
ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်သလိုပဲ လူငယ်တွေဟာလည်း သူတို့ရဲ့ အိပ်မက်တွေကို ကြိုးစားအားထုတ်ရင် အောင်မြင်နိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီစကားကို ကြားရတဲ့အခါ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တာက ‘ငါ့ရဲ့ အိပ်မက်တွေက ဘာတွေလဲ။ ငါ ဘယ်ကိုရောက်ချင်လဲ’ ဆိုတာပါပဲ။ လူငယ်တိုင်းမှာ ကိုယ်ပိုင်အိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုယ်စီ ရှိကြပါတယ်။ တချို့က ဆရာဝန်ဖြစ်ချင်တယ်၊ တချို့က အင်ဂျင်နီယာ၊ တချို့က စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာရှင်။ ဒီအိပ်မက်တွေဟာ ငယ်ရွယ်စဉ်ကတည်းက စတင်ခဲ့တာ ဖြစ်နိုင်သလို အရွယ်ရောက်လာမှ ပေါ်ပေါက်လာတာလည်း ဖြစ်နိုင်ပါတယ်။
အရေးကြီးတာက ကိုယ့်ရဲ့ အိပ်မက်ကို ယုံကြည်ဖို့နဲ့ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားအားထုတ်ဖို့ပါပဲ။ ဝါးပင်လေးဟာ သူ့ရဲ့အစွမ်းအစကို ယုံကြည်ပြီး ကြီးထွားဖို့ ကြိုးစားလို့ ဝါးတောကြီး ဖြစ်လာသလိုပဲ လူငယ်တွေဟာလည်း သူတို့ရဲ့ စွမ်းရည်ကို ယုံကြည်ပြီး ကြိုးစားအား ထုတ်ရင် အောင်မြင်တဲ့ ဘဝကို တည်ဆောက်နိုင်ပါတယ်။ လမ်းခရီးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ့အခက်အခဲတွေကို ဇွဲလုံ့လနဲ့ ကျော်လွှားနိုင်ရင် အိပ်မက်တွေ အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။
အောင်မြင်တဲ့ လူတွေရဲ့ ဘဝတွေကို လေ့လာကြည့်ရင် သူတို့ဟာ ငယ်ရွယ်စဉ်ကတည်းက အိပ်မက်တွေ ရှိခဲ့ကြပြီး အဲဒီအိပ်မက်တွေကို အရောက်လှမ်းနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့ဟာ အခက်အခဲတွေကို အရှုံးမပေးဘဲ ဆက်လက် ကြိုးစားခဲ့ကြလို့ နောက်ဆုံးမှာ သူတို့ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေကို ဘယ်တော့မှ လက်မလျှော့သင့်ပါဘူး။ ကြိုးစားပါ။ ဇွဲလုံ့လရှိပါ။ နောက်ဆုံးမှာ သင်တို့ရဲ့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာပါလိမ့်မယ်။
ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် သာဓက (တစ်)
——————————————————-
ဟွတ်လေး ဒီနှစ်မှာ K-pop စတား ဖြစ်တော့မှာတဲ့!
