The Corner

The Corner

cropped-Logo_round_grey-background.png

အံ့ဩစရာ အာကာသသွား လူသားဘဝ – စိုင်းအောင်မြင့် (တာချီလိတ်)

Share မယ်

အာကာသယာဉ်မှူးတွေရဲ့ ဘဝက တကယ့်ကို အံ့ဩစရာကြီးနော်။ သူတို့ အာကာသထဲမှာ နေကြတုန်း ကမ္ဘာပေါ်က လူတွေနဲ့ လုံးဝကို မတူတဲ့ နေထိုင်မှုပုံစံတွေနဲ့ နေကြရတာတဲ့။ သူတို့ရဲ့ အာကာသထဲက နေပုံထိုင်ပုံတွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။

        အပြည်ပြည်ဆိုင်ရာ အာကာသ စခန်း (ISS) ဆိုတာ အာကာသထဲမှာ သူတို့ နေပြီး အလုပ်လုပ်တဲ့ နေရာလေးတစ်ခုပဲ။ ကမ္ဘာပေါ်မှာ နေရတာနဲ့ အလွန်ကွာခြားတော့ အလှည့်ကျ အဲဒီကို သွားနေ ကြတာ ပေါ့။ အာကာသထဲမှာ ဆွဲငင်အားက တော်တော်လေး နည်းတော့ ကမ္ဘာပေါ်မှာလို အရာရာကို လုပ်လို့ မရဘူး။ ဒါဆို သူတို့ အာကာသထဲမှာ ဘယ်လိုနေလဲဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။

