
ဖေဖော်ရီလ ၁၉ ရက်နေ့မှာတော့ အက်ပဲလ်ကနေ အိုင်ဖုန်း ၁၆အီး (iPhone 16e) ကို စတင် မိတ်ဆက် လိုက်ပါပြီ။ ဒီလို မိတ်ဆက်လိုက်တာဟာ အက်ပဲလ်ရဲ့ အိုင်ဖုန်းဆိုတဲ့ အမှတ်တံဆိပ်ကိုပါ အပြီး ပိတ်သိမ်း သလိုပါပဲ။ နောက်ဆုံးတော့ အက်ပဲလ်က အက်ပဲလ်ပဲဆိုတဲ့ အတိုင်း သူ့ရဲ့ ပရိသတ်ကြီးက ဒါ အိုင်ဖုန်း အက်ဆီး iPhone SE ပဲမဟုတ်လားလို့ စူးစမ်းနေကြတာကိုတောင် ဂရုမစိုက်ဘဲ ခပ်မာမာ သူလုပ်ချင်တာ လုပ်ပြသွားခဲ့ပါပြီ။
ကိုယ့်ဘာသာ အိုင်ဖုန်း 16e ကို အခြားအိုင်ဖုန်းများနဲ့ပဲ ယှဥ်ရမလား စျေးကွက်ထဲက အခြားဖုန်း တွေနဲ့ ယှဥ်ရမလားဆိုတာ ဝေခွဲမရ ဖြစ်နတုန်းမှာပဲ တင်မ်ကွတ် (Tim Cook) နဲ့ သူ့အဖွဲ့သား တွေက တော့ ဖုန်းအသစ်နဲ့ ပတ်သက်လို့ စာနယ်ဇင်းများကို ထုတ်ပြန်တဲ့ အထဲမှာ အက်ပ်လ်ကို အက်ပဲလ်နဲ့ပဲ ယှဥ်ကြည့်ကြဖို့ ပြောထားပါတယ်။
အိုင်ဖုန်းမှ အိုင်ဖုန်းဆိုတဲ့ သူများအတွက် ဆုံးဖြတ်ချက်က သဘာဝကျပါတယ်။ ဖုန်းသုံးသူများ ဟာ သုံးတဲ့ ဖုန်းအမျိုးအစားကို လိုက်ပြီး ဖုန်းတစ်လုံးက လုပ်ပေးနိုင်တဲ့ လုပ်ဆောင်ချက် အားလုံးကို ရရှိ သုံးစွဲနိုင်ဖို့ သူနဲ့ ဆက်စပ်တဲ့ ဝန်ဆောင်မှုတွေကို အခမဲ့ ရယူထားတာ (သို့မဟုတ်) ဝယ်ယူထား ရပါတယ်။ မဝယ်လို့ မသုံးလို့ ရလားဆိုတော့ ရပါတယ်။ သို့သော် ဖုန်းကပေးတဲ့ လုပ်ဆောင်နိုင်ချက် အပြည့်အဝရမှာ မဟုတ်ဘူးလို့ ထုတ်လုပ်သူများက ဆိုပါတယ်။ အိုင်ဖုန်းမှာဆိုရင် သီချင်းနားထောင်ဖို့ အက်ပဲ မြူးဇစ် (Apple Music) ဝယ်ရတာ၊ ဖုန်းမှာသုံးဖို့ အက်ပ်များကို အက်ပဲလ် စတိုး (Apple Store) မှာဝယ်ရတာ၊ ဖုန်းမှာထည့်ပေးထားတဲ့ ဒေတာသိုလှောင်နိုင်တဲ့ storage မလောက်ရင် အိုင်ကလောက် (iCloud) ဝယ်သုံးတာမျိုးကို ဆိုလိုတာပါ။ အိုင်ဖုန်းကို ဆက်မသုံးချင်တော့လို့ တခြား အခြေခံစနစ်တစ်ခု (ဥပမာ Android) ပြောင်းသုံးမယ်ဆိုရင် အိုင်ဖုန်းအတွက် ဝယ်ထားတဲ့ ဝန်ဆောင်မှုတွေဟာ သုံးမရတော့ဘဲ အလကား ဖြစ်သွားပါတယ်။ ဒါကြောင့် အိုင်ဖုန်းသုံးသူ အများစုဟာ အိုင်ဖုန်းကိုပဲ ဆက်ဝယ်နေကြမှာ ဖြစ်သလို သူတို့ မိသားစုကိုသော် လည်းကောင်း၊ မိတ်ဆွေ အပေါင်းအသင်းများကိုသော်လည်းကောင်း အိုင်ဖုန်းကောင်းကြောင်း တိုက်တွန်းတတ်ကြလို့ ဒီလူအုပ်စုဟာ အခုထွက်တဲ့ အိုင်ဖုန်း 16e ကို ဝယ်ကြပါလိမ့်မယ်။
