The Corner

ပြတင်းပေါက် 

Share မယ်

(ထိုက်)

အခုအချိန်အထိ အိမ်ယာ အတည်တကျ မရှိသေးတဲ့ သံသရာခရီးသည် ကိုယ့်အတွက်တော့ ကိုယ်လက်ရှိနေတဲ့ နေရာကို ကိုယ့်အိမ်လို့ သတ်မှတ်နေရချိန်မှာ နေရာအသစ်တစ်ခုမှာ အိမ်အသစ် တစ်ခုကို ရှာရပြီဆိုရင် ကိုယ်ပထမဆုံး တောင်းဆိုတာက ပြတင်းပေါက် များများပါတဲ့၊ အလင်းရောင် များများရတဲ့ အိမ်ဖြစ်ဖို့ပါပဲ။ 

ပြတင်းပေါက်လို့ ပြောလိုက်တာနဲ့ ဘာကို ပြောတယ်ဆိုတာ လူတိုင်းနီးပါး သိကြမှာပါ။ မျက်စိထဲမှာလဲ ပြတင်းပေါက် ပုံလေးတွေကို တန်းမြင်ကြမှာပါပဲ။ တံခါးပေါက်ကတော့ အဓိပ္ပါယ် နောက်တစ်မျိုးပေါ့။ အခု ပြောချင်တာက ပြတင်းပေါက် အကြောင်းပါ။  ပြတင်းပေါက်ဆိုတဲ့ စကားလုံး ရိုးရိုးကိုမှ ထပ်ပြီး ချဲ့လိုက်ရင် သစ်သားပြတင်းပေါက်၊ မှန်ပြတင်းပေါက်၊ ထရံကာ ပြတင်းပေါက်၊ အုတ်တံတိုင်းကြားက သံတိုင်တွေနဲ့ ပြတင်းပေါက်၊ ခြင်လုံဇကာတပ်ထားတဲ့ ပြတင်းပေါက်၊ မှန်အနောက်တွေ ကာထားတဲ့ ပြတင်းပေါက် စသဖြင့် အများကြီး ထပ်ပြောလို့ရသေးတာပဲ။ 

ကိုယ့်အနေနဲ့ကတော့ ပြတင်းပေါက်ဆိုတာ ကိုယ်မထိတွေ့နိုင်တဲ့ လောကကြီး အပြင်ဘက်နဲ့ အဆက်မပြတ်သွားအောင် ပေါင်းကူးပေးတဲ့ အရာတစ်ခုလို့ သတ်မှတ်မိတယ်။ အစစ်အမှန်ကို ထိတွေ့ခွင့်မရပေမဲ့ လုံးဝ အဆက်မပြတ်သွားစေတာတော့ အမှန်ပဲ။ ကိုယ်ငယ်စဉ် ဘဝတုန်းက ကိုယ့်တိုင်းပြည်ကလွဲပြီး ဘယ်ကိုမှ မသွားနိုင်ခဲ့ချိန်တုန်းက စာအုပ်စာပေတွေထဲကနေ ကမ္ဘာကြီးရဲ့ တခြား နေရာမှာ လူတွေ ဘယ်လိုနေထိုင်ကြတယ်ဆိုတာ ဖတ်ရှူ လေ့လာပြီး သိခဲ့ရတယ်။ စာအုပ်တွေဟာ ကိုယ့်ကို ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးတဲ့ ပြတင်းပေါက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ တကယ့်အစစ်အမှန် ကမ္ဘာ့အပြင်ဘက်ကို ကိုယ်ရောက်ဖူးတဲ့အချိန်မှာ စာအုပ်ထဲမှာ မရေးထားတဲ့အရာတွေ၊ မပါခဲ့တဲ့အရာတွေကိုတော့ ကိုယ်ဘာမှ မသိခဲ့ပါလားဆိုတာ သဘောပေါက်လိုက်တယ်။ ဥပမာ (တခြားသူတွေအတွက် ဖတ်ရတာ ရီစရာ ဖြစ်ချင် ဖြစ်ပါလိမ့်မယ်) – တခြားနိုင်ငံတွေက သူတွေဟာ ကိုယ်တို့လိုပဲ အိမ်သာတက်လေ့ရှိကြတယ်၊ သူတို့ဆီမှာလည်း မိုးရွာတယ်၊ မိုးရွာရင် ထီးနဲ့ သွားရတယ်၊ သူတို့လည်း ဆန် (ထမင်း) စားကြတယ်၊ ညစာစားပွဲတွေမှာလည်း လက်နဲ့ ကိုင်စားကြသူတွေရှိတယ်… စသဖြင့်ပေါ့။ တခြားသူတွေကို သူတို့လည်း ကိုယ့်လို လူသားတွေပါလားဆိုတာ တွေးနိုင်တဲ့ အသိဉာဏ် မရှိခဲ့ပဲ ကိုယ်တွေနဲ့ မတူတဲ့ ကြီးမြတ်တဲ့ အလေ့အထရှိသူတွေလို့ ထင်ခဲ့မိတာ အမှန်ပါ။ 

