The Corner

The Corner

cropped-Logo_round_grey-background.png

တရုတ် – ထိုင်ဝမ် နောက်ဆက်တွဲ အခြေအနေများ – မောင်လူထွန်း

Share မယ်

တစ်ခါတလေမှာတော့ တရုတ်ရဲ့ ထိုင်ဝမ် ကို မကြာခဏ “ဟင်း ငါနော် သိမ်းပစ်လိုက်ရ ဘာအောက်မေ့ နေလဲ” လို့ဆိုတဲ့ ခြိမ်းခြောက်နေသံက အောင့်သက်သက် ပြက်လုံး တစ်ခုလိုပါပဲ။ ၁၉၄၉ ခုနှစ်တုန်းက အရေးနိမ့်ခဲ့တဲ့ မျိုးချစ် အစိုးရတပ်က တရုတ်ပြည်မကြီးကနေ သိမ်းယူလာတဲ့ ရှေးဟောင်း ရတနာတွေ ပြသထားတဲ့ တိုင်ပေက အမျိုးသား နန်းတော် ပြတိုက်မှာ ပြတိုက်မှူးက လာကြည့်တဲ့သူတွေကို “ဒီကျွန်း တစ်ခုလုံးပေါ်မှာ ဒီနေရာက အလုံခြုံဆုံး နေရာ တစ်ခုပဲ” လို့ ပြောပြနေပါတယ်။ တစ်ယောက်က “တရုတ် ပြည်မကြီးဘက်က ဒီရတနာတွေကို အသည်းအသန် ပြန်လိုချင်နေတာမို့လို့ ဒီအဆောက်အုံကို ဘယ်တော့မှ ဗုံးကြဲမှာ မဟုတ်ဘူး” လို့ ခပ်တိုးတိုး ပြောပါတယ်။ 

              ဒီဟာသဟာ တကယ်တော့ တစ်စ တစ်စနဲ့ ပိုပိုလာတဲ့ စိုးရိမ်စိတ်ကို ပြနေရာလည်း ရောက်ပါ တယ်။ တရုတ်ရဲ့ စစ်ရေးစွမ်းရည်က ပိုမိုပြောင်မြောက်လာတာနဲ့ အမျှ ထိုင်ဝမ်ကိုလည်း မရပ်မနား ပိုတိုးပြီး အနှောင့်အယှက် ပေးနေတာပါ။ ဒီ ကျွန်းလေးပေါ်မှာ  နိုင်ငံရေး ရေချိန်ကလည်း အမြဲလိုလို ပြောင်းလဲနေတတ်ပါတယ်။ အထူးသဖြင့် သူ့ကို အမြဲတစေ ကျောထောက်နောက်ခံ ပေးနေတဲ့ အမေရိကန် နိုင်ငံကို မှီခိုအားထားနေရတာကနေ ခုဆိုရင် သိပ်မဟန်တော့ တာလည်း အကြောင်းရင်း တစ်ခု အနေနဲ့ ပါတာပေါ့။ တချို့ စောင့်ကြည့်သူတွေအဆိုအရ တရုတ်ရဲ့ အင်အားသုံးပြီး ပြန်လည် ပေါင်းစည်းရေး အတွက် ပြင်ဆင်နေမှုတွေဟာ အခုဆိုရင် အချက်ပြမီးတွေ မှိတ်ချည် လင်းချည် လုပ်တာ ပို ပိုပြီး စိတ်လာနေတယ် လို့ ဆိုပါတယ်။ တချို့ကတော့ တရုတ် ခေါင်းဆောင်ကြီး ရှီက ဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်တွေအပေါ်  မထီမဲ့မြင်လုပ်နေတဲ့ အပေါ် အမြတ်ထုတ်ဖို့ အချိန်ကောင်း စောင့်နေတာမျိုး ဖြစ်တယ်လို့ မြင်ကြပါတယ်။ နောက် တစ်စုကတော့ တရုတ်ဟာ ထိုင်ဝမ်အပေါ် ရန်စမှု တွေကို ကမ္ဘာ့ ပထဝီနိုင်ငံရေး အပြောင်းအလဲတွေကြောင့် မငြိမ်မသက် ဖြစ်နေကို အခွင့်ကောင်း ယူပြီး ပွတ်တိုက်မှုတွေ ဖြစ်အောင် ပိုလုပ် နေဦး မှာပဲလို့ ခပ်ဆဆ ပြောနေကြပါတယ်။

