
ဒုတိယ သမ္မတသက်တမ်းအတွက် တာဝန်ယူပြီးချိန်ကစပြီး ဒေါ်နယ်ထရမ့်ရဲ့ မူဝါဒ၊ ဆောင်ရွက်ချက် တွေက နားမလည် နိုင်စရာ ဖြစ်လာပါတယ်။ တချို့ကလည်း ဒေါ်နယ်ထရမ့်ဟာ စိတ်ကူးပေါက်ရာလုပ်နေတယ်၊ ဘာမူဝါဒမှ မရှိဘူးအထိ အဆိုးမြင်ကြတာလည်း ရှိပါတယ်။ ဒီနေရာမှာ ထရမ့်ရဲ့ နိုင်ငံခြားရေး မူဝါဒကြောင်း ပြောလိုပါတယ်။ ဂျာမန် သတင်း ဌာန DW ရဲ့ နိုင်ငံတကာအယ်ဒီတာ ရစ်ချတ် ဝေါ့ကာ (Richard Walker) ရဲ့ တင်ပြချက်အပေါ် အခြေခံဆွေးနွေးမှာပါ။ ရစ်ချတ်ဝေါ့ကားက ဒေါ်နယ် ထရမ့်ဟာ အချက်သုံးချက်အပေါ် အခြေခံပြီး သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို အကောင်အထည် ဖော်နေတယ်လို့ ရှုမြင်ပါတယ်။ပထမတစ်ချက်က အင်အားအခြေခံ လက်တွေ့မူဝါဒ (Realism) ပါ။ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ရေးဆိုတဲ့ စံတန်ဖိုးတွေထက် ”စစ်ရေးအင်အား၊ စီးပွားရေးအင်အား” စတဲ့ အင်အားတွေအပေါ်မူတည်ပြီး အင်အားကြီးသူက အင်အားငယ် သူတွေတို့ကို အပေါ်စီးက ဆက်ဆံတာက သဘာဝပဲဆိုတဲ့ အတွေး အခေါ်ပါ။ အသစ်အဆန်းတော့ မဟုတ်ပါဘူး၊ ကမ္ဘာ့နိုင်ငံရေးမှာ တွေ့ရလေ့ရှိတဲ့ကိစ္စပါ။ ဘိုင်ဒင်က ယူကရိန်းအရေးမှာ စံတန်ဖိုး တွေအပေါ် အခြေခံ ချဉ်းကပ်ပေမယ့် ဒေါ်နယ်ထရမ့်ကတော့ ယူကရိန်းမှာ ဘာအင်အားရှိလို့ဆိုတဲ့ ရှုထောင့်ကနေ ချဉ်းကပ် ပါတယ်။ တစ်ကမ္ဘာလုံး ပြောစရာဖြစ်ခဲ့တဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့်က ဇာလန်စကီးကို ”ဖြစ်ချင် တာတွေ ပြောနေရအောင် မင်းမှာ ဘာအင်အားရှိလို့လဲ” ပြောခဲ့တာက ဒီအချက်ကို ပေါ်လွင်စေပါတယ်။
ဒုတိယတစ်ချက်က ဟင်နရီကင်ဆင်ဂျာက ၁၉၇ဝ ကျော်ကာလမှာ အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံခြား မဟာ ဗျူဟာမြောက် ဆက်ဆံရေးထူထောင်ခဲ့တာနဲ့ ဆက်စပ်နေပါတယ်။ ဒီလို မဟာဗျူဟာမြောက် ဆက်ဆံရေး ထူထောင်ခဲ့ရတာရဲ့ အခြေခံအကြောင်းရင်းက တရုတ်နိုင်ငံကို ဆိုဗီယက်ပြည်ထောင် စုရဲ့ ဩဇာအောက်ကနေ ဆွဲထုတ်ဖို့ပါ။ အရပ်စကားပြောရရင် တရုတ်နိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စု (ရုရှား) ကြား သွေးခွဲသပ်လျှိုဖို့ပါ။ ရစ်ချတ်ဝေါ့ကားရဲ့ ရှုမြင်ပုံက ဒေါ်နယ် ထရမ့်ဟာ ကစ်ဆင်ဂျာရဲ့နည်းနာ ကို အတုယူပြီး ပြောင်းပြန် ဆောင်ရွက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သဘောပါ။ ရုရှားကို ဆွဲဆောင်ပြီး ရုရှားနဲ့ တရုတ်နိုင်ငံကြား သွေးခွဲသပ်လျှိုဖို့ပါ။ တပ်ကာ ကာလ်ဆန် (Tucker Carlson) နဲ့ ပြုလုပ်တဲ့ အင်တာဗျူး မှာ ဒေါ်နယ်ထရမ့်က ဘိုင်ဒင်ရဲ့ နိုင်ငံခြားရေး မူဝါဒ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ”သူတို့က ရုရှား၊ တရုတ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ အခြားနိုင်ငံတွေကို အုပ်စု တစ်ခုတည်းဖြစ်အောင် လုပ်ခဲ့ကြတာလေ”လို့ ပြောဆို ခဲ့ပါတယ်။
တတိယအချက်က အင်အားကြီးနိုင်ငံတွေမှာ ကိုယ်ပိုင် ဩဇာရပ်ဝန်း (Sphere of Influence) ရှိရ မယ်ဆိုတဲ့ အယူအဆပါ။ ကျူဘားဟာ အမေရိကန်ရဲ့ ဩဇာအောက်မှာ ရှိရမှာဖြစ်သလို ယူကရိန်းနဲ့ အရှေ့ ဥရောပ နိုင်ငံတွေဟာ ရုရှားနိုင်ငံရဲ့ ဩဇာအောက်မှာ ရှိရမယ်ဆိုတာမျိုးပါ။ ဒါကလည်း အင်အားကြီးသူသာ လွှမ်းမိုး ရမယ် (Realism) နဲ့ ဆက်စပ်နေပါတယ်။ ဂရင်းလန်းကျွန်းကိုသိမ်းမယ်၊ ပနားမား တူးမြောင်း ကို ပြန်လည် ရယူမယ်၊ ကနေဒါ နိုင်ငံကို အမေရိကန် နိုင်ငံရဲ့ (၅၁) ခု မြောက် ပြည်နယ်အဖြစ် ဖန်တီးမယ် ဆိုတာတွေက ကိုယ်ပိုင် ဩဇာရပ်ဝန်းနဲ့ ဆက်စပ် နေပါတယ်။
ရစ်ချတ်ဝေါ့ကာရဲ့ အယူအဆက ဒီသုံးချက်အပေါ် အခြေခံပြီး ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ နိုင်ငံခြား ရေးမူဝါဒကို အကောင်အထည်ဖော်နေတယ်ဆိုတဲ့ သဘောပါ။ အင်အား အခြေခံ လက်တွေ့မူဝါဒ (Realism) ရော၊ ကိုယ်ပိုင် ဩဇာ ရပ်ဝန်း (sphere of Influence) ပါ အသစ်အဆန်းမဟုတ်သလို သူ့အယူအဆနဲ့ သူ အခိုင်အမာ ထောက်ခံတဲ့ အင်အား စုတွေ ရှိပါတယ်။ ကစ်ဆင်ဂျားရဲ့ ချဉ်းကပ်ပုံကို အတုယုပြီး ရှရှားနဲ့ တရုတ်နိုင်ငံ တွေကြား သွေးခွဲဖို့ဆိုတာကတော့ အသစ် မဟုတ်ပေမယ့် တွေးလေ့ရှိတဲ့ အတွေးမျိုးမဟုတ် ပါဘူး၊ တိတိကျကျ ပြောရရင် လက်တွေ့ မဖြစ်နိုင်လို့ မတွေးကြတာပါ။
