ဒေါ်နယ်ထရမ့် ပြန်လာခြင်းက လက်တင်အမေရိကအတွက် ဘယ်လို အဓိပ္ပာယ်ဆောင်ပါသလဲ။
( Economist မဂ္ဂဇင်းရဲ့ မက္ကဆီကို၊ အလယ်အမေရိက နဲ့ ကာရစ်ဘီယန်ဆိုင်ရာ ဗျူရိုအကြီးအကဲ Sarah Birke ရဲ့ဆောင်းပါးကို CWM က ဘာသာပြန်ဆိုပါတယ်။)
အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ရဲ့ ပြတ်သားတဲ့ အောင်ပွဲက လက်တင်အမေရိက နိုင်ငံအများစု အတွက်တော့ အထိတ်တလန့်ဖြစ်စရာပါ။ ၂၀၂၅ခုနှစ် ထရမ့်ရဲ့ အိမ်ဖြူတော် တစ်ကျော့ ပြန်လည် ရောက်ရှိလာမှုဟာ လက်တင်အမေရိကနိုင်ငံတွေအပေါ် ရိုက်ခတ်မှု ရှိခဲ့တယ်။ ထရမ့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးကာလမှာ “လက်တင်အမေရိက”ရယ်လို့ သီးခြားထုတ်ဖော်ပြောဆိုခဲ့တာ မရှိပေမယ့် “မက္ကဆီကို” ကိုတော့ မကြာခဏ ထည့်သွင်းပြောဆိုတာရှိခဲ့တယ်။ ထရမ့် အဓိက ထားပြောဆိုခဲ့တာက တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ ကုန်သွယ်ရေးမညီမျှမှု နဲ့ မူးယစ်ဆေးဝါး ကိစ္စတွေပဲဖြစ်တယ်။ ထရမ့်ထက်စာရင်တော့ သူရွေးချယ်လိုက်တဲ့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ဒီဒေသကိုပိုပြီး ဂရုတစိုက်ရှိပါလိမ့်မယ်။ သူက ကျူးဘားရွှေ့ပြောင်းမိသားစုက မွေးဖွားလာ သူတစ်ဦး မဟုတ်လား။
ပထမဦးဆုံးသော စိန်ခေါ်မှုက ထရမ့်ရဲ့ ရွှေ့ပြောင်းနေထိုင်သူများအရေး ဖြေရှင်းရေး အစီအမံတွေပါ။ ထရမ့်က ပြန်ပို့ချင်တဲ့ သန်းပေါင်းများစွာသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေဟာ လက်တင်အမေရိက သားတွေပါ။ အမေရိကန်မှာ တရားမဝင်အခြေချနေထိုင်နေထိုင်တဲ့ ၁၁ သန်းမှာ လေးသန်းက မက္ကဆီကန် တွေဖြစ်ပြီး နှစ်သန်းက အလယ်အမေရိက ကဖြစ်တယ်။ ၈၀၀,၀၀၀ က တောင်အမေရိက ကဖြစ်ပြီး ၄၀၀,၀၀၀က ကာရစ်ဘီယန်နိုင်ငံတွေကဖြစ်တယ်။ လက်တင်အမေရိက နိုင်ငံတွေအနေနဲ့ ဒီလူတွေကို ပြန်လက်ခံဖို့ ဝန်တာကြီးလှတယ်။ ကြီးမားတဲ့ စီးပွားရေးထိခိုက်မှုနဲ့ ဝင်ငွေဆုံးရှုံးမှုရင်ဆိုင်ရနိုင်တယ်။ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာနဲ့ ဟွန်ဒူရပ်စ်နိုင်ငံတွေဆိုရင် သူတို့ရဲ့ GDP ၂၀% ကနေ ၂၅% အထိ လွှဲငွေပမာဏ ဝင်ငွေ ရှိတယ်။

၂၀၂၃ ခုနှစ်အတွင်း အမေရိကန်တောင်ဘက်နယ်စပ်ကို အများဆုံးရောက်လာသူတွေက လက်တင်အမေရိက နိုင်ငံသားတွေဖြစ်ပြီး ၂.၃ သန်းရှိတယ်။ ဒါတွေကို လျှော့ချဖို့ ထရမ့်အနေနဲ့ သူ့ရဲ့ မူဝါဒတွေဖြစ်တဲ့ နိုင်ငံရေး ခိုလှုံခွင့်လက်ခံမှုတင်းကျပ်ခြင်း၊ ပြောင်းရွှေ့အခြေချမှုကို ဟန့်တားခြင်း၊ မက္ကဆီကန်တွေကို မက္ကဆီကို ဘက်ခြမ်းနယ်စပ်မှာ စောင့်ဆိုင်းစေခြင်းတွေကို ပြန်လည်ကျင့်သုံး ဖွယ်ရှိတယ်။ ဒီအနေအထားကြောင့် ရွှေ့ပြောင်းအခြေချမှုအရင်းခံအကြောင်းဟာ အရင်အတိုင်း ရှိနေမှာဖြစ်ပြီး ရှုပ်ထွေးမှုကိုသာဖြစ်စေမှာ ဖြစ်တယ်။
