်တလောမှာ ဧရာမ သဘ်ောကြီးတွေ လေယာဥ်ပျံတွေကို ဘက်ထရီနဲ့ မောင်းနှင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒီလို ရှောင်လွဲလို့မရတဲ့ အုပ်စုမှာပါဝင်တဲ့ လုပ်ငန်း တွေအတွက် မကောင်းတဲ့ ဘေးထွက် ကာဗွန်ထုတ်လုပ်မှု လျှော့ချမယ်ဆိုရင် နည်းပညာအသစ်တွေ ဆက်လက်တီထွင်ကြဖို့ လိုပါမယ်။ ၂၀၂၅ ခုနှစ်မှာ တရုတ် လုပ်ငန်းရှင်များဟာ ဒီနည်းပညာတွေနောက် တကောက်ကောက်လိုက်နေကြပြီး တီထွင်မှုတွေ လုပ်သွားနိုင်ကြမယ်လို့ ခန့်မှန်းကြပါတယ်။ 

နည်းလမ်း တစ်ခုကတော့ စက်ရုံတွေက ထုတ်လွှတ်လိုက်တဲ့ ဘေးဖြစ်စေမယ့် ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့တွေကို လူတွေ နေ့စဥ် ရှုသွင်းတဲ့ လေထုထဲမရောက်ခင်မှာ ထိန်းသိမ်းထားလိုက်ဖို့ပါ။ ဒါဟာ နည်းပညာ အရ ပြောမယ်ဆိုရင် ဖြစ်နိုင်တဲ့ နည်းလမ်းတခုပါ။ ခက်တာက လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် သုံးလာနိုင်အောင် ကုန်ကျစရိတ် သက်သက်သာသာ ဖြစ်‌အောင်လုပ်နိုင်မလားဆိုတာ အဓိက ကျပါတယ်။ တရုတ်ပြည်က သိပ္ပံပညာရှင်တွေဟာ ကာဗွန် ထိန်းသိမ်းဖို့နဲ့ သိုလှောင်ဖို့ (CCS – Carbon Capture and Storage) နည်းပညာ မူပိုင်ခွင့် များလုပ်ထားတဲ့ နေရာမှာ အမေရိကန်သိပ္ပံပညာရှင်များထက် သုံးဆ များပြားပါတယ်။ ၂၀၂၄ ခုနှစ်မှာ တရုတ်ပြည်ရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ တန်းဆန့် (Tencent) ဟာ CCS နည်းပညာအတွက် ယွမ်ငွေ သန်း တစ်ရာ ရင်းနှီးမြှုတ်နှံခဲ့ပါတယ်။ အစိုးရပိုင် တရုတ်စွမ်းအင်ရင်းနှီးမြှုတ်နှံရေး အဖွဲ့ကြီး (China Energy Investment) က CSS နည်းပညာကို အသုံးပြုပြီး ဓါတုဗေဒ စက်ရုံတခုကနေ ထွက်လာမယ့် ကာဗွန် တန်ချိန် တစ်မီလီယံကို တစ်နှစ်အတွင်း ထိန်းသိမ်းကာ သိုလှောင်ထားနိုင်စွမ်း ရှိကြောင်း ၂၀၂၅ ခုနှစ်အကုန်မှာ သရုပ်ပြနိုင်မယ့် ပ‌ရောဂျက်တခု လုပ်ဆောင်နေပါတယ်။ 

နောက်ထပ် အာရုံစိုက်‌နေကြတာကတော့ ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ ပါ။ ဟိုက်ဒရိုဂျင်ကနေ သံမဏိစက်ရုံကြီး သို့မဟုတ် ထရပ်ကားတစီး အတွက် လုံလောက်နိုင်မယ့် အပူစွမ်းအင်ကို ဖန်လုံအိမ် ဓါတ်ငွေ့ မထွက်စေပဲ ထုတ်လုပ်ပေးနိုင်ပါလိမ့်မယ်။ ခုလောလောဆယ်တော့ အညိုရောင် ဟိုက်ဒရိုဂျင်ကို သမားရိုးကျနည်းဖြစ်တဲ့ ရုပ်ကြွင်းလောင်စာတွေကနေ ထုတ်လုပ်မယ်ဆိုရင် ရနေပါပီ။ ခက်နေတာက အစိမ်းရောင် ဟိုက်ဒရိုဂျင်ကို  သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် နည်းလမ်းနဲ့ ဘယ်လိုထုတ်လုပ်မလဲ ဆိုတာပါ။ ဒီနည်းက ပြန်ပြည့်မြဲစွမ်းအင် (renewal energy) ကိုသုံးပီး အလက်ထရိုလိုက်ဇာ (electrolyser) စက်နဲ့ ရေမော်လီကျူးတွေကို ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ခွဲထုတ်ပစ်လိုက် တဲ့နည်းလမ်းပါ။ သို့သော်လဲ ဒီနည်းနဲ့ ဟိုက်ဒရိုဂျင်ကို ထုတ်လုပ်မယ်ဆိုရင် ကုန်ကျစရိတ် အရမ်းများတဲ့အတွက် လုပ်ငန်းများလည်ပတ်ရာမှာသုံးနိုင်ဖို့ တတ်နိုင်ကြမှာ မဟုတ်သေးပါဘူး။ 