၁၉၇၀ ကျော်ကာလ ကစ်ဆင်ဂျာလက်ထက် တရုတ်နိုင်ငံကို ဆိုဗီယက်ပြည်ထောင်စု (ရုရှား) အောက်ကနေ ဆွဲထုတ်ဖို့ ကြိုးပမ်းတဲ့အချိန်မှာ တရုတ်နိုင်ငံနဲ့ ဆိုဗီယက် ပြည်ထောင်စု (ရုရှား) ကြား ဆက်ဆံ ရေးက အဆင်မပြေ ဖြစ်နေတာ အတော်ကြာပါပြီ။ လက်ရှိအခြေအနေများက ရုရှားနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ဟာ ခိုင်မာ အားကောင်း နေတာပါ၊ အခုအချိန်မှာ ရုရှားနဲ့ တရုတ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက် မှုဟာ ကိစ္စတစ်ခုချင်းအလိုက် ဆောင်ရွက်တဲ့ နည်းဗျူဟာသဘော မဟုတ်ပါဘူး။ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုပါ။ အမေရိကန် နိုင်ငံအပါအဝင် အနောက်နိုင်ငံတွေရဲ့ အင်အားကို ရင်ဆိုင်ယှဉ်ပြိုင်ဖို့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ဟာ BRICS လို အဖွဲ့မျိုးကို ဖွဲ့စည်းထားကြတာပါ။ BRICS ဟာ ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ (IMF) တို့ရဲ့ အခန်း ကဏ္ဍ လျှော့ချရေးကို ကြိုးပမ်းနေသလို နိုင်ငံတကာ ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာ ငွေရဲ့ အခန်းကဏ္ဍကို အစားထိုးနိုင်ဖို့ ကြိုပမ်း နေကြတာပါ။ ရေရှည် ရည်မှန်းချက်ချမှတ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်နေကြတာပါ။ အားလုံး သိတဲ့ အတိုင်း BRICS ကို ရုရှားနဲ့ တရုတ် နိုင်ငံတို့က ဦးဆောင် နေကြတာပါ။ ဒီလိုအခြေအနေမှာ ရုရှား ကို အမေရိကန် နိုင်ငံ ဘက် ယိမ်းအောင်လုပ်ပြီး တရုတ်နိုင်ငံနဲ့ သွေးခွဲမယ်ဆိုတာ မဖြစ် နိုင်ပါဘူး။
နိုင်ငံခြားရေးမူဝါဒကို ပုံဖော်ကျင့်သုံးရာမှာ ထရမ့်ရဲ့ ပြဿနာက ကမ္ဘာ့အခြေအနေတစ်ရပ်လုံး အပေါ် ခြုံငုံ သုံးသပ် ထားတဲ့ အခြေခံအယူအဆတစ်ရပ် ခိုင်ခိုင်မာမာ မရှိတာပါ။ ကမ္ဘာကြီးရဲ့ လက်ရှိ နိုင်ငံတကာ အခင်း အကျင်းကို ခြုံငုံ သုံးသပ်ကြည့်ရင် အခြေခံပြဿနာက ဒုတိယကမ္ဘာစစ်ကြီးအပြီး ကုလသမဂ္ဂအပေါ် ဗဟိုပြု တည်ဆောက် ထားတဲ့ နိုင်ငံတကာ ဆက်ဆံရေးစနစ် သိသိသာသာ ပြိုလဲနေတာပါ။ ကုလသမဂ္ဂဟာ ကမ္ဘာ့နိုင်ငံ တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ပြီး ”တန်းတူရည်တူ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေအဖြစ် ရပ်တည်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ဆင်းရဲချမ်းသာကွာဟမှုလျော့ပါးရေး” စတဲ့ ရည်ရွယ် ချက်ကောင်းတွေကို ဦးတည်ဆောင်ရွက်ခဲ့ပါတယ်။
