
ထရမ့်အစိုးရက ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံဆိုပြီး ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ် သူပြုသမျှ နုရမယ့်၊ လက်ခံရမယ့် လက်အောက်ခံနိုင်ငံတွေလို ပြုမူဆက်ဆံနေတာက စိတ်ပျက်စရာပါ။ တကယ်ကတော့ အမေရိကန်နိုင်ငံ ကလည်း သူ့နိုင်ငံရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ ကျန်ကမ္ဘာ့နိုင်ငံ တွေအပေါ် အနည်းနဲ့ အများ မှီခိုနေရတာပါ။ ကုန်သွယ်ရေးဆိုတာ သူ့နိုင်ငံလိုအပ်ချက်၊ ကိုယ့်နိုင်ငံ လိုအပ်ချက် အပြန်အလှန် ဖြည့်ဆည်းနိုင်ဖို့ ရောင်းဝယ်ကြရတာပါ။ အရင်ဆောင်းပါးမှာ တင်ပြထားတဲ့ ကနေဒါကိစ္စကို ပြန်ကောက်ရရင် အမေရိကန်နိုင်ငံကပဲ ကနေဒါနိုင်ငံကို တစ်နှစ် ဒေါ်လာဘီလီယံ ၃၀ဝ လောက် အသားလွတ် ထောက်ပံ့ပေးနေရသလို “အောက်ကလိအာ” ပြောပါသေးတယ်။ ကနေဒါလို မဟာမိတ်အရင်းနိုင်ငံကိုတောင် ဒီလိုဆက်ဆံနေတဲ့ ထရမ့်အစိုးရအပေါ် ကျန်ကမ္ဘာ့နိုင်ငံတွေက အားကိုး အားထားပြုရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ဘယ်လိုလုပ် သဘောထားမှာလဲ။
ကနေဒါနိုင်ငံဟာ သူ့နိုင်ငံရဲ့ စီးပွားရေးက အမေရိကန်နိုင်ငံအပေါ် မှီခိုနေရတာကို အတတ်နိုင်ဆုံး လျှော့ချဖို့ ကြိုးစားလာတာက သဘာဝကျတဲ့ တုံ့ပြန်မှုပါ။ ကနေဒါကုန်သွယ်ရေးဝန်ကြီး မေရီအန်း (Mary Ng) ဟာ ဥရောပ သမဂ္ဂနဲ့ ကုန်သွယ်မှုမြှင့်တင်ဖို့ ဆွေးနွေးနေပါပြီ။ အဓိကအာရုံစိုက် ဆွေးနွေးမှာက မရှိမဖြစ် အရေးပါတဲ့ သတ္တုကဏ္ဍ၊ စွမ်းအင်ကဏ္ဍနဲ့ နည်းပညာတင်ပို့မှုကဏ္ဍတွေပါ။ ဥပမာပြောရရင် လက်ရှိမှာ ကနေဒါထုတ်လုပ်သမျှ ရေနံရဲ့ (၉၇) ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံကို တင်ပို့နေတာပါ။ ကနေဒါနိုင်ငံလိုပဲ ထရမ့်အစိုးရရဲ့ ခြိမ်းခြောက်မှုခံနေရတဲ့ ဥရောပသမဂ္ဂကလည်း ကနေဒါနိုင်ငံရဲ့ ရေနံဝယ်ယူဖို့ လိုလိုလားလား တုံ့ပြန်ဆွေးနွေးပါတယ်။ ရှင်းပါတယ်။ ကမ္ဘာ့ စီးပွားရေးမှာ အမေရိကန်နိုင်ငံရဲ့ သြဇာလျှော့ချဖို့က ကနေဒါနိုင်ငံနဲ့ ဥရောပသမဂ္ဂရဲ့ ဘုံအကျိုးစီးပွား ဖြစ်နေပြီလေ။ ကနေဒါနိုင်ငံက သူ့ကုန်သွယ်ရေးရင်းမြစ် ကမ္ဘာအနှံ့ ဖြန့်ကြက်နေဖို့ ဥရောပသမဂ္ဂနဲ့ပဲ ဆွေးနွေးနေတာ မဟုတ်ပါဘူး။ ဂျပန်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားလို အာရှနိုင်ငံတွေနဲ့ပါ ဆွေးနွေး နေတာပါ။ ထရမ့်အစိုးရရဲ့ လုပ်ရပ်ကိုကြည့်ပြီး ဒီနိုင်ငံတွေကလည်း “အမေရိကန်နိုင်ငံ အပေါ်ယုံ မှတ်လို့ ပုံအပ်မိရင် ငါတို့အမှား” ဆိုတာ သဘောပေါက်နေပါပြီ။
“ပြောချင်တာက ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံအဆင့်ကို “ကျောက်ခဲရေညှစ်သလို” မတော်မတရား အနိုင်အထက်ပြုကျင့်ပြီး ထူထောင်လို့မရပါဘူး။”