အခြားတစ်ဖက်မှာလည်း အမေရိကန်ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ မက္ကဆီကိုဟာ ထရမ့်ကြောင့် ထိခိုက်မှုအများဆုံး ကြုံတွေ့နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ မက္ကဆီကို နဲ့ အမေရိကန်ကြား မညီမျှတဲ့ ကုန်သွယ်မှုကြောင့် သူ စတင်တာဝန်ယူတာနဲ့ မက္ကဆီကိုအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက် ထားခဲ့ဖူးတယ်။ ၂၀၂၃မှာ အမေရိကန်နဲ့ မက္ကဆီကိုကြား ကုန်သွယ်မှု ပမာဏ ၁၅၉ ဘီလီယံ ရှိခဲ့တယ်။ အလားတူ ထရမ့်ဟာ မက္ကဆီကိုက ကားစက်ရုံများနဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ် စိတ်မသက် မသာ ဖြစ်နေတယ်။ မက္ကဆီကိုကလည်း ထရမ့်ကအခွန် တိုးမြှင့်ကောက်ခံရင် သူတို့လည်း အမေရိကန်ကို အခွန်ပြန်တိုးကောက်မယ်လို့ ဆိုတဲ့အတွက် ကုန်သွယ်ရေးစစ်ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာခဲ့ရင် ပထမ သမ္မတသက်တမ်းတုန်းက ထရမ့်ကိုယ်တိုင် စတင်အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ လွတ်လပ်တဲ့ ကုန်သွယ်ရေးသဘောတူညီချက်ဟာ ပျက်စီးသွားမှာဖြစ်တယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားရမယ့်ကိစ္စပါ။ မြောက်အမေရိကရဲ့ စီးပွားရေးဟာ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းနေပြီး နှောင့်ယှက်ဖျက်ဆီးမှုတစ်ခုခု ဖြစ်လာရင် အားလုံးကို ထိခိုက်စေမှာဖြစ်တယ်။ ထရမ့် အနေနဲ့ ၂၀၂၆မှာ ကုန်ဆုံးမယ့် အမေရိကန်၊ မက္ကဆီကို၊ ကနေဒါ ကုန်သွယ်ရေးသဘောတူညီချက်ကို ပြန်လည် သုံးသပ်ကောင်း သုံးသပ်ပါလိမ့်မယ်။
ခုတစ်ကြိမ် ထရမ့်ပြန်လာခြင်းဟာ လက်တင်အမေရိကနိုင်ငံတွေ မျှော်လင့်နေကြတဲ့ အမေရိကန် စက်ရုံများ အနီးကိုပြန်လာခြင်း (nearshoring) အဆုံးသတ်သွားဖို့လည်း ရှိနေတယ်။ စီးပွားရေးချည့်နဲ့နေတဲ့ လက်တင် အမေရိကနိုင်ငံတွေဟာ စက်ရုံတွေ အနီးအနားကို ပြန်ရွှေ့လာလို့ ရရှိမယ့်အကျိုးအမြတ်တွေကို မျှော်လင့် နေကြတယ်။ အထူးသဖြင့် မက္ကဆီကိုဟာ တရုတ်နိုင်ငံက အမေရိကန်စက်ရုံတွေ ပြန်ရွှေ့လာခဲ့ရင် အဓိက အကျိုးအမြတ်ရရှိမယ့်သူပါ။ ဒါက ကိုဗစ် ကပ်ဘေးကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက် ခဲ့တာရယ်၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုတွေကြောင့် ပထမသက်တမ်းမှာ တွန်းအားပေးခဲ့တဲ့ ထရမ့်ရဲ့မူဝါဒ တစ်ခုပါ။ ဒါပေမဲ့ ခုတစ်ခါမှာတော့ အမေရိကန်လုပ်ငန်းတွေကို အနီးအနားကို ရွှေ့လာဖို့ထက် ထရမ့်က အမေရိကန်နိုင်ငံထဲ ပြန်ရွှေ့လာချင်နေတယ်။ ဒါဟာ မက္ကဆီကိုအပြင် ချီလီ၊ ကော့စတာရီကာ နဲ့ တခြားလက်တင်နိုင်ငံတွေအထိ တုန်ခါသွားစေတယ်။
ဒေါ်နယ်ထရမ့်ကတော့ ဒီလိုကိစ္စတွေကို သိပ်ဂရုစိုက်မယ်မထင်ဘူး။