ကုလသမဂ္ဂအခြေပြုနိုင်ငံတကာဆက်ဆံရေးဟာ တစ် ကမ္ဘာလုံး အတိုင်းအတာအရ ငြိမ်းချမ်းရေး တည်ရှိမှု ရှိအောင် နှစ်ပေါင်း (၇၀) ကျော် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြောရရင် ဒီမို ကရေစီဆက်ဆံရေးရဲ့ ခေါင်းဆောင်ဟာ အမေရိကန်နိုင်ငံပါ။
ဒုတိယကမ္ဘာစစ်လွန် ကာလတွေမှာ အမေရိကန်နိုင်ငံဟာ အနောက်ဥရောပနိုင်ငံတွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မာရှယ် စီမံကိန်းအပါအဝင် ပံ့ပိုးကူညီမှုတွေ အမြောက်အမြား ပေးအပ် ခဲ့ပါတယ်။ စစ်အေးလွန် ကာလ မှာလည်း ဆိုဗီယက် ပြည်ထောင်စုလက်အောက်က လွတ်မြောက်လာတဲ့ အရှေ့ဥရောပ နိုင်ငံတွေအပါအဝင် ဥရောပ တိုက်က စီးပွားရေးအရလည်း အောင်အောင်မြင်မြင် ခိုင်ခိုင်မာမာ ရပ်တည် နိုင်အောင် ထောက်ခံအားပေးခဲ့ပါတယ်။ ဆိုဗီယက်ပြည်ထောင်စု (ရုရှား) နိုင်ငံရဲ့ စစ်ရေးအရ စိန်ခေါ်မှုတွေကို တုံ့ပြန်နိုင်ဖို့ နေတိုး (NATO) အဖွဲ့ကို စစ်ဆေးကာ လအစပိုင်း ကာလတွေကတည်းက ဖွဲ့စည်း ခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ခေါင်းဆောင်မှုနေရာကို အမေရိကန် နိုင်ငံက အစဉ်အဆက် ရယူခဲ့တယ်ဆိုပေမယ့် ဂလိုဘယ် လိုက်ဇေး ရှင်း ခေတ်မှာ လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေး ဘောင်အတွင်း ကနေ ဥရောပနိုင်ငံတွေအပါအဝင် မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေး အရ ယှဉ်ပြိုင်နိုင်စွမ်းကို လက်ခံ အသိအမှတ်ပြု အားပေးခဲ့ပါ တယ်။ ဒီမို ကရေစီ ရေး၊ လူ့အခွင့်အရေး၊ နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာအပေါ် လေးစား လိုက်နာရေး ဆိုတဲ့ စံနှုန်းတွေ ကိုလည်း အမေရိကန်နိုင်ငံက အစဉ်အဆက် ရပ်တည် ဆုပ်ကိုင် ခဲ့ပါတယ်။ အမေရိကန် နိုင်ငံနဲ့ မဟာမိတ် နိုင်ငံတွေကြား ပွတ်တိုက် ရင်ဆိုင်မှုတွေ ရှိခဲ့ပေမယ့်လည်း ဒုတိယကမ္ဘာစစ်လွန် ကုလသမဂ္ဂ အခြေပြု နိုင်ငံတကာ ဆက်ဆံရေး စနစ်ဟာ ဆယ်စုနှစ်များစွာ တည်ငြိမ်၊ လုံခြုံမှုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီလို ဖန်တီး ပေးနိုင် ခဲ့တာကို သုံးသပ်ရင် အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အရ ဦးဆောင်မှုက အရေးကြီးတဲ့ အခန်းကဏ္ဏကနေ ပါဝင် ခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂအခြေပြု နိုင်ငံတကာ ဆက်ဆံရေးစနစ်ကို ပြောင်းပြန်လှန်ဖို့ ကြိုးစား လာပါတယ်။ ပြောရရင် ဒေါ်နယ်ထရမ့်မတိုင်ခင် ကာလမှာကတည်းက ကုလ သမဂ္ဂ နိုင်ငံတကာ အခြေပြု နိုင်ငံတကာ ဆက်ဆံရေးစနစ်ဟာ အတော်ကြီးကို ယိမ်းယိုင် အားနည်း လာနေတာပါ။ ဒီဖြစ်ရပ်က အကြောင်းတရား ပေါင်းစုံပေါ် မူတည် ဖြစ်ပေါ်လာတာပါ။ ကုလ သမဂ္ဂ ကမ္ဘာ့နိုင်ငံတွေရဲ့ ယုံကြည်ကိုးစားမှုက သမိုင်း တစ်လျှောက် အနိမ့်ဆုံးကို ရောက်နေတာပါ။ ဒီလို အခြေအနေမှာ ဒေါ်နယ် ထရမ့်ရဲ့ အခြေခံ အယူအဆက ကမ္ဘာ့နိုင်ငံတွေဟာ အမေရိကန် နိုင်ငံရဲ့ ဦးဆောင်မှုအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ် နေတယ်လို့ ရှုမြင် တာပါ။ ဥရောပသမဂ္ဂအပါအဝင် မဟာမိတ် နိုင်ငံတွေလည်း ဒီအတိုင်းပဲဆိုတဲ့ သဘောပါပဲ။
ဒါကြောင့် ဒေါ်နယ်ထရမ့်ဟာ အဓိက မဟာမိတ် ဖြစ်တဲ့ ဥရောပသမဂ္ဂအပေါ် ထိပ်တိုက်တိုး ဝေဖန် ဆောင်ရွက် ခဲ့သလို နေတိုး (NATO) အဖွဲ့ရဲ့ အသုံးဝင်မှုအပေါ်မှာလည်း သံသယ စကားတွေ ဆိုကြပါတယ်။ ကနေဒါနဲ့ ဥရောပ သမဂ္ဂလို အဓိကမဟာမိတ်နိုင်ငံတွေကိုလည်း အထာမထားဘဲ သွင်းကုန်ခွန် (Tariff) တွေ တိုးမြှင့်ချမှတ် ဖိအားပေး ဆောင်ရွက်လာ ပါတယ်။ ယူကရိန်း-ရှရှားစစ်ပွဲမှာလည်း အခိုင်အမာ မဟာမိတ်တွေ ဖြစ်တဲ့ ဥရောပနိုင်ငံတွေရဲ့ သဘောထား ကို ကျောခိုင်းပြီး ရုရှားနိုင်ငံဘက် အလေးပေးရပ်တည် ဆောင်ရွက် လာပါတယ်။ ဒီလို ရုရှားနိုင်ငံ ဘက်ယိမ်းပြီး အလေးပေး ရပ်တည်ဆောင်ရွက်လာတာဟာ ရစ်ချတ် ဝေါ့ကား တင်ပြတဲ့ အခြေခံအချက် သုံးချက် စလုံးနဲ့ ဆက်စပ်နေပုံရပါတယ်။

စာရေးသူရဲ့အမြင်ကို ပြောရရင် ဒေါ်နယ်ထရမ့်ရဲ့ ချဉ်းကပ်ပုံမှာ အခြေခံအမှားက သမ္မတပူတင်နဲ့ ရုရှားနိုင်ငံ ကိုသာ လက်ရှိ သူတို့ထိန်းချုပ်ထားတဲ့ ယူကရိန်းနယ်မြေတွေ ပိုင်ဆိုင် ခွင့်ပြုခဲ့ရင် အပစ်အခတ် ရပ်စဲရေး ကတစ်ဆင့် တစ်စုံတစ်ရာ ငြိမ်းချမ်းတည်ငြိမ်မှုကို