သူ့ဇာတ်လမ်းလေးက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။ လူငယ်တွေ မှတ်သားလောက် တယ်။ ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် သာဓက တစ်ခုပါ။ ပေါက်သွားတဲ့ လူငယ်လေး။
သူ့ဘဝက တော်တော်လေး ကြမ်းတမ်းခက်ထရော် ခဲ့ရတယ်။
ဟွတ်လေးက ငယ်ငယ်လေး ပုလုကွေး ကတည်းက သူ့ဇာတိ မြောက်ကိုရီးယား ရဲ့ အလွန်ဆင်းရဲတဲ့ ဒေသမှာ နေခဲ့ရတာ။ တရုတ်နဲ့ ရုရှားနယ်စပ်နားက မြောက်ဟမ်ဂယောင်းဆိုတဲ့ ပြည်နယ်မှာလေ။ အသက်ကိုးနှစ် အရွယ်လေးမှာတင် လောကဓံကိုခါးစည်းခံ ခဲ့ရတယ်။ စားစရာ မရှိတော့ လမ်းဘေးမှာ ပိုက်ဆံလိုက်တောင်းရ၊ စစ်သားတွေအတွက် ဘာအလုပ်လေးပဲဖြစ်ဖြစ် တောက်တိုမည်ရ လုပ်ပေးရ၊ ရောင်းဖို့ မှိုတွေ ကောက်ရ။ တစ်ခါတလေ အလွန်အမင်း ဆာလောင်လာရင် စားစရာတောင် ခိုးစားရတယ်။ အသက်ရှင်ဖို့ပဲ ရုန်းကန်နေရတော့ စိတ်ကူးယဉ် အိပ်မက်တွေတောင် မှေးမှိန်သွားရတယ်။ ဘဝက အရမ်းကြမ်းတမ်းခဲ့ရတာပေါ့။
ဒါပေမယ့် အဲလို အခက်အခဲတွေကြားထဲမှာတောင် ဟွတ်လေးက သူ့ရဲ့ ရည်မှန်းချက်ကို မလျှော့ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ရည်မှန်းချက်တော့ ရှိသေးတယ်လေ။ ငယ်ငယ်ကတည်းက ဂီတကို ဝါသနာပါခဲ့တယ်။ အခု အသက် ၂၅ နှစ်မှာ K-pop star ဖြစ်ဖို့ ကြိုးစားနေတာ တကယ်ကို လေးစား စရာပဲ။ ဒီနှစ်ထဲမှာပဲ အမေရိကန်မှာ 1Verse (ယူနီဗာ့စ်လို့ အသံထွက်တယ်) လို့ခေါ်တဲ့ K-pop ဘဲလ်ဘန့်အဖွဲ့ဝင်အဖြစ် ပွဲထွက်တော့မှာတဲ့။ ဒီအဖွဲ့က မြောက်ကိုရီးယားက နှစ်ယောက်ပါလို့ အလွန်ထူးခြားတယ်။ ဟွတ်လေးရယ်၊ ဆော့ခ်ရယ်။ ကျန်တဲ့အဖွဲ့ဝင် တွေက ဂျပန်က အိုင်တို၊ အမေရိကန်က ကင်နီနဲ့ နာသန်။ အားလုံးက နာမည်ရင်းပဲ သုံးကြတာတဲ့။ မြောက်ကိုရီး ယားက ထွက်ပြေးလာသူတွေနဲ့ ပွဲထွက်တဲ့ ပထမဆုံး K-pop အဖွဲ့ဖြစ်လာမှာ။
ဘဝလမ်းကြောင်း ကောက်ကြောင်းပုံ
ဟွတ်လေးက ကျုံဆောင်းဆိုတဲ့ မြို့နယ် ပင်လယ်နားက ရွာလေးမှာ မွေးဖွားခဲ့တာ။ သူ့မိဘတွေက လေးနှစ်သား လောက်မှာ ကွဲသွားကြတော့ သူ့အဖေနဲ့ အဖွားနဲ့ နေခဲ့ရတာ။ သူ့အမေက တောင်ကိုရီးယားကို သွားနေတာ။ ဒါပေမဲ့ ဟွတ်လေးက သူ့အဖေကို မခွဲချင်ဘူး။ အစပိုင်းမှာ မိသားစုက သိပ်မဆင်းရဲဘူး။ ဒါပေမဲ့ မိဘတွေ ကွဲသွားတော့ ပိုဆိုးလာတာ။ သူ့အဖေက စိတ်ကျရောဂါဖြစ်ပြီး အလုပ်မလုပ်တော့ ဟွတ်လေးတစ်ယောက် အသက်ရှင်ဖို့ ရုန်းကန်နေရတာပေါ့။