              တရုတ် စစ်တပ်ကတော့ ထိုင်ဝမ်ကို သိမ်းတဲ့ ကုန်း ရေ နှစ်သွယ် ပုံစံ  ဇာတ်တိုက် လေ့ကျင့်ခန်း တွေကို  မကြာခဏ ဆိုသလို ပြုလုပ်လေ့ ရှိပါတယ်။ မကြာသေးခင်က သူတို့ဟာ အသစ်ထွင်လိုက်တဲ့ ကမ်းထိုး တံတားပုံစံအသစ်တွေကို စမ်းသပ်ခဲ့ကြပါတယ်။ ဒီတံတားတွေကို မြန်မြန်ဆန်ဆန် နဲ့ တည်ဆောက် နိုင်ခဲ့ ကြပြီး တပ်တွေကို ကုန်းပေါ်ကို အမြန်ဆုံး ရောက်နိုင်အောင် လုပ်တဲ့ နည်းတစ်ခု လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလော ဒီ-ဒေး ပုံစံ စစ်ရေးလေ့ကျင့်မှုမှာတော့ ရေတပ်နဲ့ အပြည့် အဝ တစ်မျိုး၊ တစ်စိတ်တစ်ပိုင်း တစ်မျိုး ထည့်သွင်း လေ့ကျင့်လာတာတွေ မြင်ခဲ့ရပါတယ်။ နောက်ပြီး ထိုင်ဝမ်ရဲ့ ရေအောက် ဆက်သွယ်ရေး ကေဘယ်ကြိုးတွေ မကြာခဏဆိုသလို ဖြတ်တောက် ခံရတာ တွေ ကလည်း ရှိသေးတယ်။

              ဧပြီလမှာ လုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုကိုတော့ “ရေလက်ကြားက မိုးကြိုး ၂၀၂၅ – အပိုင်း က” လို့ အမည်ပေးထားပါတယ်။ တရုတ် လွတ်မြောက်ရေး တပ်ရဲ့ အပြောအရ သူတို့ ခါတိုင်းလုပ်နေကျ စစ်ရေးလေ့ကျင့်မှုတွေ အပြင် ဆိပ်ကမ်းနဲ့ စွမ်းအင်ပေးတဲ့ အဆောက်အအုံတွေကို ဗုံးကြဲတာတွေ ပါ ပါတယ်။ “တကယ်လို့များ ထိုင်ဝမ်ဟာ သူကို ပံ့ပိုးပေးနေတဲ့ ရေကြောင်းဘက်က လမ်းကြောင်းတွေ ဖြတ်တောက်ခံရမယ်ဆိုရင် ကျွန်းပေါ်မှာ ရှိတဲ့ အရင်းအမြစ် တွေဟာ ခဏလေးနဲ့ ကုန်သွားမှာပဲ။ ဒီလို ဖြစ်လာမယ်ဆိုရင် အတည်တကျ အခြေအနေကနေ ရုန်ရင်းဆန်ခတ် ဖြစ်လာမယ်၊ လူတွေရဲ့ နေ့စဥ် စားသောက် ရှင်သန် နေထိုင်ရေး ကိုလည်း အကြီးအကျယ် ထိခိုက်သွားစေနိုင်မယ်” လို့ လွတ်မြောက်ရေး တပ်က အရာရှိတစ်ဦးက လေယာဥ်တင် သင်္ဘော ကုန်းပတ်ပေါ် နောက်ခံနဲ့ ဂုဏ်ယူစွာ ပြောနေတဲ့ ဝါဒဖြန့် ဗီဒီယို တစ်ခု ဖြန့်ချိခဲ့ပါသေးတယ်။ 

