The Corner

The Corner

cropped-Logo_round_grey-background.png

အီရန်-အမေရိကန်ဆက်ဆံရေး ပိုမိုကောင်းမွန်လာမှာလား – မင်းရဲဒီပ

Share မယ်
Photo: depositphotos

ရောမမြို့မှာရှိတဲ့ အိုမန်နိုင်ငံသံရုံးဟာ ရှေးဟောင်းမြို့ကြီးဆီကို လာရောက် လည်ပတ်ကြသူ တွေရဲ့ ကြည်နူး ဆွတ်ပျံ့ဖွယ် ခရီးစဉ်အတွက် တစ်ထောက်နားရာမြို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီမြို့ဟာ အီရန် နိုင်ငံခြားရေး ဝန်ကြီး အက်ဘတ်(စ)အာရာခီနဲ့ အမေရိကန်နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းသံတမန် စတိဖ်ဝစ်ကော့(ဖ်)တို့ကို သူ့ရဲ့ ပဉ္စလက် ပညာနဲ့ ဖမ်းစားထားပုံရပါတယ်။ ၄င်းတို့ နှစ်ဦးဟာ ဧပြီလ ၁၉ ရက်က ရောမမှာ နျူကလီးယားနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ဒုတိယအကြိမ် ပြုလုပ်ခဲ့တယ်။ ထိုဆွေးနွေးပွဲဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ထုတ်ပြန် ကြေညာချက်တွေနဲ့ အဆုံးသတ်ခဲ့ပြီး တတိယအကြိမ် တွေ့ဆုံဦးမယ်လို့ ကတိပြုခဲ့ကြပါတယ်။

            မစ္စတာအာရာခီက ထိုဆွေးနွေးပွဲဟာ “အပြုသဘောဆောင်တဲ့ အငွေ့အသက်နဲ့ ပြည့်နှက် နေခဲ့ပါတယ်” လို့ ချီးကျူးပြောဆိုခဲ့တယ်။ တစ်ခါတစ်ရံမှာ “အမေရိကန်နိုင်ငံ ကျဆုံးပါစေ”လို့ ခေါင်းဆောင်တွေက ဟစ်ကြွေးလေ့ရှိတဲ့ အစိုးရအဖွဲ့တစ်ခုရဲ့ ဝန်ကြီးတစ်ဦးက ယခုလို ပြောဆိုတာဟာ ကြီးမားတဲ့ ချီးကျူးမှု တစ်ရပ်ပါပဲ။

            ဒေါ်နယ်ထရမ့်ကတော့ ပိုမိုပြီး လှိုက်လှဲဝမ်းသာဖြစ်တာ တွေ့ရပါတယ်။ ထရမ့်က “သူ့ရဲ့ အစိုးရဟာ အီရန်နဲ့ပတ်သက်ပြီး သိပ်ကိုကောင်းမွန်တဲ့ အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်”လို့ ပြောဆို ခဲ့တယ်။ (အကောက်ခွန်ကိစ္စ၊ ရုရှားနဲ့ ယူကရိန်း ကိစ္စရပ်တွေမှာလည်း ဒီလိုပဲ ပြောခဲ့ပါတယ်။) သံတမန်နှစ်ဦးရဲ့ နောက်အစည်းအဝေးကို ဧပြီလ ၂၆ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားပါတယ်။

            ထို အစည်းအဝေးလိုပဲ အရေးကြီးတဲ့ နည်းပညာဆိုင်ရာ ဆွေးနွေးပွဲတွေကိုလည်း ထိုနေ့ရက် မှာပဲ စတင်ဖို့ ရှိပါတယ်။ နျူကလီးယားသဘောတူညီချက် ရရှိရေးအတွက် ဆွေးနွေးရတဲ့ အလုပ်ဟာ သိပ်ကို ရှုပ်ထွေးနက်နဲပါတယ်။ အဆင့်မြင့် သံတမန်တွေသာ ထိရောက်မှုရှိအောင် လုပ်နိုင်ကြတာပါ။ ကျွမ်းကျင်သူတွေအကြားမှာ အစည်းအ‌ဝေး ထိုင်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ “အမေရိကန်နဲ့ အီရန်တို့ဟာ အသေးစိတ်အချက်တွေကို ဆွေးနွေးနေပြီ”ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

