The Corner မှာ ဖတ်စရာ (အတွဲ ၂၀ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Global
United States
Asia
Middle East/Africa
အတွဲ (၂၀)၊ ၂၀၂၆ ဇန်နဝါရီ ၁၆ - ၃၁ ရက်
စီစဉ်သူ့ အမှာ
ကမ္ဘာကြီး တစ်ခုလုံး ၂၀၂၆ ခုနှစ် နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ကြိုဆိုလို့မှ အားမရသေးခင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာကြီး တစ်ခုလုံးကို နိုင်ငံခြားရေး မူဝါဒ အသစ်တစ်ခုနဲ့ အံ့အား သင့်သွားစေခဲ့ပါတယ်။
ဇန်နဝါရီလ ၂ ရက် ည သန်းခေါင်ကျော်ချိန် (၃ ရက်နေ့ နံနက် ၂ နာရီခန့်) မှာ အမေရိကန် အထူးတပ်ဖွဲ့ က ဗင်နီဇွဲလား နိုင်ငံကို ဝင်ရောက်ပြီး ဗင်နီဇွဲလား အာဏာရှင်သမ္မတ နီကိုးလပ်စ် မာဒူရိုကို အမေရိကန်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အဆက်ဆက်သော သမ္မတများ အိမ်ဖြူတော်ကို ရောက်လာကြပြီဆိုလျှင် နိုင်ငံတကာ ကိစ္စတစ်ခု မဟုတ် တစ်ခုကို ဝင်ရောက်ပါဝင်ကြတာ အဆန်းတကြယ်ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီ အပြည့်အဝ တန်ဖိုးများနဲ့ ရှေ့ဆုံးက ဦးဆောင်နေတဲ့ အမေရိကန်ဟာ ကမ္ဘာ့ လူဆိုး အာဏာရှင်များလို့ သတ်မှတ်ထားသူများ၊ အမေရိကန်နိုင်ငံနဲ့ ပြည်သူများကို အငြိုးထား ဒုက္ခပေးလေ့ရှိတဲ့ ရန်သူများကို ရှင်းလင်းလေ့ရှိပါတယ်။ မြင်သာတဲ့ ဥပမာတွေကို ပြန်ပြောရရင် ဒေါ်နယ် ထရမ့်ကိုယ်တိုင် သူ့ရဲ့ ပထမ သမ္မတသက်တမ်း ငါးနှစ်အတွင်း ၂၀၁၉ ခုနှစ်မှာ ISIS ခေါင်းဆောင် အဘူဗေကာကို ဆီးရီးယားနိုင်ငံမှာ တစ်ခါ၊ ၂၀၂၀ ခုနှစ်မှာ အီရန်စစ်တပ် ခေါင်းဆောင် ကာဆန် ဆူလမ်နီ ကို အီရတ်နိုင်ငံ မှာ တစ်ခါ သုတ်သင် ရှင်းလင်းခဲ့ပါတယ်။ ထရမ့်နောက်မှာ သမ္မတ ဖြစ်လာတဲ့ ဂျိုးဘိုင်ဒင်ကလည်း ၂၀၂၂ ခုနှစ်မှာ အယ်လ်ကေဒါခေါင်းဆောင် အယ်လ် ဇဝါဟီရီကို အာဖဂန်နစ္စတန်နိုင်ငံမှာ ခေတ်မီ ဒရုန်း လက်နက်ဆန်းနဲ့ လုပ်ကြံ သတ်ဖြတ်ခဲ့သေးတယ်။ ရှေ့ဘက်များကို ပြန်ကြည့် ရင်တော့ သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန် နိုင်ငံရဲ့ ရန်သူတော်ကြီး အိုစမာ ဘင်လာဒင်ကို သူပုန်းအောင်းနေရာ ပါကစ္စတန် နယ်ဘက်က အိမ်ခန်းထဲအထိ ဝင်ပြီး အထူးတပ်ဖွဲ့ဝင် တွေကို တကူးတကလွှတ်ပြီး ရှင်းလင်းပစ်ခဲ့ဖူးတယ်။ ဒီလို ဥပမာတွေ အများကြီးပါ။ သို့သော်လည်း ရှေ့က ပြောခဲ့သလို ဒီလို စီစဥ်ဆောင်ရွက်ခဲ့တာတွေက အမေရိကန်ရဲ့ အင်အားကြီးမှုကို ပြချင်တာရယ်၊ ကမ္ဘာပေါ်မှာ ဒီမိုကရေစီ ထွန်းကားပေါ်ပေါက်လာရေးနဲ့ ကမ္ဘာ့လုံခြုံရေးအတွက် အဟန့်အတား ဖြစ်စေမယ့် အာဏာရှင်လူဆိုးများ ကို ကမ္ဘာလုံးဆိုင်ရာ ရဲတစ်ဦးလို တာဝန်ယူပြီး ရှေ့က မားမား မတ်မတ် ဦးဆောင်သွားခဲ့ကြတယ်။ လူတိုင်း မသိနိုင်တဲ့ နောက်ကွယ်က စီးပွားရေး ကိစ္စများ ရှိနိုင်သော်လည်း ဒီမိုကရေစီအရေး၊ ကမ္ဘာ့လုံခြုံရေးကို ရှေ့တန်းတင် ကြတယ်။
