ကျွန်တော်ဟာ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်း နိုင်ငံတော်အာဏာသိမ်းပြီး (၁၇၇) ရက်အကြာ ဩဂုတ်လ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှာတော့ ကျွန်တော့်ဘဝရဲ့ မွေးနေ့မှတ်တိုင်အသစ်တစ်ခု ရောက်လာပြန်ပါပြီ။ ဒီနေ့မှာပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်လေး တစ်ဦးဆီကနေ ရိုးရှင်းပေမယ့် အဓိပ္ပာယ်နက်ရှိုင်းတဲ့ မွေးနေ့ဆုတောင်း စာတိုလေးတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။

စာက တိုတိုလေးပဲ၊ ပင်လယ်ထဲက ရေခဲတောင်ထိပ်ဖျားလေးလိုပဲ။ ဒါပေမဲ့ အဓိပ္ပာယ်က ရေခဲတောင်ထိပ်ဖျား အောက်ဘက်မှာ မမြင်နိုင်တဲ့ ထုထည်က ကြီးလှပါတယ်။
“Do not count the candles but see the light they give. Do not count the years, but the life you live.”
— Unknown
“Growing old is mandatory; growing up is optional.”
— Chili Davis
အဲဒီဆိုရိုးစကားနှစ်ခုကို ဗုဒ္ဓဘာသာ အတွေးအမြင်နဲ့ ရိုးရိုးရှင်းရှင်းလေး သုံးသပ်ကြည့်မိတယ်။
“ဖယောင်းတိုင် ဘယ်နှတိုင်လဲဆိုတာ မရေနဲ့၊ သူပေးတဲ့အလင်းရောင်ကိုသာ ကြည့်ပါ။ ဘယ်နှနှစ်လဲဆိုတာ မရေနဲ့၊ သင်ဘယ်လိုဘဝမျိုး ရှင်သန်နေလဲဆိုတာကိုသာ ကြည့်ပါ” တဲ့။
ဒီစကားက ဗုဒ္ဓဘာသာရဲ့ အဓိကအချက်တွေဖြစ်တဲ့ အနိစ္စ (မမြဲခြင်း) နဲ့ သတိရှိခြင်း ကို ထင်ဟပ်နေပါတယ်။
“ဖယောင်းတိုင် ဘယ်နှတိုင်လဲဆိုတာ မရေနဲ့၊ သူပေးတဲ့အလင်းရောင်ကိုသာ ကြည့်ပါ” ဆိုတာက ဘဝသက်တမ်းရဲ့ ကိန်းဂဏန်းတွေ (ဖယောင်းတိုင်တွေ) ဟာ အရေးမကြီးဘူးလို့ ပြောတာပါ။ အရေးကြီးတာက ဘဝရဲ့ အရည်အသွေး (သူပေးတဲ့ အလင်းရောင်) ပါ။
ဗုဒ္ဓဘာသာမှာ ဒီအလင်းရောင်ဟာ လူတစ်ယောက်ရဲ့ ကုသိုလ်ကံ၊ သူရရှိတဲ့ဉာဏ်ပညာ၊ ဒါမှမဟုတ် အခြားသူတွေအပေါ် ပေးနိုင်တဲ့ ကောင်းကျိုးတွေကို ကိုယ်စားပြုပါတယ်။
“အလင်းရောင်ကို ကြည့်ပါ” ဆိုတာက လက်ရှိအချိန်မှာ ကိုယ့်လုပ်ဆောင်ချက်တွေ၊ ရွေးချယ်မှုတွေအပေါ် သတိရှိရှိ နေထိုင်ဖို့ တိုက်တွန်းတာပါ။ အဲဒီလုပ်ရပ်တွေကသာ ကျွန်တော်တို့ရဲ့ ဘဝကို အမှန်တကယ် ပုံဖော်ပေးတာပါ။
“ဘယ်နှနှစ်လဲဆိုတာ မရေနဲ့၊ သင်ဘယ်လိုဘဝမျိုး ရှင်သန်နေလဲဆိုတာကိုသာ ကြည့်ပါ”
ဒီစကားက ဘဝကို နှစ်တွေနဲ့ တိုင်းတာတာမဟုတ်ဘဲ ဘယ်လို အကြောင်းအရာတွေနဲ့ ပြည့်နေလဲဆိုတာနဲ့ တိုင်းတာ သင့်တယ်လို့ သတိပေးနေပါတယ်။ မေတ္တာ၊ ကရုဏာ၊ ဉာဏ်ပညာနဲ့ ပြည့်နေတဲ့ ဘဝဟာ တိုတောင်းရင်တောင်မှ လောဘ၊ ဒေါသ၊ မောဟနဲ့ ပြည့်နေတဲ့ ရှည်လျားတဲ့ဘဝထက် ပိုပြည့်စုံပါတယ်။