တကယ်ကတော့ ကနေဒါနိုင်ငံမှာ သူ့ရဲ့ ကုန်သွယ်ရေးရင်းမြစ်တွေ ဖြန့်ကြက်နိုင်ဖို့ အခြေခံလိုအပ်ချက်တွေ ရှိနေပြီးသားပါ။ ကနေဒါနိုင်ငံနဲ့ ဥရောပသမဂ္ဂကြားမှာ ကုန်သွယ်ရေး သဘောတူညီချက် (The Comprehensive Economic and Trade Agreement – CETA) ကို ၂၀၁၆ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးပြီးသားပါ။ အာရှနိုင်ငံ တွေနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ဆိုရင် (Comprehensive and Progressive Agreement for Trans-Pacific Partnership – CPTPP) ကို ၂၀၁၈ ခုနှစ်ကတည်းက လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့ကြတာပါ။ ဒီကုန်သွယ်ရေးသဘော တူညီချက် (CPTPP) မှာ အာရှနိုင်ငံတွေထဲက သြစတြေးလျ၊ ဘရူနိုင်း၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ စင်္ကာပူနဲ့ ဗီယက်နမ်နိုင်ငံတွေ ပါဝင်ပါတယ်။ အာရှနိုင်ငံမဟုတ်တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ကနေဒါ၊ ချီလီ၊ မက္ကဆီကို၊ ပီရူးနဲ့ ဗြိတိန်တို့ပါ။ ဒီနေရာမှာ ထောက်ပြလိုတာက ဒီသဘောတူညီချက်ရဲ့ ကနဦးအစပျိုး သဘောတူညီချက် (Trans-Pacific Partnership) ကို အမေရိကန်နိုင်ငံက ဦးဆောင်ခဲ့ပေမယ့် လွယ်အိတ် လုပ်နေလို့ ဂျပန်နိုင်ငံက ဦးဆောင် ဖွဲ့စည်းခဲ့ရတာပါ။
ပြောချင်တာက ကမ္ဘာ့နံပါတ်တစ် အင်အားကြီးနိုင်ငံအဆင့်ကို “ကျောက်ခဲရေညှစ်သလို” မတော်မတရား အနိုင်အထက်ပြုကျင့်ပြီး ထူထောင်လို့မရပါဘူး။ ကနေဒါနိုင်ငံလို မဟာမိတ်အရင်း နိုင်ငံကို “မင်းတို့လက်အောက်ခံ ပြည်နယ်လာလုပ်” လို့ ပြောထွက်တဲ့ ထရမ့်ရဲ့ မျက်နှာပြောင်တိုက်မှု ကလည်း အော်ဂလီဆန်စရာပါ။ တကယ်ကတော့ ကနေဒါနိုင်ငံဟာ ကိုယ့်အင် ကိုယ့်အားနဲ့ အခိုင်အမာရပ်တည်နေတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေထဲက တစ်နိုင်ငံပါ။ ကမ္ဘာ့ရေနံ ရင်းမြစ် ပိုင်ဆိုင်မှုမှာ ကနေဒါနိုင်ငံဟာ တတိယအဆင့် ရှိပါတယ်။ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကလည်း ကနေဒါနိုင်ငံဟာ ကမ္ဘာ့ပဉ္စမမြောက်အဆင့်နိုင်ငံပါ။ အလျူမီနီယံကို ကမ္ဘာပေါ်မှာ စတုတ္ထအများဆုံး ထုတ်လုပ်နေတဲ့ နိုင်ငံဟာ ကနေဒါနိုင်ငံပါ။ ရွှေထုတ်လုပ်မှုမှာလည်း ကနေဒါနိုင်ငံက ကမ္ဘာ့ပဉ္စမမြောက် အဆင့် ရှိပါတယ်။ နျူကလီးယား စွမ်းအင်ထုတ်လုပ်မှုရဲ့ ရင်းမြစ်ဖြစ်တဲ့ယူရေနီယမ် ကိုလည်း ကနေဒါ နိုင်ငံက ကမ္ဘာ့ဈေးကွက်လိုအပ်ချက်ရဲ့ (၁၅)ရာခိုင်နှုန်း အထိ ဖြည့်ဆည်းပေး နေတာပါ။ ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ကြည့်ရင်လည်း ကနေဒါနိုင်ငံဟာ အမေရိကန်နိုင်ငံကို တစ်နှစ်ဒေါ်လာ ၆ ဘီလီယံဖိုး လောက် တင်ပို့ဖြန့်ဖြူးပေးနေတာပါ။ အမေရိကန်နိုင်ငံရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ နေရာမှာလည်း ကနေဒါနိုင်ငံရဲ့ အခန်းကဏ္ဍက ကြီးမားပါတယ်။ အမေရိကန်နိုင်ငံကို တစ်နှစ်ဒေါ်လာ ၃၃ ဘီလီယံဖိုး တင်ပို့ရောင်းချနေတာပါ။ ဓာတ်မြေသြဇာက ထုတ်လုပ်ရာမှာ အရေးပါတဲ့ ပို့တက်ရှ် (Potash) ဆိုရင်လည်းပဲ ကနေဒါ နိုင်ငံဟာ ကမ္ဘာ့အဆင့် တစ်နိုင်ငံပါ။ ပြောချင်တာက ကနေဒါနိုင်ငံလို နိုင်ငံမျိုးတောင် ပမာမခန့်ဆက်ဆံနေတဲ့ ထရမ့် အစိုးရအပေါ် ဘယ်နိုင်ငံက ယုံကြည် အားကိုးမှာလဲ။ ထရမ့်လုပ်ရပ်က အမေရိကနိုင်ငံရဲ့အင်အားကို တည်ဆောက်နေတာ မဟုတ်ပါဘူး။ ဖြိုဖျက်နေတာပါ။