နောက်ဆုံးမှာ သူ့အဖေက သူ့အမေဆီကို လိုက်သွားဖို့ ပြောလို့ ၂၀၁၃ ခုနှစ်မှာ ဟွတ်လေး မြောက်ကိုရီးယားက ထွက်ခွာခဲ့တယ်။ တောင်ကိုရီးယားကိုရောက်ဖို့ နိုင်ငံအတော်များများကို ဖြတ်သွားရတာ။ ဘယ်လိုသွားလဲဆိုတာကိုတော့ မပြောချင်ဘူးတဲ့။ တခြားသူတွေ အတွက် အန္တရာယ်များနိုင်လို့တဲ့။ တောင်ကိုရီးယားရောက်တော့ သူ့အမေနဲ့ တစ်နှစ်နေပြီး ကျောင်းတက်ရတယ်။ မြောက်ကိုရီးယားမှာ ကျောင်းသိပ်မတက်ခဲ့ရတော့ ကျောင်းမှာတော့ အဆင်မပြေဘူး။ ဒါပေမဲ့ သူ့ဘဝအကြောင်းကို ကဗျာတွေရေးပြီး စိတ်ဖြေခဲ့တယ်။
ဟွတ်လေးက ဂီတအကြောင်း သိပ်မသိပေမယ့် အမြဲတမ်း ဂီတသမားဖြစ်ချင်ခဲ့တာ။ ရက်ပ်သီချင်းတွေ ရေးပြီး သူ့အထီးကျန်တဲ့ ခံစားချက်နဲ့ သူ့အဖေကို လွမ်းတဲ့အကြောင်း ရေးခဲ့တယ်။ ကြိုးစားတော့… ၂၀၁၈ မှာ မီရှယ်လ်ချိုဆိုတဲ့ ဂီတထုတ်လုပ်သူတစ်ယောက်က တွေ့သွားတယ်။ သူ့ကုမ္ပဏီမှာ အတူလုပ်ဖို့ ခေါ်တယ်။ ဟွတ်လေးက အစပိုင်းမှာ နည်းနည်းလန့်သွားတယ်။ တောင်ကိုရီးယားမှာ မြောက်ကိုရီးယားကလာတဲ့သူတွေ အလိမ်ခံရတာ များလို့။ ဒါပေမဲ့ နောက်ပိုင်းမှာ မီရှယ်လ်က သူ့ကို တကယ်ကူညီပေးနေတာကို သိသွားတယ်။
ဟွတ်လေးက သီချင်းဆိုတာ၊ ကခုန်တာကို ကြိုးစားပြီး သင်ယူတယ်။ အစပိုင်းမှာ ခက်ခဲတယ်။ ပေါ့ပ် ယဥ်ကျေးမှု (Culture) အကြောင်း ဘာမှမသိတော့။ ဒါပေမဲ့ ဆက်ကြိုးစားတော့ အခု အရမ်းကောင်းလာပြီ။
အဖွဲ့ဝင်တွေက ဟွတ်လေးကို ပထမဆုံးတွေ့တော့ နည်းနည်းလန့်ကြတယ်။ မြောက်ကိုရီးယားနဲ့ ဂျပန်က အမြဲတမ်း အဆင်မပြေကြတော့။ ဒါပေမယ့် ချက်ချင်း ရင်းနှီးသွားကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးမှု အသားကျအောင် ၊ ရင်းနှီးအောင်နေရတယ်။ အတူတူစားတာတို့ ဘာတို့။ ကင်နီက တစ်ယောက်တည်းစားရတာ ကြိုက်တော့ သူ့အတွက် အဆန်းဖြစ်နေတာပေါ့။
အခု ဟွတ်လေးနဲ့ သူ့အဖွဲ့သားတွေ အမေရိကမှာ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေကြပြီ။ သူတို့ရဲ့ သီချင်းက ကမ္ဘာတစ်ဝန်းက လူတွေဆီ ရောက်မယ်လို့ မျှော်လင့်နေကြတယ်။ ဟွတ်လေးမှာ အိပ်မက်အကြီးကြီးတွေ ရှိတယ်။ တစ်နေ့မှာ မြောက်ကိုရီးယားမှာ သူ့သီချင်းသံတွေ ကြားရမယ်လို့ မျှော်လင့်နေတယ်။ အဲဒီမှာ ပြင်ပကမ္ဘာက သီချင်းနားထောင်တာ တရားမဝင်ဘူး။ အန္တရာယ်ရှိပေမယ့် ဖြစ်နိုင်တယ်လို့ ဟွတ်လေးက ယုံကြည်နေဆဲပဲ။