            ဒီလို ဖြစ်တာတွေဟာ ကောင်းပါတယ်။ ထိုအချက်က လွယ်ကူတဲ့အပိုင်းတွေတော့ ပြီးစီး သွားပြီလို့ လည်း အဓိပ္ပာယ်ရပါတယ်။ အမေရိကန်နဲ့ အီရန်တို့ဟာ သဘောတူညီမှု တစ်ရပ်ကို ရချင်နေကြတယ်။ ထိုအချက်ကလည်း သိပ်ကို ရှင်းပါတယ်။ သူတို့နှစ်နိုင်ငံဟာ ၂၀၁၅ ခုနှစ်က အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီး ခုနစ်နိုင်ငံအကြားမှာ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ဖြစ်တဲ့ ပြည့်စုံသောပူးတွဲအလုပ်စီမံကိန်း (JCPOA – Joint Comprehensive Plan of Action) ကို ပိုမို တိုးတက် လာအောင် လုပ်ဖို့ မျှော်လင့်နေကြတာပါ။

            မစ္စတာထရမ့်ဟာ လက်မှတ်ရေးထိုးပြီး နောက်သုံးရက်အကြာမှာ ထိုသဘောတူညီချက်မှ နုတ်ထွက် သွားခဲ့ ပါတယ်။ သူဟာ ကြီးမားတဲ့ အတားအဆီးကြီးသုံးခုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

            ပထမအတားအဆီးကတော့ သူ့ရဲ့ အစိုးရအဖွဲ့ထဲမှာရှိတဲ့ သဘောထားတင်းမာမှု တွေပါပဲ။ မစ္စတာ ဝစ် ကော့ဖ်က အမေရိကန်အနေနဲ့ သဘောတူညီချက်ထဲမှာ ပါဝင်စေလိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီး ပေးပို့ရာမှာ ဝိရောဓိဖြစ်တဲ့ အချက်တွေကို ပေးပို့ခဲ့ပါတယ်။ ဧပြီ ၁၄ ရက်က ဖော့(ဇ်) သတင်းဌာနနဲ့ အင်တာဗျူးလုပ်ရာမှာ ဝစ်ကော့ဖ်က အီရန်နိုင်ငံကို ၃.၆၇ ရာခိုင်နှုန်းအထိ ယူရေနီယံ သန့်စင်ခွင့်ပြုမယ်လို့ ပြောခဲ့တယ်။ ထိုရာခိုင်နှုန်းဟာ JCPOA က သတ်မှတ်ခဲ့တဲ့ ရာခိုင်နှုန်းပါပဲ။

            သို့ပေမယ့် နောက်တစ်နေ့မှာတော့ သူပြောခဲ့တာကို သူကိုယ်တိုင်ကပဲ ပြန်ပြောင်းပြီး ပြောခဲ့တယ်။ “အီရန်နိုင်ငံအနေနဲ့ ၎င်းရဲ့ ယူရေနီယံ သန့်စင်မှု အစီအစဉ်ကို ရပ်ဆိုင်းပြီး ဖျက်သိမ်း ပစ်ရမယ်”လို့ ပြောဆိုခဲ့တယ်။ ပထမရည်မှန်းချက်ဟာ လက်တွေ့ကျပြီး ဒုတိယပြောဆိုမှုကတော့ လက်တွေ့မကျ ပါဘူး။

            မစ္စတာအာရာချီက “ယူရေနီယံ သန့်စင်ရေး လုံးဝမလုပ်ရဘူးဆိုတဲ့ အ‌ကြောင်းအရာဟာ ဆွေးနွေး ဖို့တောင် မလိုဘူး”လို့ ပြောခဲ့တယ်။ မစ္စတာဝစ်ကော့ဖ်နဲ့ လုံးဝဆန့်ကျင်ဘက် ရပ်တည်ချက်သို့ ပြောင်းလဲကာ ပြောဆိုမှုဟာ ဝါရှင်တန်မှာရှိတဲ့ သဘောထားတင်းမာသူတွေရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရ တယ်။ ထိုသူတွေဟာ မစ္စတာအာရာချီအနေနဲ့ အဓိကပြဿနာကြီးကို စောစီးစွာ လိုက်လျော ခဲ့တဲ့ အတွက် လက်မခံဘဲ ရှိခဲ့ကြတယ်။