ဘုရားရှင်က အရာအားလုံးဟာ ပြောင်းလဲတတ်တယ်လို့ ဟောကြားခဲ့ပါတယ်။ ဒါကြောင့် ကုန်ဆုံးသွားတဲ့ အချိန်တွေကို နှမြောနေမယ့်အစား၊ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုမှာ ဆက်လက် ရှင်သန်ဖို့နဲ့ ဘ၀ဆင်းရဲဒုက္ခကနေ လွတ်မြောက်ဖို့အတွက် မဂ္ဂင်ရှစ်ပါး အတိုင်း လိုက်နာကျင့်ကြံဖို့ အားပေးနေတာပါ။
“အသက်ကြီးလာတာက မဖြစ်မနေပါ၊ မလွှဲမရှောင်သာပါ။ ရင့်ကျက်လာဖို့က ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်” တဲ့။
ဒီစကားကိုတော့ ဗုဒ္ဓဘာသာရဲ့ အိုခြင်း နဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှု အမြင်နဲ့ ရှင်းပြနိုင်ပါတယ်။
“အသက်ကြီးလာတာက မဖြစ်မနေပါ” ဆိုတာကတော့ အနိစ္စ (မမြဲခြင်း) ကို လက်ခံလိုက်တာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ မွေးဖွားလာတယ်၊ အိုမင်းတယ်၊ ပြီးတော့ သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်ဟာ ရှောင်လွှဲလို့မရတဲ့ သဘာဝတရား တစ်ခုပါ။ ဒီအမှန်တရားကို လက်ခံနိုင်ခြင်းဟာ ဘဝရဲ့သဘောကို နားလည်ဖို့နဲ့ ငယ်ရွယ်နုပျိုခြင်းအပေါ် တွယ်တာစိတ်ကို လျှော့ချဖို့ အရေးပါတဲ့ ပထမဆုံး ခြေလှမ်းပါ။
“ရင့်ကျက်လာဖို့က ကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်” ဆိုတဲ့ စကားက ဗုဒ္ဓဘာသာအမြင်အရ ပိုပြီးနက်ရှိုင်းပါတယ်။ ဒီနေရာမှာ “ရင့်ကျက်လာတာ” ဆိုတာက စိတ်ဓာတ် တိုးတက်လာတာကို ဆိုလိုပါတယ်။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က သူ့အလိုလို အသက်ကြီးလာပေမယ့် စိတ်ကတော့ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အသက်အရွယ်ကြီးရင့်လာရင်တောင်မှ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အဆိပ်သုံးမျိုး ရဲ့ လွှမ်းမိုးမှုအောက်မှာ ဆက်ရှိနေနိုင်ပါတယ်။
“ရင့်ကျက်လာဖို့” ဆိုတာက သတိပဋ္ဌာန်၊ တရားထိုင်ခြင်းနဲ့ မေတ္တာတရားတွေကို လေ့ကျင့်ပြီး ဒီစိတ်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေကို ကျော်လွှားဖို့ ကြိုးစားတာပါ။ ဒါက ဉာဏ်အလင်းရဖို့ လမ်းကြောင်းပါပဲ။ ဒီလမ်းက အသက်ကြီးရုံနဲ့ ရောက်သွားတာမဟုတ်ဘဲ ဝီရိယ (လုံ့လ) နဲ့ ပညာ (ဉာဏ်ပညာ) ရှိရှိနဲ့ ကိုယ်တိုင်ရွေးချယ်ပြီး ကြိုးစားမှ ရရှိနိုင်တာပါ။
ဒါကြောင့် အမှန်တကယ်ရင့်ကျက်တာဟာ အသက်အရွယ်ကြောင့်မဟုတ်ဘဲ စိတ်ရဲ့ ရင့်ကျက်မှုနဲ့ ဝိညာဉ်ရေးရာ ခရီးအပေါ် မူတည်တယ်လို့ ဒီစကားက ဆိုလိုနေပါတယ်။
မိုးကောင်းဘုရား
ကျွန်တော့်ရဲ့ မွေးနေ့မှာရန်ကင်းမြို့နယ်က မိုးကောင်းဘုရားကို တစ်ဦးတည်းသွားပြီးကုသိုလ်ပြုခဲ့ပါတယ်။ အဖေရှိစဉ်က အဲဒီ ဘုရားမှာ သူ တရားထိုင်ခဲ့တဲ့ နေရာဟောင်းလေးမှာ ကျွန်တော် တွေးတောဆင်ခြင်မိပါရဲ့။ ဖခင် တရားထိုင်ခဲ့တဲ့ နေရာ ဟောင်းလေးမှာ ကိုယ်တိုင်ကုသိုလ်ယူပြီး သူရဲ့ ဝိညာဉ်ရေးရာအမွေကို တိတ်ဆိတ်စွာ ဆက်ခံခဲ့တာ ဖြစ်ပါတယ်။