အိုင်ဖုန်းချစ်သူမဟုတ်တဲ့ အခြားသူများကလည်း ဝယ်ကောင်းဝယ်ပါလိမ့်မယ်။ အက်ပဲလ် အိုင်ဖုန်း ထက်စာရင် Android အခြေခံ ဖုန်းအမျိုးအစားတွေက ထုတ်လုပ်သူများလို့ ဖုန်းအမျိုးအစား (ဥပမာ ဆမ်ဆောင်း၊ ရှောင်မီ၊ အော်ပို၊ ဗီဗို အစ ရှိသဖြင့်) တစ်ခုကနေတစ်ခု ပြောင်းရင် အိုင်ဖုန်းကနေ ပြောင်းရသလောက် မခက်ပါဘူး။ အခုလောလောဆယ်တော့ အက်ပဲလ်အနေနဲ့ Android သုံးသူများထံကို အိုင်ဖုန်း 16e တွန်းထိုးရောင်းဖို့ စိတ်ကူးဟန်မတူပါဘူး၊ လောလောဆယ်တော့ သူ့ သဘောနဲ့သူ အက်ပဲလ်ဘက် ကူးပြောင်းလာမယ့်လူတွေကိုပဲ ရောင်းဖို့ အာရုံစိုက်မယ်လို့ ယူဆရပါတယ်။
အိုင်ဖုန်း SE ဆီးရီး ထဲမှာ စိတ်တိုင်းမကျစရာ ပြောပါဆိုရင် ဖုန်းအရွယ်အစားနဲ့ ဘက်ထရီ သိပ်မခံတတ်တာပါဘဲ။ ၂၀၁၆ ခုနှစ်မှာ စတင်ထုတ်ခဲ့တဲ့ အိုင်ဖုန်း 16 ကို တစ်ခါအားသွင်းထားပြီး တစ်နေကုန် သုံးနေမယ် ဆိုရင် ဒီဖုန်းကို ညနေပိုင်းမှာ သုံးနိုင်ဖို့ ခဲယဥ်းသွားပါပီ။ ဒါပေမယ့် SE အသုံးပြုသူ တော်တော်များများကတော့ စတိုင်ကျတဲ့ အိုင်ဖုန်းကို စျေးသက်သက်သာသာနဲ့ သုံးရလို့ ဒါကို သိပ်ဂရုမစိုက်ကြပါ။ အဲဒီအချိန်ကနေ ကိုးနှစ်အကြာ အခုအချိန်မှာတော့ သာမန် ဖုန်းတစ်လုံးဟာ တစ်ခါအားသွင်းထားရင် တစ်ရက်လောက် ခံဖို့ဆိုတာ အနိမ့်ဆုံး အဆင့်ဖြစ်သွားပါပြီ။
ကံကောင်း ထောက်မစွာနဲ့ အိုင်ဖုန်း 16e ဟာ ၆.၁ လက်မ ဆိုက်ရှိတဲ့ အိုင်ဖုန်းထဲမှာ ပထမဆုံး ဘက်ထရီ ခြောက်နာရီ ခံတယ်ဆိုတာ အိုင်ဖုန်း 11 ထက် သာသွားပြီလို့ အက်ပဲလ်က ကြွားလုံးထုတ် ခဲ့ပါတယ်။ အက်ပဲရဲ့ စွမ်းရည်ကြောင့် ဘက်ထရီအားကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်လာတာတော့ ဟုတ်ပါပြီ။ သို့သော် ဒါမျိုးဖြစ်ဖို့အတွက် ခြောက်နှစ်လောက် စောင့်ခဲ့ရတယ်၊ တကယ်ဆို အဲဒီလောက် စောင့်ခဲ့ရမယ်ဆိုရင် ဒီထက်ပိုတဲ့ ဘက်ထရီ စွမ်းဆောင်ရည်မျိုး ရသင့်ပါတယ်။