သို့သော်လည်း ၂၀၂၆ နှစ်ဦးမှာ ဖြစ်ခဲ့တဲ့ သမ္မတ ထရမ့်ရဲ့ ဗင်နီဇွဲလား ကိစ္စမှာ ခါတိုင်းလို မဟုတ်ဘဲ ထရမ့်အပေါ် မေးခွန်းတွေ ထုတ်လာကြတယ်။ ဗင်နီဇွဲလား အာဏာရှင်ကို ဖမ်းဆီး တရားစီရင်တာကို မကန့်ကွက်သော်ငြားလည်း တစ်ဆက်တည်းလိုလို ဗင်နီဇွဲလားရဲ့ ကမ္ဘာ့အကြီးဆုံး စာရင်းဝင် ရေနံထုတ်ကုန်ကိုပါ မျက်စပစ်နေတဲ့ သဘောတွေ အထင်အရှားကြီး မြင်ရတဲ့အခါ နိုင်ငံ တော်တော် များများရဲ့ ပြစ်တင်သံတွေ တဖြည်းဖြည်း ကျယ်လောင်လာသလို ဒီလို အိမ်နီးနားချင်း (သူတို့ကတော့ on your own backyard လို့ခေါ်ပါတယ်) တွေကို အင်အားသုံးပြီး လုပ်ချင်ရာ လုပ်မယ်ဆိုရင် ငါတို့လည်း… ဆိုတဲ့ မေးခွန်းတွေ ယူဆချက်တွေလည်း တစ်ပြိုင်နက်တည်းလိုလို မေးလာကြတယ်။
ကမ္ဘာ့ရဲ့ စံတွေ ပျက်သွားတယ်လို့ အမြန်ကောက်ချက်ချရင် ရမှာပါ။ ဒါဟာ အခုမှ မဟုတ် ၂၀၂၅ သမ္မတ ထရမ့် တက်လာတဲ့ အချိန်ကတည်းက တစ်နေ့တခြား ဖြစ်ပျက်နေတာတွေကို ကြည့်ရင် သိသာမယ် ထင်ပါတယ်။ သူသမ္မတ မဖြစ်ခင်ကတည်းက အမေရိကန်မှာ အာဏာရှင်လိုနေပြီလို့ သတင်းဌာနများရဲ့ မေးခွန်းတွေကို ရောရောနှောနှော ဖြေခဲ့ဖူးသူပါ။
သူ့ကို သတင်းတွေမှာ စောင့်ကြည့်မယ်ဆိုရင် တစ်နေ့တစ်မျိုး မရိုးရလေအောင်ပါပဲ။ သုံးသပ်သူ တချို့က ထရမ့်ရဲ့ သမ္မတ သက်တမ်းတစ်နှစ်မှာ လုပ်ခဲ့တာတွေကို နောက်လူတွေက ပြန်ပြင်မယ် ဆိုရင်တောင် ဆယ်စုနှစ် တစ်နှစ်လောက် ကြာနိုင်တယ်လို့ ပြောကြတယ်။
The Corner ရဲ့ ခံယူချက်ကတော့ စောင့်ကြည့် သင်ယူဖို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ ကမ္ဘာမှာရော အရင်ကမ္ဘာမှာရော အဖြစ်အပျက်တွေ အများကြီး၊ တစ်ခါတလေ ယူတတ်မယ်ဆိုရင် ကမ္ဘာကြီးက ပေးနေတဲ့ သင်ခန်းစာတွေ အများကြီးလို့ ထင်မြင်မိသလို စာဖတ်သူများ စိတ်ဝင်စားမယ့်၊ လေ့လာနိုင်မယ့် အဖြစ်အပျက်နဲ့ သုံးသပ်ချက်တွေကို “လာရာ လားရာ” ကို ခန့်မှန်း တွက်ဆနိုင်အောင် အဘက်ဘက် ကနေ ကြိုးစား တင်ဆက်နေပါတယ်။
ဒီ အဖြစ်အပျက်တွေကြားမှာ ဘာလိုလိုနဲ့ The Corner ဟာ တစ်နှစ် ပြည့်ခဲ့ပါပြီ။ ရှေ့က ထားခဲ့တဲ့ ရည်မှန်းချက်တွေကို မြဲမြဲ ဆုပ်ကိုင်ရင်း ဆက်လျှောက်ပါဦးမယ်။
စီစဥ်သူ