The Corner

စီးပွားရေး ဇာတ်လမ်းတွဲ

Share မယ်

ဒါရိုက်တာက “ကဒ်” လို့ အော်လိုက်ပြီးတာနဲ့ လော့စ်အိန်ဂျလိစ်က ရုပ်ရှင်စတူဒီယိုအတွင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သရုပ်ဆောင်တွေက နောက်တစ်ခန်းအတွက် အဝတ်အစား ကမန်းကတန်း ပြေးလဲကြသလို ရိုက်ကွင်းထဲက ဝန်ထမ်းတွေကလဲ ဆက်တင် နောက်တခု အပြေးအလွှားနဲ့ တပ်ဆင်ကြလေသည်။ ဇာတ်လမ်းရိုက်ကူးချိန် နှစ်ရက်တာ အချိန်အတွင်းမှာ တစ်ပတ်လောက် အလုပ်တွေကို တက်သုတ်ရိုက် လုပ်နေကြသည်။ တရုတ်နိုင်ငံတွင် ခေတ်စားလာသော ဇာတ်လမ်းတိုများကို စက်နှင့်လှည့်ထုတ်သကဲ့သို့ မြန်မြန် ရိုက်ကူးထုတ်လုပ်ရသလို ကြည့်ရှုဖို့ အချိန်ကလည်း သိပ်မလိုပေ။ ဇာတ်ညွှန်းဆရာတစ်ဦး “ဒီအလုပ်က သမားရိုးကျ လုပ်ရိုးလုပ်စဥ်တွေကို စတီးရွိုက် ထိုးထည့်ပြီး မြန်သွားအောင် လုပ်နေသလိုပါပဲ” လို့ ရှင်းပြသည်။ 

နက်ဖလစ် (Netflix) က ဇာတ်လမ်းလောက်လဲ မရှည် တစ်တော့ (Tiktok) ဗီဒီယိုကလစ်တွေ လောက်လဲမတိုတဲ့ မဲပြာပုဆိုး ရုပ်ရှင်စီးရီးအတိုများကို စမတ်ဖုန်းသုံးကြသူ များကြား ထိုးဖောက်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ အပိုင်း တစ်ပိုင်းကို တစ်မိနစ် သာသာ ကြာသော ဇာတ်လမ်းတိုများကို ဖုန်းစကင်ပေါ်တွင် ကြည့်နိုင်ရန် ဒေါင်လိုက်ရိုက်ကူးကြသည်။ ပေါကြောင်ကြောင် သဘာဝလွန် သရုပ်ဆောင် ချက်များနှင့် အဓိပ္ပာယ်မရှိသည့် ဇာတ်လမ်း မျိုးကို ရိုက်ကူး ထုတ်လုပ်နေကြသလို ဇာတ်လမ်း အမည်က အစ ပေါကြောင်ကြောင် ပေးတတ်ကြပါသည်။ သို့သော်ငြားလည်း နိစ္စဓူဝ ရုံးသွား ရုံးပြန် လမ်းခရီး တလျှောက် အချိန်ဖြုန်းစရာ၊ အလုပ်များလွန်းလို့ ရုပ်ရှင်ရုံမှာ ဇိမ်ကျကျ သွားမကြည့်နိုင်ကြသော တရုတ်နိုင်ငံမှ လူငယ် ဝန်ထမ်းအလွှာ အတွက်ကတော့ အပန်းဖြေစရာ နည်းလမ်းတစ်ခုပါပဲ။ စွဲစွဲလမ်းလမ်းမရှိ ကြုံရင်ကြုံသလိုကြည့်တတ်လေ့ ရှိတဲ့ ပရိသတ်ထံမှ  ဇာတ်လမ်းတိုလုပ်ငန်းဟာ ဒေါ်လာသန်းနဲ့ချီ သဲ့ယူခဲ့ပြီး ဖြစ်ပါသည်။ ၂၀၂၅ ခုမှာဆိုရင် ထုတ်လုပ်သူများအနေဖြင့် တရုတ်ပြည် စျေးကွက် အပြင်ဖက်ကို ထွက်ကာ ကြည့်ရှု့သူ ပိုမိုများလာစေဖို့ ရည်မှန်းချက်ထား လုပ်ဆောင်ကြမှာ ဖြစ်ပါသည်။ 

ဇာတ်လမ်းတစ်ပုဒ်၏ အစပိုင်း အတွဲများကို အခမဲ့ကြည့်ရသော်လည်း နောက်ပိုင်း ဇာတ်လမ်းတွဲများကို ဆက်လက်ကြည့်ရှုမည်ဆိုပါက အခပေးစနစ်ဖြင့်သာ ဆက်လက် ကြည့်နိုင်မည် ဖြစ်သည်။ ဇာတ်လမ်းတစ်ပုဒ်အတွက် ၁၀ ဒေါ်လာခန့်က ကျသင့်ငွေသည် နက်ဖလစ်စ် တစ်လကြည့်ခထက် များနေပါသော်လည်း ကြည့်ရှုသူ ပရိသတ်များ အနေဖြင့် ထိုငွေကို လိုလိုလားလား ပေးရန် ဝန်မလေးကြချေ။ တရုတ်ပြည် ဇာတ်လမ်းတို စျေးကွက်သည် ၂၀၂၁မှ ၂၀၂၃ သုံးနှစ်တာကာလအတွင်း သုံးဆခန့် တဟုန်ထိုး ကြီးမားလာခဲ့သည်။ ယခုအချိန် စျေးကွက်တန်ဖိုး ဒေါ်လာ ၅.၃ ဘီလီယံမှ ၂၀၂၇ခုနှစ်တွင် ဒေါ်လာ ၁၄ ဘီလီယံထိ ဆက်လက်ကြီးထွားနိုင်မည်ဟု ခန့်မှန်းထားကြသည်။ ယခုလို ပေါ့ပျက်ပျက်ဇာတ်လမ်းများကို အစိုးရမှ တားဆီးရန်ကြိုးစားနေသော်လည်း ကြည့်ရှုသူ ပရိသတ်အများ၏ ဆန္ဒကို မလွန်ဆန်နိုင်ပေ။ ရုပ်ရှင်ကုမ္ပဏီကြီးများက ထိုဇာတ်လမ်းတွဲများကို ပိုမိုထုတ်လုပ်ရန် အပူတပြင်း စီစဥ်နေကြသလို ထုတ်လွှင့်ရေး လုပ်ငန်းများအနေဖြင့်လည်း ဇာတ်လမ်းတွဲများသာ သီးသန့် ထုတ်လွှင့်ရန် ရုပ်သံလိုင်းအသစ်များ တိုးချဲ့ရန် စိုင်းပြင်းလျက်ရှိသည်။

“ဇာတ်လမ်းတွေကို တိုတိုတောင်းတောင်း နှင့် ဖုန်းစကရင် သေးသေးပေါ်မှာ ဒေါင်လိုက်ကြည့်နေကြတာကတော့ ခေတ်ရေစီးကြောင်းတစ်ခုထက် ပိုသည့် အခြေအနေ ဖြစ်လာနေပါပြီ…”

ဇာတ်လမ်းတိုများကို အွန်လိုင်း ပေါ်ထုတ်လွှင့်ခြင်းလုပ်ငန်းသည် နောက်ထပ် အသစ်တစ်ခု မြေစမ်း ခရမ်းပျိုးလိုက်ခြင်းလည်း ဖြစ်သည်။ ၂၀၂၄ခုနှစ်က ဇာတ်လမ်းတိုများ တင်ဆက်နေသည့် မီဒီယာကုမ္ပဏီ နှစ်ခုဖြစ်ကြသော ဒိုယင် (Douyin) နှင့် ခိုင်ရှို (Kuaishou) တို့မှ ဇာတ်လမ်းတိုများကို အေအိုင် ခေါ် ဉာဏ်ရည်တု (AI) အသုံးပြုကာ ဖန်တီးခဲ့ကြသည်။ ဇာတ်ညွှန်း ရေးသားခြင်း၊ သရုပ်ဆောင်များပါ အစအဆုံး ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံးကို အေအိုင်ဖြင့်သာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ထုတ်လုပ်ချိန် မြန်ဆန် လာခြင်းနှင့် ကုန်ကျစရိတ်များ လျှော့ချနိုင်ခဲ့ခြင်းများ လုပ်နိုင်ခဲ့သည်။ အေအိုင်ကို အသုံးချနိုင်လာ ခြင်းက တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော ဖျော်ဖြေရေးလုပ်ငန်းတခုလုံးကို ရိုက်ခတ်ရုံမျှမက ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းများကိုပါ အဖျားခတ်စေခဲ့ကာ နည်းပညာ၏ တိုးတက်လာမှုကို သတိပြုလာ စေခဲ့သည်။ 