မြောက်ကိုရီးယားက ထွက်လာတဲ့သူတွေလည်း အောင်မြင်နိုင်တယ်၊ အိပ်မက်အကြီးကြီးတွေ မက်နိုင်တယ်ဆိုတာကို ဟွတ်လေးက ပြချင်တယ်။ သူလုပ်နိုင်ရင် တခြားသူတွေလည်း လုပ်နိုင်တယ်လို့ ယုံကြည်လာလိမ့်မယ်လို့ သူက ပြောတယ်။ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။ သူ့ကို အားပေးကြပါဦးနော်။
ကိုရီးယားပေါ့ပ် ကမ္ဘာကသိတယ်
—————————————-
ကေပေါ့ပ်ဆိုတာ ကိုရီးယားပေါ့ပ်လို့ အတိုကောက်ခေါ်ကြတာပါ။ တောင်ကိုရီးယားမှာ ၁၉၉၀ ခုနှစ် အစောပိုင်း လောက်မှာ စပေါ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက လူငယ်တွေက အမေရိကန်နဲ့ ဥရောပက သီချင်းတွေကို သဘော ကျနေကြတာပါ။ ပထမဆုံး နာမည်ကြီး ကေပေါ့ပ်အဖွဲ့ကတော့ ဆောထယ်ဂျီနဲ့ ဘွိုင်းစ်ပါ။ သူတို့က ကိုရီးယား သီချင်းကို ဟစ်ဟော့ပ်နဲ့ ရက်ပ်လိုမျိုး စတိုင်လ်တွေနဲ့ ရောပြီး သီဆိုခဲ့ကြတာပါ။ ဒါကြောင့် လူတွေက သီချင်း အသစ်တွေအတွက် သိပ်စိတ်လှုပ်ရှားခဲ့ကြတာပေါ့။
ကေပေါ့ပ်က ၂၀၀၀ ပြည့်နှစ်တွေမှာ SM Entertainment နဲ့ YG Entertainment လို ကုမ္ပဏီတွေကြောင့် တကယ် နာမည်ကြီးလာတာပါ။ သူတို့က ငယ်ရွယ်တဲ့ အဆိုတော်တွေနဲ့ အကသမားတွေကို အကောင်းဆုံးဖြစ်အောင် နှစ်ပေါင်းများစွာ လေ့ကျင့်ပေးခဲ့ကြတာပါ။ ဒီအနုပညာရှင်တွေ သီချင်းဆိုတတ်အောင်၊ ကတတ်အောင်၊ နောက်ပြီး ဘာသာစကား အမျိုးမျိုးကိုတောင် ပြောတတ်အောင် အပြင်းအထန် လေ့ကျင့်ခဲ့ကြပါတယ်။
ကေပေါ့ပ်က ကမ္ဘာတစ်ဝန်းမှာ ဘယ်လို နာမည်ကြီးလာတာလဲဆိုတော့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။
ဆိုရှယ်မီဒီယာနဲ့ ယူကျုဘ်လို ဝက်ဘ်ဆိုဒ်တွေက ကေပေါ့ပ်ကို လူအများကြီးဆီ ရောက်စေခဲ့ပါတယ်။ PSY ရဲ့ “Gangnam Style” ဆိုတဲ့ သီချင်းက ၂၀၁၂ မှာ အလွန်နာမည်ကြီးသွားပြီး ကြည့်ရှုသူ ဘီလီယံနဲ့ချီ ရှိခဲ့ ပါတယ်။ Twitter နဲ့ TikTok လို ဆိုရှယ်မီဒီယာတွေကလည်း ပရိသတ်တွေကို သူတို့အကြိုက်ဆုံး အနုပညာရှင် တွေနဲ့ ချိတ်ဆက်ဖို့ ကူညီပေးခဲ့ပါတယ်။
