The Corner

The Corner

cropped-Logo_round_grey-background.png

စက်ရုပ်နဲ့ပြိုင် ဘယ်သူနိုင် – နောင်နောင်စိုးသိမ်း

Share မယ်
ဓာတ်ပုံ (မူရင်း ဆောင်းပါး)

စက်ရုပ်တစ်ရုပ်က ကျွန်တော့်လက်ရှိအလုပ်ကို ဝင်လုသွားပါပြီ။ ကျွန်တော်လုပ်နိုင်တာ ဘာရှိသေးလဲ။ ဒါကတော့ “သတင်းကောင်း၊ သတင်းဆိုး” ဟာသနဲ့ တူပါတယ်။ “သတင်းကောင်းရှိတယ်” ခင်ဗျားရဲ့ ဘော့စ်က ပြောတယ်။ “အမြတ်တွေ တိုးလာပြီ” “အဲဒီတော့ သတင်းဆိုးက ဘာလဲ” “ဒါက HAL 2.0 လို့ ခေါ်တယ်။ မင်းနေရာမှာ အစားထိုးဖို့”။ (HAL ဆိုတာ သိပ္ပံဝတ္ထုစာရေးဆရာ အာသာစီကလပ် နဲ့ ဒါရိုက်တာ စတန်လေကူးဘရစ်တို့ရဲ့ ၂၀၀၁ အာကာသခရီးရှည် ရုပ်ရှင်ထဲက ဉာဏ်ရည်တု ကွန်ပျူတာကြီးရဲ့ နာမည်ပါ။ ဘာသာပြန်သူ။) ဒီအဖြစ်မျိုးကို အတွေးခေါင်လွန်းတယ်လို့ ခင်‌ဗျားက စဉ်းစားကောင်း စဉ်းစားမယ်။ မဟုတ်ပါဘူး။ ဉာဏ်ရည်တုနဲ့ စက်ရုပ်နည်းပညာ တိုးတက်လာတာနဲ့အမျှ အလိုအလျောက် လုပ်လို့ရတဲ့ အလုပ်တွေ ပိုပိုပြီး များလာမယ်။ အဲဒီကနေ အလုပ်လက်မဲ့ဖြစ်မှုတွေ ပိုကြီးမားလာမယ်လို့ ဝေဖန်သုံးသပ်သူ တွေက ပြောပါတယ်။ ဒါဟာ လုပ်ခနည်းလွန်းတဲ့၊ ကျေးဇူးတင်လည်း မခံရတဲ့ အလုပ်မျိုးတွေကို ပျောက်သွားစေမှာ သေချာပါတယ်။ အသံကို မှတ်သားထားနိုင်တဲ့ ဆော့ဖ်ဝဲ ပရိုဂရမ်တွေက ဖုန်းလက်ခံဖြေဆိုတဲ့ ဌာနတွေ၊ အကူအညီပေးရေး ဖုန်းလိုင်းတွေမှာ ဝန်ဆောင်မှုပေးနေတဲ့ ဝန်ထမ်းတွေရဲ့ နေရာမှာ အစားထိုးဝင်လာလိမ့်မယ်။ သန့်ရှင်းရေးစက်ရုပ်တွေ ပေါ်လာမယ်။ လူနာစောင့်‌စက်ရုပ်တွေတောင် ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာတင် ရပ်သွားမှာ မဟုတ်ဘူး။ ကော်လာဖြူအလုပ်တွေကိုလည်း ထိခိုက်လိမ့်မယ်လို့ အနာဂတ်ဝါဒီ မာတင်ဖို့ဒ် ရဲ့ စက်ရုပ်များပေါ်ထွန်းလာခြင်း (၂၀၁၅ ခုနှစ်ထုတ်) စာအုပ်ထဲမှာ ခန့်မှန်းခဲ့တယ်။ ရုံးစီမံခန့်ခွဲရေး ဝန်ထမ်းတွေ၊ ခရီးသွားလုပ်ငန်း ကိုယ်စားလှယ်တွေ၊ ရှေ့နေတွေအပြင် ဖန်တီးမှုဆိုင်ရာ အလုပ်တွေဖြစ်တဲ့ အနုပညာ ဒါမှမဟုတ် ဂီတနယ်ပယ်အထိပါ သက်ရောက်မှုရှိလာမယ်လို့ ရေးခဲ့ပါတယ်။