ဗုဒ္ဓသာသနာ ထွန်းကားဖို့အတွက် အသောကမင်းကြီးက စေတီ ၈၄,၀၀၀ တည်ခဲ့တယ်။ အဲဒီထဲမှာ မိုးကောင်း ဆုတောင်းပြည့် စေတီ တစ်ဆူပါဝင်ပါတယ်။အစက ဒီစေတီကို သီရိမင်္ဂလာစေတီလို့ ခေါ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ မိုးမိတ်စော်ဘွားကြီး စဝ်ခွန်နောင်က အခုပုံစံအတိုင်း ပြန်ပြင်ပြီး မိုးကောင်းဆုတောင်းပြည့်စေတီလို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကာလတွေ ပြောင်းလဲသွားပေမယ့် ဖခင်ရဲ့ ဝိဉာဉ်ရေးရာလမ်းစဉ်အတိုင်းဆက်လက် လျှောက်လှမ်းဖို့ မျှော်မှန်းပါတယ်။
အများသူငါ အမြင်မှာတော့ ကျွန်တော်ရဲ့မွေးနေ့ဟာ ကိတ်မုန့်နဲ့ “Happy Birthday to you” သီချင်းတွေ မပါဝင်လို့ ခြောက်ကပ်နေတယ်လို့ ထင်ရကောင်း ထင်ရပါလိမ့်မယ်။
ဒါပေမဲ့ ဆူညံတဲ့ပျော်ပွဲရွှင်ပွဲတွေမရှိတဲ့အတွက် ပိုပြီးနက်နဲတဲ့တန်ဖိုးတွေနဲ့ ပြည့်နေတာ ဖြစ်ပါတယ်။အနှစ်သာရရှိတဲ့ ငြိမ်သက်ခြင်းနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်ခြင်းကို ရှာဖွေနိုင်ဖို့ ကျွန်တော် ဦးလှည့်ခဲ့ပါတယ်။
အမှန်တကယ်ရင့်ကျက်ခြင်းဆိုတာ ဟန်ဆောင်လို့ မရ၊ အသက်အရွယ်နဲ့ တိုင်းတာလို့မရဘဲ၊ မိမိရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကနေ ထင်ဟပ်ပေါ်လွင်နေမှာပါ။
မွေးနေ့ကျင်းပပုံတွေ အမျိုးမျိုး
အာရှနိုင်ငံတွေမှာ မွေးနေ့ကျင်းပပုံ ဓလေ့တွေက တစ်နေရာနဲ့တစ်နေရာ မတူညီကြပါဘူး။ အနောက်တိုင်းယဉ်ကျေးမှုတွေ ဝင်ရောက်လာပေမယ့် ကိုယ့်မူလ ဓလေ့ကို ထိန်းသိမ်းထားတာမျိုးတွေလည်း အများကြီးရှိပါတယ်။
တရုတ်နဲ့ ကိုရီးယားမှာတော့ နှစ်သစ်ကူးနေ့ဟာ မွေးနေ့လို အရေးကြီးပါတယ်။ သူတို့ရိုးရာမှာ နှစ်သစ်ကူးရောက်ရင် လူတိုင်းဟာ အသက်တစ်နှစ်စီ တစ်ပြိုင်နက်ကြီး တိုးသွားတယ်လို့ ယုံကြည်ကြပါတယ်။
တရုတ် မှာက မွေးနေ့ပွဲတွေကို ကြီးကြီးမားမား မလုပ်တတ်ကြပေမယ့် အသက် ၆၀၊ ၈၀ ပြည့်လို အသက်ကြီးပိုင်းတွေရဲ့ မွေးနေ့ကိုတော့ အထူးတလည် ဂုဏ်ပြုကြပါတယ်။
ကိုရီးယား မှာလည်း မွေးဖွားပြီးတာနဲ့ တစ်နှစ်သားလို့ သတ်မှတ်ကြပြီး နှစ်သစ်ကူးတိုင်းမှာ အသက်တစ်နှစ်တိုးတယ်လို့ ယူဆပါတယ်။ အခုတော့ အနောက်တိုင်းဓလေ့တွေကြောင့် တစ်နှစ်ကို မွေးနေ့နှစ်ခါ ကျင်းပသလို ဖြစ်နေကြပါပြီ။ ပထမတစ်ခုက မွေးတဲ့နေ့မှာ ကျင်းပတာဖြစ်ပြီး ဒုတိယတစ်ခုကတော့ နှစ်သစ်ကူးမှာ အသက်တိုးတာကို ဂုဏ်ပြုတာပါ။
ဂျပန်နိုင်ငံမှာတော့ “Shichi-Go-San” (ရှီချီ-ဂို-ဆန်း) ဆိုတဲ့ ထူးခြားတဲ့မွေးနေ့ ဓလေ့တစ်ခု ရှိပါတယ်။ သုံးနှစ်၊ ငါးနှစ်၊ ခုနစ်နှစ်အရွယ် ကလေးတွေကို ဘုရားကျောင်းခေါ်သွားပြီး အသက်ရှည်ကျန်းမာဖို့ ဆုတောင်းပေးတဲ့ ရိုးရာတစ်ခုပါ။ အနောက်တိုင်းလို မွေးနေ့ပွဲနဲ့တော့ မတူပေမဲ့ ကလေးတွေရဲ့ ကြီးထွားမှုကို အမှတ်ရစေတဲ့ ဓလေ့တစ်ခုပါပဲ။
အာရှနိုင်ငံအများစုမှာတော့ မွေးနေ့ကို မိသားစုနဲ့အတူ ရိုးရှင်းစွာ စားသောက်ပြီး ဆင်နွှဲလေ့ရှိပါတယ်။ မွေးနေ့ကိတ်အစား အသက်ရှည်စေတယ်လို့ ယုံကြည်ရတဲ့ ခေါက်ဆွဲရှည်ရှည်တွေ စားကြတာကလည်း တရုတ်၊ ကိုရီးယားလို နိုင်ငံတွေရဲ့ ထုံးတမ်း စဉ်လာတစ်ခု ဖြစ်ပါတယ်။
မြန်မာစတိုင် မွေးနေ့
ကျွန်တော့် သူငယ်ချင်းရဲ့မိသားစုမှာ မွေးနေ့ကို ဆူဆူညံညံ ပွဲလုပ်တာမျိုးမဟုတ်ဘဲ မိသားစုအချင်းချင်း နွေးထွေးတဲ့ ညစာစားပွဲနဲ့ လက်ဆောင်ဖလှယ်ခြင်းမျိုးကိုပဲ ရိုးရိုးရှင်းရှင်း ပြုလုပ်ကြပါတယ်။ ဒီအလေ့အထက မိသားစုရဲ့ဆက်ဆံရေးနဲ့ နွေးထွေးမှုကို ပိုပြီးအလေးထားတဲ့ ချဉ်းကပ်မှုတစ်မျိုးပါ။
ဒီအစဉ်အလာဟာ မွေးနေ့ပိုင်ရှင်ကို ဗဟိုပြုပြီး ကျင်းပတာမျိုး မဟုတ်ဘဲ၊ နှစ်တစ်နှစ်ကို အတူတူ ဖြတ်သန်းလာတဲ့ မိသားစုဝင်အားလုံးရဲ့ မေတ္တာတရားကို အဓိကထားပြီး ဂုဏ်ပြုတာ ဖြစ်ပါတယ်။ အချိန်တိုအတွင်း ပျော်ရွှင်မှုတွေ ပေးတဲ့ တခြားပွဲလမ်းသဘင်တွေထက် မိသားစုအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ခိုင်မာစေတဲ့ ရိုးရှင်းတဲ့ဒီအစီအစဉ်က တကယ်တော့ အနှစ်သာရရှိတဲ့ အခိုက်အတန့်တွေပါ။
မတူညီသော မွေးနေ့ အဓိပ္ပာယ်များ
အတွင်းစိတ်ရဲ့ ခရီးစဉ် (Inner Journey) ကို ဦးစားပေးပြီး တစ်ကိုယ်တည်း တိတ်ဆိတ်စွာ ကုသိုလ်ယူတာက တစ်မျိုး၊ နှလုံးသားရဲ့ ခရီးစဉ် (Journey of the Heart) ကို ဦးစားပေးပြီး မိသားစုမေတ္တာ၊ ချစ်ခင်မှုနဲ့ ဆက်ဆံရေးကို အလေးပေးတာက တစ်မျိုးပါ။ ဒါဟာ လူမှုပတ်ဝန်းကျင်နဲ့ အတူတူရင့်ကျက်လာခြင်းကို အဓိပ္ပာယ်ဖွင့်ဆိုတာ ဖြစ်ပါတယ်။
ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အရာကို ရှာတွေ့ပြီး အဲဒီလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခြင်းကသာ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။
မွေးနေ့ဆိုတာ အနောက်တိုင်းဓလေ့လို့ အများက မြင်ကြပေမယ့် တကယ်တမ်းမှာတော့ ဥရောပမှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာကတည်းက ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

