The Corner

The Corner

cropped-Logo_round_grey-background.png

ဘယ်သူ့စာအုပ် ဖတ်မလဲ – Louie

Share မယ်

မကြာခင်က သူဌေးကြီး ဘီလ်ဂိတ်စ် နဲ့ သူ့ဇနီးဟောင်း မလင်ဒါ ဖရန့်ချ် ဂိတ်စ် တို့ က စာအုပ်တစ်အုပ်စီ ရေးသား ထုတ်ဝေခဲ့ပါတယ်။ ခင်ဗျား ဆိုရင် ဘယ်သူ့စာအုပ်ကို ဖတ်မလဲ။

– ဘီလ်ဂိတ်စ် ရေး စာအုပ်အမည် Source code: My beginnings စာမျက်နှာပေါင်း ၃၃၆ ပါဝင် ရောင်းစျေး ဒေါ်လာ ၃၀

– မလင်ဒါ ဖရန့်ချ် ဂိတ်စ် ရေး စာအုပ်အမည် The Next Day: Transitions, Change and Moving Forward စာမျက်နှာပေါင်း ၁၇၆ ပါဝင် ရောင်းစျေး ၂၅.၉၉ ဒေါ်လာ

           အိမ်ထောင်သက် ၂၇ နှစ် လက်တွဲခဲ့ကြတဲ့ ဘီလ်နဲ့ မလင်ဒါ ဂိတ်စ်တို့ဟာ ၂၀၂၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ မကြာခင်ကတော့ ပရဟိတ အလှူရှင်ကြီး တစ်ဖြစ်လဲ ဘီလီယံနာ သူဌေးကြီး ဘီလ်ဂိတ်စ် နဲ့ သူ့ဇနီးဟောင်း တို့ကို မထင်မှတ်တဲ့ နေရာမှာ အတူတူတွဲပြီး တွေ့လိုက်ရပါတယ်။ ဘယ်နေရာမှာလဲ ဆိုတော့ စာအုပ်ဆိုင်တွေထဲက စာအုပ်စင်ပေါ်မှာပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်စလုံးဟာ တစ်ပြိုင်နက်တည်းမှာလိုလို ကိုယ်တိုင်ရေး ဘဝမှတ်တမ်း ဆန်ဆန် စာအုပ်မျိုး ထုတ်ဝေခဲ့ကြပါတယ်။ လူတိုင်းကြုံရဖို့ဆိုတာ မလွယ်တဲ့ အထက်တန်းလွှာ ဘဝ အခြေခံပြီး မတင်ဆက်ဖူးသေးတဲ့ ဇာတ်လမ်းမျိုး ရေးခဲ့ကြတာပါ။ လူသိများတဲ့ သူတွေဆိုတော့ သူတို့ ပုဂ္ဂိုလ်ရေး ပုံရိပ်တွေကို ပြန်ပြီး အရောင်တင်အောင် ကြိုးစားကြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တင်ပြပုံ တင်ပြနည်း ကတော့နည်းနည်း ကွဲပါတယ်။

           သုံးအုပ်တွဲ ထုတ်မယ်လို့ ပြောထားတဲ့ ဘီလ်ဂိတ်စ်ရဲ့ Source code မှာ သူမွေးဖွားခဲ့တဲ့ ၁၉၅၅ ခုနှစ်ကစလို့ မိုက်ခရိုဆော့ဖ် စတင်ခဲ့တဲ့ ၁၉၇၀ အစပိုင်းနှစ်များကနေ နှောင်းပိုင်းနှစ်တွေ အထိ ပါပါတယ်။ ကြားဖူးနေကျ တီထွင်ဖန်တီးရှင်များဖြစ်ကြတဲ့ သောမတ်စ် အက်ဒီဆင်၊ ဘင်ဂျမင် ဖရင်ကလန်တို့ရဲ့ ဇာတ်လမ်းများ လိုပါပဲ။ ဂိတ်စ်ကလည်း ဒီစာအုပ်မှာ လူတွေပြောနေကြတဲ့ သူ့ရဲ့ ငယ်ဘဝ ဒဏ္ဍာရီ ဆန်ဆန် ဇာတ်လမ်းတွေကို အားထုတ် တင်ပြသွားပုံ ရပါတယ်။