အာကာသထဲက နေထိုင်မှု ပုံစံ (Living Style)  — 

  • ဆွဲငင်အားမဲ့ခြင်း (Weightlessness) က အဓိကပဲ။ ကမ္ဘာပေါ်မှာလို ခြေထောက်နဲ့ ရပ်လို့ မရတော့ဘူး။ အရာအားလုံးက လွင့်မျောနေတာ။ အိပ်တဲ့အခါဆိုရင်လည်း နံရံမှာဖြစ်ဖြစ်၊ အခန်းရဲ့ ဘယ်နေရာမှာမဆို  ခန္ဓာကိုယ်ကို ကြိုးနဲ့ ချည်ပြီး အိပ်ရတယ်။ မဟုတ်ရင် အခန်းထဲမှာ ဟိုဒီ လွင့်နေမှာပေါ့။
  • အစားအသောက်ကလည်း ထူးထူးခြားခြား။  သူတို့စားတဲ့ အစားအစာတွေက သာမန် မဟုတ် ဘူး။ ရေဓာတ်နည်းအောင် လုပ်ထားတာတို့၊ ပြွန်လေးနဲ့ ညှစ်ပြီး စားရတာတို့ အများကြီးပဲ။ အရည်ပါတဲ့ အရာတွေကို သောက်ရင်လည်း သတိထားပြီး သောက်ရတယ်၊ မဟုတ်ရင် အလုံးလေး တွေလို ဖြစ်ပြီး လွင့်ကုန်လိမ့်မယ်။ အာကာသ အစားအစာ အမျိုးပေါင်း ၃၀၀ ကျော် ရှိတယ်တဲ့။ အများစုက ပလတ်စတစ်ဘူးလေးတွေထဲမှာ ထည့်ထားပြီး ရေနွေး ဒါမှမဟုတ် ရေအေး ထည့်ပြီး ပြင်ဆင်လို့ရတယ်။ အခွံမာသီးတို့၊ ပေါင်မုန့်တို့၊ အသီးအနှံတို့လို အဆင်သင့် စားလို့ရတဲ့ အစားအစာတချို့လည်း ရှိသေးတယ်။ အရင်တုန်းကတော့ အမှုန့်လေး တွေ၊ အစားအစာ ပြွန်လေးတွေပဲ များတာပေါ့။ အခုတော့ အခြောက်ခံ၊ ဘူးသွပ်၊ အေးခဲ အခြောက်ခံ ထားတဲ့ အရသာရှိတဲ့ အစားအစာတွေ စားလို့ရပြီတဲ့။ ဂျပန်က အာကာသ အစားအစာတွေ လုပ်ဖို့ ကြိုးစားနေပြီတဲ့။
  • ရေချိုး သန့်စင်တာကတော့ နည်းနည်းခက်တယ်တဲ့။  ရေချိုးကန်တို့၊ ရေပန်းတို့ (ISS) မှာ မရှိဘူး။ ကမ္ဘာပေါ်မှာ ရေပိုက်ဖွင့်ရင် ရေက အောက်ကို ကျလာတာကိုး။ အာကာသထဲမှာဖွင့်ရင်တော့ ရေတွေက ဟိုဒီ လွင့်ကုန်မှာပေါ့။ ဒါကြောင့် သူတို့ကိုယ်သူတို့ ဆပ်ပြာပါတဲ့ အဝတ်စိုတွေနဲ့ သုတ်ကြတယ်။ ပြီးတော့ ရေမလိုဘဲ ခေါင်းလျှော်လို့ရတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော် ကြတယ်။ လက်တို့ မျက်နှာတို့ သစ်ဖို့ဆိုရင်လည်း ဆပ်ပြာပါတဲ့ အဝတ်စို ဒါမှမဟုတ် မျက်နှာသုတ်ပဝါလေးတွေ သုံးကြတယ်။
  • အဝတ်အစားက သိပ်မညစ်ပတ်ဘူး။ ချွေးထွက်တာ နည်းလို့တဲ့။ ဒါပေမဲ့ တစ်ခါဝတ်ပြီးရင် လွှင့်ပစ်ရတာမျိုးတွေ ရှိတယ်။ လေဟာနယ်ထဲ လမ်းလျှောက်တဲ့အခါ၊ အပြင်ထွက်ပြီး အလုပ်လုပ်တဲ့အခါကျတော့ လေဖိအားထိန်းညှိထားတဲ့ အထူးဝတ်စုံတွေ ဝတ်ရတယ်။ အဲဒါတွေက တော်တော်လေး လေးပြီး အနေရခက်တယ်တဲ့။
  • အသက်ရှူဖို့ လေအိတ်လိုတယ်။ အာကာသယာဉ်ထဲမှာတော့ လေထုစနစ်က ကောင်းကောင်း အလုပ်လုပ်တယ်။ ဒါပေမဲ့ အပြင်ထွက်ရင် ကိုယ့်ရဲ့ အသက်ရှူဖို့ လေအိတ် (oxygen tank) ကို သယ်သွားရတယ်။
  • ကာယပညာ လေ့ကျင့်ခန်းက မလုပ်လို့ မဖြစ်ဘူး။ ဆွဲငင်အား မရှိတော့ ခန္ဓာကိုယ်က ကြွက်သား တွေ အားနည်းလာနိုင်တယ်။ အရိုးတွေရဲ့ သိပ်သည်းဆလည်း ကျလာနိုင်တယ်။ ဒါကြောင့် နေ့တိုင်း နှစ်နာရီလောက် လေ့ကျင့်ခန်း လုပ်ရတယ်။ အထူးစက်တွေနဲ့ ခန္ဓာကိုယ်ကို ချည်ပြီး ပြေးတာတို့၊ အလေးမတာတို့ လုပ်ရတယ်။ သူတို့က လေဟာနယ်ကို သုံးပြီး ခုခံအားကို ဖန်တီး ပေးတဲ့ အလေးမစက်လိုမျိုးတို့၊ ရော်ဘာကြိုးတွေနဲ့ ချည်ထားပြီး ပြေးနိုင်တဲ့ ပြေးစက်တို့၊ ဘီးမပါဘဲ နင်းလို့ရတဲ့ စက်ဘီးလိုမျိုး Ergometer တို့ကို သုံးကြတယ်တဲ့။