ပရိသတ်တွေရဲ့ ချိတ်ဆက်မှု ကေပေါ့ပ်စတားတွေက live ဗီဒီယိုတွေနဲ့ ဆိုရှယ်မီဒီယာတွေကနေ ပရိသတ်တွေနဲ့ စကားပြောရတာကို သဘောကျကြပါတယ်။ “K-Pop stans” လို့ခေါ်တဲ့ ပရိသတ်တွေက သူတို့ အကြိုက်ဆုံး အဖွဲ့တွေကို အားပေးကြပြီး တစ်ယောက်နဲ့တစ်ယောက် ခိုင်မာတဲ့ မိတ်ဆွေဖွဲ့ကြပါတယ်။
ကောင်းမွန်တဲ့ သီချင်းနဲ့ ဗီဒီယိုများ ကေပေါ့ပ်သီချင်းတွေက ဆွဲဆောင်မှုရှိပြီး ကကွက်တွေက အရမ်းမိုက် ပါတယ်။ သီချင်းဗီဒီယိုတွေက ရောင်စုံဖြစ်ပြီး ကြည့်ရတာ ပျော်စရာကောင်းတာကြောင့် ကေပေါ့ပ်က လူတိုင်း အတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေတာပါ။
ကိုရီးယားယဉ်ကျေးမှုကို မျှဝေခြင်း
—————————————
တောင်ကိုရီးယားအစိုးရနဲ့ ဖျော်ဖြေရေးလုပ်ငန်းက ကိုရီးယားယဉ်ကျေးမှုကို ကမ္ဘာကို မျှဝေချင်ကြ ပါတယ်။ ကေပေါ့ပ်က ဒီရည်မှန်းချက်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ဂီတ၊ ဖက်ရှင်၊ နောက်ပြီး အစားအသောက်တွေကိုတောင် လွှမ်းမိုးထားပါတယ်။
အခုချိန်မှာ နာမည်ကြီး ကေပေါ့ပ်စတား BTS ဟာဆိုရင် ကမ္ဘာကျော် အဖွဲ့တစ်ခုပါ။ သူတို့က ခင်မင်မှုနဲ့ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးမှုလို အရေးကြီးတဲ့ အကြောင်းအရာတွေကို သီဆိုကြပြီး ဆုတွေအများကြီး ရရှိထားပါတယ်။ BLACKPINK အဖွဲ့က ပျော်ရွှင်စရာကောင်းတဲ့ ဖျော်ဖြေမှုတွေနဲ့ စွဲဆောင်မှုရှိတဲ့ သီချင်းတွေကြောင့် လူသိများပါတယ်။ သူတို့က နာမည်ကြီး အနောက်တိုင်း အနုပညာရှင်တွေနဲ့ အတူအလုပ်လုပ်ခဲ့ပြီး ပရိသတ်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။ EXO အဖွဲ့ကတော့ ထူးခြားမှင်တက်ဖွယ် သီချင်းဆိုမှုနဲ့ ကခုန်မှုကြောင့် ပရိတ်သတ်ရဲ့ ချစ်ခြင်းခံ ရပါတယ်။ ဆုတွေအများကြီး ရရှိထားပြီး ပရိသတ်တွေ အများကြီးရှိပါတယ်။ TWICE အဖွဲ့က ကိုရီးယားနဲ့ ဂျပန်မှာ အရမ်းနာမည်ကြီးပါတယ်။ သူတို့ရဲ့ လန်းဆန်းပြီး အားတက်စရာကောင်းတဲ့ သီချင်းတွေ တင်ဆက်မှုတွေကြောင့် လူသိများပါတယ်။ Stray Kids အဖွဲ့က သူတို့ရဲ့ ကိုယ်ပိုင်သီချင်းနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဖျော်ဖြေမှုတွေနဲ့ အလျင်အမြန် နာမည်ကြီးလာပါတယ်။