           ဒါဟာ အရင်းရှင်စနစ်ရဲ့ လုပ်ပုံလုပ်နည်းပဲ ဖြစ်တယ်။ ကုန်ကျစရိတ်တွေကို အနည်းဆုံးဖြစ်အောင်လုပ်ပြီး အကျိုးအမြတ် အများဆုံးရအောင် လုပ်တာကိုး။ အမြတ်တွေ ရသထက်ရစေဖို့ အရင်းရှင် ယန္တရားကြီးက ဆက်လက် ခုတ်မောင်းနေတဲ့အခါ ကျွန်တော်တို့အားလုံးကို ဘယ်သူကမှ လိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် အဖြေက ဘာလဲ။ ပိုပြီးခိုင်မာအားကောင်းတဲ့ အလုပ်သမားဥပဒေလား။ လူသားတွေရဲ့ အခြေခံဝင်ငွေအတွက် အာမခံချက်လား။ ဂျာမန် ဒဿနပညာရှင် ကားလ်မာ့က်စ် ရဲ့ တစ်ခုတည်းသော အဖြေကတော့ “တော်လှန်ရေး” ပါတဲ့။

ကွန်မြူနစ်စနစ်သို့ သွားရာလမ်း

           ကွန်မြူနစ်စနစ်ကို ကားလ်မာ့က်စ် နဲ့ အပေါင်းအပါဖြစ်သူ ဖရီး ဒရစ်ခ် အိန်ဂဲလ်စ် (၁၈၂၀-၉၅) တို့ ပထမအကြိမ် အဆိုပြုခဲ့ချိန်မှာ အဲဒါက လုံးဝအသစ်အဆန်း မဟုတ်ပါဘူး။ အရင်ကလည်း သမိုင်းနောက်ခံအဖြစ်အပျက်တွေ အများကြီးရှိခဲ့တယ်။ ၁၉ ရာစုမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တဲ့ ဥရောပဆိုရှယ်လစ်လှုပ်ရှားမှုကြီးကနေ မာ့က်စ်ရဲ့ ကွန်မြူနစ်စနစ် ပေါက်ဖွားခဲ့တာပါ။ မာ့က်စ် လုပ်ခဲ့တာက အဲဒီ လူ့အဖွဲ့အစည်း ပုံသဏ္ဍာန်မျိုးအတွက် ဒဿနဆိုင်ရာ ကျိုးကြောင်းပြချက်ရယ် တင်းကျပ်ပြင်းထန်တဲ့ စီးပွားရေးစနစ်ရယ်ကို ပြဋ္ဌာန်းခဲ့တာပါပဲ။ အနုစိတ် လေ့လာဆန်းစစ်မှုတွေကို မာ့က်စ်က ပြုလုပ်ပြီးနောက် အောက်မှာတွေ့ရမယ့် သမိုင်းဆိုင်ရာ ဖြစ်စဉ်တွေရဲ့ ရလဒ်အဖြစ် မော်ဒန်အရင်းရှင်စနစ် တိုးတက်ဖြစ်ထွန်းခဲ့ကြောင်း ပြောခဲ့တယ်။

ဖြစ်စဉ် (၁) ရှေးဦးကွန်မြူနစ်စနစ်

           မျိုးနွယ်စုကို အခြေခံတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ ပိုင်ဆိုင်မှုတွေကို မျှဝေကြတယ်။ လူတွေရဲ့ အခန်းကဏ္ဍဟာ မိသားစုဆက်ဆံရေးအပေါ် အခြေခံတယ်။

ဖြစ်စဉ် (၂) နယ်ချဲ့စနစ်

           ဂန္ထဝင်ဆန်ပြီး ရှေးကျတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ သူ့ရဲ့ ဂုဏ်အင်္ဂါလက္ခဏာက ပုဂ္ဂလိကပိုင်ဆိုင်မှု၊ ကျေးကျွန်စနစ်နဲ့ လူတန်းစား ကွဲပြားခြားနားမှုတွေအပေါ်အခြေခံတယ်။

ဖြစ်စဉ် (၃) မြေရှင်ပဒေသရာဇ်စနစ်

           အလယ်ခေတ်ကာလ ဥရောပမှာ ဘုရင့်လက်အောက် တာဝန်ထမ်းတဲ့ သူကောင်းမျိုးတွေအတွက် မြေကျွန်တွေက အလုပ်အကျွေးပြုကြရတယ်။