ပြောရရင် ကမ္ဘာ့စီးပွားရေးမှာ အမေရိကန်နိုင်ငံ (တခြားအနောက်နိုင်ငံကြီးတွေလည်း ပါပါတယ်) ရဲ့ အပေါ်စီးယူ ဆက်ဆံပြုမူနေတာကို စုစည်းတွန်းလှန်နိုင်ငံဖို့ ကျန်ကမ္ဘာ့နိုင်ငံတွေ ကြိုးပမ်းနေတာ ကြာပါပြီ။ BRICS က ထင်ရှား တဲ့ ဥပမာပါ။ BRICS ကို လွန်ခဲ့တဲ့ (၁၀)နှစ် ၂၀ဝ၉ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့ဝင်နိုင်ငံ (၁၀)နိုင်ငံ ရှိပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီဂျစ်၊ အီသိုယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်နဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စု (UAE) နိုင်ငံတွေပါ။ မတူညီတဲ့ စီးပွားရေးအင်အား၊ အရောင်အသွေးမတူတဲ့ နိုင်ငံရေး အယူအဆရှိတဲ့ နိုင်ငံတွေ စုစည်းထားတာကို ထင်ထင်ရှားရှား တွေ့ရမှာပါ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ဘီလာရုစ်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ ကာဇက်စတန်၊ နိုင်ဂျီးရီးယား၊ ထိုင်း၊ ယူဂန္ဓာနဲ့ ဥဇဘက်ကစ္စတန်နိုင်ငံတွေ ဟာ BRICS ရဲ့ လက်တွဲဖက်နိုင်ငံတွေ ဖြစ်လာပါတယ်။ လက်ရှိမှာ လေ့လာသူအဆင့်မှာ ရှိနေသေး ပေမယ့် နောက်ထပ် လက်တွဲဖော်နိုင်ငံ ဖြစ်လာမယ့် နိုင်ငံသုံးခုကလည်း အဆင်သင့်ရှိနေပါပြီ။ အယ်ဂျီးရီးယား၊ တူရကီနဲ့ ဗီယက်နမ်နိုင်ငံ တွေပါ။
BRICS နိုင်ငံတွေက ကမ္ဘာ့စီးပွားရေးမှာ အနောက်နိုင်ငံကြီးတွေ ကြီးစိုးထားတာကို မကြိုက်ကြ ပါဘူး။ အမေရိကန်နိုင်ငံကသာ ဥက္ကဋ္ဌခန့်ခွင့်ရှိတဲ့ ကမ္ဘာ့ဘဏ်၊ ဥရောပနိုင်ငံထဲကသာ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ (IMF) တွေက နုတ်ထွက်ဖို့ကိုတောင် ဒီနိုင်ငံတွေက စဉ်းစားသုံးသပ် နေကြတာပါ။ ကမ္ဘာ့ငွေကြေးလွှဲပြောင်းမှုတွေမှာ အမေရိကန်ကြီးစိုးထားတဲ့ SWIFT ကို အားပြိုင်နိုင် အောင် ကိုယ်ပိုင်ငွေလွှဲစနစ် ရှင်သန်ခိုင်မာဖို့ ကြိုးပမ်းနေကြပါပြီ။ BRICS ရဲ့ ငွေလွှဲစနစ်မှာ အပြန်အလှန်ကုန်သွယ်မှုတွေကို ကိုယ့်နိုင်ငံသုံး ငွေကြေးတွေနဲ့ ပေးချေနိုင်အောင်လည်း စီစဉ်ထား ကြပါတယ်။ ဖွံ့ဖြိုးရေးဘဏ်ထူထောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်လာအောင် ဟန်ချက် ညီညီ လက်တွဲဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေကြတာပါ။ ပြောလိုတာက ဒီကနေ့ကမ္ဘာကြီးဟာအမေ ရိကန် တစ်နိုင်ငံတည်းက သူ့စိတ်တိုင်းကျ ပုံသွင်းဖော်ဆောင်စွမ်း မရှိပါဘူး။
“မရှိတာကို ရှိလေဟန်” မာန်သွင်းဟောက်စားလုပ်နေရင်တော့ ကမ္ဘာ့ပြည်သူတွေ ရှေ့မှောက်မှာ ထရမ့် အစိုးရဟာ သင်္ကြန်အမြောက်သာ ဖောက်တတ်တဲ့ စက္ကူကျားဆိုတာကို ဒူးထောက်ဝန်ခံရမှာပါ။