           လက်ချည်းဗလာ ဘဝကနေ သူဌေးကြီး ဖြစ်လာတဲ့ ဇာတ်လမ်းမျိုးကို မဟုတ်ပါဘူး။ အစမှာ ကတည်းက ဂိတ်စ်က သူဟာ လူလတ်တန်းစား အလွှာကနေ ကြီးပြင်းလာသူတစ်ယောက် ဆိုတာ သက်သောင့် သက်သာနဲ့ ဝန်ခံထား ပြီးသားပါ။ အသက် ၁၃ နှစ် အရွယ် ကျောင်းမှာ ကွန်ပျူတာနဲ့ စတင် ထိတွေ့ခဲ့ရတာဟာ သူ့ဘဝရဲ့ အလှည့်အပြောင်း တစ်ခုဖြစ်ခဲ့တာပါ။ အိမ်တွင်းအောင်း အထီးကျန်နေသူ တစ်ယောက်မဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ ဆီယက်တယ် တစ်ဝိုက်က တောင်တွေဆီကို ခြေကျင် ခရီးထွက်တာ၊ တစ်ခါတလေမှာဆိုရင် ရက်တော်တော်ကြာအောင် သွားလေ့ရှိတယ်ဆိုတာလဲ ပါဝင်ပါတယ်။ အဲဒီ နေရာကိုဖတ်ရင်း ရှဲဒိုးစာရေးဆရာ တစ်ယောက်ယောက် က ရေးထားတယ် ဆိုတာမျိုး စာဖတ်သူ ခံစားရပါလိမ့်မယ်။     

           ဂိတ်စ်ဟာ ကွန်ပျူတာ ပညာမှာ  ပြောင်မြောက်တဲ့ စွမ်းရည်ရှိသူ၊ စီးပွားရေး ဆိုင်ရာမှာလည်း စိတ်အား ထက်သန် လွန်းအားကြီးသူ အဖြစ်နဲ့ ကြီးပြင်းလာသူပါ။ လူငယ်ဘဝမှာ ကတည်းက ကန့်သက်ချက် မူဘောင်တွေကို အကျော်အလွှားတွေ လုပ်တတ်သူ တစ်ယောက်ဖြစ်ပြီး အလုပ်ကို မဆုတ်မနစ် လုပ်ကိုင်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့စာအုပ်ထဲမှာ သူကျောင်းသားဘဝက ကွန်ပျူတာသုံးချင်လို့ အိပ်ခန်းပြတင်းပေါက်ကို တိတ်တိတ်လေး ကျော်ထွက်ပြီး  လူမသိအောင် ခိုးသုံးခဲ့ရတယ်လို့ ရေးထားပါတယ်။ ဟားဗတ် တက္ကသိုလ် ရောက်တော့ သူငယ်ချင်းဖြစ်သူ ပေါလ် အဲလန်နဲ့ ပေါင်းပြီး နောင် တစ်ချိန်မှာ မိုက်ခရိုဆော့ဖ် ဖြစ်လာမယ့် ကုမ္ပဏီအတွက် ကျောင်းက ကွန်ပျူတာတွေကို ခိုးသုံးပြီး အယ်လ်တ်အဲယား ဘစ်ဇစ် (Altair BASIC) လို့ခေါ်တဲ့ တရားမဝင်သေးတဲ့ ကွန်ပျူတာ စနစ်တခုကို ရေးသားနိုင်ခဲ့ကြပါတယ်။ ဂိတ်စ်နဲ့ ပေါလ်အဲလန်တို့ ပေါင်းပြီး မိုက်ကရိုဆော့ဖ် ကုမ္ပဏီကို ထူထောင်ခဲ့ကြတာပါ။  

           စိတ်ဝင်စားစရာကောင်းနေတာက စာအုပ်ရဲ့ တစ်နေရာမှာ ဂိတ်စ်ဟာ သူ့ငယ်ငယ်က ကိုးရိုးကားယား ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခုကို သေသေချာချာ ရေးပြထားတာပါ။ အဲဒီအချိန်တုန်းက သူ့ကိုယ်သူ အော်တင်ဇင် ရောဂါဖြစ်နေတာလို့ ထင်ခဲ့ကြောင်း၊ ပိုအံ့သြစရာကောင်းတာက သူ့ရဲ့ ဟားဗတ်တက္ကသိုလ်က နေ့တွေအကြောင်းပြန်ပြောတဲ့ နေရာမှာ သူဟာ သူ့ရဲ့ တခြားသူတွေအပေါ် တုံ့ပြန်မှုဟာ မရင့်ကျက်သေးသလို ဖြစ်နေတယ်လို့ သူ့ကိုယ်သူ ထင်မြင်မိကြောင်း တင်ပြထားတဲ့ အချက်ပါ။