           စတုတ္ထအဆင့်ဖြစ်တဲ့ အရင်းရှင်စနစ်ဟာ ဒီမိုကရေစီပိုကျပြီး လွတ်လပ်မှုရှိပေမယ့် ဘူဇွာတွေ (လူလတ်တန်းစား အလုပ်ရှင်တွေ) နဲ့ ပစ္စည်းမဲ့လူတန်းစား (ကာယလုပ်သားတွေ) အကြား ရုန်းကန်မှုလို့ မှတ်ယူခဲ့ကြတယ်။ ဒီလို ကြီးမားတဲ့ မညီမျှမှုတွေ ဆက်ရှိနေမယ်၊ အဲဒီဝန်ထုပ်ဝန်ပိုးတွေကလည်း အလုပ်သမားတွေအပေါ် စုပုံလာမယ်ဆိုရင် အလုပ်သမား တွေအတွက် ပုန်ကန်ထကြွဖို့ကလွဲပြီး တခြားရွေးစရာမရှိဘူးလို့ မာ့က်စ်က ခံစားမိခဲ့တယ်။ ထုတ်လုပ်မှုရဲ့ ဥစ္စာဓနတွေ (စက်ရုံတွေ၊ ပစ္စည်းကိရိယာတွေ) ကို သိမ်းပိုက်ပြီး စံပြုလောက်တဲ့ သာတူညီမျှ ကွန်မြူနစ်လူ့ဘောင်ဆီ ရှေးရှုတဲ့ အလုပ်သမား နိုင်ငံတော်ကို တည်ထောင်ရမယ်လို့ ဆိုခဲ့တယ်။

           ဒါပေမဲ့ မာ့က်စ်နဲ့ အိန်ဂဲလ်စ်တို့က အလုပ်သမားတွေရဲ့ အခြေအနေ တိုးတက်ရုံလောက်ကို အဆိုပြုခဲ့တာ မဟုတ်ပါဘူး။ လုပ်ခတိုးမြှင့်ပြီး အလုပ်ချိန်လျှော့ချတာက အဆင်ပြေပါတယ်။ တခြား ဆိုရှယ်လစ်လှုပ်ရှားမှုတွေက အဲဒီတိုးတက်မှုတွေကို လက်ခံပေမယ့် မာ့က်စ်တို့ကတော့ မလုံလောက်သေးဘူးတဲ့။ အကြောင်းကတော့ အလုပ်ရှင်နဲ့ အလုပ်သမားတို့အကြားက မညီမျှတဲ့ အမြတ်ထုတ်တဲ့ ဆက်ဆံရေးတွေကို မတို့မထိဘဲ ချန်ထားလို့ ဖြစ်တယ်။ ပြီးတော့ ဒီမညီမျှမှုကို လူ့အဖွဲ့အစည်းကိုယ်နှိုက်က ထောက်ခံအားပေးကြတယ်။ အဲဒီ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဆိုင်ရာ အပေါ်ယံ အဆောက်အဦးကို အတူတကွ ကိုယ်စားပြုတဲ့အထဲမှာ လူမှုအတန်းအစား၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ ပညာရေး စသဖြင့် ပါဝင်တယ်။ ဘာသာရေးတောင်ပါတယ်။ ဩဇာအာဏာနဲ့ ကြွယ်ဝချမ်းသာမှုရဲ့ တန်ဖိုးကို ဒီလူ့အဖွဲ့အစည်းက ထင်ဟပ် ပြသနေတယ်။ အဲဒီတော့ လူ့အဖွဲ့အစည်း ကိုယ်တိုင်ကို ပြောင်းပစ်မှရမယ်။ အချက်အချာကျတဲ့ ပြဿနာက ကင်းကွာ ခြင်းပါပဲ။

အခြေခံ ဒဿနမေးခွန်း

           နည်းပညာက ကျွန်တော်တို့ကို လွတ်မြောက်စေတာလား။ ဖိနှိပ်တာလား။ ကွန်မြူနစ်အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ သူက ကူညီပေးနိုင်လား။

