(သည် အီကောနောမစ် အယ်ဒီတာချုပ် ဇန်နီ မစ်တန် ဘက်ဒိုးရဲ့ ဆောင်းပါးကို မြန်မာ ပြန်သည်)
ခုဆိုရင် သမ္မတ အာဆတ်ဟာ နိုင်ငံရဲ့ အာဏာကို ၅၃ နှစ်ကြာအောင် ယူထားခဲ့ပြီး အကျင့်ပျက်ခြစား ရှုပ်ထွေး ပွေလီမှုတွေနဲ့ ဆီးရီးယားကို အပျက်အစီးပုံ ကြားမှာ ထားသွားခဲ့ပါပြီ။ ဒီဇင်ဘာလ ၈ရက်နေ့က သူပုန်တပ်တွေ ဒမတ်စကတ်မြို့ကိုရောက် ရှိလာခဲ့ကြတဲ့အချိန်မှာတော့ ဘတ်ဆာ အယ်အာဆတ်ကို ဆက်လက် ကာကွယ်တိုက်ခိုက်ပေးကြဖို့ အကြောင်းမရှိတော့တဲ့ အစိုးရတပ်တွေဟာလည်း လေထဲမှာ ပျောက်ကွယ်သွားသလို မရှိကြတော့ပါဘူး။ ဆင်းရဲတွင်း နက်ထဲရောက်နေကြတဲ့ ဆီးရီးယား နိုင်ငံသားတွေဟာ စွန့်ပစ်ခံနန်းတော်ကြီးကို ခပ်စိန်စိန်းကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီးတော့ မစွမ်းမသန် ဖြစ်ကာ ကျန်ခဲ့ကြတဲ့ အကျဉ်းသားတွေဟာလည်း အာဏာရှင်ရဲ့ ထောင်အတွင်းကနေ ကြောင်တောင်ကန်းတန်းနဲ့ ထွက်လာခဲ့ကြပါတယ်။ တချို့ဆို သူတို့နာမည်တောင် သူတို့ မမှတ်မိကြတော့ပါဘူး။
ခု အာဆတ်တယောက် မော်စကိုကို ထွက်ပြေးသွားပြီးတဲ့ အချိန်မှာတော့ မေးခွန်းတစ်ခုက ဘယ်သူက လွတ်မြောက်ရေးအတွက် ဆက်လက် ဦးဆောင်သွားမှာလဲ ဆိုတာပါပဲ။ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေ ပြည့်နှက်နေတဲ့ ဆီးရီးယားလို နိုင်ငံ အတွက် အားလုံးလိုလိုကတော့ ဒီ့ထက် ဆိုးလာဖို့ကိုပဲ ခန့်မှန်းကြပါတယ်။ ၂၀၁၀-၁၂ တွေမှာ ပေါ်ပေါက်ခဲ့တဲ့ အာရပ်နွေဦး ကနေ ရခဲ့တဲ့ သင်ခန်းစာတစ်ခုကတော့ နိုင်ငံတွေမှာ အာဏာရှင်ကို ဖြုတ်ချခဲ့နိုင်တယ် ဆိုရင်တောင်နောက်ထပ် ပေါ်လာတဲ့ အာဏာရှင်လက်သစ်ကို ပြန်လည်တွန်းလှန်ကြခဲ့ ရတာချည်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆီးရီးယားအသစ် အစမှာ အရင်ထက် ကောင်းအောင် လုပ်ကြဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
တကယ်တော့လည်း ဒီနိုင်ငံကို နောက်ထပ် သွေးချောင်းစီးမယ့် အခြေအနေထဲကို အခုလက်ရှိ ကွဲထွက်နေတဲ့လက်နက်ကိုင်အဖွဲ့တွေက ဆွဲယူသွားနိုင် ကြမယ်ဆိုတာဟာ မငြင်းနိုင်တဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံဟာ လူအမျိုးမျိုး ယုံကြည်မှု အဖုံဖုံနဲ့ ရှုပ်ထွေးနေတဲ့ ပုံစံတစ်မျိုးနဲ့ အော်တိုမန် အင်ပါယာ (မွတ်ဆလင်ကြီးစိုးအားကောင်းတဲ့ အရှေ့အလယ်ပိုင်းဒေသ) ထဲက ခွဲထွက်နေတဲ့ နိုင်ငံပါ။ သူတို့ဟာ ဒီမိုကရေစီနဲ့ အသားကျကျ မနေဖူးပါဘူး။ အာဆတ်ဟာ လူနည်းစု အယ်လာဝိုက် အမျိုးအနွယ်က ဆင်းသက်လာသူဖြစ်ပါတယ်။ အယ်လာဝိုက်ဟာ လူမျိုးစုတစ်ခုလုံးရဲ့ ၁၀-၁၅ ရာနှုန်းပဲ ရှိပါတယ်။ နှစ်ပေါင်းများစွာ ဘာသာရေးနဲ့ ဆက်နွှယ်မှု မရှိအောင် သီးသီးသန့်သန့်နဲ့ ဆီးရီးယား လူမှုဘဝ ပတ်ဝန်းကျင်မှာ ခက်ခဲကြမ်းတမ်းစွာ နေခဲ့ကြရတာပါ။