              ကျွန်းပေါ်ကို လောင်စာဆီနဲ့ စားသောက်ကုန်များ တင်ပို့ဖို့အတွက် အားထားရတဲ့ ရေကြောင်း ပြတ်တောက်မှု ဖြစ်လာရင်ဆိုတဲ့ ခြိမ်းခြောက်မှုက စိုးရွံ့စရာ ကောင်းလှပါတယ်။ ဒါဟာ ထိုင်ဝမ် အတွက်ချည်းပဲ မဟုတ်ဘဲ ကမ္ဘာကိုပါ ရိုက်ခိုက်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်ဝမ်ဟာ ကမ္ဘာ့ လိုအပ်ချက် ၉၀% သော အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပြား များကို တင်ပို့နေသူ ဖြစ်နေလို့ပါ။ နောက်တစ်ခုက ထိုင်ဝမ် ရေလက်ကြားဟာ ကမ္ဘာ့ အကြီးဆုံး ကုန်သွယ်ရေး လမ်းကြောင်း တစ်ခုလည်း ဖြစ်နေပါတယ်။ ထိုင်ဝမ်ကို ဦးတည်လာနေတဲ့ သွင်းကုန် တွေကို ဖြတ်တောက်ပစ်မယ် ပြောပြီး လက်နက် တပြပြလုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေ၊ ရေအောက် ကေဘယ် ဖြတ်တောက် ခံရတာတွေ ဆိုတာတွေဟာ တရုတ်ရဲ့ ထိုင်ဝမ် အပေါ် စိတ်ဓာတ်ရေးရာ စစ်ဆင်ရေး တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ဟာ အင်အားပိုကြီးတယ်၊ ထိုင်ဝမ်ကို ပင်ပန်း နွမ်းလျ သွားစေမယ်၊ ထိုင်ဝမ်ကို အကာအကွယ်ပေးနိုင်တယ်ဆိုတဲ့ အမေရိကန်ရဲ့ လုပ်နိုင်စွမ်း က အကန့်အသတ်တွေရှိနေတယ်ဆိုတာကို ထင်သာအောင် ပြနေခြင်းများ ဖြစ်ပါတယ်။ ဘာတိုက်ပွဲမှ တိုက်စရာ မလိုဘဲ ထိုင်ဝမ်ခေါင်းဆောင်များ လက်ခံ သဘောပေါက်လာကြပြီး နောက်ဆုံး လက်နက်ချ စေဖို့ တစ်ဖက် တစ်လမ်း ကြိုးစားနေကြခြင်းပါ။

              တည်တည်တံ့တံ့ မရှိလှတဲ့ ထရမ့်ရဲ့ လုပ်ပုံ ကိုင်ပုံတွေကလည်း ထိုင်ဝမ်ရဲ့ လုံခြုံရေး အတွက် ပိုပြီး စိတ်ပူပန်စရာ ကောင်းလှပါတယ်။ ထရမ့်ရဲ့ ယူကရိန်းအပေါ် ဗိုလ်ကျကျ ဆက်ဆံမှု၊ မဟာမိတ်တွေ ကို ချိုးချိုးဖဲ့ဖဲ့ ဆက်ဆံနေပုံတွေကို ကြည့်ပြီးတော့ ထိုင်ဝမ်ကို သေချာတဲ့ အာမခံရှိတဲ့ ဘယ်လို အကာ အကွယ်မျိုး ပေးမယ်ဆိုတာ ဘယ်သူကမှ အာမ မခံနိုင်ကြတော့ ပါဘူး။ ဒီထက် ဆိုးတာ တစ်ခုက ထရမ့်ဟာ ထိုင်ဝမ်ကို ကြီးလေးတဲ့ သွင်းကုန်ခွန်တွေ ချမှတ်လိုက်ပါသေးတယ်။ ထိုင်ဝမ်တင်မကပါဘူး။ ဂျပန်၊ ဖိလစ်ပိုင်နဲ့ တောင်ကိုရီးယားတို့ကိုပါ ထိကုန်တယ်ဆိုတော့ ဘယ်သူ့ ဘယ်သူမှ မကူနိုင် မကယ်နိုင် ကြသေးပါဘူး။ နောက် အမေရိကန်အနေနဲ့ တရုတ်နဲ့ စစ်ဖြစ်မယ်ဆိုရင် တရုတ်ရဲ့ စစ်ရေးအင်အား တောင့်တင်းလာတာနဲ့ အမျှ စစ်စရိတ်ဟာ တိုးလာမှာဖြစ်ပါတယ်။ အမေရိကန် စစ်တပ်က အကြီးအကဲများ ဟာ အခုဆိုရင် တရုတ်ကို အောင်နိုင်ဖို့ဆိုတာ ကို အလေးထား ပြီး စဥ်းစား မနေကြတော့ပါဘူး။