ကျွန်တော်တို့ လူသားမျိုးနွယ်ရဲ့ အနှစ်သာရ

           မာ့က်စ်ရဲ့ အဆိုအရ လူသားတွေဟာ အခြေခံအားဖြင့် ထုတ်လုပ်နိုင်စွမ်းရှိကြတယ်။ အရာဝတ္ထုတွေကို ပြုလုပ်လိုက် ဖန်တီးလိုက် စသဖြင့် အမြဲတမ်းအလုပ်များနေကြတာက လူသားမျိုးစိတ်ရဲ့ အနှစ်သာရ ဖြစ်တယ်။ အရင်းရှင်ဝါဒီ အလုပ်ရှင်တွေ လုပ်တာကတော့ အခစား အလုပ်သမားတွေဆီက ဒီလိုသဘာဝအလျောက် ဖြစ်တတ်မှုကို အမြတ် ထုတ်ကြတာပါပဲ။ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုမှာ မုဆိုးတွေ၊ ကောက်ပဲသီးနှံစုဆောင်းသူတွေဟာ သူတို့ ရသမျှကို စားသုံးနိုင်ကြတယ်။ မြေကလေး ယာကလေးပေါ်မှာ လုပ်ကိုင်ကြတဲ့ လယ်လုပ်သားတွေတောင် သူတို့ရဲ့အလုပ်နဲ့ ရလဒ် အကြားက တိုက်ရိုက်ဆက်နွှယ်မှုကို မြင်ရကောင်းမြင်ရလိမ့်မယ်။ ဒါပေမဲ့ သမိုင်းတစ်လျှောက်မှာ အလုပ်သမားတွေအနေနဲ့ သူတို့လုပ်နေတဲ့ ထုတ်ကုန်တွေဆီကနေ ပိုပိုပြီး ကင်းကွာလာခဲ့ကြတယ်။ ၁၉ ရာစုခေတ် ချည်မျှင်အထည်စက်ရုံက လုပ်သား တစ်ယောက်ဟာ သူ့ရဲ့ အဝတ်အစားအတွက် အလုပ်လုပ်နေတာမဟုတ်ဘူး။ အဲဒီအစား လုပ်ခအတွက် လုပ်နေတာ ဖြစ်တယ်။ ထပ်ပြောရရင် စက်မှုလုပ်ငန်းအကျိုးပိုမိုဖြစ်ထွန်းခြင်း ဆိုတဲ့အဓိပ္ပာယ်က ရိုးရာလက်မှုနည်းလမ်းတွေကို သုံးပြီး လုပ်ခဲ့တုန်း ကထက် အလုပ်သမားတွေရဲ့ ထုတ်လုပ်နိုင်စွမ်း တိုးတက်မြင့်မားလာတာကို ဆိုလိုတယ်။ ဒါပေမဲ့ အလုပ်စောစောပြီးတဲ့ လယ်လုပ်သားတစ်ယောက် ဒါမှမဟုတ် မျိုးနွယ်စုမုဆိုးတစ်ယောက်ဟာ ရလာတဲ့ အချိန်ပိုကို သူ့စိတ်တိုင်းကျ သုံးနိုင်တယ်။ အထည်စက်ရုံ လုပ်သားတစ်ယောက်ရဲ့ ထုတ်လုပ်နိုင်စွမ်း တိုးတက်မှုကျတော့ အဝတ်အထည်တွေ ပိုထုတ်နိုင်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲဒီ “ပိုလျှံတန်ဖိုး” (မာ့က်စ် ထွင်ခဲ့တဲ့ ဝေါဟာရ ဖြစ်တယ်) က စက်ရုံပိုင်ရှင်အတွက် ပိုများတဲ့ အကျိုးအမြတ်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒါကြောင့်မို့ စက်မှုလုပ်သားတစ်ယောက်ဟာ နည်းပညာဆီက တိုက်ရိုက်အကျိုး ခံစားရမယ့်အစား နည်းပညာရဲ့အမြတ်ထုတ်ခြင်းကို ပိုခံရတယ်။ နည်းပညာနဲ့လည်း ပိုပြီးကင်းကွာ သွားပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ စက်ရုံအလုပ် တစ်ခုကနေနောက်တစ်ခု လေးလေးတွဲ့တွဲ့ လှမ်းနေကြတဲ့ မျက်နှာ သုန်သုန်မှုန်မှုန်နဲ့ ဆိုဗီယက်အလုပ်သမားတွေရဲ့ သမိုင်းဝင်ရုပ်ပုံတွေကို မြင်ရင် ကွန်မြုနစ်စနစ်ဟာ “လုပ်ငန်းကျင့်ဝတ်” တစ်မျိုးကို ထောက်ခံအားပေးပါလားလို့ ခင်ဗျား ယူဆမိလိမ့်မယ်။ အလုပ်လုပ်ခြင်းသည် အလုပ်အတွက် ဖြစ်တယ်။ (ဒါမှမဟုတ် အဲဒီလိုဆန်ဆန်မျိုးပေါ့) ဒါပေမဲ့ အဲဒါက မမှန်ပါဘူး။ “လူတစ်ဦးချင်း၏ လုပ်ကိုင်နိုင်စွမ်းမှတစ်ဆင့် လူတစ်ဦးချင်း၏ လိုအပ်မှုများဆီသို့” ဆိုတဲ့ ကြားဖူးနေကျ ဆိုရှယ်လစ် ကြွေးကြော်သံကို မာ့က်စ်က လူသိများအောင် ပြန်ပြောခဲ့တယ်။ မာ့က်စ် တွေးခဲ့တာက လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အားလုံးဟာ သူတို့ရဲ့ဝေပုံကျအလုပ်ကို လုပ်သင့်တယ်။ ဒါပေမဲ့ အလုပ်တွေအားလုံးပြီးလို့ အခြေခံလိုအပ်ချက်တွေလည်း ပြည့်မီပြီဆိုရင် ကိုယ်နှစ်သက်တာကို လုပ်ဖို့အတွက် အားလပ်ချိန်ရှိသင့်ပါတယ်တဲ့။ မာ့က်စ်နဲ့ အိန်ဂဲလ်စ်တို့ရေးတဲ့ (ဂျာမန်သ‌ဘောတရား၊ ၁၈၄၅) စာအုပ်ထဲမှာ ခုလို ဆိုထားတယ်။ “ကျွန်တော် စိတ်ထဲရှိသလို မနက်ခင်းမှာ အမဲလိုက်ဖို့၊ နေ့လယ်မှာ ငါးဖမ်းဖို့၊ ညနေမှာ နွားကျောင်းဖို့၊ ညစာစားပြီးရင် ဝေဖန်ရေးလုပ်ဖို့၊ အဲဒီအတွက် မုဆိုး၊ တံငါ၊ နွားကျောင်းသား ဒါမှမဟုတ် ဝေဖန်ရေးဆရာ ဖြစ်လာစရာ မလိုပါဘူး။ ဒီနေ့ အလုပ်တစ်ခုလုပ်ပြီး မနက်ဖြန် နောက်တစ်ခုလုပ်မယ်။” အဲဒါတွေကို ကွန်မြူနစ်လူ့အဖွဲ့အစည်းက လုပ်ပေးပါ‌လိမ့်မယ်။ မာ့က်စ်ရဲ့ အမဲလိုက်၊ ငါးဖမ်း၊ နွားကျောင်းသား၊ စာပေဝေဖန်ရေးဆရာ ပုံဖော်မှုတွေဟာ စိတ်ကူးယဉ်ဆန်ပေမယ့် လိုရင်းကတော့ လေးနက်လှတယ်။ သူထောက်ပြတာက ကွန်မြူနစ်ပဲဖြစ်ဖြစ်၊ အရင်းရှင်ပဲဖြစ်ဖြစ် အစိုးရအတွက် အလုပ်လုပ်မယ့်အစား ကိုယ်စိုက်ပျိုးခဲ့တဲ့ အသီးအပွင့်တွေနဲ့ ပြန်ပေါင်းထုပ်နိုင်အောင် လုပ်ပါတဲ့။ အလုပ်ရယ် အားလပ်ချိန်ရယ် ကြားမှာရှိတဲ့ ကွဲပြားခြားနားမှု ပျောက်သွားမယ်ဆိုရင်တောင် လုပ်ပါတဲ့။ နောက်ဆုံးတော့ ကျွန်တော်တို့အားလုံးဟာ ထုတ်လုပ်နိုင်စွမ်းရှိတဲ့ သတ္တဝါတွေပဲ မဟုတ်ပါလား။

