
လောရင့်ဝေါင်း အနေနဲ့ သူဝန်ကြီးချုပ် တာဝန်ယူပြီးနောက်ပိုင်း ပထမဦးဆုံး ကြုံခဲ့ရတဲ့ စင်္ကာပူ အထွေထွေ ရွေးကောက်ပွဲကြီးမှာ ဒီလိုမျိုး ကြီးကြီးမားမား အနိုင်ရခဲ့မယ်လို့ မျှော်လင့်ထားမယ် မထင်ပါဘူး။ မြို့ပြတိုင်းပြည်ငယ်လေးကို ၁၉၆၅ ခုနှစ် ကတည်းက အုပ်ချုပ်လာခဲ့တဲ့ ပြည်သူ့ လှုပ်ရှားမှု ပါတီ (ပီအေပီ) ဟာ လူကြိုက်များမဲ အရေအတွက် များများ ရရှိနိုင်မှုနဲ့ သူတို့ပါတီရဲ့ ခေါင်းဆောင်ကို တိုင်းတာပါတယ်။ နောက်ဆုံး ခေါင်းဆောင် နှစ်ဦး သူတို့ တာဝန်ယူပြီး နောက်ပိုင်း ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲများမှာ ၂% နဲ့ ၉% အသီးသီး ထိုးကျသွားလို့ နောက်တက်လာမဲ့ ခေါင်းဆောင် အသစ် အလှည့်ကျရင် ဒီထက် ထောက်ခံမှု တော်တော်များများ လျော့ကျသွားနိုင် လိမ့်မယ်လို့ စောင့်ကြည့်သူများက ခန့်မှန်းထားခဲ့ကြပါတယ်။
ဒီအစဥ်အလာကို မစ္စတာ ဝေါင်းဟာ မေလ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပီအေပီ နောက်ဆုံး ရခဲ့တဲ့ မဲခွဲဝေမှု ၆၁% ကနေ ၆၆% ရောက်သွားခဲ့လို့ ပြောင်းပစ် နိုင်ခဲ့ပါတယ်။ မဲအရေ အတွက် အနည်းအများ တစ်ခုတည်းနဲ့ အနိုင်အရှုံးကို ဆုံးဖြတ်ပြီး မဲဆန္ဒနယ်တွေမှာ ပါတီ ကိုယ်စားလှယ်တွေ အများကြီး ထားလို့ရတဲ့ စင်္ကာပူရဲ့ ထူးခြားတဲ့ ရွေးကောက်ပွဲ စနစ်မှာ ၆၆% အနိုင်ရတယ်ဆိုတာ ပါလီမန်ထဲမှာ နေရာ ၉၀% လောက်ကို ရရှိသွားတာနဲ့ အတူတူပါပဲ။ ပီအေပီ ပါတီဟာ အတိုက်အခံ ပါတီများရဲ့ နိုင်ငံရေးသမားတွေက ရလဒ် ပြောင်းသွားအောင် အသည်းအသန် ကြိုးစားနေကြတာကို အောင်အောင်မြင်မြင်နဲ့ ခုခံ ထားနိုင်တယ်လို့ ဆိုရမှာပါ။
စင်္ကာပူ အမျိုးသား တက္ကသိုလ်က အီယန်ချောင်က ဒါကို “အကျွမ်းတဝင်ဖြစ်မှုဆီ ပျံသန်းခြင်း” – Flying to familiarity လို့ တင်စားပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ဗြောင်းဆန် နေတဲ့ ကြားထဲကနေ တည်တည် ငြိမ်ငြိမ်နဲ့ တုံ့ပြန်ကြမယ်လို့ ဝန်ကြီးချုပ် ဝေါင်းက မဲဆွယ် ပါတယ်။ အရင်က ကိုလိုနီလက်အောက်ကျရောက်ခဲ့တဲ့ အရေးပါတဲ့ ကုန်သွယ် ဆိပ်ကမ်း နိုင်ငံလေးမှာ ကုန်သွယ်ရေး နဲ့ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု (ဂျီဒီပီ) အချိုးက