ဘက်ထရီ ကြာကြာခံအောင် လုပ်နိုင်ခဲ့တဲ့ တစ်စိတ်တစ်ပိုင်းကတော့ ဖုန်းရဲ့ hardware နဲ့ software ပိုင်းကို ရှိပြီးသားထက် ပိုမိုအချိတ်အဆက်မိအောင် လုပ်နိုင်ခဲ့တာလည်း ပါပါတယ်။ အက်ပဲလ်ဟာ iOS ကို အိုင်ဖုန်းအတွက်ပဲ ရေးခဲ့တာဖြစ်လို့ သူတို့ရဲ့ နာမည်ကျော် A စီးရီး ပရိုဆက်ဆာ (Processor) တွေကို ဒီအတွက်ပဲ ထုတ်ခဲ့တာဖြစ်တယ်။ တစ်နည်းအားဖြင့် A စီးရီး ပရိုဆက်ဆာ တွေဟာ iOS အတွက် သီးသန့် သုံးဖို့ပဲ ဖြစ်ပါတယ်။ အရင်က အိုင်ဖုန်း မော်ဒမ်း (Modem – လက်ကိုင်ဖုန်းများတွင် ပါဝင်သော ဆက်သွယ်ရေး အစိတ်အပိုင်း) တွေကို ကွာလ်ကွမ်း (Qualcomm) ချစ်ပ်တွေ သုံးခဲ့ပါတယ်။ အခု အိုင်ဖုန်း 16e ကစပြီး အက်ပဲ ကိုယ်ပိုင် ထုတ်လုပ်ထားတဲ့ C စီးရီး မော်ဒမ်းတွေ သုံးသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ဒီ C စီးရီး မော်ဒမ်းများဟာ အက်ပဲထုတ် ပစ္စည်းများအတွက် အရေးပါတဲ့ တစ်နေရာက ရှိနေမှာဖြစ်ပြီး အက်ပဲ အနေနဲ့ သူ့ရဲ့ C1 မော်ဒမ်းကို သူမတူအောင် လုပ်ထားတာလို့ အဓိကထား ပြောသွားပါတယ်။
C1 ဟာ အိုင်ဖုန်းသက်တမ်းတစ်လျှောက် ပါဝါအစား အသက်သာဆုံး မော်ဒမ်းတစ်ခုဖြစ်ပြီး 5G ဆက်သွယ်ရေး အတွက် အမြန်ဆုံးနဲ့ စိတ်အချရဆုံး စွမ်းရည်ကို ပေးပါလိမ့်မယ် လို့ အက်ပဲလ်က ပြောပါတယ်။ ဒီနေရာမှာလည်း နှိုင်းယှဥ်ချက်ကို ကြည့်ဖို့ဆိုတာ အိုင်ဖုန်းနဲ့ အိုင်ဖုန်းပဲ ယှဥ်လို့ရပါမယ်။ ကွာလ်ကွမ်းက ထုတ်လုပ်တဲ့ မော်ဒမ်းက ဖုန်းထုတ်လုပ်သူများရဲ့ ဖုန်းအမျိုးအစားများမှာ တပ်ဆင် နိုင်အောင် ထုတ်လုပ်ထားတာြဖစ်လို့ အက်ပဲလ်ထုတ် မော်ဒမ်းနဲ့ ဘယ်လို ယှဥ်လို့ရမှာလဲ။ ပါဝါအစား အသက်သာဆုံးလို့ ပြောထားပေမယ့် ဘယ်လောက် သက်သာတာကို ပြောနေတာလဲ။