နေထိုင်မှု ကွာခြားချက်များ (Different Living)  — 

  • အချိန်က ကမ္ဘာနဲ့ မတူဘူး။  အာကာသထဲမှာ နေရတဲ့အချိန်က ကမ္ဘာပေါ်က အချိန်နဲ့ မတူဘူး။ ဥပမာ – (ISS) က တစ်နေ့ကို နေထွက်ချိန်နဲ့ နေဝင်ချိန် ၁၆ ကြိမ်လောက် မြင်ရတယ်။ ဒါကြောင့် အချိန်ကို မှတ်သားဖို့နဲ့ အလုပ်ချိန်၊ အနားယူချိန်တွေကို စီမံခန့်ခွဲဖို့ အရေးကြီးတယ်။
  • လူမှုဆက်ဆံရေးက အရေးကြီးတယ်။  ရက်ပေါင်းများစွာ၊ လပေါင်းများစွာ အတူတူ အခန်း ကျဉ်းလေးထဲမှာ နေရတဲ့အခါကျတော့ အဖွဲ့အစည်းနဲ့ အဆင်ပြေအောင် နေတတ်ဖို့၊ စိတ်ရှည်ဖို့ အရေးကြီးတယ်။ စိတ်ဖိစီးမှုတွေလည်း ရှိနိုင်တယ်။
  • ကမ္ဘာကို မြင်ရတာက အံ့ဩစရာ။  အာကာသထဲက ကမ္ဘာကို လှမ်းကြည့်ရတာက တကယ့်ကို အံ့သြဖို့ကောင်းတဲ့ အတွေ့အကြုံတစ်ခုလို့ ဆိုကြတယ်။ ကမ္ဘာရဲ့ အလှတရား၊ နယ်နိမိတ်တွေ မရှိတဲ့ အပြာရောင် ဂြိုဟ်ကြီးကို မြင်ရတာက သူတို့ရဲ့ အတွေးအမြင်တွေကို ပြောင်းလဲ စေနိုင်တယ်။
  • အန္တရာယ်က အမြဲရှိတယ်။  အာကာသထဲမှာ အန္တရာယ်တွေ အမြဲရှိတယ်။ ဥပမာ – အာကာသ အမှိုက်တွေနဲ့ တိုက်မိနိုင်တယ်၊ စက်ပစ္စည်းတွေ ချွတ်ယွင်းနိုင်တယ်၊ နေရောင်ခြည်က လာတဲ့ အန္တရာယ်ရှိတဲ့ ဓာတ်ရောင်ခြည်တွေလည်း ရှိတယ်။
  • အိပ်ရတာ နည်းနည်းတော့ ထူးခြားတယ်။  ဆွဲငင်အား မရှိတော့ အာကာသယာဉ်မှူးတွေက အိပ်နေတုန်း လွင့်မျောနေနိုင်တယ်။ အဲသလို မဖြစ်အောင် သူတို့ကို နေရာမှာ ထိန်းထားပေးတဲ့ အိတ်လေးတွေ ဒါမှမဟုတ် အခန်းလေးတွေထဲမှာ အိပ်ကြတယ်။ (ISS) က စက်တွေနဲ့ လေအေးပေးစက်တွေကြောင့် ဆူညံနေတတ်လို့ တချို့က မျက်လုံးစည်းနဲ့ နားပိတ်လေးတွေ သုံးပြီး ပိုကောင်းကောင်း အိပ်ကြတယ်။
  • (ISS) မှာ အိမ်သာတွေ ရှိတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က အိမ်သာတွေနဲ့ နည်းနည်းတော့ ကွာခြားတယ်။ ခုံတွေတော့ ပါတယ်၊ ဒါပေမဲ့ နေရာမှာ ငြိမ်နေဖို့ ကြိုးတွေ သုံးရတယ်။ အညစ်အကြေးတွေကို စုပ်ယူဖို့ လေဟာနယ် စနစ်ကို သုံးတယ်။ မစုပ်ရင် လွင့်ကုန်မှာပေါ့။ အိမ်သာမှာ တံခါးမရှိဘူး၊ လိုက်ကာလေးပဲ ကာထားတယ်။ စက်သံတွေက အပြင်ကို မကြားရအောင် ကူညီပေးတယ်။
  • နေမကောင်းဖြစ်ရင် ဆရာဝန်လို လူရှိတယ်။  အာကာသယာဉ်မှူး တစ်ယောက် နေမကောင်း ဖြစ်ရင် ကူညီဖို့ လေ့ကျင့်ထားတဲ့ Crew Medical Officer ဆိုတဲ့ ဆေးဘက်ဆိုင်ရာ အရာရှိ ရှိတယ်။ သူက ရှေးဦးသူနာပြုစုနည်းတွေ သိတယ်။ (ISS) မှာ အရေးပေါ်အတွက် ဆေးဝါး ကိရိယာတွေ ပါတဲ့ ဆေးသေတ္တာလည်း ရှိတယ်။ အားလုံးက နှလုံးပြဿနာလိုမျိုး အရေးကြီးရင် ဘယ်လိုကူညီရမလဲ သင်ယူထားတယ်။
  • အားလပ်ချိန်လည်း ရှိတယ်။  လပေါင်းများစွာ အခန်းကျဉ်းလေးထဲမှာ လူနည်းနည်းနဲ့ အတူ နေရတာ စိတ်ဖိစီးစရာ ဖြစ်နိုင်တယ်။ ဒါကြောင့် အနားယူဖို့ အရေးကြီးတယ်။ ကိုယ်ပိုင် ပစ္စည်းလေးတွေ ယူသွားလို့ရတယ်။ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ကမ္ဘာမြေနဲ့ ကြယ်တွေကို ဓာတ်ပုံရိုက်တာတို့ လုပ်လို့ရတယ်။ ရုပ်ရှင်ကြည့်တာ၊ အွန်လိုင်းမှာ သတင်း ဖတ်တာ၊ မိသားစုနဲ့ သူငယ်ချင်းတွေကို စကားပြောတာတွေလည်း လုပ်လို့ရတယ်။

