The Corner

ရုပ်ရှင် အသစ်များ

Share မယ်

သည် အီကောနောမစ် ယဥ်ကျေးမှု အယ်ဒီတာ အယ်လက်ဇန်းဒရား ဆုချ် ဘက်စ်၏ Films based on video games are the next big thing ဆောင်းပါးကို မြန်မာဘာသာ ပြန်ဆိုသည်။

ဘုရားသခင်က ကမ္ဘာကို ၆ရက်ထဲနဲ့ ဖန်ဆင်းခဲ့ပုံရတယ်။ ဆွီဒင်က ကွန်ပြူတာဂိမ်းများ ရေးသားသူ မားကူစ် ပါစင် လဲ ထို့အတူပါပဲ၊ မိုင်းခရပ် (Minecraft) ကွန်ပြူတာဂိမ်းကို ၆ရက်ထဲနဲ့ ရေးဆွဲခဲ့ပါတယ်။ မိုင်းခရပ်ဂိမ်းမှာ ကစားတဲ့ သူတွေဟာ မိမိရဲ့ ကိုယ်ပိုင် ကမ္ဘာလေးကို စိတ်ကြိုက်ဖန်တီးနိုင်ပြီး အခြား ကစားဖော်များ ဖန်တီးထားတဲ့ ကမ္ဘာတွေဆီကိုလဲ သွားလည်ပတ်နိုင်ပါတယ်။ ဒီ ဂိမ်းထွက်လာတော့ ကွန်ပြူတာဂိမ်းလောကမှာ အအောင်မြင်ဆုံး ဂိမ်းတစ်ခု ဖြစ်ခဲ့ပီး ခုဆိုရင် ဒေါ်လာသန်း ၃၀၀ကျော် ရောင်းချခဲ့ရပီး ဖြစ်ပါတယ်။ အမြတ်များများနဲ့ အောင်မြင်လာပီဆိုရင်  ဟောလိဝုဒ်က မျက်စေ့ကျလာတတ်ပီး ဘာအကြောင်းအရာ မဆို ရုပ်ရှင်တွဲတွေရိုက်ဖို့ စီစဥ်ကြတော့တာပါပဲ။ ၂၀၂၅မှာ အမေရိကန် သရုပ်ဆောင် ဂျက်ဘလက်ခ် (Jack Black) ပါဝင်တဲ့ မိုင်းခရပ်ဇာတ်ကား ရုံတင်ပါတော့မယ်။ ဒီ ကွန်ပြူတာဂိမ်းကို နှစ်ခြိုက်ကြပီးသား ပရိတ်သတ်များအနေနဲ့ သူတို့နဲ့ရင်းနှီးပြီးသား ကွန်ပြူတာပေါ်က အရုပ်လေးတွေဟာ ရုပ်ရှင်ပိတ်ကားကြီးပေါ်မှာ ဘယ်လိုမြင်ရမလဲ စိတ်လှုပ်ရှား သဘောခွေ့ကြိုက်နှစ်ကြဖို့ မျှော်လင့်ထားပါတယ်။ 

            ကွန်ပြူတာ/ဗီဒီယို ဂိမ်း လုပ်ငန်းများဟာ စီးပွားရေး  လုပ်ငန်း အကြီးကြီးတွေ ဖြစ်ကြပီး ဟောလိဝုဒ်က ရုပ်ရှင်ထုတ်လုပ်သူများကို လှုံ့ဆော် ဆွဲဆောင်နိုင်တဲ့ ငွေရပေါက် ရလမ်းတခုလဲ ဖြစ်ပါတယ်။ မိုင်းခရပ် အပြင် ၂၀၂၅အတွင်း ရုံတင်ဖို့ တန်းစီဇယားမှာ နာမည်ကြီး လူကြိုက်များပီးသား ကွန်ပြူတာ/ဗီဒီယို ဂိမ်းများကို အခြေခံ ရိုက်ကူးထားတဲ့ မော်တယ်ကွန်ဘက် – ၂ (Mortal Kombat 2)၊ နဲ့ ဖိုက်ဖ်နိုက်တ် အက်တ် ဖရက်ဒီစ် – ၂ (Five Nights at Freddy’s 2) တို့ပါ။ IGN – အိုင်ဂျီအန်န် ဖျော်ဖြေရေးသတင်း ဝက်ဘ်ဆိုက်အရ ကွန်ပြူတာ/ဗီဒီယို ဂိမ်းများကို အခြေခံထားတဲ့ ရုပ်ရှင် (သို့) တီဗွီ စီးရီး ရိုက်ဖို့ စီစဥ်နေတဲ့ ပရောဂျက်ပေါင်း ၃၀ နီးပါးလောက်ရှိတယ်လို့ ဆိုပါတယ်။ 