              ဘာလိုပဲ ဖြစ်ဖြစ် ဒီအချိန်မှာတော့ ထိုင်ဝမ်ရဲ့ အကျပ်အတည်းက တရုတ် ဝါဒဖြန့် နေသလောက် တော့ အခြေအနေ မဆိုးသေးပါဘူး။ မစ္စတာ ရှီက သူ့ရဲ့ လွတ်မြောက်ရေး တပ်ကို ၂၀၂၇ မှာ ထိုင်ဝမ်ကို သိမ်းဖို့ အသင့်ပြင်ထားဖို့ ပြောထားပေမယ့် မကြာခင်ကမှ လွတ်မြောက်ရေးတပ်ရဲ့ အကြီးအကဲတွေကို ရှင်းလင်း လိုက်တာကိုကြည့်ရင် သူ့တပ်အပေါ်မှာလည်း သိပ်ပြီး ယုံကြည်ချက် အပြည့်အဝ ရှိပုံ မရပါဘူး။ လောလောဆယ် အခြေအနေမှာ အမေရိကန်က အနည်းဆုံး စာရွက်ပေါ်မှာတော့ ထိုင်ဝမ် ဘက်မှာ ပြည့်ပြည့်ဝဝ ရှိနေတယ်ဆိုတာကတော့ သေချာပါတယ်။ ဧပြီလက ပေါက်ကြားလာတဲ့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ မဟာဗျူဟာ စာရွက်စာတမ်း မှာပါတာကတော့ ထိုင်ဝမ်ကို အကာ အကွယ် ပေးထားခြင်းဟာ အမေရိကန် နိုင်ငံအတွက် အချုပ်အခြာ အာဏာပိုင်ဖို့ အရေး ပြီးရင် ဒုတိယ အရေးအကြီးဆုံး လုပ်ရမယ့် စစ်ရေး အလုပ်ဆိုတာ ပါဝင်ပါတယ်။ ထရမ့်ရဲ့ လူ တော်တော် များများ ကတော့ ထိုင်ဝမ်ကို ခပ်ကြမ်းကြမ်းပဲ ကိုင်တွယ် ဆက်ဆံ ပြောဆိုနေကြပါတယ်။ တချို့ကတော့ ထိုင်ဝမ်အပေါ် သွင်းကုန် တိုးမြှင့် ကောက်တာဟာ တရုတ်ကို တစ်နည်းနည်းနဲ့ ထိန်းချုပ်နိုင်အောင်လို့ မြင်ကြပါတယ်။

              တကယ်လို့ မစ္စတာ ရှီက ထိုင်ဝမ်ကို တကယ် တိုက်လာမယ် ဆိုရင် အမေရိကန်အနေနဲ့ ဝင်ရောက် တားဆီးနိုင်မှာလားဆိုတဲ့ မေးခွန်းကိုတော့ မီးခိုးရောင် အဆင့် သတ်မှတ်ထားရမှာပါ။ မီးခိုးရောင်ကိုမှ  အနက်ဘက် ရောက်နေတဲ့ မီးခိုးနက်ရောင် အဆင့်ပါ။ တချို့ ပညာရှင်များက  ခရေစေ့ တွင်းကျ သုံးသပ်ကြတဲ့ နေရာမှာ “လုံးဝ ပိတ်ဆို့တာ” နဲ့ “ခြေချုပ် ဖြစ်အောင်” လုပ်တာ မတူဘူးလို့ ပြောပါတယ်။ လုံးဝ ပိတ်ဆို့ထားတယ်ဆိုတာ ရေတပ်နဲ့ ကျွန်းတစ်ခုလုံးကို ပိတ်ဆို့ထား လိုက်လို့ စစ်ရေး အရာမြောက်ပေမယ့် ခြေချုပ် လုပ်တယ်လို့ ဆိုရာမှာတော့ ရေတပ် ပါစရာမလိုဘဲ တရုတ် ကမ်းရိုးတမ်းစောင့်တပ် လောက်က ရေကြောင်းပို့ဆောင်ရေး သွားလာမှုတွေကို စောင့်ကြည့်ဖို့ လုပ်တာ လောက်ပဲမို့ မတူဘူးလို့ ရှင်းပြပါတယ်။ မကြာခင်က ပြုလုပ်ခဲ့တဲ့ စစ်ရေး လေ့ကျင့်ခန်းတွေမှာ ရေတပ်နဲ့ ကမ်းစောင့်တပ်တွေရဲ့ ကဏ္ဍတွေအပြင် ငါးဖမ်းလှေပေါ်က လက်နက်ကိုင် တပ်တွေပါ ပါဝင် ပါတယ်။ ဒါကို “ဂေါ်ဖီထုပ် ဗျူဟာ” လို့နာမည်တပ်ထားပြီး ထိုင်ဝမ်ကို ဂေါ်ဖီရွက်တွေလို တစ်လွှာချင်း ရစ်ပတ်မဲ့ သဘောပါ။        