ကိုယ်အခု လက်ရှိနေတဲ့ အိမ်ရဲ့ အခန်းတိုင်းမှာ မှန်ပြတင်းပေါက်တွေရှိတယ်။ အောက်မှာ မိန်းလမ်းမကျယ် ကြီး ရှိတယ်။ ကိုယ့်ကို မောင်လေးက မေးဖူးတယ်။ ဘယ်မှသွားတာလည်း မဟုတ်ပဲနဲ့ လူစည်ကားတဲ့ နေရာမှာ ဘာလို့ နေချင်ရတာလဲတဲ့။ ပထမအချက်ကတော့ ရန်ကုန် မြို့လယ်ကောင် မြေညီထပ် အခန်းမှာ နှစ်ပေါင်း ၃၀ကျော် ကြီးပြင်းလာတဲ့သူဖြစ်တဲ့အတွက်၊ နောက်တစ်ချက်ကတော့ အခုဆို အိမ်ထဲမှာပဲ အနေများတဲ့ ကိုယ့်အတွက် ကိုယ့်ရဲ့ အလုပ်စားပွဲရှိရာ၊ ကိုယ့်ရဲ့ အိပ်ခန်းရှိရာ၊ ကိုယ့်ရဲ့ ဧည့်ခန်းရှိရာနေရာတွေက ပြတင်းပေါက်တွေကနေ အပြင် လောကကြီးကို ကိုယ် နေ့စဉ် ထိတွေ့လို့ရတာကြောင့်ပဲ။ လမ်းမပေါ်မှာ သွားလာနေတဲ့သူတွေ၊ ကားတွေကို ကြည့်ရင်း ကိုယ်ငယ်စဉ်က စာအုပ်တွေ ဖတ်ခဲ့စဉ်ကလို ပုံဖော်ကြည့်မိတယ်။ ကားသံလူသံတွေကို နားထောင်ရင်း ကိုယ် တယောက်ထဲဆိုတဲ့ အထီးကျန်မှုတွေ ပျောက်သွား စေတယ်။  

ကိုယ်တစ်ယောက်ပဲ တစ်ယောက်တည်းနေတာများရင်း အခုလို ရူးကြောင်ကြောင် အတွေးရှိ နေတာလား လို့ သံသယဖြစ်မိတဲ့အချိန်မှာ ဟိုလွန်ခဲ့တဲ့ ၁၀နှစ်ကျော်တုန်းက ကိုယ့်မေမေနဲ့ ဖေဖေ မြေညီထပ် အခန်းလေးကနေ ၆လွှာ အထပ်က အခန်းကို ပြောင်းခဲ့ကြစဉ်က မေမေ ကိုယ့်ကို ပြောပြဖူးတဲ့ စကားလေးကို ပြန်အမှတ်ရမိတယ်။ မေမေလေ ၀ရန်တာကနေ အောက်ကို ကြည့်ပြီး ၀ယ်နေကျ အသီးအရွက်သည်လေးတွေ လမ်းထဲက ဖြတ်သွားတာကို တွေ့ရင် ငါ ဒီမှာဟေ့လို့ အော်ပြောချင် လိုက်တာတဲ့။ အဲဒီအိမ်မှာ မေမေ့ရဲ့ ပြတင်းပေါက်က ၀ရန်တာပါပဲ။ ဒါ့အပြင် ဟိုတလောက ကိုယ်ဒူးခွဲစိတ်ထားတုန်းမှာ တစ်လလာပြီး အဖော်လုပ်ပေးသွားတဲ့ ကိုယ်တို့ရဲ့ အထိန်းတော်ကြီးကလည်း ဒီအိမ်မှာ ပြတင်းပေါက်တွေကနေ အပြင်ကို တွေ့နေရတာ ကောင်းလိုက်တာ ဆိုတော့မှ ငါ့လို အတွေးတူသူ အဖော်တွေရှိပါသေးလားလို့ စိတ်သက်သာ သွားမိတယ်။ 