နောက် မိတ်ဆွေတစ်ယောက်ရဲ့အမြင်ကတော့ ထူးခြားပါတယ်။ သူတို့မိသားစုက မွေးနေ့ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင်းပကြတယ်။မွေးနေ့အထူးဟင်းလျာတွေနဲ့ မွေးနေ့ကိတ် လုပ်စားကြပေမယ့် ဖယောင်းတိုင် မီးမှုတ်တာ၊ သီချင်းဆိုတာမျိုးတွေ မလုပ်ကြဘူးလို့ ပြောပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ “ငရဲပြည်ရဲ့ စာရင်းမှတ်တမ်းကိုင်သူတွေ” ရဲ့ အာရုံစိုက်မှုကို ရှောင်ရှားဖို့အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် မွေးနေ့ပွဲမှာ အကုသိုလ်ကံတွေ မတိုးပွားအောင် သက်သတ်လွတ်အစားအသောက်တွေပဲ ကျွေးမွေးဖို့ အလေးထား ကြပြီး သားငါးတွေနဲ့ ကြီးကြီးမားမားပွဲတွေ ကျင်းပတာကို ရှောင်ကြဉ်ကြတယ်လို့လည်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ မွေးနေ့ပွဲ
အနောက်တိုင်းယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာကြောင့် အခုနောက်ပိုင်းမှာ မွေးနေ့ကိတ်ခွဲပြီး သီချင်းဆိုတာမျိုးတွေ လုပ်လာကြပေမဲ့ ရိုးရာဓလေ့တွေလည်း ရှိနေပါသေးတယ်။
မြန်မာလူမျိုး အများစုက မွေးနေ့ရောက်ရင် မွေးနေ့ရှင်ရဲ့အသက်နဲ့ ညီမျှတဲ့ ဆီမီးခွက်တွေကို ဘုရားမှာ ကပ်လှူ ပူဇော်ကြပါတယ်။ ဒါ့အပြင် ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ်တာ၊ သံဃာတော်တွေကို ဆွမ်းဆန်စိမ်း လောင်းလှူတာ၊ ဒါမှမဟုတ် သီလရှင်ကျောင်းတွေမှာ အစားအသောက်လှူဒါန်းတာမျိုးတွေ ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကုသိုလ် ရပြီး ကောင်းတဲ့ဘဝကို ရရှိမယ်လို့ ယုံကြည်ကြပါတယ်။ တချို့ကတော့ မွေးနေ့ရှင် အသက်ရှည်စေဖို့ ငါးတွေကို ရေကန်၊ မြစ်ချောင်းတွေမှာ လွှတ်ပေးတာ၊ ငှက်တွေကို လွှတ်ပေးတာမျိုးလည်း လုပ်ကြပါတယ်။
အများစုကတော့ မွေးနေ့ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ မိသားစုနဲ့အတူတူ ညစာစားတာမျိုး၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်မှာ သွားထိုင်ပြီး မုန့်စားတာမျိုးတွေ ပြုလုပ်ကြပါတယ်။ မြန်မာ့ရိုးရာမှာ မွေးနေ့ဆိုပြီး အခြားသူတွေကို အကျွေးအမွေးလုပ်တာထက် ကိုယ့်မွေးနေ့ရှင်ရဲ့ မိဘနှစ်ပါးကို ရှိခိုးပြီး ကန်တော့လေ့ရှိကြပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မွေးနေ့ရှင်က မိဘကို ကျေးဇူးဆပ်တယ်လို့ ယုံကြည်ကြပါတယ်။
အခုနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက လူငယ်တွေနဲ့ မြို့ပြမှာနေထိုင်ကြတဲ့သူတွေက မွေးနေ့ကို သူငယ်ချင်းတွေနဲ့ အတူတူ စားသောက်ဆိုင်မှာ အခန်းငှားပြီး ပါတီကျင်းပတာမျိုးတွေ ပြုလုပ်လာကြပါတယ်။သိပ်ချမ်းသာရင်တော့ ဟိုတယ်မှာပေါ့။ မွေးနေ့ရှင်အတွက် အပျော်သဘော မုန့်ဖုတ်တာ၊ ကိတ်မုန့်နဲ့လိုက်ပစ်တာ၊ မွေးနေ့သီချင်းဆိုတာမျိုးတွေ ပြုလုပ်ပြီး ပျော်ရွှင်စွာ ဆင်နွှဲလာကြတာကို တွေ့ရပါတယ်။