အာကာသထဲမှာ နေထိုင်ရတာက တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံတစ်ခုပဲနော်။ အာကာသ ယာဉ်မှူးတွေက အာကာသထဲမှာ ကျန်းမာပျော်ရွှင်စွာ နေနိုင်ဖို့ အပြောင်းအလဲ အများကြီးကို လိုက်လျော ညီထွေ ဖြစ်အောင် လုပ်ရတာ တကယ်ကို လေးစားဖို့ကောင်းတယ်။ သူတို့ရဲ့ ကြံ့ခိုင်မှု၊ စိတ်ဓာတ်နဲ့ လေ့ကျင့်မှုတွေက တကယ်ကို အံ့ဩစရာပဲ။

            အာကာသထဲမှာ အာကာသယာဉ်မှူးတွေ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရလဲ၊ ဘယ်လို ပုံစံတွေနဲ့ နေထိုင်ကြလဲဆိုတာကို အသေးစိတ် ပြောခဲ့ပြီးပြီနော်။ အခု ဆက်ပြီးတော့ သူတို့ အဲဒီလို သွားရောက် နေထိုင်ကြတဲ့ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းကြီး (ISS) ရဲ့ နောက်ပိုင်း အနာဂတ်မှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်လာနိုင်လဲ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ကြည့်ကြရအောင်။ အဲဒီ စခန်းကြီးက ကမ္ဘာပတ်လမ်းထဲမှာ နှစ်ပေါင်းများစွာ လည်ပတ်နေခဲ့ပြီး ကမ္ဘာပေါ်က သိပ္ပံပညာရှင်တွေအတွက် အဖိုးတန်တဲ့ သုတေသနတွေကို လုပ်ဆောင်ပေးခဲ့တာဆိုတော့ သူ့ရဲ့ နောက်ဆုံးအချိန်နဲ့ နောက်ပိုင်းမှာ ဘာတွေ ဖြစ်လာမလဲဆိုတာက စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာတစ်ခုပဲပေါ့။