            အခုဆိုရင် ရုပ်ရှင်ထုတ်လုပ်ရေး စတူဒီယိုကြီးတွေမှာ ရိုက်ကူးနေကျ ဇာတ်လမ်း ပုံစံတွေကနေ ခွဲထွက် ပြောင်းလဲပစ်ဖို့ လုပ်နေကြတာတွေ မြင်တွေ့လာရပီလို့ ရုပ်ရှင် သုတေသနလုပ်တဲ့ အမ်ပီယား အနယ်လစ်စစ် (Ampere Analysis) က အယ်လစ်စ် သော့ပ် (Alice Thorpe) က ပြောပါတယ်။ ဆူပါဟီးရိုး ခေတ်တစ်ခုကတော့ ကုန်ခဲ့ပါပီ။ ရုပ်ရှင် စတူဒီယိုကြီးတွေ ဟာနောက်ထပ် ရွှေဥ ဥပေးမယ့် ငန်းတစ်ကောင်ကို ရှာဖွေနေကြပါတယ်။ တော်တော်များများ ယုံကြည်ကြတာက ကွန်ပြူတာ/ဗီဒီယို ဂိမ်းတွေဟာ ကာတွန်းဇာတ်လမ်း အသစ်တွေလိုပဲ လူအများစုက ပါဝင်တဲ့ ဇာတ်ကောင်တွေကို ဖန်သားပြင်မှာရော ပိတ်ကားပေါ်မှာပါ ရင်းနှီးပြီးသား ဖြစ်နေပီးသားပါ။ 

            ကွန်ပြူတာ/ဗီဒီယို ဂိမ်းတွေမှာ အားသာချက် များစွာရှိပါတယ်။  အဲဒီအထဲက အရေးကြီးတဲ့ အားသာချက်တခုကတော့ ယဥ်ကျေးမှုအရရော စီးပွားရေးအရမှာရော လွှမ်းမိုးထားနိုင်တဲ့ ဂုဏ်အ တရပ် အနေနဲ့ ရပ်တည်နေနိုင်ပြီးသားပါ။ ဖြေဖျော်ရေးကဏ္ဏမှာ ဂိမ်းလုပ်ငန်းများဟာ ရုပ်ရှင်လုပ်ငန်းနဲ့ တေးသံသွင်းလုပ်ငန်းများကို ကျော်ဖြတ်ပီး အကြီးဆုံးလုပ်ငန်းတခု အနေနဲ့ ရပ်တည်လျက် ရှိနေပါတယ်။ ဗီဒီယို ဂိမ်းနဲ့အတူ တွဲလျက်ပါလာတာကတော့ သူ့ရဲ့ အမာခံ ပရိသတ်ထုကြီးပါ။ ၂၀၂၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ တစ်နှစ်တာ အကောင်းဆုံး ဗီဒီယို ဂိမ်း ဆုချီးမြှင့်ပွဲကို ကြည့်ရှုသူဦးရေ ပေါင်း ၁၁၈ သန်းရှိခဲ့တဲ့ ပရိတ်သတ် ပမာဏဟာ ဟောလိဝုဒ်ရဲ့ အမြင့်ဆုံး အကယ်ဒမီပေးပွဲ ကြည့်သူထက် ၆ဆ ပိုတယ်ဆိုတာက သက်သေပြနေခြင်းပါ။  