            ဒုတိယစိန်ခေါ်မှုကတော့ အီရန်ဘက်က လာတာပါ။ အီရန်အနေနဲ့ ပိုမိုရေရှည်တည်တံ့ပြီး JCPOA ထက် ပိုမိုပြီးအကျိုးရှိမယ့် သဘောတူညီချက် အသစ်တစ်ရပ်ကို လိုလားနေပါတယ်။ အဲဒီ အဓိပ္ပာယ်ကတော့ မစ္စတာထရမ့် (သို့မဟုတ် အနာဂတ်သမ္မတတစ်ဦးဦး)က နောက်ထပ် စွန့်ပယ်ခြင်း မပြုဘူးဆိုတဲ့ အာမခံချက်ကို ရယူလိုတာပါပဲ။

            အစကနဦးအနေနဲ့ကတော့ ပြီးပြည့်စုံသော ပူးတွဲအလုပ်စီမံကိန်း (JCOPOA) မှာလို မဟုတ်ဘဲ ဆီးနိတ်လွှတ်တော်က အတည်ပြုတဲ့ သဘောတူညီချက်ကို လိုချင်တာပါ။ သို့ပေမယ့် ထိုသဘော တူညီချက် ဟာ ပြင်ဆင်ပြောင်းလဲဖို့ ခက်ခဲတဲ့ သဘောတူညီချက်တော့ မဟုတ်ပါဘူး။ စာချုပ်တွေ ဆိုတာကတော့ ဖျက်သိမ်းနိုင်ပါတယ်။ သမ္မတ‌တွေက စာချုပ်တွေကို တစ်ဖက်သတ်ဖျက်သိမ်းပစ်တဲ့ သာဓကတွေ အများ အပြား ရှိပါတယ်။

            အချို့သော အီရန်အရာရှိတွေကတော့ ပိုမိုပြီး အငြင်းပွားစေတဲ့ အာမခံချက်ကို လိုလား ကြတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ရက်တွေအတွင်းက ကြီးမားတဲ့ သန့်စင်ပြီး ယူရေနီယံတွေနဲ့ အဆင့်မြင့် စက်ဒလက် ထောင်ပေါင်းများစွာကို ဧရာမ အပုံကြီးဖြစ်အောင် စုဆောင်းနေကြတယ်။ သူတို့ဟာ ထိုနှစ်မျိုး စလုံးမှ အချို့ကို အီရန်မှာရှိတဲ့ ကုလသမဂ္ဂ ကြီးကြပ်မှုလက်အောက်မှာ ရှိတဲ့ အဆောက်အအုံ မှာ ထိန်းသိမ်းထားမှာဖြစ်တယ်လို့ ယူဆရပါတယ်။

            အကယ်၍ အမေရိကန်အနေနဲ့ သဘောတူညီချက်မှ ထပ်မံထွက်ခွာခဲ့ရင် အီရန်ဟာ သိုလှောင် ထားတဲ့ ထိုပစ္စည်းတွေကိုယူပြီး ၎င်းရဲ့ နျူကလီးယားအစီအစဉ်ကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ ထိုသို့ဆောင်ရွက်ခြင်းက ဩဇာအရှိန်အဝါအချို့ကို ရရှိလာစေမှာဖြစ်တယ်။ ထိုအကြောင်း ကြောင့်ပဲ အမေရိကန်နိုင်ငံကလည်း ထိုသို့သော အပေးအယူမျိုးကို သဘောတူဖို့ နောက်တွန့်နေတာ ဖြစ်ပါတယ်။

            အီရန်ဟာ စီးပွားရေးအာမခံချက်တွေကိုလည်း လိုချင်နေပါတယ်။ သဘောတူညီချက် တစ်ရပ်အတွက် တားမြစ်ပိတ်ပင်မှုတွေ ပြန်ရုပ်သိမ်းပေးရုံနဲ့ မလုံလောက်ပါဘူး။ ထို သဘောတူညီ ချက်ထဲမှာ ခိုင်လုံတဲ့ အကျိုးစီးပွားတွေ ရရှိစေမယ့် ကတိပြုချက်တွေလည်းပါဖို့ လိုပါတယ်။ ထိုကိစ္စ မှာတော့ JCPOA က စိတ်ပျက်လက်ပျက် ရှိနေပါတယ်။ JCPOA က အီရန်ကို ရေနံတွေ ပိုမို တင်ပို့ ခွင့်ပြုထားပေမယ့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ကိုတော့ ဖွင့်ပေးမထားပါဘူး။ သဘော တူညီချက် လက်မှတ်ရေး ထိုးတာ တစ်နှစ်တင်းတင်း ပြည့်ပြီးချိန်ဖြစ်တဲ့ ၂၀၁၆ ခုနှစ်မှာ အီရန်နဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုဟာ ပြည်တွင်းစုစုပေါင်းထုတ်ကုန် (GDP) ရဲ့ ၀.၇ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ ထိုရာခိုင်နှုန်းဟာ ၂၀၁၅ တုန်းက အီရန်နိုင်ငံထဲသို့ ဝင်ရောက်ခဲ့တဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၉.၅ ရာခိုင်နှုန်းထက် မဆိုစလောက်သာ ပိုပါတယ်။