           (ကျွမ်းကျင်မှုအ‌ခြေခံတဲ့ အိုင်တီအလုပ်တွေ ထောင်နဲ့ချီပြီး အငွေ့ပြန်သွားခြင်းဟာ အသိပညာအခြေပြုတဲ့ အလုပ်အကိုင်တွေ အပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိုမိုရိုက်ခတ်လာမယ့် ရှေ့ပြေးနိမိတ် ဖြစ်နိုင်ပါတယ်။ မာတင်ဖို့ဒ်)

နည်းပညာဆိုတာ ကျွန်တော်တို့ကို လွတ်မြောက်စေမယ့်သူလား

           ရယ်စရာလည်းကောင်း ကမောက်ကမလည်းဖြစ်တဲ့ မာ့က်စ်ရဲ့ အနေအထားတစ်ခုကတော့ အရင်းရှင်စနစ်ကို လိုအပ်တာပါပဲ။ အလုပ်သမားတွေ စည်းလုံးဖို့အတွက် အဖိနှိပ်ခံအခြေအနေတွေ လိုအပ်တယ်။။ ပုဂ္ဂလိက ချမ်းသာမှု (စက်မှုနည်းပညာ) ကို အလုပ်သမားတွေ ရရှိဖို့အတွက် ဥစ္စာဓနတွေ လိုတယ်။ ဖိနှိပ်မှုတို့ ဥစ္စာဓနတို့ မရှိရင် ကွန်မြူနစ်စနစ် မဖြစ်ပေါ်လာနိုင်ဘူး။ ဒီတော့ အရင်းရှင်စနစ် သူ့ဘာသာ အားအင်ကုန်ခန်းသွားတဲ့အခါ (တစ်သမတ်တည်း ကြီးထွားနေပြီး အမြတ်ထုတ်မှုတွေ တိုးပွားနေဖို့အတွက် အရင်းရှင်စနစ်ရဲ့ လိုအပ်ချက်တွေဟာ ရာသက်ပန် ဆက်လည်ပတ်နေလို့ မဖြစ်နိုင်ဘူး) ကွန်မြူနစ်စနစ် အလိုအလျောက် ပေါ်ပေါက်လာပါလိမ့်မယ်။ (ရုရှားကတော့ စက်မှုခေတ်မတိုင်မီကတည်းက ကွန်မြူနစ်စနစ်ကို လက်ခံကျင့်သုံးခဲ့တဲ့ အဓိကနိုင်ငံဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူ့ကိုတော့ မာ့က်စ် အနေနဲ့ အားပေးထောက်ခံတာတို့၊ ခန့်မှန်းတာတို့ မလုပ်နိုင်ခဲ့ဘူး။)

           မာ့က်စ်ရဲ့ မှတ်စုစာအုပ်တွေထဲမှာ “ယန္တရားများပေါ်က အပိုင်းအစ”လို့ သိလာကြမယ့် အခန်းတစ်ခန်းပါတယ်။ အဲဒီမှာ မာ့က်စ်က ကျွန်တော်တို့ကို “စံပြယန္တရား” တစ်ခုကို စိတ်ကူးကြည့်ခိုင်းတယ်။ ယန္တရားက အင်မတန်စွမ်းအားမြင့်တယ်။ ထိရောက်မှုလည်းရှိတယ်။ ချိန်ထိုးကြည့်ရင် သူ့အတွက် တည်ဆောက်ထိန်းသိမ်းရတဲ့ စရိတ်က မရှိသလောက်ပါဘဲ။ အဲဒီယန္တရားတွေက အရာရာရဲ့ ထုတ်လုပ်စရိတ်ကို အလုံးစုံလျှော့ချပေးလိမ့်မယ်။ ဒါပေမဲ့ အကျိုးအမြတ်ရဖို့လုပ်နေတဲ့ အရင်းရှင်တို့ရဲ့ စွမ်းပကားကိုလည်း လျော့ကျစေတယ်။ တစ်နည်းပြောရရင် လူအစားထိုးအလိုအလျောက်ထုတ်လုပ်မှုတွေ ဆက်ပြီးတိုးတက်လာလေ အလုပ်သမားလိုအပ်မှု နည်းလာလေပါပဲ။ နောက်ဆုံးမှာ အမြတ်ထုတ်စရာ ဘယ်သူမှမရှိတော့တဲ့အချိန်ကို ရောက်လာလိမ့်မယ်။ (အကျိုးအမြတ်အတွက် “ပိုလျှံတန်ဖိုး” မရှိတော့တဲ့ အခြေအနေ) အဲဒီအခါ အရင်းရှင်စနစ် ပြိုလဲသွားပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ ဒီအတွေးလေ့ကျင့်ခန်း အောင်မြင်တယ်လို့ ထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ မာ့က်စ်က လူမှုဘဝမညီမျှမှုအတွက် နည်းပညာကို အပြစ်တင်နေတာ မဟုတ်ဘူးဆိုတာတော့ ထင်ရှားပါတယ်။ သူက စက်မှုထွန်းကားတာကို ဆန့်ကျင်ပြီး ခေတ်နောက်ပြန်ဆွဲတဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်တို့ လွတ်မြောက်ဖို့အတွက် နည်းပညာကို အားထားသူ ဖြစ်ပါတယ်။

