မြန်မာရုပ်ရှင် အကယ်ဒမီ ပေးပွဲကြီးလဲ ဖေဖော်ဝါရီလထဲက ပြီးသွားခဲ့သလို ဟောလိဝုဒ်က Biggest night လို့ တင်စားကြတဲ့ ၉၇ ကြိမ်မြောက် အကယ်ဒမီ ပေးပွဲကြီးလဲ မတ်လ နှစ် ရက်နေ့ (ကျွန်တော်တို့ အာရှဖက်မှာတော့ မတ်လ သုံးရက်နေ့ မနက်စောစော) မှာ ပြီးသွားပါပြီ။ အားလုံးက ခေါ်သလို အော်စကာပေးပွဲလို့ ဘာလို့ ခေါ်မှန်း မသိခဲ့ပါဘူး။ သူတို့ရဲ့ official name ကလဲ အကယ်ဒမီဆု Academy Award of Merit ပါပဲ။ ဒီဆုကို Academy of Motion Picture Arts and Sciences လို့ခေါ်တဲ့ အဖွဲ့က ချီးမြှင့်တာပါ ။ ဒီအဖွဲ့ကြီးကို ၁၉၂၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပေမယ့် အကယ်ဒမီ ဆုတွေ ပေးဖြစ်တာကတော့ ၁၉၂၈ခုနှစ် မေလမှ စ ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အော်စကာလို့ ဘာလို့ အလွယ်ခေါ်လဲ ဆိုတာကတော့ သူတို့ဆီမှာကိုပဲ မူကွဲ ၃ ခုလောက် ရှိနေပါတယ်။ မြန်မာ့အကယ်ဒမီမှာ ရွှေစင်ရုပ်လို့ ခေါ်သလိုပေ့ါ။ ပထမတစ်ခုက မင်းသမီး ဘက်တီ ဒေးဗစ်းက အရုပ်ကို နောက်ဘက်က ကြည့်ရင် သူ့ယောင်္ကျား ဟာမွန် အော်စကာ နယ်လ်ဆင်နဲ့ တူလို့ပါတဲ့။ ဒုတိယ တစ်မျိုးက ဟောလိဝုဒ်က စာနယ်ဇင်း ဆရာ ဆစ်ဒနီ စကလော့စ်ကီပေးခဲ့တဲ့ နာမည်ပါတဲ့။ နောက်ဆုံးမူကွဲကတော့ အကယ်ဒမီ အဖွဲ့ရဲ့ စာကြည့်တိုက်မှူး မာဂရက် ဟားရစ်က ဒီအရုပ်ဟာ ဦးလေး အော်စကာနဲ့ တူလို့ ပေးထားတဲ့ နာမည် ဖြစ်ပါသတဲ့။ ရှင်းပါပြီ။ အော်စကာဆိုတာ အကယ်ဒမီပွဲမှာ ဆုချတဲ့ အရုပ်ကို ခေါ်တာပါ။

အော်စကာပေးပွဲလို့လဲ ခေါ်တဲ့ အကယ်ဒမီပေးပွဲကို လွန်ခဲ့တဲ့ သုံးနှစ် လေးနှစ်လောက် အထိ စိတ်ဝင်တစားကြည့်ဖြစ်ခဲ့ပါတယ်။ များသောအားဖြင့် ကြည့်ပြီးသား ကိုယ်ကြိုက်တဲ့ ရုပ်ရှင်များ၊ ရုပ်ရှင်ကြိုက်တဲ့ မိတ်ဆွေများနဲ့ အမြင်ချင်းတူကြတဲ့ကားတွေ ဆုရ မရ မှန်းရတာလဲ အလုပ်တစ်ခုပေါ့။ ခုနောက်ပိုင်းတော့ စိတ်မဝင်စားမှုက အရင်ကလောက် မရှိတာလဲ တစ်ကြောင်း၊ ရုပ်ရှင်များကလဲ အရင်ကလို သိပ်ကောင်းမနေတာကြောင့်လဲတစ်ကြောင်း ဖြစ်လို့ အမှန်အတိုင်း ပြောရရင် အောက်စကားဆုရတဲ့ ရုပ်ရှင်ကား စာရင်းထွက်တော့မှပဲ စုပြီးပြန်ကြည့်ဖြစ်တာ များပါတယ်။