သက်တမ်းကုန်တော့မယ်

        အာကာသထဲက အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းကြီး (ISS) က ၂၀၃၀ ပြည့်နှစ်လောက်ဆို သက်တမ်းကုန်တော့မယ်တဲ့။ အရင်က အစိုးရတွေပဲ လုပ်ခဲ့တဲ့ အာကာသ စခန်းတွေကို အခု ပိုက်ဆံ ရှာတဲ့ ကုမ္ပဏီတွေက စိတ်ဝင်စားလာကြပြီ။ ဖလော်ရီဒါတို့၊ ဟူစတန်တို့လို နေရာတွေတင် မဟုတ်ဘဲ ပစ်စဘတ်က Sierra Space ဆိုတဲ့ ကုမ္ပဏီက လူတိုင်း အာကာသကို သွားလို့ရအောင် လုပ်ချင်နေတယ်။ သူတို့ရဲ့ Orbital Reef ဆိုတဲ့ စခန်းက အခု (ISS) ထက် ပိုကျယ်ပြီး သက်သောင့်သက်သာ ရှိမယ်တဲ့။ ခရီးသည်တွေရော သိပ္ပံပညာရှင်တွေရော အလေးချိန်မရှိတဲ့ အာကာသထဲမှာ စမ်းသပ်မှုတွေ လုပ်ပြီး ပိုကောင်းတဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ ရအောင် လုပ်နိုင်မယ်လို့ သူတို့ မျှော်လင့်ထားကြတယ်။ အရင်က သံတွေ အများကြီး ထုတ်တဲ့ သူတို့မြို့ကို အာကာသလုပ်ငန်းတွေနဲ့ ပြန်တိုးတက်စေချင်ကြတာတဲ့။

        (ISS) က တကယ် သက်တမ်းကုန်ခါနီးနေပြီလို့ NASA ကလည်း ပြောထားတယ်။ ဒါကြောင့် အာကာသထဲမှာ သုတေသနလုပ်ဖို့ နေရာအသစ်တွေ လိုလာပြီ။ NASA က ၂၀၃၀ ခုနှစ် အထိ တော့ (ISS) ကို ဆက်သုံးမယ်။ ပြီးရင် ပိုက်ဆံရှာတဲ့ ကုမ္ပဏီတွေရဲ့ စခန်းတွေကို ပြောင်းသွားဖို့ အစီအစဉ်ရှိတယ်။ (ISS) ကို ပင်လယ်ထဲ ပို့ပေးမယ့် ယာဉ်လုပ်ဖို့ SpaceX နဲ့ စာချုပ် ပေးထား တယ်။ Axiom Space, Blue Origin, Voyager Space တို့လို ကုမ္ပဏီတွေကို စခန်းအသစ်တွေ ဆောက်ဖို့ ကူညီနေတယ်။ (ISS) က ၁၉၉၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တည်ဆောက်ခဲ့တာဆိုတော့ အစိတ်အပိုင်း တွေက ဟောင်းနေပြီ။ ဆက်ထိန်းသိမ်းဖို့က အကုန်အကျ များတယ်။ ၂၀၂၆ လောက်ကစပြီး ရုရှား ယာဉ်တွေနဲ့ (ISS) ကို ဖြည်းဖြည်း နိမ့်သွားအောင်လုပ်ပြီး Point Nemo မှာ ချမှာတဲ့။

Point Nemo ဆိုတာ ဘယ်မှာလဲ။

        Point Nemo ဆိုတာ ကုန်းမြေနဲ့ အဝေးဆုံးဖြစ်တဲ့ သမုဒ္ဒရာထဲက လူသူမရှိတဲ့ နေရာပဲ။ ပြင်သစ် ဝတ္ထုရေးဆရာ  Jules Verne ရဲ့ ‘ပင်လယ်အောက် မိုင်နှစ်သောင်း’ (Twenty Thousand Leagues Under the Sea) စွန့်စားခန်း ဝတ္ထုထဲက နာမည်ကြီး ရေငုပ်သင်္ဘောသားရဲ့ နာမည်ကို အစွဲပြုပြီး ခေါ်တာ။

        ဒီလူသူဝေးတဲ့ သမုဒ္ဒရာထဲက နေရာကတော့ မြောက်ဘက်က Pitcairn ကျွန်းစုထဲက Ducie ကျွန်း၊ အရှေ့မြောက်ဘက်က Easter ကျွန်းထဲက Motu Nui ကျွန်း၊ တောင်ဘက်က အန္တာတိကတိုက်ရဲ့ Maher ကျွန်းတို့နဲ့ ၂,၆၈၈ ကီလိုမီတာ လောက် ဝေးတဲ့ လတ္တီတွဒ် ၄၈°၅၂.၆′S နဲ့ လောင်ဂျီတွဒ် ၁၂၃°၂၃.၆′W မှာ တည်ရှိတယ်။

        အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ ဥရောပတို့က ၂၀၃၀ ခုနှစ် အထိ (ISS) ကို သုံးဖို့ သဘောတူ ထားတယ်။ ရုရှားကတော့ ၂၀၂၈ ခုနှစ်  အထိ ဆက်လုပ်မယ်။ ၂၀၀၀ ပြည့်နှစ်ကတည်းက (ISS) မှာ လူအမြဲရှိတယ်။ အာကာသထဲက လူ့ကျန်းမာရေးနဲ့ သိပ္ပံသုတေသနတွေ အများကြီး လုပ်ခဲ့တယ်။

အစားထိုးနိုင်ပါ့မလား

        ပိုက်ဆံရှာတဲ့ ကုမ္ပဏီတွေရဲ့ စခန်းတွေကို ပြောင်းသုံးတာက တီထွင်မှုတွေကို အားပေးမယ်၊ NASA ရဲ့ ကုန်ကျစရိတ်ကို လျှော့ချမယ်။ ဒါပေမဲ့ ၂၀၃၀ မတိုင်ခင် အဲဒီစခန်းတွေက (ISS) ရဲ့ လုပ်ဆောင် နိုင်စွမ်းကို အစားထိုးနိုင်ပါ့မလားဆိုတာ မသေချာဘူး။ (ISS) ကို ဖျက်သိမ်းတာကလည်း အလွန် ခက်ခဲတဲ့ လုပ်ငန်းကြီးတစ်ခု ဖြစ်လိမ့်မယ်။

        တရုတ်နိုင်ငံကတော့ (ISS) မှာ မပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင် Tiangong (ကောင်းကင်နန်းတော်) အာကာသ စခန်းကို တည်ဆောက်ပြီး လုပ်နေတယ်။ ၂၀၂၁ ခုနှစ် မှာ စဆောက်ခဲ့ပြီး အခု အပြည့်အဝ အလုပ်လုပ် နေတယ်။ တရုတ် အာကာသယာဉ်မှူးတွေ ခြောက်လလောက် အဲဒီမှာ နေကြတယ်။

        Tiangong က အာကာသထဲက သက်ရှိတွေအကြောင်း၊ ပစ္စည်းတွေအကြောင်း သုတေသနတွေ လုပ်ဖို့ ဓာတ်ခွဲခန်းတစ်ခုလို လုပ်ဆောင်ပေးတယ်။ (ISS) ထက် သေးငယ်ပေမယ့် နောက်ထပ် တိုးချဲ့လို့ ရတယ်။ တရုတ်က တခြားနိုင်ငံက အာကာသယာဉ်မှူးတွေကိုလည်း လက်ခံဖို့ ဆန္ဒ ရှိတယ်။ (ISS) က ၂၀၃၀ လောက်မှာ အသုံးမပြုတော့ရင် Tiangong က လူတွေ အမြဲရှိနေမယ့် တစ်ခုတည်းသော အာကာသ စခန်း ဖြစ်လာနိုင်တယ်။ ဒါကြောင့် တရုတ်က အနာဂတ် အာကာသ လုပ်ငန်းတွေမှာ အရေးကြီးတဲ့ နေရာက ပါဝင်လာနိုင်တယ်။ Tiangong ကို အောင်မြင်စွာ တည်ဆောက်နိုင်တာက တရုတ်ရဲ့ အာကာသ စူးစမ်းလေ့လာရေး စွမ်းဆောင်ရည်ကို ပြနေတယ်။  (ISS) သက်တမ်းကုန်တော့မှာဖြစ်ပေမယ့် တရုတ်ရဲ့ Tiangong က ဆက်ပြီး အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ရပြီး ကမ္ဘာပတ်လမ်း နိမ့်ပိုင်းမှာ အဓိက နေရာတစ်ခု ဖြစ်လာနိုင်တယ်။