အလားတူ မက္ကဆီကိုဟာ အမေရိကန်နိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတဲ့ ဖန်တနိုင်း မူးယစ်ဆေးနဲ့ ပတ်သက်ပြီး နှိမ်နင်းဖို့ ထရမ့်ရဲ့ အဓိကပစ်မှတ်ဖြစ်လာဖွယ်ရှိနေတယ်။ မက္ကဆီကို မူးယစ်ဂိုဏ်းတွေဟာ ဖန်တနိုင်းမူးယစ်ဆေးဝါးတွေကို မက္ကဆီကိုမှာထုတ်လုပ်ပြီး မြောက်ဘက် အမေရိကန်ကို တင်ပို့နေတာဖြစ်တယ်။ ဒီမူးယစ်ဆေးကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်နိုင်ငံသား ၇၅၀၀၀ အသက်ဆုံးရှုံးခဲ့ရတယ်။ ထရမ့်က သူ အရင်က ခြိမ်းခြောက်ခဲ့သလို မူးယစ်ဂိုဏ်းတွေရဲ့ ဓာတ်ခွဲခန်းတွေကို ဗုံးသွားကြဲတော့မှာမဟုတ်ဘဲ မက္ကဆီကိုအပေါ် အရင်ကထက် လုံခြုံရေး အရခြိမ်းခြောက်မှုရှိတယ်ဆိုပြီး တစ်ဖက်သတ်အရေးယူမှုတွေ ရှိလာနိုင်တယ်။
ဂျိုးဘိုင်ဒင်လက်ထက်မှာ အမေရိကန်ဟာ ဒီမိုကရေစီရေး ထောက်ခံအားပေးမှု သိပ်မရှိခဲ့ပေမယ့် ဂွါတီမာလာသမ္မတကို ဆန့်ကျင်ဘက်မိုကရေစီအင်အားစုတွေက အာဏာလုယူဖို့ကြိုးစားတဲ့အခါမှာ ကျော်လွှားလွတ်မြောက်စေခဲ့တယ်။
ဒေါ်နယ်ထရမ့်ကတော့ ဒီလိုကိစ္စတွေကို သိပ်ဂရုစိုက်မယ်မထင်ဘူး။ သူက အယ်ဆာဗေဒိုသမ္မတ နာယစ် ဘူကီလီ လို အာဏာရှင်တွေကို သဘောကျသူဖြစ်တယ်။ နာယစ်ဘူကီလီဟာ လက်ရှိမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီဘဲ သမ္မတသက်တမ်းကို ဒုတိယအကြိမ် ဆက်လက်ရယူထားပြီး ရာဇဝတ်မှုနှိမ်နင်းရေး မှာ သူ့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အရေးမစိုက်သူလည်းဖြစ်တယ်။ နောက် တစ်ယောက်က အာဂျင်တီးနားသမ္မတ ဂျားဗီးယား မီလိုင်ပါ။ သူက ထရမ့် တက်လာရင် အာဂျင်တီးနား စီးပွားရေးပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ချေးငွေ ဒေါ်လာ ၁၅ ဘီလီယံကို ထရမ့်အကူအညီနဲ့ ရနိုင်မယ်လို့ မျှော်လင့်နေတယ်။
ထရမ့်နဲ့ ရူဘီယိုတို့ဟာ လက်တင်အမေရိကရဲ့ လက်ဝဲအော်တိုကရက်တွေဖြစ်တဲ့ ကျူးဘား၊ ဗင်နီဇွဲလား နဲ့ နီကာရာဂွါ တို့အပေါ် အရေးပေးမယ့်လက္ခဏာတော့ မရှိဘူး။ ထရမ့်ရဲ့ ပထမသက်တမ်း တုန်းက ဗင်နီဇွဲလားအပေါ် ဆက်ဆံရေးတင်းကျပ်ခဲ့ပြီး ဘာရက်အိုဘားမားရဲ့ ကျူးဘားနဲ့ ပုံမှန်ဆက်ဆံရေး မူဝါဒကို အဆုံးသတ်ပစ်ခဲ့တယ်။ သိပ်မသေချာတာကတော့ ဘရာဇီးလက်ရှိသမ္မတ လူးအစ် အင်နာစီယို လူလာ ဒါဆေးလ်ဗား ဘယ်လို ကြုံတွေ့ရမလဲဆိုတာပါ။ သူက ထရမ့်နောက်လိုက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ထရမ့်ရဲ့ “အမေရိကန် ပထမ”မူဝါဒကြောင့် တောင်ကမ္ဘာခြမ်းနိုင်ငံများကို ဦးဆောင်ရေး သူ့ရဲ့ အန္တိမ ရည်မှန်းချက်ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်မှာဖြစ်တယ်။ ရှင်းလင်းနေတဲ့ အရာတစ်ခုကတော့ လက်တင်အမေရိကဟာ အိမ်ဖြူတော်ကို ပထမအကြိမ် ထရမ့်ရောက်ရှိခဲ့စဉ်က ထရမ့်ရဲ့စမ်းသပ်မှု ခံခဲ့ရပြီးဖြစ်ရင် ၂၀၂၅ ခုနှစ်မှာ အရာရာဟာ ပိုပြီး ခက်ခဲမယ်ဆိုတာပါပဲ..။