ဒီနှစ် ဆုပေးပွဲကိုတော့ တိုက်ရိုက်ကြည့်နေရင်းက streaming service ပြတ်သွားလို့ သုံးနာရီကျော် ကြာတဲ့ပွဲကို နှစ်ပိုင်းလောက် ခွဲကြည့်ခဲ့ရပါတယ်။ ခုဆိုရင် ဆုပေးပွဲ ပြီးသွားတော့ တစ်နှစ်စာ ရုပ်ရှင် ရာသီပိတ်သွားလို့ နောက်နှစ်တစ်နှစ် ပြန်စလို့နေပေါ့။ နောက်ထပ် ၂၀၂၅ခုနှစ်ထဲမှာ ဘာကားတွေ ထွက်လာမယ်တော့ မသိပါဘူး။ ကိုယ် ကြိုက်ခဲ့တဲ့ မင်းသား မင်းသမီးတွေက အသက်ကြီးလာ တစ်ချို့လဲ မရှိတော့ တစ်ချို့လဲ လူကြီးခန်းတွေက ပါတာမြင်ရပေါ့။ နောက် လေး ငါးနှစ်ကြာရင် ရုပ်ရှင်ပြတ်သွားမလား မသိပါဘူး။
ဆုပေးပွဲတွေပြီးသွားတဲ့ အခါတိုင်း ပရိသတ်တွေကတော့ ကိုယ်ကြိုက်တဲ့ ဇာတ်ကား၊ မင်းသား၊ မင်းသမီးများ ဆုရရင် ကျေနပ် သွားကြသလို မရတဲ့အခါလဲ မကျေမနပ်နဲ့ ဆူဆူပူပူ လုပ်ကြတာလဲ ဓမ္မတာပါပဲ။ ဒီနှစ် အော်စကာ ဆုတွေ သိမ်းကြုံးယူသွားတဲ့ ဇာတ်ကားကတော့ “Anora” ဖြစ်ပါတယ်။ ခြောက်ဆု တစ်ပြေးနေရာကနေ ဆု ငါး ဆု သိမ်းကြုံးယူသွားနိုင်ခဲ့ပါတယ်။ ထူးခြားတာ တစ်ခုက “Anora” ရိုက်တဲ့ ဒါရိုက်တာ “Sean Baker” က ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ညွှန်းဆုနဲ့ တည်းဖြတ်ဆုတွေကို တစ်ကားထဲကနေ ရရှိသွားပါတယ်။ ဒီလိုမျိုး တစ်ယောက်ထဲကနေ ဆုအများကြီး ရဖူးတဲ့ သာဓက တစ်ခုသာ အကယ်ဒမီ သမိုင်းမှာ ရှိခဲ့ဖူးပါတယ်တဲ့။ ၁၉၅၃ ခုနှစ်မှာ Walt Disney က တစ်ညထဲမှာ ဆု လေးဆု တစ်ပွေ့ တစ်ပိုက်ကို မတူတဲ့ ဇာတ်ကားတွေက ရခဲ့ဘူးပါတယ်။ Sean Baker က Anora တစ်ကားထဲကနေ ရခဲ့တာ ဖြစ်လို့ စံချိန်သစ်တစ်ခု တင်နိုင်ခဲ့ပါပြီ။

ပြိုင်ဘက် အခြား ဇာတ်ကားတချို့ Anora ထက် လျာထား ဆုတွေ များပေမယ့် Anora က ဒီရုပ်ရှင် ဇာတ်ကားတွေကို ဖြတ်ကျော်ပြီး ဆုအများဆုံးရသွားခဲ့တာပါ။ ကျွန်တော့် မှာ Anora ကား ရှိပေမယ့် မကြည့်ရသေးပါဘူး။ ဒီဇာတ်ကား အမျိုးအစားက ကျွန်တော်ကြိုက်တဲ့ အထဲမပါ တာကြောင့် နဲနဲ နှေးနေတာ ဖြစ်မှာပါ။ ဒါပေမယ့် ဆုရတယ်ဆိုတော့ ကြည့်တော့ ကြည့်မှာပါ။ တစ်ခါတစ်လေ အော်စကာရတဲ့ ကားတွေကြည့်ပြီး အီလယ်လယ်နဲ့ ရုပ်ရှင်သာပြီးသွားတယ် ကောင်းတယ်လို့ မခံစားရပါ။ ဒီနှစ်ထဲ တစ်ပြေးနေတဲ့ ကားတွေထဲက ကြည့်ပြီးတာဆိုရင် ကျွန်တော့ အကြိုက်ဆုံးက Conclave ပါ။ Brutalist လဲ ကြည့်ပြီးပါပြီ။ တစ်ဦးထဲအမြင် ပြောရရင် ဇာတ်လမ်းက သိပ်ထူးခြားတယ်လို့ မထင်မိပါ။ နောက် အဆိုတော် ဘော့ဘ်ဒီလင် (Bob Dylan) အကြောင်းကို လူကြိုက်များနေတဲ့ Dune 2 မင်းသား တင်မိုသီ ရှာလမိန်း (Timothée Chalamet) နဲ့ ရိုက်ထားတဲ့ “A complete unknown” ရုပ်ရှင်ကို အစပိုင်းနဲနဲလောက်ပဲ ကြည့်ရသေးလို့ ပြီးအောင် ကြည့်ရပါဦးမယ်။
နောက်ထပ် အောက်စကာပွဲမှာ ထူးခြားတာတစ်ခုက အကောင်းဆုံး သရုပ်ဆောင်ဆု ရသွားတဲ့ (Adrien Bordy) ပါ။ သူ ဆုလက်ခံ စကားပြောတာက အတော့်ကို ရှည်လျားပါတယ်။ အော်စကာပွဲ သမိုင်းတစ်လျှောက် ငါး မိနစ် ၃၆ စက္ကန့်နဲ့ ဆုလက်ခံ စကားပြောပြီး ဂင်းနစ်စံချိန် ဝင်သွားပါတယ်။ အေဒရီယန် ဘရော့ဒီ က ဆုလက်ခံဖို့ စင်ပေါ်အတက်မှာ ပါးစပ်ထဲက ဝါးလက်စ ပီကေကို ထွေးထုတ်ပြီး သူ့အတွဲ မိန်းကလေးဆီကို ပြန်ပစ်ပေးလိုက်တဲ့ မြင်ကွင်းကလဲ နောက်ထပ် ထူးထူးခြားခြားပါပဲ။
ဘာပဲပြောပြော အကယ်ဒမီဆုပေးပွဲက ရုပ်ရှင်လောကအတိုင်း လင်းလက်တောက်ပစွာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပါတယ်။ နောက်ထပ် ထူးခြားတာတွေ မမြင်ရတော့သလို တစ်ခါတစ်လေမှာ တွေ့ရလေ့ရှိတဲ့ controversial ကိစ္စ ကမ္ဘာ့အရေး နိုင်ငံရေးကိစ္စတွေ လူပုဂ္ဂိုလ် အစွဲကိစ္စတွေ ဒီနှစ်မှာ မတွေ့ရပါ။ မှတ်မှတ်သားသားအနေနဲ့ကတော့ ဒီနှစ် အော်စကာပေးပွဲမှာ ဆုတံဆိပ် ဘာမှ မချိတ်ဘဲ ပရိသတ်အားလုံး ရဲ့ မေတ္တာကို ရသွားသူကတော့ တင်ဆက်သူ ကိုနန် အိုဘရိုင်ယန်ပါပဲတဲ့။

