သည် အီကောနောမစ် စက်မှုအယ်ဒီတာ ဆိုင်မွန် ရိုက်၏ Xi’s electric ဆောင်းပါးကို မြန်မာပြန်ဆိုသည်။
နိုင်ငံရပ်ခြားကနေ ကားဝယ်မယ့်သူတွေ အတွက် တရုတ်ပြည်ထုတ် လျှပ်စစ်ကား (အီးဗွီ) တွေကို ဝယ်ယူသုံးစွဲမယ်ဆိုရင် အဓိကဆွဲဆောင်နိုင်တဲ့ အကြောင်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ စျေးသက်သာပြီး အဆင့်မြင့် လုပ်ဆောင်ချက်တွေပါတဲ့ တရုတ်ထုတ် အီးဗွီတွေကို အနောက်နိုင်ငံထုတ် အီးဗွီတွေ ဘယ်လိုမှ မယှဥ်နိုင်ပါဘူး။ စျေးသက်သာတယ်ဆိုတဲ့ နေရာမှာ တရုတ်အီးဗွီကို ဝယ်ယူတင်သွင်းမယ်ဆိုရင် လက်ဝယ် အရောက်ကုန်ကျစရိတ်ထဲမှာ အခွန်အခများပါ အပြီးအစီးဖြစ်တာမို့လို့ အဲဒီစျေးချင်းယှဥ်မယ်ဆိုရင်တောင် တော်တော်လေး သက်သာနေသေးတာပါ။ စျေးသက်သာရုံတင်မဟုတ်ပါဘူး ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ ကလည်း မက်လောက်စရာပါ။ ဒီဇိုင်းနဲ့ နည်းပညာတွေက ၂၀၂၅မှာ ပိုပြီး ဆန်းသစ်တီထွင်မှုတွေ လုပ်လာနေပါပြီ။ နမူနာအနေနဲ့ ဘီဝိုင်ဒီ (BYD) လို တချို့ကားတွေဆိုရင် အလိုအလျောက် ဒေါင်လိုက် အလျားလိုက် လှည့်ပေးနိုင်တဲ့ ဒက်ဘုတ်စကရင်မျိုး၊ ပုံစံဆန်းသစ်တဲ့ အလတ်ဆိုက် အော်တို ၃ (Atto-3) မော်ဒယ်မှာဆိုရင် ပုံမှန်ထက် ထူးခြားတဲ့ ဂီတာကြိုးလိုမျိုးတွေ တံခါးလက်ကိုင်မှာ တပ်ဆင်ထားတာ ဂီယာတံကို အာကာသယာဥ်ဆန်ဆန်မျိုး တွေ ထည့်သွင်းထားပါတယ်။ အဆင့်မြင့်တဲ့ ယန်ဝမ် ယူ၈ အက်စ်ယူဗွီ (Yangwang U8 SUV) မှာဆိုရင် တင့်ကားတစီးလို ကားကို တစ်နေရာထည်းမှာ ဘေးဘယ်ညာ လှည့်လို့ရပြီး အရေးပေါ်အခြေအနေမှာ ရေထဲမှာ မောင်းလို့ရအောင် လုပ်ဆောင်ချက်တွေ ပါပါတယ်။

ဒါတွေဟာ လွန်လှချည်လားလို့ဆိုရင် ထူးခြားတဲ့ Jiyue 01 ကိုသာကြည့်ကြပါတော့။ သူ့ကို တရုတ် နာမည်ကြီး နည်းပညာကုမ္ပဏီကြီး ဘိုင်ဒူး (Baidu) နဲ့ ဂီးလီ (Geely) ကားကုမ္ပဏီတို့ ပူးတွဲ ထုတ်လုပ်ထားပါတယ်။ ကားရဲ့ အတွင်းခန်းက ရိုးရိုးသာမာန်လောက်ပါပဲ။ ဒီကားမှာ ထိန်းချုပ်စရာဆိုလို့ နင်းစရာ လီဗာနဲ့ ဘရိတ် နှစ်ခု အပြင် ကားစတီယာရင်ပေါ်က ခလုပ် နှစ်ခုပဲ ပါပါတယ်။ အဲဒီကားရဲ့ အလိုအလျောက် ထိန်းချုပ် မောင်းနှင်နိုင်မှုကတော့ ပေကျင်းလို ကားရှုပ်ရှုပ် လူရှုပ်ရှုပ်ကြားထဲအေးအေးဆေးဆေးနဲ့ မောင်းနှင်သွားနိုင်တာ အထင်ကြီးစရာပါ။ ဒေါ်လာ သုံးသောင်းတန် ဒီကားဟာ ကားတကယ်မောင်းရတာငြီးငွေ့လာပြီး ပြိုင်ကားမောင်းတဲ့ ဗီဒီယိုဂိမ်း ကစားချင်တယ်ဆိုရင် လမ်းဘေးထိုးရပ်ပြီး စတီယာရင်ပေါ်က ခလုတ်နဲ့ ဒက်ရှ်ဘုတ် ပေါ်က စကရင်ပေါ်မှာ ကစားနိုင်ပါပြီ။
အဆင့်မြင့် လုပ်ဆောင်ချက်တွေပါတဲ့ တရုတ်ထုတ် အီးဗွီတွေ
ဖုန်းတွေ အိမ်သုံး ပစ္စည်းတွေ ထုတ်လုပ်တဲ့ ရှောင်မီ (Xiaomi) က ထုတ်ထားတဲ့ အက်စ်ယူ ၇ မက်စ် (SU 7 Max) ဆိုရင် ၂.၈ စက္ကန့်အတွင်းမှာ ကီလို ၆၀ လောက်ထိ ရောက်အောင် မောင်းနိုင်ပြီး သူ့ဘက်ထရီက ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်) လောက်ထိ မောင်းနိုင်တယ်ဆိုပဲ။ နောက်ပီး ကားမောင်းနေရင်း အိမ်မှာရှိတဲ့ ရှောင်မီ အိမ်သုံးပစ္စည်းတွေကို လှမ်းပြီး ထိန်းချုပ်နိုင်သေးတယ်။
တရုတ်ပြည်က ကားအသစ်ဝယ်ယူတဲ့ လူအများစုရဲ့ ပျမ်းမျှအသက်ဟာ ၃၅နှစ်လောက်ရှိပါတယ်။ ဒီအသက်ဟာ ဥရောပနဲ့ နှိုင်းယှဥ်ရင် အနှစ် ၂၀ လောက် ငယ်ကြပါတယ်။ လူငယ်တွေ ဖြစ်တဲ့ အလျောက် နည်းပညာပိုင်းနဲ့ နီးစပ်ကြတာမို့လို့ ကားအသစ်တွေမှာ ဘယ်လို အမိုက်စား လုပ်ဆောင်ချက်တွေ ပါလာမလဲဆိုတာ စောင့်နေကြသူတွေပါ။
တရုတ်ကားထုတ်လုပ်သူတွေဟာ စျေးကွက်ကတောင်းဆိုချက်တွေကို လုပ်ပေးနိုင်ကြပါတယ်။ အနောက်နိုင်ငံကားတွေ ဒါကို အမီလိုက်ဖို့ ဆိုတာ မလွယ်လှပါဘူး။