            စီးပွားရေးတားဆီးပိတ်ပင်မှုတွေကလည်း အတားအဆီးတစ်ခုပဲ ဖြစ်ပါတယ်။ JCPOA က အချို့ကို ဖယ်ရှားခဲ့ပေမယ့် အချို့ကတော့ ကျန်ရှိနေပါတယ်။ အီရန်နိုင်ငံကိုယ်တိုင်ကလည်း နောက်ထပ် အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ မစ္စတာထရမ့်အနေနဲ့ပင်လျှင် အမေရိကန်နိုင်ငံရဲ့ တားဆီး ပိတ်ပင် မှုတွေ အားလုံးကို ဖယ်ရှားမပေးနိုင်ပါဘူး။ အမေရိကန်နိုင်ငံကိုယ်တိုင်က ၁၉၈၄ ခုနှစ် ကတည်းက အကြမ်းဖက် ဝါဒကို အားပေးထောက်ပံ့တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် တံဆိပ်ရိုက်ခဲ့ပြီး အကျင့်ပျက်မှုတွေ လည်းရှိတဲ့ နိုင်ငံ တစ်နိုင်ငံမှာ အနောက်နိုင်ငံတွေမှ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ်နှံဖို့ ကြောက်ရွံ့ နေကြပါတယ်။

            ထိုပြဿနာကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုကတော့ အီရန်နဲ့ကုန်သွယ်မှုတွေ ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ဖို့အတွက် ပင်လယ်ကွေ့နိုင်ငံတွေကို နားချဖို့ပဲ ဖြစ်ပါတယ်။ ထိုအချက်ကလည်း မစ္စတာ ထရမ့်အတွက် တတိယစိန်ခေါ်မှု ဖြစ်ပါတယ်။ သူ့အနေနဲ့ အခြားနိုင်ငံတွေရဲ့ထောက်ခံမှုကို ရရှိဖို့လိုတယ်။ ဆော်ဒီနိုင်ငံကတော့ ကူညီဖို့ဆန္န ရှိနေပါတယ်။

            ဧပြီလ ၁၇ ရက်က ဆော်ဒီနိုင်ငံ ကာကွယ်ရေးဝန်ကြီး ခါလစ်ဘင်ဆလန်ဟာ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာ ဆော်ဒီမှ အီရန်သို့ လာရောက်လည်ပတ်တဲ့အဆင့် အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် အီရန်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့တယ်။ ဆော်ဒီအာရေဗီးယားဟာ စစ်ပွဲ ဖြစ်ပွားလာမှာကို စိုးရိမ်ထိတ်လန့်နေပြီး အမေရိကန်နိုင်ငံနဲ့ အပေးအယူတစ်ခုလုပ်ဖို့ စိတ်အားထက်သန်နေပါတယ်။

            နောက်လမှာတော့ မစ္စတာထရမ့်ဟာ ပင်လယ်ကွေ့သုံးနိုင်ငံသို့ သွားရောက်လည်ပတ်ဖို့ စီစဉ်နေပါတယ်။ ထရမ့်အနေနဲ့ ထိုခရီးစဉ်ကြောင့် ယင်းနိုင်ငံတွေထံမှ ကူညီမှုတွေရရှိနိုင်တဲ့ အခွင့် အလမ်း တွေ ရှိနေပါတယ်။ တစ်ချိန်တည်းမှာလည်း သူ့အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအပေါ် သံသယ ရှိပြီး စစ်ပွဲကို ပိုပြီး ဦးစားပေးတဲ့ ဘင်ဂျမင်နေတန်ယာဟု ကိုင်တွယ်နိုင်ဖို့ လိုနေပါတယ်။