က ၃၀၀% ရှိပါတယ်။ ဒီ အညွှန်းကိန်းက ရှားရှားပါးပါး ထိပ်တန်း ကမ္ဘာ့ နိုင်ငံတွေထဲ တစ်ခု အပါအဝင်ပါ။ မစ္စတာ ဝေါင်းက သူ့နိုင်ငံသားတွေကို ဒီလို မုန်တိုင်းထန်ထန်ကာလအတွင်း မှာ တောင့်ခံထားဖို့၊ စင်္ကာပူ နိုင်ငံသားများက သူ့ကို “အကောင်းဆုံးလို့ ဆိုရမယ့် လူတွေနဲ့ စုစည်းထားတဲ့ အဖွဲ့” ကို ဦးဆောင်ဖို့ သူ့လုပ်ပိုင်ခွင့် ပေးဖို့ မဲဆွယ်ပွဲတွေမှာ တိုက်တွန်းခဲ့ပါတယ်။ လက်ရှိမှာ ကုန်သွယ်ရေးစစ်ပွဲအတွက် တာဝန်ပေးထားတဲ့ ခေါင်းဆောင်ကို ပီအေပီက ရွေးကောက်ပွဲမှာ အရေးပါတဲ့ မဲဆန္ဒနယ်မြေတစ်မှာ အပြိုင်ခိုင်းပြီး ပြိုင်ဘက် ပါတီကို အပြုတ်တိုက်ခဲ့ပါတယ်။ ကစားကွက်မှန်သွားတယ် ပြောရမှာပါ။ အဲဒီ မဲဆန္ဒနယ်ကို ပီအေပီပါတီက အနိုင်ရခဲ့ပြီး အမတ်နေရာ လေး နေရာ ဆက်လက် ထိန်းသိမ်းထားနိုင် ခဲ့ပါတယ်။

အရင့် အရင်ကတည်းက ရေးဆွဲထားပြီးသားဖြစ်တဲ့ ရွေးကောက်ပွဲ စည်းမျဥ်းစည်းကမ်းများကို ပီအေပီ ပါတီက ကောင်းကောင်း အသုံးချ နိုင်ခဲ့ပါတယ်။ အရင်နှစ်တွေ တုန်းကလိုပဲ မဲဆွယ်ကာလက ကိုးရက်တာပဲ ရတာမို့လို့ အတိုက်အခံ ပါတီများဟာ သူတို့မှာ ရှိတဲ့အင်အားနဲ့ မဲဆွယ်စည်းရုံရေး သတင်းစကားတွေ ပါးဖို့ အခွင့်အရေးက သူတို့အတွက် အကန့်အသတ် ရှိနေတာပါ။ မဲပေးမယ့်ရက် မတိုင်မီ နှစ်လလောက် အလိုမှာ ပြဋ္ဌာန်းလိုက်တဲ့ မဲဆန္ဒနယ် အသစ်တွေအပါအဝင် အားလုံးကို ပီအေပီ ပါတီကတော့ သူ့ရဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတဲ့ အင်အားနဲ့ လုပ်စရာရှိတာတွေ လုပ်သွားနိုင်ခဲ့ပါတယ်။ မဲဆန္ဒနယ်မြေ အသစ်များကိုတော့ ပစ္စည်းအင်အား လူအင်အား နည်းနည်းသာ ရှိတဲ့ အတိုက်အခံ ပါတီများ အနေနဲ့ ပြင်ဆင်စရာရှိတာတွေ လုပ်ကိုင်ဖို့ အတော်ကို ကသီလင်တနဲ့ ဒုက္ခရောက် ကြပါတယ်။
ဒါပေမဲ့လည်း ဒီရွေးကောက်ပွဲက အဓိက အတိုက်အခံ ပါတီတစ်ခုဖြစ်တဲ့ လုပ်သားပါတီ အတွက် အားတက်စရာ တစ်ခုတော့ ဖြစ်စေခဲ့ပါတယ်။ သူတို့က မဲဆွယ်ရာမှာ “မဲပေးသူတွေအနေနဲ့ ပါလီမန်ထဲမှာ မတူတဲ့ အသံတွေကို ကြားဖို့လိုတယ်လို့ ထင်ရင် သူတို့ကို မဲပေးရလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ အမှန်တော့လည်း သူတို့ပါတီရဲ့ မူဝါဒတွေဟာ လက်ရှိ ပီအေပီ ပါတီ အစိုးရရဲ့ ပေါ်လစီတွေနဲ့ သိပ်ပြီး ထူးခြား ခြားနားမှု မရှိဘူးလို့ တချို့ကဆိုကြပြီး သူတို့ကို ပီအေပီ အငယ်စား လို့တောင် သုံးနှုန်းကြတယ်။ သူတို့က အမတ်နေရာ ၉၇ နေရာမှာ ၂၆ နေရာပဲ ဝင်ပြိုင်ခဲ့တာပါ။ သူတို့ လက်ရှိနေရာ ၁၀ နေရာစလုံးကိုတော့ ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး “အကောင်းဆုံး အရှုံးသမား” ဖြစ်ခဲ့ပါတယ်။ ခြုံကြည့်ရင် လုပ်သားပါတီက သူ့မဲဆန္ဒနယ်မြေ အားလုံးမှာ မဲအရေအတွက် ပီအေပီထက် ပိုသာပြီး ရခဲ့ပါတယ်။
လုပ်သားပါတီအတွက် မေးခွန်းတစ်ခုကတော့ ဒီနိုင်ငံ သေးသေးလေးထဲက နယ်မြေ အငယ်လေးတွေမှာ ဝင်ပြိုင်နေတဲ့ အတိုက်အခံပါတီ အသေးလေးတွေဆီက မဲတွေကို လိုက်ပြီး သိမ်းယူဖို့ အသင့်ဖြစ်ပြီလား ဆိုတာပါ။ ဒီပါတီ အသေးလေးတွေက ဘယ်တုန်းကမှလည်း အနိုင်ရဖူးတယ် ဆိုတာမရှိပါဘူး။ လေ့လာသူတစ်ဦးက သူတို့ကို ခြင်မွှားကောင် ပါတီလေးတွေလို့ ကင်ပွန်းတပ် ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က တိုးပွားတာသိပ်မြန်လို့ သတိထား စောင့်ကြည့်နေရ လို့ပါတဲ့။ ဒီပါတီလေးတွေက အရွယ်အစားက သေးတာမို့လို့ နိုင်မယ်ဆိုရင်တောင်မှ အစိုးရ ဖွဲ့နိုင် လောက်မှာ မဟုတ်သလို စင်္ကာပူနိုင်ငံသားတွေ အနေနဲ့လည်း သူတို့ကို ကြိုက်တယ် ဆိုရင်တောင်မှ မဲပေးဖို့ ခက်နေမှာ အသေအချာပါပဲ။
စင်္ကာပူ နိုင်ငံရေးကျွမ်းကျင်သူ ကက်နက် ပေါ တန်ကတော့ “အစိုးရကို အားလုံးက ဆက်ပြီး မဲပေးကြတယ်ဆိုတာ သတိရှိနေတဲ့ သဘောကိုပြတာပါ။ သိပ်ယုံကြည်လွန်းလို့တော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအောင်မြင်မှုဟာ မစ္စတာ ဝေါင်းရဲ့ ပီအေပီ ပါတီအတွင်း ဦးဆောင်မှုကို အရောင်တင်ပေးလိုက်သလိုပါပဲ။ သူ့အရင် အနှစ် နှစ်ဆယ်လောက် ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ လီရှန်လွန်းကတော့ ဝန်ကြီးအဖွဲ့ထဲမှာ ဝါရင့် ဝန်ကြီးအဖြစ် ဆက်ရှိနေဦးမှာပါ။ မစ္စတာ ဝေါင်း အနေနဲ့ သူ့ကိုယ်ပိုင် အမှတ်တံဆိပ်ကို ခတ်နှိပ်ချင်တယ်ဆိုရင်တော့ ရဲရဲတင်းတင်းနဲ့ အလုပ်တွေ ဆက်လုပ်ဖို့ လိုလာပါပြီ။ ဘာပဲဖြစ်ဖြစ် မစ္စတာဝေါင်း စုစည်းထားတဲ့ အဖွဲ့ ကတော့ အသင့်ဖြစ်နေပါပြီ။
မူရင်း – The devils you know, The Economist – May 2025

