The Corner မှာ ဖတ်စရာ (အတွဲ ၂၂ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Global
Asia features
သူရေးတဲ့စာ
အတွဲ (၂၂)၊ ၂၀၂၆ ဖေဖော်ဝါရီလ ၁၆ - ၂၈ ရက်
စီစဉ်သူ့ အမှာ
ဖေဖော်ဝါရီလဟာ အာရှဘက် အခြမ်းမှာ တရုတ်နှစ်သစ်ကူး ရုံးပိတ်ရက်ရှည် အထူးသဖြင့် မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့နဲ့ တိုက်ဆိုင်နေပြီး ပိတ်ရက်များပြီး တိုတောင်းတဲ့ လတစ်လ ဖြစ်ပါတယ်။ ဟိုဟိုဒီဒီ ခရီးထွက်ကြသူတွေ များကြလို့ စာဖတ်ဖို့ အချိန်ပေးနိုင်ပါ့မလားလို့လည်း စိတ်ပူမိတယ်။ ဒီဘက်ခေတ်မှာ စာဖတ်ဖို့ဆိုတာ စာအုပ်ပဲကိုင် ဖတ်ဖတ်၊ ကွန်ပျူတာတို့ ဖုန်းပေါ်တို့ကပဲ ဖတ်ဖတ် အချိန်ပေးရတာဆိုတာ နားလည် ပါတယ်။
တစ်ချိန်တည်းမှာပဲ The Corner ကို တကူးတက ဆက်သွယ်ပြီး စာမူတွေနဲ့ ပတ်သက်လို့ မေးကြ မြန်းကြတာတွေ တွေ့ရတော့ စာရေးချင်သူတွေ အများကြီး ရှိတာ သိရတော့ ဝမ်းသာလှပါတယ်။ အမေးအများဆုံးကတော့ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ကိစ္စတွေက နေ့စဥ် ပြောင်းနေတဲ့အခါ ဘယ်လိုအချိန်ကို မှန်းပြီး စာမူပို့ရမလဲ။ ဝတ္ထုပို့ချင်လို့ ဝတ္ထုစာမူကို လက်ခံပါသလား။ အက်ဆေး ကဗျာများကိုရော ပို့လို့ရပါသလား။ The Corner ကို စာမူပို့ချင်ရင် ဘယ်လိုပို့ရသလဲ။ The Corner ရဲ့ စာမူ မူဝါဒက ဘယ်လိုလဲ အစရှိသဖြင့် စိတ်ဝင်တစား မေးကြပါတယ်။ ကျေးဇူးတင်ပါတယ်။
နိုင်ငံတကာ သုံးသပ်ချက်များနဲ့ ပတ်သက်လို့ ပထမဆုံးပြောရရင်တော့ The Corner ဟာ သတင်း ဌာန တစ်ခုမဟုတ်တဲ့အတွက် သုံးသပ်ချက်များ ဆိုရင် ပိုကောင်းမယ်လို့ အကြံပေးပါရစေ။ နောက်ပြီး The Corner online မဂ္ဂဇင်း ကို တစ်လမှာ နှစ်ကြိမ် ထုတ်ပါတယ်။ ဝန်မပိစေလိုတဲ့အတွက် နှစ်ပတ်တစ်ကြိမ်ထုတ်တဲ့ အတွဲတစ်တွဲမှာ ဆောင်းပါး အပုဒ်ရေ ၁၅ ပုဒ်လောက် ထည့်ဖြစ်ပါတယ်။ အပိုအလို နည်းနည်းပါးပါး ရှိနိုင်ပါတယ်။ လတစ်လရဲ့ ၁၅ ရက် နဲ့ လကုန်ပိုင်း ၃၀ ရက် ဝန်းကျင်လောက်မှာ ထုတ်တာဖြစ်လို့ မထုတ်ခင် လေး ငါးရက်အလို မှာပို့နိုင်ပါတယ်။ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အကြောင်းအရာများမှာ ထူးခြားတဲ့ နောက်ဆုံး Development များရှိရင်လည်း အယ်ဒီတာအဖွဲ့က လိုအပ်သလို တည်းဖြတ်ပေးမှာ ဖြစ်ပါတယ်။
နောက် ဝတ္ထု၊ ကဗျာနဲ့ အက်ဆေးများ ပို့ချင်ပါက ပို့နိုင်ပါတယ်။ လက်ရှိမှာတော့ ဆရာခြိမ့်သဲရဲ့ ဝတ္ထုများ ပါဝင်နေတာ သတိထားမိ ကြမယ်ထင်ပါတယ်။ ကဗျာ၊ အက်ဆေးများ အရေအတွက် မများသေးဖူးဆိုရင်တော့ ရသစာပေ ကဏ္ဍအောက်မှာ စုပေါင်းထည့်ပေးမှာပါ။ စာမူအမျိုးအစားကို ကန့်သတ်ထားတာမရှိပါဘူး။ The Corner ရဲ့ စာမူ မူဝါဒများကိုတော့ The Corner Facebook page မှာ မကြာခဏ တင်ပေးပါတယ်။ အပြောင်းအလဲ ရှိရင်လည်း တင်ပေးလေ့ရှိပါတယ်။ သွားရောက် လေ့လာဖတ်ရှုနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ စာမူကို ဘယ်လိုပို့ရမလဲ မေးခွန်းနဲ့ ပတ်သက်ပြီး မကြာသေးခင်ကပဲ လွယ်တကူ ပို့နိုင်မယ့် နည်းလမ်းတစ်ခု The Corner Facebook page တင်ပေးထားပါသေးတယ်။ မေးခွန်းနဲ့ အဖြေများကို ကျေနပ်ကြမယ်ထင်ပါတယ်။ ကဲ အတွဲ (၂၂) ကို ဖတ်ကြည့်ပြီး လိုအပ်တာများရှိရင် မှတ်ချက်ပေး ပေးကြပါဦး။
သြော် အမေးများတဲ့ မေးခွန်းတစ်ခု ကျန်သေးတယ်။ စာမူခရော ပေးပါသလားတဲ့။ ဟုတ်ကဲ့ အယ်ဒီတာအဖွဲ့က ရွေးချယ် ဆောင်းပါး၊ ဝတ္ထုအဖြစ် ဖော်ပြခံရပါက စာမူခ ချီးမြှင့်ပါတယ်။
စီစဥ်သူ