The Corner မှာ ဖတ်စရာ (အတွဲ ၁၆ - မာတိကာ)
(အောက်တွင် ဖော်ပြထားသော ဆောင်းပါးများမှ ကြိုက်နှစ်သက်ရာ ဆောင်းပါးကို click နှိပ် ရွေးချယ် ဖတ်ရှုလိုက်ပါ။)
Global
Asia
Europe
Middle East/Africa
United States
Featured articles
အတွဲ (၁၆)၊ ၂၀၂၅ နိုဝင်ဘာ ၁၆ - ၃၀ ရက်
စီစဉ်သူ့ အမှာ
ကမ္ဘာကြီးက လည်မြဲလည်နေတာ ဖြစ်ပါတယ်။ အကြောင်းအရာတွေက နေ့စဥ်လိုလို ဖြစ်ပျက်နေတာ မဟုတ်လား။ ထရမ့်ကလည်း ထရမ့်ဖြစ်မြဲ၊ အရှေ့အလယ်ပိုင်းမှာလည်း မရှင်းလင်းနိုင်တဲ့ ကိစ္စတွေ ဖြစ်ပျက်နေမြဲ၊ အာရှဘက်မှာလည်း အာရှလိုပါပဲ။ ဥရောပဘက် တစ်ခွင်သာ အနည်းငယ် ရှုတ်ရှုတ်ထွေးထွေးနဲ့ အိန္ဒြေမရ ဖြစ်နေတယ်လို့ ပြောရမယ် ထင်ပါတယ်။
The Corner က အတွဲ ၁၅ ကိုကျော်ခဲ့ပြီး ၁၆ ထုတ်ဝေချိန် ရောက်လာပြန်ပါပြီ။ နှစ်ပတ်ဆိုတဲ့ အချိန်က မကြာလိုက်သလိုပါပဲ။ online မို့လို့သာပေါ့ print ထုတ်မယ်ဆို ဒီလောက်အချိန်အတွင်းနဲ့ ဒရောသောပါး တတ်သုတ်ရိုက် လုပ်ကြရဖို့သာ မြင်မိပါတယ်။
ရှေ့မှာ ပြောခဲ့သလို ဖြစ်မြဲ ကမ္ဘာ့ရေးရာတွေကို The Corner ဟာ သတင်းသတ်သတ်ကိုပဲ တင်ဆက်နေတာ မဟုတ်ပဲ သုံးသပ်ချက်များကို အလေးပေး တင်ပြနေတာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အင်အားချည့်နဲ့သူတွေနဲ့ အင်အားကြီးသူတွေ အတူ ယှဥ်တွဲ နေထိုင်ကြတာပါ။ သူတစ်ပါး အပေါ် အနိုင်ယူလိုသူများ အင်အားကြီးသူများက ခလောက်ဆန် မွှေနှောက်တဲ့ အခါ တစ်ဖက်လူမှာ နာလိုခံခက် ဖြစ်လှပါတယ်။ ဒီအကြောင်းကို ဗင်နီဇွဲလား၊ နိုင်ဂျီးရီးယား နဲ့ ပတ်သက်တဲ့ သုံးသပ်ချက် ဆောင်းပါးများမှာ ဖတ်ကြရပါမယ်။ ကိုယ့်တိုင်းပြည်က ပြည်သူတွေဘဝ ခက်ခဲကြမ်းတမ်းနေတာကို ဂရုမစိုက်အား သူလိုချင်တဲ့ သူလုပ်ချင်တာတွေ တဇွတ်တိုး လုပ်လေ့ရှိတဲ့ အမေရိကန် သမ္မတ ထရမ့်ရဲ့ လုပ်ပုံကိုင်ပုံတွေကို သုံးသပ်ပြထားတဲ့ ဆောင်းပါးတွေ အပြင် သူ့ကြောင့်သာပဲ စစ်ကို ရင်ဆိုင်ရတော့မလိုလို ဖြစ်နေတဲ့ ဥရောပတလွှားက အခြေအနေများကိုလည်း တင်ပြထားပါတယ်။ အတွဲ (၁၆) မှာပဲ ထူးခြားတဲ့ ထိုင်း ဘုရင်ရဲ့ တရုတ်နိုင်ငံ ခရီးစဥ်နဲ့ တိုက်ဆိုင်နေတဲ့ အရှေ့တောင်အာရှ လောင်းကစားနဲ့ ငွေလိမ် ဂိုဏ်းခေါင်းဆောင်ကို ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို ပြန်ပို့တဲ့ အကြောင်းသုံးသပ်ချက်၊ စိတ်ဝင်စားစရာ ကောင်းတဲ့ ကမ္ဘောဒီးယား မိုင်းရှင်း အလုပ်ကို လုပ်ကိုင်နေကြတဲ့ အမျိုးသမီး အလုပ်သမများ အကြောင်း နဲ့ တင်းမာလာတဲ့ တရုတ်၊ ဂျပန် နဲ့ တိုင်ဝမ်ကြားက အင်ဒို ပစိဖိတ် အခြေအနေကိုလည်း ဖတ်ရမှာပါ။
အထူး အနေနဲ့ ယခု အတွဲ (၁၆) မှာ ဒီရက်ပိုင်းတွေ အတွင်း လူပြောများလာတဲ့ အေအိုင် ကိစ္စ၊ အေအိုင် နဲ့ လူသားကြားက အားစမ်းမှု တွေ၊ လူအများ စိတ်ဝင်စားနေကြတဲ့ အေအိုင်က လူတွေကို ကျော်တက် သွားနိုင်လား ဆိုတာနဲ့ ပတ်သက်တဲ့ သုံးသပ်ထားတဲ့ ဆောင်းပါးတွေကို တင်ဆက်ထားပါတယ်။ ဒီဆောင်းပါးများကို ဖတ်ထား မယ်ဆိုရင် အေအိုင်အကြောင်းကို ပိုမိုသိရှိ နားလည်လာနိုင်ပြီး မိမိရဲ့ အနာဂတ်ကို ဘယ်လို ပြင်ဆင်ထားမယ်ရမယ်ဆိုတာပါ သဘောပေါက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
နောက်ဆုံးပိတ် အိတ်နဲ့လွယ် “သူရေးတဲ့စာ” ကဏ္ဍမှာတော့ သေသေချာချာ အချိန်ပေး စောင့်ဖတ်ကြရမယ့် ဖတ်စရာ မှတ်စရာများက အသင့်ရှိနေပါလိမ့်မယ်။
ဆက်လက်ပြီး အားပေးကြပါဦးလို့…
စီစဥ်သူ