ဒါပေမဲ့ ငယ်စဉ်ကလို တကယ့်အပြင်လောကနဲ့ ကိုယ့် စိတ်ကူးနဲ့ ကွာခြားတတ်တယ်ဆိုတာလည်း အခုထိ မှန်နေတုန်းပါပဲ။ တခါတလေ အပြင်ကို သွားမိလို့ သိကျွမ်းတဲ့သူတချို့နဲ့ စကားစပ် မိရင်တော့ သူတို့ဆီက ကိုယ်ပိုင် ဇာတ်လမ်းတွေ အများကြီး ကြားရတဲ့အခါ ကိုယ့် စိတ်ကူးထဲကနဲ့ တူတာလဲရှိသလို မထင်မှတ်ထားတာတွေလဲ ရှိနေတတ်ပါတယ်။ လူတစ်ယောက်စီတိုင်းမှာ သူ့ဒုက္ခနဲ့ သူ့အပူနဲ့ ကိုယ်စီရှိနေကြတာ၊ (စိုင်းစိုင်း သီချင်းလို) နင့်အပူထက် ငါ့အပူက ပိုများတယ်လို့ ပြောရအောင် နှိုင်းယှဉ်တိုင်းတာစရာ ဘာပေတံ၊ ဘာစံနှုန်းမှ ဘယ်သူ့ဆီမှာမှ ရှိမနေပါဘူး။ 

ကိုယ့်ရဲ့ ဖေဖေ တစ်ယောက်တည်း တောရဆောက်တည်နေခဲ့ရချိန်တုန်းကဆိုရင်လည်း နံရံလေးဘက် ကာထားတဲ့ အလုံပိတ်အခန်းရဲ့ နောက်ဘက် နံရံက ၆ပေကျော် အမြင့်ရှိတဲ့ နေရာမှာ သံတိုင်တွေစိုက်ထားတဲ့ ၁ပေခွဲပတ်လည်လောက် ပြတင်းပေါက် တစ်ခုရှိခဲ့ဖူးတယ်။ အဲဒီတစ်ခုတည်းသော ပြတင်းပေါက်ကနေ လမင်းကြီးကို၊ ကြယ်ကလေးတွေကို၊ ပြင်ပ ကမ္ဘာကြီးကို ကြည့်ခဲ့၊ အဆက်အသွယ်လုပ်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီလောက် သေးသေး ပြတင်းပေါက်လေးကနေ ဖေဖေ့မျက်စိနဲ့ မြင်ရသလောက်လေးပဲ သူတွေ့ခဲ့ရ၊ အဲဒီက ၀င်လာတဲ့ အသံတွေကိုပဲ ကြားခဲ့ရတာဆိုတော့ တကယ့်လက်တွေ့ ဘဝထဲ ပြန်ရောက်တဲ့အခါ တချို့ သိခဲ့တာတွေက မှန်တာလည်းရှိ၊ မမှန်တာလည်းရှိ။ မသိခဲ့ မကြားခဲ့တာ တွေလည်း အများကြီး ရှိတယ်ဆိုတာ ကြုံခဲ့ဖူးတယ်။  