            ဒါပေမယ့် ဟောလိဝုဒ်ရဲ့  အတွေ့အကြုံအရ ဗီဒီယို ဂိမ်းများကို ရုပ်ရှင်ဖြစ်အောင် ဖန်တီးထုတ်လုပ်ခြင်းဟာ ပုံသေကားကျ အောင်မြင်မှာလို့ တထစ်ချ ပြောလို့ရတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ နောက်နှစ်ဆိုရင် လူကြိုက်များခဲ့တဲ့ သေနတ်ပစ် ဗီဒီယိုဂိမ်း တစ်ခုကို ဒူးမ် Doom ရုပ်ရှင်ဟာ ဇာတ်ကားခေါင်းစဥ်လိုပဲ ဇာတ်သိမ်းမလှခဲ့ပါဘူး။ အလားတူ ဗီဒီယိုဂိမ်းကနေ ဖန်တီးထားပီး မအောင်မြင်တဲ့ ရုပ်ရှင်ကားပေါင်းများစွာ နမူနာများလဲ ရှိခဲ့ပါတယ်။ 

                  နက်ဖလစ် Netflix တို့လို အခပေးကြည့်တဲ့ တီဗွီ ဝန်ဆောင်မှုတွေ မျိုးစုံပေါ်လာတဲ့ အခုနောက်ပိုင်းခေတ်မှာ လုပ်ပုံလုပ်နည်းပုံစံတွေ စပီး ပြောင်းလဲလာပါတယ်။ အခပေးတီဗွီ ဝန်ဆောင်မှုတွေထဲက အောင်မြင်မှု တစ်ချို့ ကို ပြောရမယ်ဆိုရင် နက်ဖလစ်ရဲ့  ‘’သည် ဝစ်ချာ’’ – The Witcher (၂၀၁၉)  ‘’အာကိန်း’’ Arcane (၂၀၂၁)၊ အိက်ချ်ဘီအို – HBO ရဲ့ “သည် လက်စ်အော်ဖ့်အက်စ်” The Last of us (၂၀၂၃) တို့ဟာ အထင်အရှားပါ။ “သည် လက်စ်အော်ဖ့်အက်စ်” ဟာ ကမ္ဘာပျက် ပြီးနောက်ပိုင်း အမေရိကန်ကို နောက်ခံထားပီး မူရင်း ဗီဒီယို ဂိမ်းကို တိုက်ရိုက်ယူထားပါတယ်။ ချီးမွမ်းထောပနာများစွာနဲ့အတူ အမ်မီဆုကိုလဲ ရရှိထားပါတယ်။ 

mario, figure, game, nintendo, super, retro, classic, computer game, character, cartoon, video, games console, happy, video game, super mario bros, marios, mario, mario, mario, mario, mario, cartoon

            ၂၀၂၃မှာ ပေါက်သွားတဲ့ ရုပ်ရှင်ကတော့ “စူပါ မာရီယို ဘရားသား” – Super Mario Bros ဖြစ်ပီး အဲဒီနှစ်မှာ ဘာဘီ – Barbie ရုပ်ရှင်ပီးရင် ဒုတိယမြောက် ဝင်ငွေအကောင်းဆုံးနဲ့ တကမ္ဘာလုံး ရုံတင်ပြသပီး ဒေါ်လာ ၁.၄ ဘီလီယံ သိမ်းကြုံး ယူနိုင်ခဲ့ပါတယ်။ ကလေးရော လူကြီးအားလုံးနီးပါ ငယ်ဘဝထဲက မာရီယိုဂိမ်းကို ကစားခဲ့ဘူးလို့ ရင်းနှီးကျွမ်းဝင်နေတဲ့ ဇာတ်ကောင်တွေ မြင်ဖူးပီးသား ဂိမ်းထဲက မြင်ကွင်းတွေကို အခြေခံထားတဲ့ ဒီဇာတ်ကားဟာ ပရိသတ် တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တာလို့ မစ္စ သော့ပ်က ဆိုပါတယ်။