              ဝါရှင်တန်က လူမှုရေး နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့တစ်ခုဖြစ်တဲ့ ဂျာမန် မာရှယ် ဖန်ဒ် ရဲ့ ဘော်နီ ဂလေဆာက လုံးဝ ပိတ်ဆို့တယ်ဆိုရင် ပိုမို ရှုပ်ထွေးမှုကို ဖြစ်စေပြီး အမေရိကန်တပ်တွေ ကို ဖိတ်ခေါ် လိုက်သလို ဖြစ်မှာမို့ ခြေချုပ် လောက်ပဲ ဖြစ်နိုင်မှာလို့ ဆိုပါတယ်။

              တရုတ်ကတော့ ထိုင်ဝမ် ရေလက်ကြား တစ်လျှောက် အငြိမ်မနေပါဘူး။ သူ့တပ်တွေက ရေလယ်က နှစ်နိုင်ငံ အလယ်တည့်တည့် ဗဟိုမျဥ်းကို ဖြတ်ပြီး ထိုင်ဝမ်ဘက်ကို ဝင်လိုက် ထွက်လိုက်၊ တရုတ်ကမ်းခြေစောင့် တပ်ကလည်း တိုးရစ်တွေ တင်လာတဲ့ ထိုင်ဝမ် သင်္ဘောကို စစ်ဆေးလိုက်၊ တရုတ်ရဲ့ ဒရုန်းတွေ၊ မိုးပျံဘောလုံးတွေကလည်း မကြာခဏဆိုသလို ထိုင်ဝမ် လေပိုင်နက်ထဲ ဝင်ရောက်လိုက်နဲ့ လုပ်နေကြတာပါ။

              တိုင်ဖွန်း မုန်တိုင်းဒဏ်နဲ့ ငလျင်ဒဏ်ကို မကြာခဏ ခံနေရတဲ့ ထိုင်ဝမ်နိုင်ငံဟာ အရပ်သား တွေအတွက် အကာအကွယ်ပေးဖို့ လုပ်တဲ့ နေရာမှာ စနစ်ကောင်းကောင်းနဲ့ အသားကျနေပါပြီ။ သို့ပေမယ့်လည်း စီးပွားရေးကို လည်မျိုကနေ ညှစ်ထားသလိုမျိုးဆိုရင်တော့ ရေရှည်မှာ မလွယ်ပါဘူး။ ခုကတဲက စပြီး ထိုင်ဝမ် အစိုးရဟာ “လူထုတစ်ရပ်လုံး ပါဝင်တဲ့ အကျပ်အတည်း ဒဏ်ခံနိုင်ရေး” အစီအစဥ်တွေကို စတင် လေ့ကျင့်ခိုင်း နေပါပြီ။ ဒီအထဲမှာ အရေးပေါ် ဆေးရုံတွေ ဘယ်လို ဆောက်ရမလဲ ဆိုတာတွေကအစ ပါ ပါတယ်။