ဒီအချက်တွေက မြန်မာနိုင်ငံရဲ့ မွေးနေ့ဓလေ့ထုံးတမ်းတွေ ဘယ်လောက်အထိ ရိုးရာနဲ့ခေတ်ပေါ် ယှဉ်တွဲနေလည်း ဆိုတာကို ပြသနေပါတယ်။
မွေးနေ့နဲ့ ဗေဒင်ပညာ
မွေးနေ့ မေးတိုင်း ဘာရာသီဖွားလဲဆိုတာ စိတ်ဝင်စားမိကြတယ် ဟုတ်တယ်-ဟုတ်။
ရာသီခွင်တွေ၊ ဗေဒင်တွေဘယ်လိုတွက်ချက်ကြလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ဗေဒင်ပညာဆိုတာ လူတွေရဲ့ဘဝကို နက္ခတ်တွေ၊ ကြယ်တွေနဲ့ ဆက်စပ်ကြည့်တဲ့ ရှေးခေတ်ပညာရပ်တစ်ခုပေါ့။ သူ့ရဲ့မူလအစကတော့ အိန္ဒိယနိုင်ငံကပါတဲ့။ နှစ်ပေါင်း ၈,၀၀၀ ကျော်လောက်တောင် သက်တမ်းရှိနေပြီ။
ဗေဒင်ပညာရဲ့ မူလအစ
ဗေဒင်ပညာဟာ အိန္ဒိယ၊ တရုတ်၊ အီရတ်နဲ့ အီဂျစ်လို ရှေးဟောင်းနိုင်ငံကြီးတွေကနေ စတင်ခဲ့ပြီး ကမ္ဘာအနှံ့ပျံ့နှံ့လာတဲ့ ပညာရပ်တစ်ခုပါ။ အနောက်တိုင်းဗေဒင်ပညာကတော့ အီဂျစ်ပညာရှင်ကြီး Claudius Ptolemy ရဲ့ ကျမ်းတွေကနေ အခြေခံတာလို့ ဆိုကြပါတယ်။ တရုတ်နဲ့ အိန္ဒိယဗေဒင်ပညာတွေကလည်း သူတို့ရဲ့ ကျမ်းဂန်တွေအတိုင်း တိတိကျကျ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။
ရာသီခွင် တွက်ချက်နည်းနှစ်မျိုး
ရာသီခွင်ကို အဓိကအားဖြင့် တွက်ချက်ပုံနှစ်မျိုးရှိပါတယ်။
၁။ အနောက်တိုင်းဗေဒင် (Western Astrology)
ဒီဗေဒင်ပညာရှင်တွေက နေကို အဓိကထားပြီး တွက်ချက်ကြပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းမှာ နေသွားရာလမ်းကြောင်း (ecliptic) ကို ၃၆၀ ဒီဂရီရှိတဲ့ စက်ဝိုင်းအဖြစ် သတ်မှတ်ပါတယ်။
ပြီးနောက် အဲဒီစက်ဝိုင်းကို ရာသီခွင် ၁၂ ခုအဖြစ် တစ်ခုကို ဒီဂရီ ၃၀ စီ ညီတူညီမျှ ပိုင်းခြားလိုက်ပါတယ်။
နွေဦးပေါက်ချိန်မှာ နေရှိနေတဲ့နေရာကို Aries (မိဿ) ရာသီခွင်ရဲ့အစလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက် မွေးတဲ့နေ့မှာ နေက ဘယ်ရာသီခွင်မှာ ရှိနေသလဲဆိုတာကို ကြည့်ပြီး သူ့ရဲ့ ရာသီဖွားကို ဆုံးဖြတ်တာပါ။
၂။ အိန္ဒိယဗေဒင် (Vedic Astrology)
ဒီဗေဒင်မှာတော့ လနဲ့ ကြယ်တာရာတွေရဲ့ အနေအထားကို ပိုအလေးထားပြီး တွက်ပါတယ်။ ကမ္ဘာဝင်ရိုးစောင်းတာကိုပါ ထည့်သွင်းစဉ်းစားတဲ့အတွက် အနောက်တိုင်းဗေဒင်နဲ့ ရက်စွဲတွေက တစ်ခါတလေ ကွာဟတတ်ပါတယ်။ အနောက်တိုင်းဗေဒင်လို နွေဦးပေါက်ချိန်ကို ရာသီခွင်အစလို့ မသတ်မှတ်ဘဲ ကမ္ဘာရဲ့ဝင်ရိုးစောင်းခြင်း (axial precession) ကိုပါ ထည့်သွင်းစဉ်းစားပြီး တွက်ချက်ပါတယ်။ အိန္ဒိယဗေဒင်က လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ အတွင်းစိတ်ကို ပိုပြီး နက်နက်နဲနဲ ပြောပြနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