တရုတ်၏ ကျောထောက်နောက်ခံဖြင့် တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည့် ဖုန်းသုံး အက်ပ်များသည် တရုတ်နိုင်ငံပြင်ပရှိ ပရိသတ်များထံ အလျင်အမြန် ရောက်လာကြလေသည်။ အဆိုပါ အက်ပ်များအနက် ရီးလ်ရှော့တ် (Reelshort) နှင့် ဒရာမာ ဘောက်စ် (DramaBox) တို့မှာ လူသိများသော ဇာတ်လမ်းတိုများ ကြည့်နိုင်သော အက်ပ်များ ဖြစ်ကြပြီး နိုင်ငံခြားဘာသာဖြင့် စာတမ်းထိုးများသည့် မူရင်းတရုတ် ဇာတ်လမ်း များအပြင် နိုင်ငံခြား ဒါရိုက်တာ၊ နိုင်ငံခြား သရုပ်ဆောင်များပါဝင်ထားသည့် အင်္ဂလိပ်ဇာတ် လမ်းတိုများပါ ပါဝင်သည်။ သို့သော်ငြားလည်း ယဥ်ကျေးမှု အခြေခံတန်ဖိုးများ မတူကွဲပြားခြင်းများကို အထင်းသား မြင်နိုင် ပေသည်။ ဥပမာ “ဗီဇာရဖို့သက်သက် လက်ထပ်ပေမယ့် ရှင့်ကိုတော့ တကယ်ချစ်ပါတယ်” ဟု အမည်ပေးထားတဲ့ ဇာတ်လမ်းတိုမျိုးကတော့ အနောက်နိုင်ငံမှ ပရိသတ်အတွက် မသက်မသာ ဖြစ်စေနိုင်မှာပါ။ တရုတ်ဇာတ်လမ်းမှာပါဝင်ခဲ့သူ အမေရိကန် မင်းသားတစ်ယောက်ကို တရုတ်ထုတ်လုပ်သူများက ပြီတီတီ၊ သဘာဝလွန် ဇာတ်ရုပ်မျိုး သရုပ်ဆောင်ခိုင်းသည့်အတွက် “ငါ့ကိုယ်ငါ လူပြက်တစ်ယောက်လို ခံစားမိတယ်” လို့ အဆိုပါမင်းသားက ညည်းညည်းညူညူ ပြောပြသည်။

သို့သော်လည်း ဇာတ်လမ်းတိုစျေးကွက်က ဆက်လက် ကြီးမားလာဆဲပင်။ iiMedia သုတေသနလုပ်ငန်း၏ အဆိုအရ ဇာတ်လမ်း အက်ပ်များကို သုံးစွဲသူ ၅၅ သန်းကျော်ရှိနေပြီး ပြည်ပမှဝင်ငွေ ဒေါ်လာသန်းပေါင်း ၁၇၀ ရှိကြောင်း သိရသည်။ ဇာတ်လမ်းတွေကို တိုတိုတောင်းတောင်း နှင့် ဖုန်းစကရင် သေးသေးပေါ်မှာ ဒေါင်လိုက်ကြည့်နေကြတာကတော့ ခေတ်ရေစီးကြောင်းတစ်ခုထက် ပိုသည့် အခြေအနေ ဖြစ်လာနေပါပြီ။ တစ်ခါတစ်ရံ သေးငယ်သော်လည်း ကြီးမားတဲ့ ကိစ္စမျိုးများ ဖြစ်လာလေ့ ရှိပါသည်။ 

မူရင်း Long story short, China’s one-minute micro-dramas are flourishing at home and abroad

Nicole Fan 1843 Intern, The Economist

Leave a Comment

Your email address will not be published. Required fields are marked *