နောက် အက်ပဲရဲ့ A18 ချစ်ပ်က ဘယ်လိုကောင်းတယ်၊ ဘာစွမ်းဆောင်ရည်တွေ ရှိတယ်ဆိုတာ အသေးစိတ် ထုတ်ပြမသွားပါဘူး။ ၂၀၂၃ ခုနှစ်က ထုတ်ခဲ့တဲ့ A17 ချစ်ပ် နဲ့ ထုတ်ထားတဲ့ ဖုန်းတွေနဲ့ယှဥ်လာရင်တောင် မပြောပါဘူးဗျာ။ အဲဒီထက်ကို ရှေးကျတဲ့ အိုင်ဖုန်း ၁၁ (A13 Bionic chipset) နဲ့ယှဥ်ပြတယ်ဗျာ။
“အိုင်ဖုန်း 16e ကို အက်ပဲရဲ့ နောက်ဆုံးပေါ် A18 chip သုံးထားပါတယ်။ 6-core CPU chip ဟာ အိုင်ဖုန်း 11 မှာသုံးထားတဲ့ A13 Bionic chip ထက် ၈၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်…”
အက်ပဲဟာ ဘာကြောင့် သူ့ရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း 16e ကို ရှေးက ခေတ်နောက်ကျ နေပြီဖြစ်တဲ့ အိုင်ဖုန်း 11 နဲ့ နှိုင်းယှဥ်ပြခဲ့လဲဆိုတာ နားမလည်နိုင်ပါဘူး။ တကယ်ဆိုရင် ၂၀၂၂ ကထုတ်ခဲ့တဲ့ အိုင်ဖုန်း SE ဆိုရင်တောင် သိပ်မဆိုးပါဘူး။ ဒါပေမဲ့ တစ်ခုစဥ်းစားမိတာကတော့ SE နဲ့ e ဆိုတာကို သုံးစွဲသူတွေကို ကွဲပြားစေချင်တာလို့ ယူဆလို့ရပါတယ်။ နောက်ဆုံး SE ထွက်ခဲ့တဲ့အချိန်က အိုင်ဖုန်း 13 ထုတ်ခဲ့တဲ့ အချိန်လောက်ပါ။ ၂၀၂၁ လောက်ပေါ့။ တကယ်တော့ ယှဥ်မယ့်ယှဥ်ရင် အခုနဲ့ အဲဒီအချိန်လောက်ဆိုရင် မဆိုးပါဘူး။ ခုတော့ marketing လုပ်ချင်တာကများပြီး ကြီးကြီးမားမား တိုးတက်လာတာကို ပြချင်တော့ လွန်ခဲ့တဲ့ ခြောက်နှစ်လောက်ထုတ်ခဲ့တဲ့ အိုင်ဖုန်း 11 နဲ့မှ သွားနှိုင်းပြရတဲ့ အဖြစ်..
အိုင်ဖုန်း 16e စျေးကွက်ထဲကို ဖြန့်မယ့် ဖေဖော်ဝါရီ ၂၈ ရက်ကျရင်တော့ သူရဲ့ ကြွားလုံး ထုတ်ထားတဲ့ ကောင်းပေ့ဆိုတဲ့ ပစ္စည်းတွေကို သူနဲ့ တစ်တန်းတည်း Android ဖုန်းများနဲ့ ယှဥ်ပြတဲ့ အခါ ပိုသိလာပါလိမ့်မယ်။ ခုတော့ အက်ပဲက စာနယ်ဇင်းတွေ)ကို ပေးထားတဲ့ အိုင်ဖုန်း 16 မိသားစုဝင် အသစ်ဖြစ်လာတဲ့ အိုင်ဖုန်း 16e – press release ပဲ လက်ထဲမှာ ရှိပါတယ်။
နောက်ဆုံးပြောချင်တာကတော့ “အက်ပဲလ်ကတော့ အက်ပဲလ်ပါပဲ၊ ပန်းသီးဖျော်ရည် ရအောင် ပန်းသီး စစ်စစ်ကိုပဲ သုံးပြီး လုပ်ထားတယ်”…
မူရင်း – Forbes မဂ္ဂဇင်း၊ Tim Cook’s carefully worded magic inside Apple’s iPhone 16e by Ewan Spence, Senior Contributor, Forbes