ဟုတ်ပါတယ် အကယ်ဒမီပေးပွဲတွေမှာ တင်ဆက်သူက အရေးကြီး နေရာကနေ ပါတယ်။ တစ်ချို့ တင်ဆက်သူတွေဆိုရင် လူကြိုက်များလို့ နောက်နှစ်မှာ ဆက်တိုက် တင်ဆက်ဖို့ ကမ်းလှမ်းခံရပေမယ့် အားလုံးတော့ ဒီလိုမဟုတ်ပါ။ ဘယ်လိုပဲ အရွှန်းဖောက်ဖောက် ရွှေပွဲလာ ပရိသတ်ကြီးက မရီမပြုံးနဲ့ တောင့်ခံနေတာ၊ ကာလံ ဒေသံနဲ့ မကိုက်တဲ့ ဟာသမျိုးပြောလိုက်မိလို့ တစ်ချီတည်းနဲ့ လက်လန်သွား တဲ့သူတွေလဲ အများကြီးပါ။ တစ်ချို့ နာမည်ကြီးတောင် ဒီအထဲမှာ ပါပါတယ်။ ကိုနန် တင်ဆက်သူ လုပ်မယ်လို့ သိရတော့ ကျွန်တော် အလွန် စိတ်ဝင်စားသွားပါတယ်။ ကျွန်တော်က ကိုနန်ရဲ့ fan တစ်ယောက်ပါ။ ကိုနန်ဟာ ဟားဗတ်တက္ကသိုလ်ထွက် comedian တစ်ဦးဖြစ်တဲ့ အပြင် စာရေးဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ရုပ်သံလိုင်းများရဲ့ Late night with Conan O’Brian၊ Tonight show with Conan O’Brian များဟာ သူရဲ့ နာမည်ကြီး show များ ဖြစ်ပါတယ်။
ပွဲပြီးပြီးချင်းပဲ social media ပေါ်မှာ သန်းနဲ့ချီတဲ့ အော်စကာ ပရိသတ်တွေက တစ်ညီ တစ်ညွတ်ထဲ တင်ဆက်သူကို ကြိုက်သွားတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲထဲက တစ်ခုပါ။ တစ်ချို့ ပရိသတ်တွေက “ကိုနန့်ကို Oscar တင်ဆက်သူအဖြစ် တစ်သက်စာလုံးအတွက် စာချုပ်ထား လိုက်ရင် မကောင်းဘူးလား အနည်းဆုံးတော့ တစ်နှစ်ခြား တစ်ခါလောက်ပေါ့” နောက်ပြီ တစ်ချို့ကလဲ “တော်သေးတာပေါ့ အရင်နှစ်တွေကလို ခပ်ချာချာတွေ လာဦးမလားလို့ထင်နေတာ” စသဖြင့် အားပေးကြတာကို တွေ့ရပါတယ်။ အောင်စကာပွဲကြီး ပြီးသွားသလို ကိုနန်လဲ အောင်မြင်ပါတယ်။ ကျွန်တော့ အမြင်ကတော့ ဝါရင့်တင်ဆက်သူ တစ်ယောက်ပီပီ ပါးပါးနပ်နပ်နဲ့ တင်ဆက်သွားတာလို့ ထင်ပါတယ်။
အော်စကာဆုရသွားတဲ့ ကားတွေ ကြည့်ဖို့ ကျွန်တော် အားမွေးလိုက်ပါဦးမယ်။ ရုပ်ရှင်ကြိုက် သူများအတွက် လောလောဆယ် ညွှန်းချင်တာကတော့ မကြည့်ရသေးရင် “Conclave” ကို ကြည့်ပါလို့ ညွှန်းချင်ပါတယ်။ “Brutalist” ကတော့ သိပ်မျှော်မှန်းထားလားလို့လား မသိဘူး ထင်သလောက် မကောင်းပါ။ နောက်ကြည့်မယ့် ကားကတော့ “A complete unknown” ပါ။ ကြည့်ပြီးကြရင် တစ်ကားချင်းစီ အကြောင်းလဲ မျှဝေပေးကြပါဦး။
ကိုးကား Forbes မဂ္ဂဇင်း