The Corner

The Corner

cropped-Logo_round_grey-background.png
Share မယ်

The Corner မှာ ဖတ်စရာ (အတွဲ ၂၃ - မာတိကာ)

(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)

အတွဲ (၂၃)၊ ၂၀၂၆ မတ်လ ၁ - ၁၅ ရက်

စီစဉ်သူ့ အမှာ

နွေရာသီသို့ ရောက်ရှိပေတော့မည်။ မကြာသေးမီကပင် ခံစားခဲ့ရသော အအေးဓာတ်ကို တစ်ဖန်ပြန်လည် တမ်းတကြရဦးမည်။ သို့သော်လည်း နွေသည် နွေအလျောက် သူ့တန်ဖိုးနှင့်သူ ရှိပါသည်။ အထူးသဖြင့် မြန်မာများအတွက် နွေသည် အမှတ်တရများစွာနှင့် ရှိနေမှာပါ။ ဥပမာတစ်ခု ပြရမည်ဆိုလျှင် မကြာခင်ကာလအတွင်း မြန်မာတိုင်းမြတ်နိုးကြသည့် ပိတောက်ပန်းများနှင့်အတူ အတာသင်္ကြန်ကို ကြိုဆိုကြရပေဦးမည်။

ငယ်စဉ် ကျောင်းသားဘဝကမူ ဤကဲ့သို့ နွေကျောင်းပိတ်ရက်များတွင် ဘာမှထူးထူးခြားခြား လုပ်စရာမရှိသဖြင့် ယောင်ချာချာနှင့် စာအုပ်တစ်အုပ်ဆွဲကာ အိမ်အောက်က ကွပ်ပျစ်ထက်၌ ဖြစ်စေ၊ လေတဖြူးဖြူးနှင့် ခြံထောင့်ဗူးစင်အောက်ရှိ ပက်လက်ကုလားထိုင်ပေါ်၌ ဖြစ်စေ ဇိမ်ကျကျ ထိုင်ဖတ်ခဲ့ရသည့် အချိန်များကို ပြန်လည်တမ်းတမိပါသည်။ ယခုခေတ်တွင်မူ စာအုပ်အစား ဖုန်းကိုသာ ပို၍ပွတ်နေမိကြမလား ဆိုသည်မှာတော့ မပြောတတ်တော့ပါ။

ဒီတစ်ပတ် The Corner တွင် ဟိုးအရင် စာအုပ်စာပေခေတ်နှင့် ယနေ့ ဒစ်ဂျစ်တယ်ခေတ် နှစ်ခုကြား ရောက်ရှိလာချိန်တွင် ဘယ်လမ်းကို ရွေးချယ်လိုက်ကြမလဲဆိုသည်ကို မိမိဘာသာ ရှာဖွေဖတ်ရှု ဆုံးဖြတ်သုံးသပ်ကြည့်ကြရန် တိုက်တွန်းလိုပါသည်။ The Corner ၏ ကိုယ်ပိုင်အမြင်နှင့် သုံးသပ်ချက်အရမူ ခေတ်နှစ်ခေတ်အကြား ပေါင်းကူးပေးရန် လိုအပ်သည်ဟု မြင်ပါသည်။

ထို့ကြောင့် ယခုထွက်ရှိသည့် အတွဲ (၂၃) တွင် ကဏ္ဍအသစ်တစ်ခုအဖြစ် တင်ဆက်ထားသော “တိုတိုထွာထွာ မှတ်စရာ” ကဏ္ဍအကြောင်း ရှင်းပြပါရစေ။ ဤကဏ္ဍပါ အကြောင်းအရာများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေစရာ မလိုဘဲ တိုတိုရှင်းရှင်းနှင့် ယနေ့ ခပ်သုတ်သုတ်သွားနေသည့် ခေတ်နှင့်အညီ ဗဟုသုတရစရာများကို တိုတိုတုတ်တုတ် စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။ ဤကဏ္ဍတွင် ပါဝင်မျှဝေလိုသူများအနေဖြင့် ဆောင်းပါးတိုများ ပေးပို့နိုင်ပါသည်။ ဆောင်းပါးတစ်ပုဒ်တွင် အကြောင်းအရာ မည်မျှပါဝင်ရမည်ဟု သတ်မှတ်မထားဘဲ ရေးနိုင်သမျှ ပေးပို့ကြပါရန် စာမူ တောင်းခံအပ်ပါသည်။

ကဲ… The Corner အတွဲ (၂၃) နှင့်အတူ နွေကို ကြိုဆိုလိုက်ကြရအောင်။

စီစဥ်သူ