ဆုပ်ကိုင်နိုင်မယ်ဆိုတဲ့ အယူအဆပါ။ ဒါဟာ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ အခြေခံ အကြောင်းရင်းကို တလွဲ တချော် သုံးသပ်ထားတာပါ။ Robert Kagan က သူ့ရဲ့ ”The jungle grows back” ဆိုတဲ့ စာအုပ်မှာ ပူတင်က ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်လာမှာကို ဆန့်ကျင်ရတဲ့ အခြေခံ အကြောင်းရင်းဟာ သူ့ရဲ့ အချုပ်အခြာ အာဏာအပေါ် ထိပါးလာမှာကို စိုးရိမ်လို့ မဟုတ်ဘဲ ဆိုဗီယက် ပြည်ထောင်စုခေတ် အင်ပါယာ ပြန်လည် ဖော်ဆောင်ရေးဆိုတဲ့ သူ့နိုင်ငံရေး ရည်မှန်းချက်ကို အဟန့်အတားဖြစ်မှာ စိုးရိမ် ဆန့်ကျင် နေတာပါလို့ ထောက်ပြ ထားပါတယ်။ စာရေးသူက Robert Kagan ရဲ့ အယူအဆကို ထောက်ခံ သဘောတူပါတယ်။ မကြာသေးခင် ရက်ပိုင်းက စိန့်ပီတာ စဘာ့ဂ်မှာ ပြုလုပ်ခဲ့တဲ့ ဥပဒေ ညီလာခံမှာ သမ္မတပူတင် ရဲ့ ဥပဒေအကြံပေး ကိုဘယာကော့ဗ် (Kobyakov) က ”ဆိုဗီ ယက်ပြည်ထောင်စုဆိုတာ ဥပဒေ ကြောင်းအရ တရားဝင် တည်ရှိနေဆဲဖြစ်ပြီး အထူးစစ်ဆင်ရေး (ရုရှားက ယူကရိန်းကို ဝင်ကျူးကျော်တာကို ပြောတာပါ) ဆိုတာ ရုရှားနိုင်ငံရဲ့ ပြည်တွင်းရေးပါ”လို့ ပြောဆိုခဲ့ပါတယ်။ ဥရောပသမဂ္ဂက ယူကရိန်း စစ်ပွဲဟာ ဆိုဗီယက် ပြည်ထောင်စုခေတ် အင်ပါယာ ပြန်လည် တည်ဆောက်ရေး ပထမ ခြေလှမ်း”လို့ အခိုင်အမာ ယုံကြည် ထားတာပါ။ သမိုင်းတစ်လျှောက် ဥရောပနိုင်ငံတွေဟာ ရုရှားနိုင်ငံရဲ့ လုံခြုံရေး ခြိမ်းခြောက်မှုကို စိုးတထိတ်ထိတ် နေခဲ့ကြရတာပါ။ သမ္မတ ထရမ့်ဟာ ဒီအခြေခံ အကြောင်းတရား အပေါ် အာရုံ မစိုက်ပါဘူး။ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရေတို အကျိုးရလဒ်ရရေးကိုပဲ အာရုံထားနေတာပါ။
ဂါဇာအရေးမှာလည်း သမ္မတထရမ့်က ပါလက်စတိုင်း ပြည်သူတွေကိုသာ ဒီဒေသက ဖယ်ရှား ရှင်း လင်းနိုင်ရင် တည်ငြိမ်မှုကို ဆုပ်ကိုင်နိုင်လိမ့်မယ်လို့ ခပ်တိမ်တိမ်ပဲ တွေးဆ ထားတာပါ။ လူဦးရေ နှစ်သန်း ကျော်ရှိတဲ့ ပါလက်စတိုင်း ပြည်သူ တွေကို ဂါဇာဒေသကနေ မောင်းထုတ် ဖယ်ရှားရေး ဆိုတာ လက်တွေ့ မဖြစ်နိုင်သလို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ဂါဇာ ဒေသကို ပါလက်စတိုင်းပြည်သူတွေရဲ့ အချုပ်အခြာ အာဏာပိုင်နယ်မြေအဖြစ် အသိအမှတ် ပြုထားတာပါ။ ပါလက်စတိုင်းပြည်သူတွေရဲ့ တန်းတူရည်တူ အချုပ်အခြာ အာဏာပိုင်စိုးခွင့်ကို အသိအမှတ်မပြုသရွေ့ အရှေ့ အလယ်ပိုင်း ဒေသ ငြိမ်းချမ်းရေးကိုတော့ မဆုပ်ကိုင်နိုင်ပါဘူး။ ဒါဟာ အခြေခံ လိုအပ်ချက်ပါ။