ဆီးရီးယားလူမျိုးတွေမှာ လက်စားချေစရာ အကြောင်းတွေ များစွာရှိပါတယ်။ ၁၃နှစ်ကြာ ပြည်တွင်းစစ်ကြောင့်လက်နက်မျိုးစုံနဲ့ ပြည့်နှက်နေတဲ့ နိုင်ငံမှာ ရှိနေတဲ့ အုပ်စုတွေကြားမှာ လက်စားချေလိုစိတ် ရှိကြသလို ထောင်က ထွက်လာတဲ့ လူဆိုးလူမိုက်များရဲ့ အန္တရာယ် ကလည်းရှိနေပါတယ်။ အာဆတ် သစ္စာခံတွေရဲ့ ရက်စက်စွာ ကြမ်းကြုတ်စွာတမျိုး အဆိပ်ငွေ့တွေနဲ့ တဖုံ နှိပ်စက်ခံခဲ့ကြရတဲ့ လူမျိုးခွဲတွေလည်း အများကြီးပါ။
ဆီးရီးယားရဲ့ အာဏာကို လက်ဝေခံမယ့်သူတွေထဲမှာ ငြိမ်းချမ်းရေးသမား တစ်ယောက်မှ မပါပါဘူး။ ထင်ရှားတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ HTS (Hayat Tahrir al-Sham) ဟရက် တက်ဟာရ် အယ်လ်ရှမ် အဖွဲ့ဟာ ၂၀၁၆ ခုနှစ်အထိ အယ်လ်ကေဒါရဲ့ ဆီးရီးယားအဖွဲ့ခွဲ ဂျက်ဟတ် အယ်လ်နူဆရာ လို့ သိကြပါတယ်။ အဲဒီအဖွဲ့ကို တည်ထောင်သူ အာမက် အယ်လ် ရှာရာဟာ အီရတ် အိုင်အက်စ် လက်အောက်ံမှာ အဘူ မူဟာမက် အယ်ဂျိုနီ အဖြစ် လှုပ်ရှားခဲ့သူပါ။ HTS နဲ့ ရှာရာ တို့ဟာ အမေရိကန်ကိုတော့ ဒီကိစ္စတွေဟာ ပြီးခဲ့ပြီလို့ သစ္စာဆိုခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ခုလိုရှုပ်ထွေးလာနေတဲ့ အချိန်မှာ ဒီအဖွဲ့တွေဟာ တင်းပြီးကျပ်တဲ့ မူစလင် ဝါဒီတွေ အဖြစ် ပြန်လည်လှုပ်ရှားလာခဲ့ကြမယ်ဆိုရင်တော့ (UAE) အာရပ်စော်ဘွားနိုင်ငံများအပါအဝင် နိုင်ငံတော်တော်များများဟာ အခြား လက်နက်ကိုင်အဖွဲ့တွေကို ငွေကြေးထောက်ပံ့မှုတွေ ပေးပြီး တုံ့ပြန်ကြမယ်ဆိုတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။
တကယ်တော့ နိုင်ငံအချို့တွေဟာ သူတို့ရဲ့ လိုအပ်ချက်တွေအတွက် ဆီးရီးယားကို သွေးတိုးစမ်းနေကြတာပါ။မြောက်ဘက်မှာ တူရကီရဲ့ ထောက်ပံ့မှုရထားတဲ့ အဖွဲ့တွေဟာ ကိုယ်ပိုင်အုပ်ချုပ်မှုကိုတောင်းဆိုနေကြတဲ့ ကာဒ့် အုပ်စုတွေနဲ့ တိုက်ခိုက်နေကြသလို ဆီးရီးယား အလယ်ပိုင်းမှာ အမေရိကန်က အိုင်အက်စ်တွေ ပြန်ခေါင်းထောင်လာမှာစိုးပီး ဗုံးတွေကြဲနေတာပါ။ အစ္စရေးကလည်း ဂိုလန်ကုန်းမြင့်က စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေနဲ့ ဓါတု လက်နက်တွေကို ဖျက်ဆီးနေတာ အကြောင်းပြပြီး တဖြည်းဖြည်းနဲ့ ဆီးရီးယားပိုင်နက်တွေ ကို သိမ်းယူနေပါတယ်။