            ဧပြီ ၂၂ ရက်က နေတန်ယာဟုနဲ့ ဖုန်းပြောခဲ့တဲ့ မစ္စတာထရမ့်က “မိမိတို့နှစ်ဦးဟာ ပြဿနာတိုင်း အပေါ်မှာ ရပ်တည်မှုတူကြတယ်”လို့ ပြောခဲ့တယ်။ ယခုအခါမှာတော့ သမ္မတဟာ မစ္စတာ နေတန် ယာဟု ကို ထိန်းချုပ်ဖို့ဆန္ဒ ရှိနေပုံရပါတယ်။ အကယ်၍ ဆွေးနွေးမှုတွေဟာ လနဲ့ချီပြီး ရှည်ကြာ လာမယ်ဆိုရင်တော့ အလုပ်လုပ်ဖို့ ပိုမိုခက်ခဲလာပါလိမ့်မယ်။

            အီရန်ရဲ့ အပိုင်းအနေနဲ့ကတော့ မစ္စတာထရမ့်နဲ့ ထိတွေ့ဆက်ဆံရာမှာ စီးပွားရေးဗျူဟာအပေါ် အခြေခံကာ ဖြေရှင်းတာ တွေ့ရပါတယ်။ ၎င်းတို့ရဲ့ စီးပွားရေးဆန္ဒ တွေကို တင်ပြခဲ့တယ်။ ဧပြီလ ၂၁ ရက် နေ့ကတော့ မစ္စတာ အာရာချီဟာ အမေရိကန်ဉာဏ်ကြီးရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကာနေဂျီ ထောက်ပံ့ လှူဒါန်းမှုအဖွဲ့က ကမကထပြုကာ ကျင်းပခဲ့တဲ့ နျူကလီးယားပေါ်လစီ ကွန်ဖရင့်မှာ တက်ရောက်စကား ပြောခွင့်ရခဲ့ပါတယ်။

            သူ့ရဲ့မိန့်ခွန်းဟာ နောက်ဆုံးအချိန်မှာ ပယ်ဖျက်ခံခဲ့ရတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ အာရာချီက သူ့မိန့်ခွန်းကို အွန်လိုင်းမှာ တင်ခဲ့တယ်။ အာရာချီက သူ့ရဲ့မိန့်ခွန်းထဲမှာ “အီရန်နိုင်ငံအနေနဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၁၉ ခု တည်ဆောက်လိုပြီး ထိုသို့ တည်ဆောက်ရာမှာ အမေရိကန် လုပ်ငန်းတွေကို ဖိတ်ခေါ် မှာပါ”လို့ ပြောခဲ့တယ်။

            ဆက်လက်ပြီးတော့လည်း “ဒေါ်လာဘီလီယံ ဆယ်ဂဏန်းပေါင်းများစွာရှိနိုင်တဲ့ ကန်ထရိုက် တွေကို ရကြမှာပါ။ အီရန်ဈေးကွက်တစ်ခုတည်းက အမေရိကပြည်ထောင်စုအတွင်းရှိ ရုန်းကန်နေရတဲ့ နျူကလီးယားစက်မှုလုပ်ငန်းကို ပြန်လည်အသက်ဝင်လာစေမှာပါ”လို့ ရေးခဲ့ပါတယ်။

            ကမ္ဘာတစ်ဝန်းမှာ နျူကလီးယားဓာတ်ပေါင်းဖို ၆၅ ခုခန့်သာ ရှိပါတယ်။ နောက်ထပ် ဓာတ်ပေါင်းဖို ၁၉ ခု တည်ဆောက်ဖို့ အခွင့်အရေးဟာ ကြီးမားတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ ထိုအလုပ်ကို လက်ခံဖို့ တွန့်ဆုတ်နေကြပါလိမ့်မယ်။ အီရန်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ စန်းထလာမှုကို အမေရိကန်ကုမ္ပဏီတွေကသာ ကျောထောက်နောက်ခံ ပြုလိုက်မယ်ဆိုရင်တော့ တကယ့် ကို အံ့ဖွယ်သရဲဖြစ်မှာပါ။ သို့ပေမဲ့ ထရမ့်ရဲ့ကမ္ဘာမှာ ဘာမဆို ဖြစ်နိုင်ကြောင်းပါ။

မူရင်: Is Donald Trump about to bomb Iran or rebuild it?, The Economist

Click to rate this post!
[Total: 0 Average: 0]