လှပတဲ့အသံနဲ့ မတူညီတဲ့ သီချင်းအမျိုးအစားတွေကြောင့် လူသိများတဲ့ IUက တောင်ကိုရီးယားမှာ နာမည်ကြီး တစ်ကိုယ်တော်အဆိုတော်ပါ။ လူငယ်တွေအတွက် ပြောချင်တာကတော့ ကေပေါ့ပ်က ကြိုးစားရင် အိပ်မက်တွေ အမှန်ဖြစ်နိုင်တယ်ဆိုတာကို ပြသနေပါတယ်။ စတားအများကြီးက ဘာမှမရှိဘဲ အိပ်မက်တစ်ခုနဲ့ စတင်ခဲ့ကြတာပါ။ သူတို့က စိန်ခေါ်မှုတွေကို ရင်ဆိုင်ခဲ့ပေမယ့် ဘယ်တော့မှ အလျှော့မပေးခဲ့ပါဘူး။
ဥပမာ BTS ရဲ့ RM က အိမ်ငယ်လေးမှာ နေခဲ့ပြီး BLACKPINK ရဲ့ Lisa က အိပ်မက်တစ်ခုနဲ့ပဲ ထိုင်းကနေ လာခဲ့တာပါ။ သူတို့က အလွန်ခက်ခဲတဲ့အချိန်မှာတောင် အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။
* * * * *
ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် သာဓက (နှစ်)
ရီယိုလမ်းကနေ နာမည်ကြီးလာတဲ့ ကာလော့စ်ရဲ့ ခရီး
—————————————————————

ကာလော့စ်လေးက ဘရာဇီးနိုင်ငံ ကပါ။
သူက ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရဲ့ ဆင်းရဲလွန်းလှတဲ့ ရပ်ကွက်တစ်ခုမှာ ကြီးပြင်းခဲ့တာပါ။ သူ့မိသားစုက ပိုက်ဆံသိပ်မရှိတော့ ကာလော့စ်လေးက ငှားလာတဲ့ဂစ်တာလေးနဲ့ လမ်းဘေးမှာ သီချင်းဆိုပြီး ကူညီပေးခဲ့တယ်။ သူ့မိဘတွေက လမ်းဘေးမှာ ပစ္စည်းရောင်းပြီး ရုန်းကန် ကြိုးစားခဲ့ကြပေမယ့် ထမင်းစားရ ဖို့တောင် အနိုင်နိုင်ပါ။ အခြေအနေတွေ ဘယ်လောက်ပဲခက်ခဲပါစေ ကာလော့စ်လေးက ဂီတကို သိပ်မြတ်နိုးတယ်။
ကာလော့စ်လေးက နာမည်ကြီး ဂီတသမားတစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်အမြဲမက်ခဲ့တယ်။ သူကိုယ်တိုင် ဂစ်တာတီးတတ်အောင် သင်ယူခဲ့ပြီး သူ့ဘဝအကြောင်း သီချင်းတွေရေးခဲ့တယ်။ သူ့ရပ်ကွက်ထဲ ကလူတွေက သူ့သီချင်းကို ကြိုက်ကြပြီး သူ့အိပ်မက်အတိုင်း ဆက်လျှောက်ဖို့ အားပေးခဲ့ကြတယ်။
ကာလော့စ် ၁၈ နှစ်ရောက်တော့ ဒေသတေးပြိုင်ပွဲလေးတစ်ခုမှာ ဝင်ပြိုင်တယ်။ သူ့သီချင်းတွေကို လူပိုများများဆီကို ချပြချင်လို့ပါ။ ကာလော့စ်ရဲ့အစီအစဉ်က ကောင်းလွန်းတော့ ပြိုင်ပွဲမှာ သူအနိုင် ရရှိသွားပါလေရော။ အာနာဆီလ်ဗာဆိုတဲ့ သီချင်းထုတ်လုပ်သူတစ်ယောက်က သူ့ကိုတွေ့တော့ သူ့ရဲ့ပထမဆုံးအခွေကို ထုတ်ဖို့ ကူညီချင်ခဲ့တယ်။ အစပိုင်းမှာ ကာလော့စ်က စိတ်မချသေးဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ အာနာက သူ့ကိုတကယ်ကူညီချင်တာကို သိလိုက်ရတယ်။