အဲဒီလောက် ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ဆီးရီးယားဟာ ပြိုပျက်လာပီး နောက်ဆုံး ပြည်တွင်းစစ် ပြန်ဖြစ်လာနိုင်ရေးထင်ကြေးပေးနေကြတာ မလွန်လောက်ပါဘူး။ ဖြစ်လာခဲ့မယ်ဆိုရင်လည်း နောက်ထပ် ခန့်မှန်းချက်တစ်ခုဖြစ်တဲ့ဒုက္ခသည်တွေထပ်များလာပြီး ဂျီဟက် အစွန်းရောက်တွေကြောင့် အရှေ့အလယ်ပိုင်းနဲ့ ဥရောပ မှာ မတည်မငြိမ်မှုတွေဖြစ်လာဖို့ရာ ကျိမ်းသေ သလောက်ပါပဲ။
မျှော်လင့်ချက်တွေက ပျောက်ဆုံးကုန်တာတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အာဆတ်ကျဆုံးခန်းဟာ ကမ္ဘာ့ ငပွကြီးတွေဖြစ်တဲ့ အီရန်နဲ့ ရုရှားအတွက်က စိတ်ပျက်စရာကြီး တစ်ခုပါ။ လတ်တလော ဆီးရီးယားရဲ့ အောင်မြင်မှုဟာ စစ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရတဲ့ နိုင်ငံတစ်ခု ငြိမ်းချမ်းရေးအတွက် ခရီးရှည်တစ်ခုကို စဖို့ လိုအပ်တယ် ဆိုတာကို ပြလိုက်တာပါပဲ။
ဆီးရီးယားနိုင်ငံ တည်ငြိမ်ရေး အတွက် လိုအပ်နေတာတစ်ခုကတော့ သည်းညည်းခံနိုင်မှုနဲ့ အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ပါပဲ။ နှစ်ရှည်စစ်ပွဲကနေ ခက်ခက်ခဲခဲ ရလာတဲ့ သင်ခန်းစာတစ်ခုကတော့ အဖွဲ့အစည်း တစ်ခုတည်းကနေ အားလုံးကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ကြောင်း သိလာကြတာပါပဲ။
တစ်စစီ ပျက်စီးနေတဲ့ နိုင်ငံကို နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်း အဖြေရှာဖို့ ခက်ခက်ခဲခဲ အလုပ်တစ်ခုဟာ ရှာရာ လက်ထဲတော့ ရောက်လာခဲ့ပါပီ။ သူပုန်ထိန်းချုပ်နယ်မြေတခုဖြစ်ခဲ့တဲ့ မြောက်ပိုင်းက အစ်ဒ်လစ်ဘ် ကို ဘာသာရေးနဲ့ စီးပွားရေးအရ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အစွန်းရောက်အဖွဲ့တွေနဲ့ ခပ်ဝေးဝေးနေခဲ့ပြီး အနောက်နိုင်ငံတွေအကြိုက်ဆောင်ခဲ့ ပေမယ့်လည်း အခုအချိန်မှာတော့ ရှာရာဟာ အာဏာရှင်ပိုဆန်လာခဲ့ပီး ပြိုင်ဘက်တွေ ရှင်းထုတ်ပစ်တာမျိုး ဆန့်ကျင်သူတွေကို ဖမ်းဆီး ထောင်ချတာမျိုးတွေ ခပ်စိပ်စိပ် လုပ်လာနေပါတယ်။
မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ သူ့ရဲ့ ကြားဖြတ် အမျိုးသား အစိုးရဟာ HTS သစ္စာခံ သူများသီးသန့် နဲ့သာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ချို့ယွင်းနေတဲ့ တိုင်းပြည်ကို ပြန်တည့်မတ်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အစိုးရတရပ်သာ ဖြစ်လို့ အရည်အချင်းမြှင့်တင်ဖို့နဲ့ အာဏာတည်တံ့ ဖို့တွေ အတွက် အချိန်တော်တော်ယူရဦးမှာ ဖြစ်ပါတယ်။ နောက် ရှာရာဟာ ဆီးရီးယားကို သူကိုင်တွယ်ခဲ့ဖူးတဲ့ ဆွန်နီများ ကြီးစိုးပြီး HTS အမာခံ အစ်ဒ်လစ်ဘ် အကြီးစားမျိုး ဆီးရီးယားလိုရေရှည် ကိုင်တွယ်မယ်ဆိုရင် သူ မအောင်မြင်နိုင်ပါဘူး။ ဆီးရီယားဟာ ရန်စောင်နေကြတဲ့ စစ်ဘီလူး အာဏာရှင်အငယ်စားတွေ ကြားမှာ ဆက်လက် ကွဲထွက်နေမြဲ ဖြစ်နေဦးမှာပါ။
ဆီးရီးယားမှာ နိုင်ငံအတွင်း အချင်းချင်း အာဏာပါဝါ အင်အား ပြိုင်ဆိုင်မှုတွေ ဆက်ရှိနေဦးမယ် ဆိုရင် အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒါတွေကို လစ်လျူရှုထားနိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ ထို့အတူပဲ သန်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေကိုယ့်အိမ်ကိုယ့်ရာကို ပြန်လာဖို့ လိုပါတယ်။ ဒါမှသာ တိုင်းပြည် ဖွံ့ဖြိုးဖို့ အထောက်အပံ့ ဖြစ်မှာပါ။ အထူးသဖြင့် ဆီးရီးယား ဒုက္ခသည် သုံးသန်းလောက်ကို လက်ခံထားရတဲ့ တူရကီနိုင်ငံ အတွက် ဒါဟာ အရေးကြီးပါတယ်။ HTS ကိုထောက်ခံတဲ့ နိုင်ငံတစ်ခုအနေနဲ့ ပြာပုံထဲက တိုးထွက်လာမယ့် ဆီးရီးယားနိုင်ငံထဲမှာ သူ့အတွက်အကျိုးရှိပြီး လက်တွဲလုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေ လုပ်ဖြစ်ဖို့ရာ မျှော်လင့်နေမှာလည်း အသေအချာပါပဲ။ တူရကီ သမ္မတ ရီစပ် တေရစ်အာဒိုဂန် အနေနဲ့ နားလည်ထားဖို့ လိုအပ်တာက ကာ့ဒ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုနေမှုတွေ ကျယ်ကျယ်လောင်လောင် ပိုဖြစ်မလာဖို့ အကောင်းဆုံးနည်းလမ်းက ဆီးရီးယားမှာ ကာဒ့်နဲ့ အခြား လူနည်းစုတွေ ရှိဆီကို အသံတွေကိုဆက်လက် နားထောင်ပေးနေဖို့ပါ။
ကမ္ဘာက HTS ကို သိပ်သဘောကျချင်မှ ကျမှာပါ။ သို့သော် တည်ငြိမ်တဲ့ အစိုးရတစ်ရပ် ဖြစ်အောင် ကြိုးပမ်း နေတဲ့ သူတို့ကို လစ်လျူရှု့ခြင်းဟာ မလိုလားအပ်တဲ့ အကျိုးဆက်တွေကို အီရပ်၊ ဂျော်ဒန်နဲ့ လက်ဘနွန် တွေဆီ ကူးစက်သွားမယ့်အန္တရာယ် ရှိနေတယ်ဆိုတာ သတိချပ်ဖို့တော့ လိုပါလိမ့်မယ်။ ဒါကြောင့်မို့လို့ အမေရိကန်နဲ့ ဆော်ဒီအာရေဗျတို့ အနေနဲ့အစ္စရေး၊ တူရကီနဲ့ ယူအေအီးနိုင်ငံတို့ကို အခုအတိုင်း ထိမ်းထိမ်းသိမ်းသိမ်း