ဗေဒင်ဆရာတွေက ဘယ်နည်းနဲ့ပဲတွက်တွက် ကိုယ့်ရဲ့မွေးနေ့၊ အချိန်နဲ့နေရာကို မေးပြီး ဗေဒင်ဇယား (birth chart) တစ်ခုကို အရင်ရေးဆွဲပါတယ်။ အဲဒီဇယားကို ကြည့်ပြီးမှ ဟောပြောပေးတာပါပဲ။
ကွန်ပျူတာခေတ်မှာ မပျောက်ကွယ်သေးတဲ့ ထန်းဖူးဇာတာ
ဒီကနေ့ ကွန်ပျူတာနဲ့ နည်းပညာတွေက ဘဝရဲ့ အစိတ်အပိုင်းတိုင်းမှာ နေရာယူလာပေမယ့် မြန်မာ့ရိုးရာ ထန်းဖူး ဇာတာ ကတော့ သူ့ရဲ့ တန်ဖိုးကို မပျောက်မကွယ် ထိန်းသိမ်းထားဆဲပါပဲ။ အွန်လိုင်းပေါ်မှာ ဇာတာတွေ အလွယ်တကူ တွက်ချက်လို့ ရနေပေမယ့် မန္တလေးက မြန်မာလူမျိုးအများစုဟာ မိရိုးဖလာ ထန်းဖူးပေါ်မှာ ရေးဆွဲတဲ့ ဇာတာကိုပဲ အားထားနေကြပါသေးတယ်။ ဒါဟာ ဗေဒင်ပညာအပေါ် ထားရှိတဲ့ ယုံကြည်မှုကြောင့်သာမက မြန်မာ့ယဉ်ကျေးမှုဓလေ့နဲ့ ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ စိတ်ဓာတ်တွေ ကြောင့်လည်း ဖြစ်ပါတယ်။
ထန်းဖူးဇာတာ၏ အဓိပ္ပာယ်နှင့် တန်ဖိုး
ထန်းဖူးဇာတာကို ဘာလို့ တန်ဖိုးထားကြတာလဲဆိုတာကို ကြည့်မယ်ဆိုရင် အကြောင်းရင်းများစွာ တွေ့ရပါတယ်။ ပထမဆုံး အနေနဲ့၊ ထန်းဖူးဇာတာဟာ ဘိုးဘေးဘီဘင် လက်ထက်ကတည်းက လက်ဆင့်ကမ်းလာတဲ့ ရိုးရာအမွေအနှစ်တစ်ခုပါ။ ဒီဇာတာကို ကိုင်ထားခြင်းဟာ မိမိတို့ရဲ့ ဇာတိမြေပုံ၊ မူလအစကို ဂုဏ်ယူရာရောက်တယ်လို့ အများစုက ခံယူထားပါတယ်။ ဒါ့ကြောင့် ကွန်ပျူတာနဲ့ တွက်ချက်ထားတဲ့ ဇာတာထက် ထန်းဖူးဇာတာကိုပဲ စိတ်ပိုင်းဆိုင်ရာ ပိုပြီး ယုံကြည်ကြတာ ဖြစ်ပါတယ်။
ဒုတိယအချက်အနေနဲ့ ဗေဒင်ပညာရှင်တွေ တွက်ချက်ပေးထားတဲ့ ဂဏန်းတွေ၊ သင်္ကေတတွေဟာ လူတစ်ယောက်ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အတွက် လမ်းပြမြေပုံတစ်ခုလို့ သတ်မှတ်ကြပါတယ်။ ထန်းဖူးဇာတာဟာ ဘဝတစ်လျှောက်လုံး အတွက် အဆိုးအကောင်းတွေကို စနစ်တကျ ပြသပေးနိုင်တဲ့ အရာတစ်ခုအဖြစ် ရှေးလူကြီးတွေက ယုံကြည်ကြပါတယ်။ ဒါ့အပြင် “ဇာတာမှောက်ရင် ဘဝမှောက်တယ်” ဆိုတဲ့ ရှေးအယူအဆကြောင့် ထန်းဖူးဇာတာကို အိမ်ခေါင်မိုး၊ ဘုရားစင်စတဲ့ အထွတ်အမြတ် နေရာတွေမှာ ဂရုတစိုက် သိမ်းဆည်းလေ့ရှိပါတယ်။
လူမှု-စီးပွားရေး ရှုထောင့်
ထန်းဖူးဇာတာတစ်စောင်အတွက် ကုန်ကျစရိတ်က ကျပ် ၅,၀၀၀ ကနေ ၂၅,၀၀၀ အထိ ရှိနိုင်ပြီး ဇာတာရေးဆွဲသူတွေရဲ့ ဝင်ငွေထက် ဗေဒင်ဟောပြောသူတွေက ပိုမိုဝင်ငွေကောင်းတယ်လို့ သိရပါတယ်။ ဒီလို ရိုးရာဓလေ့တစ်ခု ကွန်ပျူတာခေတ်မှာ ဆက်လက်ရှင်သန်နေတာဟာ ဗေဒင်ပညာရဲ့ လွှမ်းမိုးမှုအပြင် မြန်မာလူမျိုးတွေရဲ့ ရိုးရာအစဉ်အလာကို တန်ဖိုးထားတတ်တဲ့ စိတ်ဓာတ်ကို ထင်ဟပ်ပြနေပါတယ်။ ဗေဒင်ပညာဆိုတာကတော့ ဂြိုဟ်တွေနဲ့ နက္ခတ်တွေရဲ့ လှုပ်ရှားမှုအပေါ် အခြေခံပြီး လူ့ဘဝနဲ့ပတ်သက်တဲ့ အတိတ်၊ အနာဂတ်အကြောင်းတွေကို တွက်ချက်ခန့်မှန်းတာပဲ ဖြစ်ပါတယ်။