ထရမ့်ဟာ သူ့ရဲ့ ပထမသက်တမ်းမှာ အမေရိကန်နိုင်ငံက ကျောထောက် နောက်ခံပြုထားတဲ့ အာဖဂန် နစ္စတန် အစိုးရကို ကျောခိုင်းပြီး တာလီဘန်တွေနဲ့ တိုက်ရိုက်ညှိနှိုင်းမှုအရ ဒိုဟာ သဘောတူညီချက် ကို ၂၀၂၀ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒိုဟာ သဘောတူညီချက်ဟာ ၂၀၀၁ ခုနှစ်နောက်ပိုင်း အမေရိကန် အစိုးရ အဆက်ဆက်က အာဖဂန် နစ္စတန်နိုင်ငံအတွင်း ရင်းနှီးခဲ့တဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာကို တာဝန်မဲ့ လက်လွတ်စပယ် စွန့်ပစ်ခဲ့တာပါ။ ဒိုဟာ သဘောတူညီချက် ကြောင့် အမေရိကန် တပ်ဖွဲ့တွေဟာ အာဖဂန် နစ္စတန်နိုင်ငံက ရုတ်သိမ်းနိုင်ခဲ့ပေမယ့် အာဖဂန်နိုင်ငံကို တာလီဘန်တွေလက်ထဲ ထိုးအပ်ခဲ့ ရပါတယ်။ ဒီလို ထိုးအပ် ခဲ့ရတဲ့အတွက် အာဖဂန်နစ္စတန်နိုင်ငံအတွင်း နှစ်ပေါင်း များစွာ ကြိုးပမ်းတည်ဆောက်ခဲ့ရတဲ့ တိုးတက်မှုအားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရသလို နိုင်ငံတကာ အကြမ်းဖက်မှုအပေါ် တိုက်ခိုက် နှိမ်နင်းရေး ဆိုတာကလည်း မပီမပြင်၊ ဝါးတားတား ဖြစ်ခဲ့ရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံကို ဝင်ရောက် ကျူးကျော် တိုက်ခိုက်ခဲ့မှုရဲ့ ပင်မရည်ရွယ်ချက်ဟာ နိုင်ငံတကာအကြမ်းဖက်မှု ချေမှုန်းရေးပါ။
အဓိက ပြောလိုတာက နိုင်ငံတကာအရေးကို ချဉ်းကပ် ရာမှာ ထရမ့်မှာ စုစုစည်းစည်း ဆုပ်ကိုင် ထားတဲ့ အခြေခံ အမြင် သဘောထားတစ်ရပ် ရှိမနေပါဘူး။ ဒီလို အခြေခံ အမြင်သဘောထား မရှိတဲ့အပေါ်မှာ ကိစ္စ တစ်ခုချင်း အလိုက် ရေတိုအကျိုးစီးပွားကို ရှေ့တန်းတင်စဉ်းစားလိုက်တော့ သမ္မတ ထရမ့်ရဲ့ ချဉ်းကပ်ပုံဟာ နားမလည်နိုင် စရာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေပါတယ်။ စာရေးသူကတော့ ထရမ့်ရဲ့ နိုင်ငံခြား ရေး မူဝါဒ ကိုင်တွယ်ပုံကို ”ဆန်စဉ်ရာ ကျည်ပွေ့လိုက်”လို့ပဲ ဆိုချင်ပါတယ်။