           စိုးရိမ်စရာအချက်တစ်ချက် ရှိတယ်။ ဖြစ်လာနိုင်ခြေနည်းပေမယ့် (အတိုင်းအတာတစ်ခုအထိတော့ သေချာပေါက်ဖြစ်လာမှာပါ) မာ့က်စ် မျှော်လင့်သလို ပိုမိုလွတ်လပ်၊ တန်းတူညီမျှပြီး အနားယူချိန်ပိုရှိတဲ့ ကမ္ဘာကြီးဆီ ဦးတည်မသွားဘဲ လက်တစ်ဆုပ်စာ လူ့မလိုင်တစ်စုက အရာရာကို ပိုင်ဆိုင်ထိန်းချုပ်ပြီး ကျန်တဲ့သူတွေကတော့ အရင်ထက် ပိုဆင်းရဲ၊ ပိုအထီးကျန်မယ့်အဖြစ်ကို ရောက်သွားနိုင်ပါတယ်။ တတိယဖြစ်နိုင်ခြေလည်း ရှိသေးတယ်။ ဒါကတော့ ဖရန်ကင်စတိန်းရဲ့ မကောင်းဆိုးရွားကြီးလိုပဲ အရင်းရှင်စနစ်ကိုမောင်းနှင်နေတဲ့ ယန္တရားကြီးဟာ တစ်နေ့ကျရင် သူ့သာသာ တော်လှန်ပုန်ကန်လာနိုင်တဲ့ အရေးပါပဲ။ စက်ရုပ်တော်လှန်ရေးကို မာ့က်စ်က ထောက်ခံမလားဆိုတာတော့ မသေချာလှပါဘူး။

ဆုံးဖြတ်ချက် ချမှတ်ခြင်း

           အလုပ်အာမခံချက်ဆိုတာ အမြဲတမ်း ပူပန်နေရတဲ့ အရာဖြစ်တယ်။ နည်းပညာတိုးတက်မှုတွေကြောင့် အခုဆိုရင် ဘယ်တုန်းကနဲ့မှမတူအောင် ပိုဆိုးလာပါပြီ။ ယူတိုးပီးယား ခေါ် စိတ်ကူးယဉ် လူ့အဖွဲ့အစည်းဆီကို နည်းပညာက ခေါ်ဆောင်သွားမယ်လို့ ကွန်မြူနစ်တွေရော အနာဂတ်ဝါဒီတွေကပါ မျှော်လင့်ကြပေမယ့် အလုပ်လက်မဲ့ဦးရေ အဆမတန်များပြားလာပြီး မညီမျှမှုတွေ အလွန်အကျွံဖြစ်လာနိုင်ခြေလည်း ရှိတယ်။ ခင်ဗျားတို့ ဘာလုပ်သင့်သလဲ။ စက်မှုနည်းပညာကို ဆန့်ကျင်သူ ဖြစ်လာမှာလား။ ဒါမှမဟုတ် သိပ္ပံဝတ္ထုစာရေးဆရာ အိုင်းဆက်အက်ဇီမော့ဗ် မျှော်မှန်းစိတ်ကူးခဲ့တဲ့ “စက်ရုပ်စိတ်ပညာရှင်” အဖြစ် လေ့ကျင့်ထားကြမှာလား။ ဒါပေမဲ့ အဲဒီလိုလူမျိုးတွေ အများကြီး လိုအပ်ပါ့မလားလို့တော့ ကျွန်တော် သံသယရှိပါတယ်။

စာရေးဆရာ Gareth Southwell ရေးတဲ့

What would Marx do?

How the greatest political theorists would solve your everyday problems

စာအုပ်က I’ve just lost my job to a robot! What can I do? ဆောင်းပါးကို ဘာသာပြန်ပါတယ်။

Click to rate this post!
[Total: 0 Average: 0]