နောက် eyes are the windows to the soul မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်ဆိုတဲ့ စကားလဲ ရှိသေးတယ်။ ကိုယ့်အတွေ့အကြုံအရဆိုရင် အဲဒီစကားက မှန်တယ်လို့ ထောက်ခံမိတယ်။ အင်မတန်ဟန်ဆောင် ကောင်းလွန်းသူတွေက လွဲလို့ လူအများစုက သူတို့ရဲ့ အတွင်းစိတ်မှာ ဖြစ်နေတာတွေဟာ မျက်လုံးတွေမှာ ဖုံးမရအောင် ပေါ်လေ့ရှိစမြဲပဲ။ အဲလိုလူတွေကလည်း တခြားလူနဲ့ စကားပြောရင် မျက်လုံးချင်းဆိုင်ပြီး ပြောဖို့ ၀န်လေးတတ်ကြတယ်။ မျက်နှာလွှဲပြီး စကား ပြောတတ်တဲ့သူတွေကို ကြုံဖူးကြမှာပါ။ ဒါကြောင့်လည်း နိုင်ငံတကာမှာ အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးက အရာရှိတွေဟာ လူတွေရဲ့ မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ မဟုတ်တာတခုခုလုပ်ထားလို့ မလုံမလဲ၊ ကြောက်လန့်နေသူ ဟုတ်၊ မဟုတ် တန်းသိကြတာပါ။ သို့သော်လည်း အရာရာမှာ ခြွင်းချက်ရှိနေကျအတိုင်း တခါတလေမှာ ကိုယ်က ဘာ အမှားမှလဲ မလုပ်ထားပေမဲ့ ယူနီဖောင်းမြင်တာနဲ့ ကြောက်တတ်တဲ့ သူမျိုးနဲ့ ဆိုရင်တော့ အလကားနေရင်း စစ်ဆေးခံ၊ မေးမြန်းခံရ၊ အဲဒီမှာ ပိုကြောက်လန့်ပြီး အမှားမှား အယွင်းယွင်းတွေ ဖြေမိလို့ အပြစ်ပိုကြီးသွား တတ်သူတွေလည်း ရှိတတ်ပါတယ်။   

တကယ် ကတော့ စိတ်ရဲ့ ပြတင်းပေါက်ဆိုတဲ့ မျက်လုံးကနေပြီးပဲ ဖြစ်ဖြစ်၊ တကယ့် ပြတင်းပေါက် တွေကပဲဖြစ်ဖြစ် ကိုယ်မြင်နေရသလောက် ကွက်ကွက်ကလေးကိုပဲ ကြည့်ရတာမို့ အစစ်အမှန်ကို မြင်နိုင်ဖို့ဆိုတာ ရာနှုန်းပြည့် မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် အဲဒီလို ကြည့်သူရဲ့ ဆုံးဖြတ်နိုင်မှု၊ ဖြတ်သန်းလာရတဲ့ အနေအထား၊ အတွေ့ အကြုံ၊ အသိဉာဏ်တွေကလည်း အများကြီး အရေးပါပါသေးတယ်။ ကိုယ်တိုင် ထဲထဲဝင်ဝင် မသိရှိနိုင်တဲ့ ဘဝတွေကို အတင်းဝေဖန်လာရင်တော့ အစစ်အမှန်နဲ့ တဖြေးဖြေး ဝေးကွာလာမှာ အမှန်ပါပဲ။ အဲဒီကမှ ထပ်ပြီး ကောင်းတယ်၊ မကောင်းဘူး၊ မလုပ်သင့်ဘူး၊ လုပ်သင့်တယ် ဆိုတာတွေအထိပါ ၀င်ရောက် စွက်ဖက်လာမယ်ဆိုရင်တော့…. 

အင်း… ပြတင်းပေါက်လေးတွေကို ပြတင်းပေါက်လေးတွေလိုပဲ သုံးကြတာ ချစ်စရာ ကောင်းပါတယ်။ 

2 thoughts on “ပြတင်းပေါက် ”

  1. Nan Ei Ei Zar

    ထိုက်လိုပဲ အစ်မလည်း US မှာပြတင်းပေါက်ကနေ အခြေအနေတွေကို လှမ်းလှမ်းကြည့်ရတယ်..အထူးသဖြင့် ရာသီဥတုရဲ့အခြေအနေတွေပါ..အခုလည်း ထိုက်ရဲ့ဆောင်းပါးကို မီးမဖွင့်ချင်လို့ ပြတင်းပေါက်ကလကာကိုဘေးဆွဲပြီး ဝင်လာတဲ့အလင်းရောင်လေးနဲ့ဖတ်နေတာပါ..လမ်းပေါ်ကလူတွေ ဦးထုပ်ဆောင်းလား ထီးဆောင်းလား အနွေးထည်ဘယ်လောက်ထူထူဝတ်သလဲ လမ်းပေါ်မိုးရွာလို့ရေစိုနေသလား နှင်းကျထားတာလားဆိုတာတွေက weather focus လုပ်လို့ရနေတာပါ..ထိုက်ဆောင်းပါးလေးကလည်း ထိုက်တို့မိသားစုဘဝလေးကို စာနာမိစေပါတယ်..

Leave a Comment

Your email address will not be published. Required fields are marked *