           အဲဒါနဲ့ ပြောင်းပြန် သူ့ဇနီးဟောင်းရဲ့ စာအုပ် “The Next Day” မှာတော့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်မှု မရှိသလို ဖြစ်နေပါတယ်။ သူ့အတွေ့အကြုံများကို နမူနာယူပြီး ကိုယ့်တက်လမ်းကို ကိုယ်ကိုယ်တိုင် လမ်းဖောက်နိုင်တဲ့ စာအုပ်တစ်အုပ်ပါလို့ ညွှန်းထားပြီး မစ္စစ် ဖရန့်ချ် ဂိတ်စ်က သူ့ဘဝ အချိုးအကွေ့ အတွေ့အကြုံများကို တင်ပြထားပါတယ်။ ဒီလိုတင်ပြတဲ့နေရာမှာ TED talk ဟောပြောပွဲတွေ၊ စိတ်နေထိုင်မှု လမ်းညွှန်ဆရာတွေ၊ စိတ်ပိုင်းဆိုင်ရာစာအုပ်တွေ ရဲ့ အဆိုအမိန့်တွေကို လက်ကိုင်ပြုပြီး သူ့ဘဝရဲ့ အခက်အခဲ အပြောင်းအလဲတွေမှာ ဘယ်လို အသုံးချခဲ့ရတယ်ဆိုတာ ဖြစ်ရပ် တစ်ခုချင်း အလိုက် ရှင်းပြထားပါတယ်။ သူ့ရဲ့ ခင်ပွန်းဟောင်းလိုပဲ အခွင့်ထူးခံ အခွင့်အရေးတွေ ရခဲ့တာမို့လို့ ဘဝရဲ့ ကြမ်းတမ်းတဲ့ ရိုက်ချက် တချို့ သူ့ဆီကို ရောက်မလာခဲ့ဘူးလို့ ဝန်ခံထားပါတယ်။ သို့သော်လည်း သူက “သူယုံကြည်တာက လူတွေရဲ့ ဘဝတစ်လျှောက်မှာ ကြုံတွေ့ရတာတွေက အားလုံးအတွက် အတူတူပါပဲ”လို့ ရေးထားပါတယ်။

           ကမ္ဘာ့ အချမ်းသာဆုံး သူရဲ့ ဇနီးတစ်ယောက် ဖြစ်ခဲ့လို့ သူပြောတဲ့ ဘဝ အခက်အခဲ အကျပ် အတည်းတွေ ဆိုတာတွေက သိပ်စာဖွဲ့စရာ မဟုတ်လောက်ပါဘူး။ သူ့ နှလုံးသား ရပ်တန့် သွားမတတ် ခံစားခဲ့ရတယ်ဆိုတဲ့ သူတို့ရဲ့ ကလေးတစ်ယောက် ကင်ညာနိုင်ငံ မတ်ဆိုင်း မာယာ ဘေးမဲ့တော မှာ မိုးပျံ ဘောလုံး လိုက်စီးရင်း အန္တရာယ်ကြုံခဲ့ရတာကို ပြန်ရေးထားတာလည်း ပါပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကိုယ့်သားသမီး အန္တရာယ် ဘေးနဲ့ မကြုံဖူးတဲ့ မိဘကများ ရှိလို့လားဗျာ။ သူ့အိမ်ထောင် ပြိုကွဲတော့မယ်လို့ သိလိုက်ရတဲ့ အချိန်မှာတော့ ချက်ချင်းလုပ်ဖြစ်တာကတော့ စိတ်ပြေ လက်ပျောက် ဖြစ်အောင် တောင်အာဖရိက နဲ့ နယူးမက္ကဆီကို ဘက်ကို ခရီးတွေ ထွက်ဖြစ်ခဲ့တယ်။ တီဗီ အကျော်အမော် အိုပရာဝင်းဖရေးက သူ့ကို အကြံဉာဏ်တွေ ပေးခဲ့တယ်။ နောက်ဆုံးမှာတော့ မစ္စ ဖရန့်ချ်ဂိတ်စ် ကွာရှင်းခွင့်တောင်းခဲ့ပါတယ်။ သူ့လို ခံစားနေရ သူတွေ အတွက်တော့ ကိုယ့်ရဲ့ အတွင်းဘက်က ထွက်လာတဲ့ အသံတွေကို စစ်ထုတ် နားထောင်ပါလို့ သူက အကြံပေးပါတယ်။