တရုတ်ပြည်က ဟိုက်ဒရိုဂျင်ကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်ဖို့ အခြေအနေကောင်းနဲ့ ရှေ့ကပြေးနေပါပီ။ ကမ္ဘာပေါ်မှာ အလက်ထရိုလိုက်ဇာ (electrolyser) စက်ထုတ်လုပ်မှုရဲ့ ၄၀ ရာခိုင်နှုံးဟာ တရုတ်ပြည်က ဖြစ်ပီး သူ့ပြိုင်ဖက်တွေထက် စျေးသက်သာအောင် ထုတ်လုပ် ပေးနိုင်နေပါပီ။ ‌နှစ်ပေါင်းများစွာ ဆိုလာပြားတွေနဲ့ လေအား တာဘိုင်များ ထုတ်လုပ်လာခဲ့ တာကြောင့် ပြန်ပြည့်မြဲစွမ်းအင် (renewal energy) တော်တော်များများ ရှိနေပါတယ်။ မွန်ဂိုလီယား ဘက် တရုတ်ပြည်မြောက်ပိုင်းတဝိုက်မှာရှိတဲ့ လွင်ပြင်ကျယ်လိုနေရာတွေမှာ လေစွမ်းအင် နေစွမ်းအင် တွေကို လုံလုံလောက်လောက် ရနိုင်တာမို့လို့ အစိမ်းရောင် ဟိုက်ဒရိုဂျင်ကို ၂၀၂၅ ခုနှစ်အတွင်း တန်ချိန် ၅ သိန်းနီးပါး ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတာပါ။ ဒါဟာ တရုတ်ပြည်ကပဲ ထုတ်လုပ်နေတဲ့ အညိုရောင် ဟိုက်ဒရိုဂျင်ထက်နှိုင်းယှဥ်ရင် နဲနေသေးပေမယ့်လဲ ရှေ့ပြေး အစ တခုတော့ ဖြစ်နေပါပီ။ 

  အိန္ဒိယနဲ့ ဘရာဇီး နိုင်ငံတွေကလဲ အစိမ်း‌ရောင် ဟိုက်ဒရိုဂျင်ထုတ်လုပ်ကြဖို့ တာစူနေကြပါတယ်။ ဒါပေမယ့် တရုတ်ရဲ့ အခြေခံ အဆောက်အဦ လုပ်ငန်းများမှာ ရင်းနှီး ကျွမ်းကျင်နေမှုက တခြားနိုင်ငံတွေထက် နှာတဖျား သာစေပါတယ်။ အခုဆို ထုတ်လုပ်ရရှိလာမယ့် ဟိုက်ဒရိုဂျင်ကို စက်မှုလုပ်ငန်းတွေဆီ အရောက်ပို့ပေးနိုင်ဖို့ အစိုးရ ကိုယ်တိုင် က ပိုက်လုံးတွေ သွယ်တန်း တည်ဆောက်ပေးနေပါပီ။ နည်းပညာ ရပ်ဝန်း တခုဖြစ်တဲ့ နိုင်ငံတောင်ပိုင်းက ရှန်ဇန်း ဒေသမှာ ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်တဲ့ ဘက်စ်ကားလိုင်းတွေ စတင်ပြေးဆွဲနေပါပီ။ ၂၀၂၅ ခုနှစ်အကုန်မှာ တရုတ်ပြည်ရဲ့ ဟိုက်ဒရိုဂျင် မြို့တော် ဖြစ်လာရေး ရည်မှန်းထားပီး ကမ္ဘာ့ အဆင့်အတန်းမှီ စက်မှုထွန်းကားရေး အရပ် တခုဖြစ်လာဖို့ လုပ်ဆောင်နေကြပါပီ။

ဒီ ရည်မှန်းချက်တွေ ကြိုးစားမှုတွေ အောင်မြင်လာဖို့ဟာ တရုတ်နိုင်ငံအတွက် အလွန်ထိရောက်စေနိုင်မှာ ဖြစ်ပါတယ်။ ၂၀၆၀ခုနှစ်မှာ ကာဗွန်ထုတ်လုပ်မှု ရပ်တန့်ဖို့၊ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လုပ်မှု သုံည ထိရောက်ဖို့ ရည်မှန်းထားပါတယ်။ သို့သော် တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ သံမဏိဟာ ကျန်ကမ္ဘာ့နိုင်ငံတွေက ထုတ်လုပ်နိုင်တာနဲ့ ညီမျှသလို ဓါတုဗေဒ နဲ့ သဘ်ော ထုတ်လုပ်တဲ့ လုပ်ငန်းတွေဟာလဲ ကမ္ဘာမှာ ထိပ်ဆုံးက ဦးဆောင်နေတာပါ။ 

တကယ်တော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် နည်းပညာသစ်တွေ တရုတ်ပြည်တွင်းက စက်မှုလုပ်ငန်းတွေအတွက်ချည်းပဲတင် မဟုတ်ပဲ နိုင်ငံတကာ မှာရှိတဲ့ စျေးကွက်သစ်တွေဆီ ချဲ့ထွင်ပီး ပိုက်ဆံရှာနိုင် လာမှာပါ မလွဲပါ။ အရှိန်အဟုန်နဲ့ ထိုးတက်လာတဲ့ တရုတ်ရဲ့ နည်းပညာ နယ်ပယ်သစ်တွေ ချဲ့ထွင်နိုင်မှုက သူ့ရဲ့ နိုင်ငံတကာက ပြိုင်ဘက်တွေကို စိတ်ပျက်ညည်းတွားသွား စေပါတယ်။ အနောက်နိုင်ငံဘက်ခြမ်းမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် နည်းပညာသစ်တီထွင်ရာမှာ တရုတ်ကို အနိုင်ယူဖို့ မနည်း ရုန်းကန် နေကြပါတယ်။ တချို့ဆို တကမ္ဘာလုံးရဲ့ စွမ်းအင်လိုအပ်ချက်ကို တရုတ်နိုင်ငံအပေါ် မှီခိုကြရမှာကို စိုးရိမ်လာနေကြပါပီ။ မကြာခင်မှာ အဲဒီလို တကယ် ဖြစ်လာမှာကို မြင်ကြရတော့မှာပါ။