အာနာရဲ့အကူအညီနဲ့ ကာလော့စ် သူ့ရဲ့ပထမဆုံးအခွေကို ထုတ်နိုင်ခဲ့တယ်။ သူ့သီချင်းတွေက သူကြုံတွေ့ခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေနဲ့ သူ့ရဲ့အိပ်မက်တွေအကြောင်းပါ။ လူအတော်များများက သူ့သီချင်းတွေကို ကြိုက်ကြတော့ သူ ဘရာဇီးမှာ နာမည်ကြီးလာတယ်။ ကာလော့စ်က ကြီးကြီးကျယ်ကျယ် ဖျော်ဖြေပွဲတွေမှာ သီဆိုဖျော်ဖြေတာတွေ လုပ်လာပြီး တခြားနာမည်ကြီး ဂီတသမားတွေနဲ့လည်း အတူအလုပ်လုပ်လာတယ်။
ကာလော့စ်ဟာ နာမည်ကြီးအဆိုတော် ဖြစ်လာပေမယ့် သူ့ရဲ့ဇာတိမြေကို ဘယ်တော့မှ မမေ့ဘူး။ သူ့ရဲ့နာမည်ကျော်မှုကို အသုံးပြုပြီး သူ့ရဲ့ရပ်ကွက်ဟောင်းက လူတွေရဲ့ဘဝကို ပိုကောင်းအောင် လုပ်ပေးခဲ့တယ်။ ရီယိုလမ်းတွေကနေ နာမည်ကြီးအဖြစ်ရောက်လာတဲ့ ကာလော့စ်ရဲ့ခရီးက လူအတော်များများကို စိတ်အားတက် စေခဲ့တယ်။ သူ့ရဲ့ အတ္ထုပ္ပတ္တိ က ကြိုးစားအားထုတ်မှုနဲ့ ကံလေးနည်းနည်းကောင်းရင် အိပ်မက်တွေ အမှန်ဖြစ်လာနိုင်တယ်ဆိုတာကို ပြသနေပါတယ်။
အထက်က ဖြစ်ရပ်နှစ်ခုကို ထောက်ချင့်ပြီး ပြောချင်တာကတော့ လူငယ်တစ်ယောက်အဖို့ မည်သည့်နေရာ၊ မည်သည့်ဒေသ… ကပဲ လာလာ၊ မင်းရဲ့ အားထုတ်မှုက မင်းကို အောင်မြင်စေ နိုင်ပါတယ်။ ဂီတသမား၊ အားကစားသမား ဒါမှမဟုတ် တခြား တစ်ခုခုဖြစ်ချင်ရင် မင်းရဲ့ ပန်းတိုင်ကို ရောက်နိုင်တယ်ဆို တာကို မှတ်ထားပါ။ ဆက်ကြိုးစားပါ၊ ကိုယ့်ကိုယ်ကို ယုံကြည်ပါ၊ အလျှော့မပေးပါနဲ့။ ကေပေါ့ပ်စတားတွေလိုပဲ မင်းလည်း တစ်နေ့မှာ တောက်ပလာနိုင်ပါတယ်။
ဝါးပင်လေးတစ်ပင်ကနေ ဝါးတောကြီးဖြစ်လာနိုင်သလိုပဲ၊ လူငယ်တွေဟာလည်း သူတို့ရဲ့ အိပ်မက်တွေကို ကြိုးစားအားထုတ်ရင် အောင်မြင်နိုင်တယ်ဆိုတာကို ပြောချင်ပါတယ်။
ကိုးကားစာရင်း
https://www.bbc.com/news/articles/c99vxpg55zmo
https://en.wikipedia.org/wiki/K-pop
https://rollingstone.com.brBossa Nova archives
https://blues.gr/profiles/blogs/interview-with-brazilian-guitarist-carlos-caf-plays-the-blues
https://jazzandbossaguitar.com/the-top-23-of-bossa-guitar-in-alphabetical-order
https://jazzandbossaguitar.com/the-top-23-of-bossa-guitar-in-alphabetical-order