            နောက်နှစ်မှာ ဖြစ်လာနိုင်ဘွယ်ရာ သုံးခု ကို စောင့်ကြည့်ရဖို့ရှိပါမယ်။ ပထမတစ်ခုကတော့ ဗီဒီယိုဂိမ်းတွေဟာ ရုပ်ရှင်အဖြစ် ဘယ်လိုပြောင်းလဲ လာမလဲ ဟောလိဝုဒ်က ဘယ်သူတွေ ရုပ်ရှင်မှာ ပါဝင်လာမလဲ။ ဗီဒီယိုဂိမ်း ဆုပေးပွဲ တွေတင်ဆက်သူ ဂျီးရောဖ့် ကိုင်လေ – Geoff Keighley က ဗီဒီယိုဂိမ်း ဖန်တီးတဲ့ သူတွေဟာ ရုပ်ရှင် တီဗီ ထုတ်လုပ်မှုပိုင်းတွေမှာလဲ ဖန်တီးမှုတွေအားကောင်းအောင် ပါဝင်လာနေကြပါတယ် လို့ပြောပါတယ်။ ဒါဟာ ကောင်းပါတယ် ဘာဖြစ်လို့လဲ ဆိုတော့ ရုပ်ရှင် တီဗီ ဇာတ်လမ်းတွေအဖြစ် ရောက်သွားတဲ့အခါ မူရင်းဖန်တီးသူရဲ့ စိတ်ကူးစိတ်သန်းတွေပျောက်ပျက် မသွားဖို့လိုအပ်ပါတယ်။ နောက်ဖန်တီးသူများအနေနဲ့လဲ ရုပ်ရှင်အဖြစ် စျေးကွက်ကို ပြန်လည် ထိုးဖောက်နိုင်တဲ့အခါ မူရင်း ဗီဒီယိုဂိမ်း တကြော့ပြန် အရောင်း တက်လာစေဖို့ ရည်မှန်းကြတာပါ။ ဒီအဖြစ်မျိုးဟာ ၂၀၂၄ခု ဖောလ်အောက် – fallout ဆိုတဲ့ ကမ္ဘာပျက်ပြီးနောက်ပိုင်း အချိန်ကို အခြေခံထားတဲ့ ရုပ်ရှင်ထွက်လာပြီးနောက်ပိုင်း ကိုယ်တိုင်ပါဝင် ကစားလို့ရတဲ့ မူရင်း ဗီဒီယိုဂိမ်း လဲ ပြန်လည် အရောင်းသွက်ခဲ့ဖူးပါတယ်။ 

            ဒုတိယတချက်အနေနဲ့ ဟောလိဝုဒ် အနေနဲ့လဲ ဗီဒီယိုဂိမ်း နည်းပညာတွေကို ရုပ်ရှင် ရိုက်ကူးရေးအတွက် ထဲထဲဝင်ဝင်နားလည် သိရှိဖို့ ကြိုးစားကြရပါလိမ့်မယ်။ အထူးပြုလုပ်ချက်များဟာ အလွန်အဆင့်မြင့် လာနေပါပီ။ ရုပ်ရှင် စတူဒီယိုကြီးတွေဟာ ဗီဒီယိုဂိမ်း ဖန်တီးစဥ်က အသုံးပြုတဲ့ ဂိမ်းအင်ဂျင် – game engine လို့ခေါ်တဲ့ အင်မတန်ရှုပ်ထွေးတဲ့ နည်းပညာကို အခြေခံပီး အထူး ပြုလုပ်ချက်တွေကို လိုက်လုပ်လာကြရပါပီ။ အရင်ကဆို ရုပ်ရှင် အထူးပြုလုပ်ချက်တွေကို အစိမ်းရောင်နောက်ခံပိတ်ကားနဲ့ သရုပ်ဆောင်ကို ရိုက်ယူပီးမှ နောက်မှ သတ်သတ် အထူးပြုလုပ်ချက်များကို ထည့်သွင်းရာကနေ အခုဆိုရင် နောက်ခံ ပြုလုပ်ချက်များရော သရုပ်ဆောင်ခြင်းပါ တပြိုင်တည်း လုပ်လာလို့ရအောင် ကြိုးစားနေကြပါပီ။ ဒီ ဂိမ်းအင်ဂျင်တွေ ဟောလိဝုဒ်မှာ ပြန့်နှံ့လာတာနဲ့ အမျှ ဒီနည်းပညာအရ သရုပ်ဆောင်များ၊ ဒါရိုက်တာများနဲ့ ဆက်တင် ဒီဇိုင်းနာများရဲ့ သမရိုးကျ အလုပ်တွေဟာလဲ တဖြည်းဖြည်းနဲ့ ပြောင်းလာရဖို့ ရှိပါတယ်။ ဒါဟာ ရုပ်ရှင်လောက တခုလုံးအတွက်ပါ။ ဗီဒီယိုဂိမ်း အခြေခံတဲ့ ရုပ်ရှင် အမျိုးအစား တခုထည်း မဟုတ်ပါဘူး။ 