              နောက်ထပ် အထိနာနိုင်တဲ့ ကိစ္စတစ်ခုကတော့ စွမ်းအင်ပဲ ဖြစ်ပါတယ်။ မနှစ်က ထိုင်ဝမ်ရဲ့ စွမ်းအင် လိုအပ်ချက်ရဲ့ ၉၆% ကို ပြည်ပက တင်သွင်းခဲ့ရတယ်။ ဒါကြောင့် ထိုင်ဝမ်ဟာ အခုဆိုရင် စွမ်းအင် သိုလှောင်နိုင်စွမ်းတွေ တိုးမြှင့်တာ၊ အမြဲပြန်ဖြည့်နိုင်တဲ့ နေအား၊ လေအားလို စွမ်းအင် ထုတ်လုပ်မှုတွေကို အားပေးတာ၊ စွမ်းအင်တွေကို အချိုးကျ ခွဲဝေသုံးစွဲတာ နဲ့ ဟိုးတုန်းက သုံးခဲ့ဖူးတဲ့ ကျောက်မီးသွေးအားသုံး ဓာတ်အား ထုတ်စက်တွေကို အရေးပေါ်သုံးနိုင်အောင် လုပ်နေပါတယ်။ အယ်လ်အန်ဂျီလို့ခေါ်တဲ့ နိုက်ထရိုဂျင် အရည်ကို ၁၁ ရက်တာ သိုလှောင်နိုင်ရာကနေ ၂၀၂၇ ခုနှစ်မှာ ၁၄ ရက်အထိ တိုးပြီး သိုလှောင်နိုင်လာမှာ ဖြစ်ပါတယ်။

              အစားအသောက်နဲ့ ပတ်သက်လို့ကတော့ ထိုင်ဝမ်ဟာ ၂၀၂၃ ခုနှစ်မှာ လူတွေ စားသုံးတဲ့ ကယ်လိုရီ ၇၀% ကို နိုင်ငံခြားကနေ တင်သွင်းခဲ့ပါတယ်။ အဓိကကျတဲ့ အခြေခံ စားကုန်တွေဖြစ်တဲ့ ဆန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံနဲ့ ပင်လယ်စာတွေကတော့ ပြည်တွင်းမှာ ဖူလုံပါတယ်။ ဆန် ဆိုရင် ခုနစ်လစာလောက်၊ အသားငါး က တစ်နှစ်စာလောက် စုဆောင်းထားပါတယ်။ အရေးပေါ် အနေနဲ့ ခေါက်ဆွဲ ခြောက်များ ကိုလည်း စုဆောင်း ထားပါသေးတယ်။

              ထိုင်ဝမ်ဟာ သတင်းအချက်အလက်ဆိုင်ရာ ရရှိမှုကို ဖြတ်တောက်ခြင်း ခံရမယ်ဆိုရင် ကြိုတင် ပြင်ဆင်တာတွေ လုပ်ထားပါတယ်။ ဧပြီလက တရုတ် ကုန်တင်သင်္ဘောက ကပ္ပိတိန်ဟာ သူ့သင်္ဘောရဲ့ ကျောက်ဆူးကို ပင်လယ်ကြမ်းပြင် တစ်လျှောက် တမင်သက်သက်ကြီး ဆွဲသွားလို့ ထိုင်ဝမ်ရဲ့ ရေအောက် ဆက်သွယ်ရေး ဆက်ကြောင်းတွေ ပြတ်သွားခဲ့ပါတယ်။ ထိုင်ဝမ်အတွက် နိုင်ငံတကာနဲ့ ဆက်သွယ်ဖို့ ချထားတဲ့ ပင်လယ်အောက် ဆက်ကြောင်း ၁၄ ခု ရှိလို့ ဒီဆက်ကြောင်းတွေ ပြတ်ကုန် မယ်ဆိုရင် ထိခိုက်မှု အလွန် ကြီးမားပါတယ်။ သူမှာရှိတဲ့ တခြား မိုက်ခရိုဝေ့ဖ် ဆက်ကြောင်းတွေ၊ ဆက်သွယ်ရေး ဂြိုဟ်တုတွေ၊ မိုးပျံ ဘောလုံး စနစ်တွေ ဘယ်လိုရှိရှိ ရေအောက် ဆက်သွယ်ရေး လမ်းကြောင်းတွေလောက် အားမကောင်းပါဘူး။ ယူကရိန်း စစ်တပ်ကသုံးတဲ့ ထိတ်ထိတ်ကြဲ စတားလင့် ဂြိုလ်တု ဆက်သွယ်ရေးစနစ် ကို ထိုင်ဝမ်နိုင်ငံရဲ့ ဆက်သွယ်ရေး ဥပဒေ အရ အသုံးပြုလို့ မရပါဘူး။ စတားလင့် ပိုင်ရှင် အီလွန်မက်စ်က တရုတ်ဘက် ခပ်ပါပါလေ။ နောက် ထိုင်ဝမ်ရဲ့ ပြည်တွင်း ထုတ် ဂြိုဟ်တုစနစ်တွေကလည်း ခေတ်မမီ သေးပါဘူး။

              တရုတ်နဲ့ ယှဥ်ရင် ပိစိညှောက်တောင့်လေးပဲ ရှိတဲ့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဟာ ဆက်သွယ်ရေး လမ်းကြောင်းတွေ စောင့်ကြည့် ကာကွယ်ဖို့ တာဝန်ယူထား ရတာပါ။ ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ဆို့ ခံရမယ် ဆိုရင် ရေကြောင်းကုန်စည်အတွက် အကာအကွယ်ပေးထားတဲ့ “အစိမ်းရောင် လမ်းကြောင်း” ကို သုံးလို့ ရနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။ တချို့ ကျွမ်းကျင် သူများ ကတော့ ကြီးမားတဲ့ ကုန်တင်သင်္ဘောကြီးတွေဟာ တရုတ် စစ်သင်္ဘောများ ဝင်ရောက်လာမယ့် အရေး  ဟန့်တားပေးနိုင်မယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကုန်သင်္ဘော ပိုင်ရှင်တွေက တရုတ်ကို အာခံရဲကြ ပါ့မလား။

              ဒါတွေကတော့ ရုတ်ရုတ်သဲသဲတွေ ဖြစ်လာမယ်ဆိုရင် နိုင်ငံတကာက အကူအညီတွေ ရောက်မလာခင်  အချိန်တစ်ခု ရအောင် ပြင်ဆင်ထားတာတွေ ဖြစ်ပါတယ်။ ဂျပန်နဲ့ ဖိလစ်ပိုင်က ထိုင်ဝမ်ရဲ့ အချုပ်အခြာ အာဏာ တည်မြဲရေးက သူတို့ လုံခြုံရေးအတွက် အရေးကြီးတဲ့ ကိစ္စ တစ်ရပ်လို့ မြင်ကြပါတယ်။ အမေရိကန် အရာရှိတွေကတော့ တကယ်လို့ တရုတ်က ပိတ်ဆို့တာတွေ လုပ်လာမယ်ဆိုရင် သူ့တပ်တွေကို ဘယ်လို ဘယ်ပုံ စုစည်းထား ဖို့ကို ပြင်ဆင် ဆွေးနွေးနေကြပြီ ဖြစ်တယ်။ တရုတ်ကလည်း သူတို့ကို တဖန်ပြန်ပြီး ပိတ်ဆို့တာတွေ လုပ်လာနိုင်တာကြောင့် မရှိမဖြစ် လိုအပ်တာတွေ စုဆောင်းနေကြပါတယ်။ ဒါပေမဲ့ မစ္စတာ ထရမ့်ကရော ဒီကိစ္စထဲ တကယ် ဝင်ပါလာ မှာလား။ သူက စစ်ကို ဆန့်ကျင်သူ တစ်ဦးဖြစ်ပြီး မဟာမိတ်ဆိုတာ အလကား အခွင့်အရေးကို စောင့်နေသူတွေလို့ စွပ်စွဲထားပါတယ်။ ထိုင်ဝမ်ကိုလည်း အမေရိကန်ရဲ့ တစ်ပိုင်းလျှပ်ကူး လုပ်ငန်းကို ခိုး သွားသူလို့ ပြောထားပြန်ပါတယ်။ တကယ်တော့ သူရဲ့ ခြိမ်းခြောက်မှုတွေ၊ အခွန် တိုးကောက် တာတွေ ကလည်း လက်တွေ့မှာ မထိရောက်တော့ပါဘူး။ တချို့ စိုးရိမ် ကြသလို များ တရုတ်ကို ညှိရ နှိုင်းရ လွယ်အောင် ထိုင်ဝမ်ကို ထိုးကျွေးလိုက်မှာလား။