  • လူငယ်တို့အတွက် အာကာသက သင်ပေးတဲ့ ဘဝသင်ခန်းစာများ

        အာကာသထဲမှာ အာကာသယာဉ်မှူးတွေ ဘယ်လို ခက်ခဲတဲ့ အခြေအနေတွေကြားကနေ သူတို့ရဲ့ ရည်မှန်းချက်ကို အရောက်သွားကြလဲဆိုတာကို လေ့လာခဲ့ပြီးပြီနော်။ အဲဒီတော့ ဒီအံ့ဩစရာကောင်းတဲ့ အာကာသယာဉ်မှူးတွေရဲ့ ဘဝကနေ မင်းတို့အတွက် ဘယ်လို ခွန်အားပေးစရာ သင်ခန်းစာတွေ ရနိုင်မလဲဆိုတာကို ဆက်ပြီး လေ့လာကြည့်ကြရအောင်။

  • အခက်အခဲမှာ လိုက်လျောညီထွေ နေတတ်ဖို့ (Adaptability is Key)

        အာကာသထဲမှာ ဆွဲငင်အားမရှိတာ၊ ထူးခြားတဲ့ အစားအသောက်နဲ့ ရေချိုးနည်းတွေ၊ အိပ်တဲ့ပုံစံတွေ ဆိုတာ ကမ္ဘာပေါ်ကနဲ့ လုံးဝကို ကွဲပြားခြားနားတယ်။ အဲဒီလို မတူညီတဲ့ အခြေအနေ တွေမှာ အာကာသ ယာဉ်မှူးတွေဟာ သူတို့ရဲ့ ရှင်သန်မှုကို အံဝင်ခွင်ကျဖြစ်အောင် အစွမ်းကုန် ကြိုးစား ကြရတယ်။ လူငယ်လေးတို့လည်း ဘဝမှာ ကြုံတွေ့လာရတဲ့ ခက်ခဲတဲ့ အခြေအနေတွေ၊ ရုတ်တရက် ပြောင်းလဲမှု တွေမှာ စိတ်ဓာတ်မကျဘဲ အတတ်နိုင်ဆုံး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားပါ။ အဲဒီလို လိုက်လျော ညီထွေ နေတတ်တဲ့ စွမ်းရည်က မင်းတို့ရဲ့ ဘဝ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်လွှားပြီး ရှေ့ဆက်ဖို့ အင်အားဖြစ်စေလိမ့်မယ်။

  • ရည်မှန်းချက်အတွက် စည်းကမ်းရှိဖို့ (Discipline for Your Goals)

        အာကာသထဲမှာ ကြွက်သားတွေ အားမနည်းအောင်၊ အရိုးတွေ မတိုက်စားအောင် နေ့တိုင်း နာရီနဲ့ချီပြီး လေ့ကျင့်ခန်း လုပ်ရတယ်။ အဲဒီလိုပဲ လူငယ်လေးတို့ရဲ့ ဘဝမှာလည်း ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုရင် စည်းကမ်းရှိရှိနဲ့ ကြိုးစားအားထုတ်ဖို့ လိုတယ်။ ပျင်းရိတာတို့၊ လမ်းကြောင်း လွဲတာတို့ မလုပ်ဘဲ ကိုယ့်ရဲ့ ရည်မှန်းချက်ကို အမြဲတမ်း အာရုံစိုက်ထားပါ။

  • အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ (Teamwork Makes the Dream Work)

        ရက်ပေါင်းများစွာ၊ လပေါင်းများစွာ အခန်းကျဉ်းလေးထဲမှာ လူနည်းနည်းနဲ့ အတူနေရတဲ့အခါ အဆင်ပြေအောင် နေတတ်ဖို့၊ စိတ်ရှည်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ကူညီဖို့ အရမ်းအရေးကြီးတယ်။ လူငယ်လေးတို့လည်း အတူတူ လုပ်ရတဲ့ အခါတွေမှာ အဖွဲ့အစည်းရဲ့ စည်းလုံးညီညွတ်မှုကို တန်ဖိုးထားပြီး အားလုံး တက်ညီလက်ညီနဲ့ ပူးပေါင်းဆောင်ရွက်ပါ။ အဲဒီလို လုပ်ဆောင်မှသာ အောင်မြင်မှုကို အတူတူ ခံစားနိုင်မှာပါ။