            တတိယကတော့ ဗီဒီယိုဂိမ်းများရဲ့ ဇာတ်လမ်းတင်ဆက်ပုံ အတိုက်အခိုက် ဇာတ်လမ်းဆင်ပုံတွေဟာ သမားရိုးကျရုပ်ရှင် ဖန်တီးမှုတွေ ကို လွှမ်းမိုး သက်ရောက်စေမှုပါ။ ဆိုနီ အပြန်အလှန် ဖြေဖျော်ရေး ဟာမန် ဟုလ်စ်တ် – Hermen Hulst က ဗီဒီယိုဂိမ်းတွေဟာ တဖြည်းဖြည်းနဲ့ ရုပ်ရှင် ထုတ်လုပ်သူတွေအပေါ် စိတ်ကူးစိတ်သန်း အသစ်တွေ ရရှိဖို့ အထောက်အကူ ဖြစ်လာနေပါတယ် လို့ ပြောပါတယ်။ ဗီဒီယိုဂိမ်းများဟာ လူ့အသိုင်းအဝိုင်းကို ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာ ငြင်းခုံနေကြသလို ဂိမ်းတွေကလဲ ဟောလိဝုဒ်ကို ပြောင်းလဲပစ်မှာလားဆိုတဲ့ ဆွေးနွေးတာတွေ စလာနေပါပီ။ ဥပမာ ရုပ်ရှင်များဟာ ပိုပီး ရုန့်ရင်းကြမ်းတမ်း လာနိုင်မလား ဆိုတာမျိုးပေါ့။ 

            ဒီနှစ်အတွင်း ဖြေဖျော်ရေးကဏ္ဏမှာ လှုပ်လှုပ်ရှားရှား ဖြစ်မယ့်ကိစ္စတစ်ခုလဲ လာဖို့ရှိပါတယ်။ ၂၀၂၅ခုနှစ်မှာ အကြီးမားဆုံး ပေါ်ထွက်လာမှာကတော့ ဟောလိဝုဒ် ရုပ်ရှင် ကားသစ်တစ်ကား မဟုတ်ပါဘူး၊ ဗီဒီယိုဂိမ်း တစ်ခုပါ။ ဂရန်းသက်ဖ် အော်တို ၆ – Grand Theft Auto 6 ဗားရှင်းအသစ်ဟာ ရာစုနှစ်တစ်ခုအတွင်း အသစ်ထွက်လာတာြဖစ်ပီး နှစ်ပေါင်းများစွာ လူကြိုက်အများဆုံး စာရင်းဝင် ဗီဒီယို ဂိမ်းတခုဖြစ်ပါတယ်။ မစ္စတာ ကိုက်လေ က ဒါဟာ ရုပ်ရှင်၊ တီဗီ ဇာတ်လမ်းနဲ့ စတေ့ချ်ရှိုးတခု တင်ဆက်တာထက် အများကြီး ကြီးမားတဲ့ ဖြေဖျော်ရေး ကဏ္ဏရဲ့ အသစ်တခု တင်ဆက်ခြင်းတခုဖြစ်တယ်လို့ ဆိုပါတယ်။ ဗီဒီယိုဂိမ်း ဆိုရင်တော့ အချင်းချင်း အပြိုင်အဆိုင်တွေနဲ့ ရှုပ်ထွေးနေတဲ့ ဟောလိဝုဒ်ဟာ နောက်လိုက်ပဲ ဖြစ်နေပါလိမ့်မယ်။