Photo: riskintelligence

              တစ်ချိန်က ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသများကို အကာအကွယ် ပေးထားတာတွေကို လျှော့ချပြီး ထိုင်ဝမ်အတွက် လုံခြုံရေးလို့ တိတိပပ မပြောခဲ့ပေမယ့် တရုတ်ကို ဟန့်တားဖို့ ကြိုးစား မယ်လို့ ပြောခဲ့တဲ့ အမေရိကန်ဟာ အခုတော့ လေသံ စပြောင်း လာပါပြီ။ ဒီကျွန်းနိုင်ငံလေး အနေနဲ့ သူတို့ကိုယ်သူတို့ ခုခံဖို့ စစ်စရိတ် တိုးမြှင့်သင့်တယ်လို့ အမေရိကန်ဘက်က အသံတွေ ထွက်လာနေ ပါပြီ။ အခုဆို ထိုင်ဝမ်က စစ်ရေး ဘတ်ဂျက်ကို မနှစ်က ဂျီဒီပီရဲ့  ၂.၁% ထားရာကနေ ၁၀% အထိ တိုးဖို့ အမေရိကန်က အကြံပေးပါတယ်။ ထိုင်ဝမ်ကလည်း ၃% ထက်များအောင် လုပ်ပါမယ်လို့ ပြန် ပြောထား ပေမယ့် အတိုက်အခံတွေနဲ့ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ ဆွေးနွေးကြရဦးမှာပါ။               ထိုင်ဝမ် အရာရှိတစ်ဦးကတော့ သူတို့အနေနဲ့ တရုတ်ရဲ့ ဖိအားကို ခံနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ “ပိတ်ဆို့မှုဆိုတာ စစ်ရေး ပဲ။ ကျွန်တော်တို့ စစ်ရေးနဲ့ပဲ တုံ့ပြန်သွားမှာပါ။ ပိတ်ဆို့တာကို လုပ်မယ့် တရုတ်က ကျွန်တော်တို့ကို ဆက်သိမ်းပိုက်မှာပဲ” လို့ သူက ဆက်ပြောပါတယ်။ ဒါပေမဲ့ သူက “ခြေချုပ်” လုပ်လာမယ် ဆိုရင်တော့ နည်းနည်း ခက်ပါတယ်လို့ ဝန်ခံပါတယ်၊ ဆက်ပြီး “ကျွန်တော်တို့ အတွက် ထိခိုက်နိုင်တယ်” လို့ပြောပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် တရုတ်ဘက်က ထိုင်ဝမ်ကို အရှုံးပေးဖို့ အင်အားများများသုံးလို့ရမှာ မဟုတ်ပါ။ နောက်ပြီးတော့လည်း သူတို့ ကမ္ဘာ့အလယ်မှာ ပေးဆပ်ရမယ့် တန်ဖိုးကလည်း ကြီးပါတယ်။ မကြာခင်က အမေရိကန်မှာလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ထိုင်ဝမ်လူမျိုး တွေ အနေနဲ့ အမေရိကန်အပေါ် ယုံကြည်မှုလျော့နည်းလာတယ်လို့ သုံးသပ်ထားပြီး တရုတ်နဲ့ ထိုင်ဝမ် စစ်ဖြစ်ကြရင် အမေရိကန်က ကူညီမှာ မဟုတ်ဘူးလို့ အများစုက မြင်ကြတယ် လို့ ဆိုပါတယ်။ အမေရိကန်ရဲ့ ထိုင်ဝမ်အပေါ် ကူညီနိုင်ဖို့ လျော့ပါးလာတာနဲ့အမျှ ထိုင်ဝမ်ရဲ့ သူတို့ဘာသာ ပြန်ပြီး ခုခံကြဖို့ စိတ်အား လျော့ကျလာမှာပဲ ဖြစ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး တရုတ်ကတော့ ဆက်တိုက် မွှေနှောက် နေဦးမှာပါပဲ။ သူဆက် ပြောတာက “အိမ်ဖြူတော်ကို ထရမ့်ရောက်လာတော့ ထိုင်ဝမ်ဟာ စွန့်ပစ်ခံရတဲ့ နယ်ရုပ်လေး တစ်ရုပ် ပါပဲ” တဲ့။         

မူရင်း A darker shade of grey zone, The Economist

Click to rate this post!
[Total: 0 Average: 0]