ဗေဒင်နှင့် ဗုဒ္ဓဘာသာအမြင်
ကျွန်တော်ကတော့ ကန်ရာသီဖွားဖြစ်ပြီး အသေးစိတ် ကျကာ စနစ်တကျရှိတယ်၊ အလွန် အလုပ်ကြိုးစားပြီး တိကျသေချာတယ်လို့ ဗေဒင်ဆရာတစ်ဦးက ဟောပြောဖူးပါတယ်။ ဗေဒင်ကို ယုံကြည်သူတွေဟာ အစီအရင်နဲ့ ယတြာတွေနဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တယ်လို့ ယူဆကြပေမယ့်၊ ကျွန်တော့်ရဲ့ အန္တိမ ပန်းတိုင်ကတော့ ဘဝဆင်းရဲဒုက္ခကနေ လွတ်မြောက် ဖို့ပါပဲ။ ဒီလို ဘဝရဲ့ အထွဋ်အထိပ်ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ဗေဒင်က ပေးတဲ့ လမ်းညွှန်ချက်တွေထက် ကိုယ်ပိုင် အားထုတ်မှု ကသာ အဓိကလို့ ကျွန်တော် ယုံကြည်ပါတယ်။
ဗုဒ္ဓဘာသာ၏ လွတ်မြောက်ရာလမ်း
ဗုဒ္ဓဘာသာမှာတော့ ဒုက္ခအားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရောက်ဖို့ဆိုတာ ကိုယ်လုပ်တဲ့ကံရဲ့ အကျိုးကို ကိုယ်တိုင် ခံစားရမှာ ဖြစ်လို့ ကိုယ့်ဘာသာကိုယ် ကြိုးစားအားထုတ်မှပဲ ရမယ်လို့ ဆိုပါတယ်။ ဒါဟာ “စိုက်ပျိုးတဲ့မျိုးစေ့ရဲ့ အသီးအနှံကိုပဲ ပြန်ရိတ်သိမ်းရမယ်” ဆိုတဲ့ သဘောတရားနဲ့ တူပါတယ်။ ကျွန်တော့်ရဲ့ ဘဝအဆုံးသတ်ပန်းတိုင်ကတော့ ဘုရားရှင် လမ်းညွှန် ပြတဲ့အတိုင်း သံသရာဆိုတဲ့ ဆူးခင်းလမ်းကနေ လွတ်မြောက်ဖို့ ပါပဲ။
မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဓမ္မစကြာသုတ်မှာလည်း အစွန်းရောက်တဲ့ အကျင့်နှစ်မျိုးကို ရှောင်ပြီး မဇ္ဈိမပဋိပဒါ (အလယ် အလတ် လမ်းစဉ်) ဖြစ်တဲ့ အဋ္ဌင်္ဂိက အရိယမဂ္ဂင် (မဂ္ဂင်ရှစ်ပါး) ကို ကျင့်ကြံဖို့ ဟောကြားခဲ့ပါတယ်။ ဒီမဂ္ဂင်ရှစ်ပါး လမ်းဟာ သံသရာ ဝဋ်ဆင်းရဲကနေ လွတ်မြောက်ပြီး နိဗ္ဗာန်ကို ရောက်စေတဲ့ တစ်ခုတည်းသော လမ်းဖြစ်ပါတယ်။
သီလ၊ သမာဓိ၊ ပညာ လို့ခေါ်တဲ့ ဒီမဂ္ဂင်ရှစ်ပါးလမ်းကို လိုက်နာကျင့်ကြံအားထုတ်ခြင်းအားဖြင့် ကိလေသာ အညစ်အကြေးတွေ လျော့ပါးသွားပြီး နောက်ဆုံးမှာ လုံးဝပယ်သတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီး ပုထုဇဉ်ဘဝကနေ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသက “လုံ့လဝီရိယရှိတယ်” ဆိုတာဟာ စိတ်ထဲမှာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ မီးတောက်တွေကို မလောင်ကျွမ်းအောင် ကြိုးစားပြီး ကုသိုလ်တရားဆိုတဲ့ ရေအေးတွေနဲ့ ပွားများနေတာကို ဆိုလိုတယ်လို့ ဟောကြားခဲ့ပါတယ်။ ဒီလိုမျိုး နေ့တိုင်း စိတ်ရဲ့အညစ်အကြေးတွေကို ဆေးကြောနေတဲ့ သူအတွက်မှသာ “အသက်ရှည်လေ ပိုကောင်းလေ” ဆိုတဲ့ စကားက မှန်ကန်တယ်လို့ ဆရာတော်က မိန့်တော်မူခဲ့ပါတယ် ခင်ဗျာ။