  • အမြဲတမ်း သင်ယူလေ့လာဖို့ (Never Stop Learning)

        အာကာသယာဉ်မှူးတွေဟာ အာကာသထဲ မရောက်ခင်ကတည်းက နှစ်ပေါင်းများစွာ လေ့ကျင့် သင်ကြားရတယ်။ အာကာသထဲရောက်တော့လည်း အမြဲတမ်း အသစ်အဆန်းတွေကို စမ်းသပ် လေ့လာ နေရတယ်။ လူငယ်လေးတို့လည်း ဘဝမှာ အောင်မြင်ချင်ရင် အမြဲတမ်း ဗဟုသုတတွေ ရှာမှီးနေဖို့၊ ကိုယ့်ရဲ့ အရည်အချင်းတွေကို တိုးတက်အောင် လုပ်နေဖို့ လိုတယ်။ လောကကြီးက အမြဲ ပြောင်းလဲ နေတာမို့ ကိုယ်ကလည်း အမြဲတမ်း လေ့လာသင်ယူနေမှသာ နောက်မကျဘဲ ရှေ့ကို ဆက်လျှောက် နိုင်မှာပါ။

  • အခက်အခဲကို အခွင့်အရေးအဖြစ် ပြောင်းလဲဖို့ (Turn Challenges into Opportunities)

        အာကာသထဲမှာ အန္တရာယ်တွေ အမြဲရှိတယ်။ ဆွဲငင်အားမရှိတာကလည်း အခက်အခဲတစ်ခုပဲ။ ဒါပေမဲ့ အာကာသယာဉ်မှူးတွေက အဲဒီလို မလွယ်ကူတဲ့ အခြေအနေတွေကြားထဲကနေ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ကြိုးစားကြတယ်။ လူငယ်လေး တို့လည်း ဘဝမှာ ကြုံလာတဲ့ အခက်အခဲတွေကို စိတ်ဓာတ်မကျဘဲ အဲဒီကနေ သင်ခန်းစာယူပြီး အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားကြည့်ပါ။ အခက်အခဲတိုင်းမှာ သင်ယူစရာတွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့။

  • ကမ္ဘာကြီးကို တန်ဖိုးထားဖို့ (Appreciate Your Home)

အာကာသထဲကနေ ကမ္ဘာကြီးကို လှမ်းကြည့်တဲ့အခါ အာကာသယာဉ်မှူးတွေဟာ ကမ္ဘာရဲ့ အလှတရားကို ပိုပြီး နားလည်လာကြတယ်။ လူငယ်လေးတို့လည်း ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို တန်ဖိုးထားပါ၊ ကမ္ဘာကြီးကို ထိန်းသိမ်းပါ။ ဒါဟာ မင်းတို့ရဲ့ အိမ်ဖြစ်သလို နောက်မျိုးဆက်တွေ အတွက်လည်း အမွေအနှစ်ကောင်းတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် လူငယ်လေးတို့ရေ… အာကာသယာဉ်မှူးတွေရဲ့ အံ့ဩစရာကောင်းတဲ့ ဘဝကနေ မင်းတို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာတွေ အများကြီး ရနိုင်ပါတယ်။ မင်းတို့ရဲ့ ဘဝမှာလည်း စိတ်ဓာတ်ခိုင်မာစွာနဲ့ ကြိုးစားမယ်ဆိုရင် မင်းတို့ရဲ့ အိပ်မက်တွေကို အရောက်လှမ်းနိုင်မှာ သေချာပါတယ်။ ရှေ့ဆက်ပြီး ယုံကြည်ချက်အပြည့်နဲ့ ကြိုးစားကြပါ!

 SOURCES:

Everyday Life on the ISS | JAXA Human Spaceflight Technology Directorate

nasa.gov

Photo: NASA
Photo: NASA
Click to rate this post!
[Total: 0 Average: 0]