           စာအုပ်နှစ်အုပ်စလုံးကတော့  ကိုယ်ရောက်နေတဲ့ နေရာကို ဘယ်လိုဘယ်ပုံ ရောက်လာ တာလဲဆိုတာ ပြသတဲ့ စာအုပ်တွေပါပဲ။ မစ္စတာ ဂိတ်စ်ရဲ့ Source Code မှာတော့ ရှုပ်ရှုပ်ထွေးထွေး ရှိလှတဲ့ ကိစ္စတွေကို ရှောင်ထားပါတယ်။ ဘာတွေလဲ ဆိုတော့ မိုက်ခရိုဆောဖ့်ကို လက်ဝါးကြီး အုပ်ထား တယ်ဆိုပြီး  တရားရေးရာတွေ ရင်ဆိုင်ခဲ့ရတဲ့ ကိစ္စ၊ နောက်သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ အိမ်ထောင်ရေးနဲ့ လိင်ကိစ္စကျုးလွန်မှုနဲ့ တရားစွဲခံရပြီး ထောင်ထဲရောက်မှ သေဆုံးသွားသူ ဂျက်ဖရီ အက်ပ်စတိန်း နဲ့ ဆက်နွှယ် ပတ်သက်မှုတွေပါပဲ။

           ဂျက်ဖရီ အက်စတိန်းနဲ့ ပတ်သက်နေတာကိုလည်း မစ္စ ဖရန့်ချ် ဂိတ်စ်ရဲ့ စာအုပ်မှာ ဖော်ပြ ထားတာ မတွေ့ရပါဘူး။ သူတို့ အိမ်ထောင်ပြိုကွဲရတဲ့ အကြောင်းကို သူ့စာအုပ်ထဲမှာ ရေးထားတာက သူတို့ နှစ်ယောက်ပိုင် ဂိတ်စ် ပရဟိတလုပ်ငန်းကနေ “ပြစ်မှု” ကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ဝန်ထမ်း တစ်ယောက်ကို ဘီဂိတ်စ်က မတန်တဆ လျော်ကြေးငွေတွေ ပေးလိုက်တာကြောင့်လို့ ရေးထား ပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့ကို မလေးမစားနဲ့ ဥပေက္ခာ ပြုရာ ရောက်တယ်လို့ ခံစားရတယ်လို့ မစ္စ ဖရန့်ချ် ဂိတ်စ် ဆိုပါတယ်။     

           နှစ်အုပ်စလုံးမှာတော့ သူတို့အိမ်ထောင်ရေး ကိစ္စတွေကို ခရေစေ့တွင်းကျ ရေးထားတာ မရှိပါဘူး။ မစ္စ ဖရန့်ချ် ဂိတ်စ်က ဘီဂိတ်စ်က သူ ဖောက်ပြန်ခဲ့တာကို ဝန်ခံပေမယ့် သူ့ဘက်ကတော့ လေးလေးစားစားနဲ့သာ တုံ့ပြန်ခဲ့တယ်လို့  ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ဒိထက်လည်း ဘာမှ ထပ်ပြောထားတာ မရှိတော့ပါဘူး။ ထင်တာတော့ သူတို့ ကွာရှင်းစာချုပ်က တော်တော် လျှို့ဝှက်ထားပုံ ရပါတယ်။ စာဖတ်သူတွေ ဒီကိစ္စတွေဟာ ရှေ့နေတွေလောက်ပဲ သိနိုင်ပြီး ရှဲဒိုး စာရေးဆရာတောင် သိနိုင်တဲ့ ကိစ္စ မဟုတ်ဘူးဆိုတာ နားလည်ပါလိမ့်မယ်။

           တကယ်တော့ စာအုပ်နှစ်အုပ်က အခုအချိန်မှာ သီးခြားစီဖြစ်သွားကြတဲ့သူ နှစ်ယောက်ရဲ့ ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ မစ္စတာ ဂိတ်စ်ကတော့ သူကိုယ်တိုင်တောင် မထင်မှတ်ထားတဲ့ ဘဝရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များ လို့ သူ့စာအုပ်မှာ ထင်ရှားစေသလို မစ္စ ဖရန့်ချ် ဂိတ်စ်ကတော့ သူ့ကိုယ်သူ သာမန်လူတစ်ယောက်ပေမယ့် စေ့စပ်သေချာတဲ့ သူအဖြစ် ပုံဖော်ထားကြပါတယ်။ ဘီလ်က သူ့လို လိုက်လုပ်ကြမယ့် သူတွေအတွက် ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပြီး မလင်ဒါကတော့ ငါဟာ မင်းတို့လိုပါပဲလို့ ပြောလိုက်ပုံရပါတယ်။ ဘာပဲပြောပြော လူမှု ဆက်ဆံရေး နယ်ပယ်မှာ သိပ်အံမဝင်တဲ့ အောင်မြင်သူစီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ရဲ့  ကြင်နာသံ လူသားဆန်လာတဲ့ ခြေလှမ်းပဲ မဟုတ်လား။

မူရင်း – Bill v Melinda Gates: whose memoir should you read? The Economist

Click to rate this post!
[Total: 0 Average: 0]