နေစေခြင်းက ဆီးရီးယားရဲ့ ကြိုးပမ်းနေမှုကိုကူညီရာ ရောက်ပါလိမ့်မယ်။ တကယ်လို့များ ရှာရာဟာ အမျိုးသားခေါင်းဆောင်တစ်ယောက် အနေနဲ့ ပေါ်ထွက်လာတဲ့အခါ အနောက်အုပ်စုအနေနဲ့ သူ့အပေါ်မှာ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားမှုကို အချိန်တိုအတွင်း ပယ်ဖျက်ပေးဖို့ပြင်ဆင်ထားရပါလိမ့်မယ်။
ဆီးရီးယား နိုင်ငံအသစ်ဟာ တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ဆောင်ကြဥ်းလာပါလိမ့်မယ်။ ဒါကတော့ အီရန်နဲ့ ရုရှားကိုချောင်ထဲ ပို့လိုက်စေခြင်းပါ။ သူတို့ဟာ အာဆတ် အာဏာတည်မြဲဖို့အတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲခဲ့ကြပေမယ့် တီဟီရန်နဲ့ မော်စကိုက လူဆိုးကြီးတွေက နိုင်ငံအတွင်းမှာ အာဏာရှင် စနစ် ဆက်လက်တည်မြဲဖို့ ကြိုးစားကြတာ မအောင်မြင်တဲ့ အပြင် အာဏာရှင်ကို တိုင်းပြည်က ဖြုတ်ချခဲ့တဲ့ ဖြစ်ရပ်ကို မြင်ခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်ဟာ တကယ်တော့ အနောက်အုပ်စုက အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ ဒီမိုကရေစီ ဖော်ဆောင်ဖို့ လုပ်ခဲ့တာထက်တောင် သာပါသေးတယ်။ရုရှားရဲ့ ဘုန်းတန်ခိုး ချဲ့ထွင်ရေး အိပ်မက်ကတော့ ကျဆုံးခဲ့ပါပြီ။ ဒီ သတင်းဟာ အာရှအလယ်ပိုင်းနဲ့ ကော့ကေးဆပ် တခွင် ပဲ့တင်ထပ်နေဦး မှာပါ။ လွန်ခဲ့တဲ့ တစ်နှစ် မရှိတရှိလောက် အချိန်အတွင်း အီရန်ရဲ့ ကိုယ်ပွားတွေဟာ ဂါဇာ၊ လက်ဘနွန်နဲ့ အခု ဆီးရီးယားမှာပါ ချေမှူန်း ခံခဲ့ရပါတယ်။ အီရန်ရဲ့ အရှေ့အလယ်ပိုင်းတစ်ခွင် တန်ခိုးထွားရေး ရည်မှန်းချက်ဟာတစ်စတစ်စ မှေးမှိန်ခဲ့ပြီ ဖြစ်လို့ နောက်အသစ်တက်လာမယ့် ထရမ့် အစိုးရနဲ့ ညှိနှိုင်းဖို့ လမ်းပွင့် လာပါလိမ့်မယ်။
ဒဏ်ရာဒဏ်ချက်တွေနဲ့ ဆီးရီးယားနိုင်ငံမှာ အမှားတွေ ဆက်ဖြစ်နေဦးမှာပါ။ တိုင်းပြည်ကို ပြန်ထူထောင်ဖို့လုပ်ဆောင်ချက်တွေအစား အာဏာလု အပြိုင်အဆိုင်တွေ ဖြစ်လာဖို့ဆီ ဦးတည်နိုင်ပါတယ်။ ဆီးရီးယားအသစ်ကိုဦးဆောင်ကြမယ့် လူတွေအနေနဲ့ သတ္တိရှိဖို့ အမြော်အမြင်ကောင်းကောင်းနဲ့ ရေရှည်မြှော်တွေးမှုတွေကို ထုတ်ဖော်ပြသဖို့လိုအပ်နေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ရှေ့မှာ ဘာတွေဖြစ်လာမလဲ မှန်းဆနေတာထက် ဆီးရီးယားလူမျိုးတွေရဲ့အာဏာရှင်မျိုးဆက်ကို ဖြုတ်ချနိုင်လိုက်တဲ့ အပျော်တွေကိုပဲ လောလောဆယ် မျှဝေကြတာ ကောင်းပါလိမ့်မယ်။
MLT