(သည် အီကောနောမစ်၏ အာရှရေးရာ အယ်ဒီတာ အမ်မာ ဟိုဂမ်ရဲ့ “By the people, for the people” ကို မြန်မာပြန်ဆိုသည်။)

၂၀၂၄ ဇွန်လ မှာ ဒီမိုကရေစီ လိုလားသူများ အနည်းငယ် စိတ်သက်သာရာ ရသွားစေတာ ကတော့ လက်ရှိ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ ကို ပြန်လည် ရွေးချယ်လိုက်တဲ့ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ အပြီးမှာပဲ ဖြစ်ပါတယ်။ အမှန်တော့ မိုဒီဟာ ချည့်နဲ့စွာနဲ့ ပြန်အရွေးချယ်ခံခဲ့ ရတာပါ။ သူ့ရဲ့ တတိယ သက်တမ်းအတွက် ဝင်ရောက်ယှဥ်ပြိုင်ရာမှာ သူ့ပါတီက အမတ်နေရာ ၅၄၃ နေရာထဲက နေရာ ၄၀၀ ထိ တောင်ပြိုကမ်းပြို နိုင်ဖို့ အခြေအနေရှိပြီး ဥပဒေပြုပြင်ရေးကိစ္စတွေကို စိတ်ကြိုက် ကိုင်တွယ်သွား နိုင်မယ်လို့ မြင့်မြင့်မားမား မှန်းထားခဲ့တာပါ။ သို့သော်လည်း သူ့ရဲ့ ဘီဂျေပီ လို့လူသိများတဲ့ – ဘရတ်တီယာ ဂျနာတာ (Bharatiya Janata) ပါတီဟာ အမတ်နေရာ ၂၄၀ပဲ အနိုင်ရခဲ့တာမို့လို့ ညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ ဖြစ်လာခဲ့ပြီး သူအားခဲထားတဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒကို မြှင့်တင်ရေး နဲ့ သူ့ရဲ့ စိတ်ရှိတိုင်း လုပ်ချင်တဲ့ ဆန္ဒတချို့ ပြန်ချုပ်တည်း ထားလိုက်ပုံရပါတယ်။
တစ်ခါ သြဂုတ်လမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တဖြည်းဖြည်းနဲ့ အာဏာရှင် ပိုဆန်လာတဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာကို ဆန္ဒပြမှုတွေ များပြားလာတာကြောင့် ပြုတ်ကျပီး နိုင်ငံက ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ် နှစ်ခုကို ကြည့်ရင် အာရှဘက်ခြမ်းမှာ ဖြစ်နေကျ ဒီမိုကရေစီနဲ့ အာဏာရှင် စနစ်နှစ်ခုအကြား လွန်ဆွဲနေတဲ့ ဖြစ်ရပ်မှာ ကောင်းတဲ့ အတိတ် နိမိတ် ဆောင်လာတာ များလို့ မြင်ကြည့်နိုင်ပါတယ်။ ဒါဆိုရင် ၂၀၂၅မှာရော ကောင်းတာတွေ ဆက်ဖြစ်လာနိုင်ပါသလား။
အိန္ဒိယကို အရင်ကြည့်ကြရအောင်။ အိန္ဒိယဟာ အာရှရဲ့ ဒီမိုကရေစီ အထွန်းကားဆုံးနိုင်ငံ ဖြစ်ခဲ့တာ အချိန်အတိုင်းအတာ တစ်ခုအထိပါပဲ။ ခုနောက်ပိုင်း ဝန်ကြီးချုပ် မိုဒီဟာ မဲပုံးတွေ ရှေ့မှာတော့ မခုပ်တတ်တဲ့ ကြောင်တစ်ကောင်လို နေပြခဲ့ပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံမှာ တိုးတက်မှုလိုအပ်ပုံတွေ အကြောင်းပြပြီး ဟိန္ဒူအမျိုးသား အရေးကို ဦးစားပေးရမယ်ဆိုတာတွေကို နေရာတိုင်း အာပေါင်အာရင်း သန်သန် ပြောနေခဲ့တာပါ။ ရွေးကောက်ပွဲပြီးကတည်းက သူ့ ဝန်ကြီး အဖွဲ့ကိုလည်း အပြောင်းအလဲ မလုပ်သေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ အတိုက်အခံတွေ ပိုပြီးရဲတင်းလာအောင်၊ ရပ်တည်ချက်တွေ ပိုမိုခိုင်မာလာအောင် အရပ်ဘက် အဖွဲ့အစည်းတွေက ဖိအားပေးနေပါတယ်။ အဲဒီအထဲ ဘာတွေပါလဲ ဆိုတော့ ဝန်ကြီးချုပ် မိုဒီ ထောက်ခံပြဌာန်းခဲ့ပြီး မွတ်စလင်အများစု ကန့်ကွက်နေတဲ့ လူမှုကူညီရေး အသင်းအဖွဲ့ ဥပဒေ၊ နောက်ပီး အငြင်းပွားဖွယ် ရုပ်သံထုတ်လွှင့်မှု ဥပဒေ အစရှိတာတွေ အပါအဝင် လုပ်ဆောင်နေဆဲ ကြိုးစားမှုတွေကို ရပ်တန့်ဖို့နဲ့ ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုချက်တွေ ပါပါတယ်။
တရား လွှတ်တော်ချုပ်က ဘီဂျေပီ အုပ်ချုပ်တဲ့ ပြည်နယ်တွေမှာ မွတ်စလင်များကို ပစ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ ဥပဒေတွေကို တားမြစ်ခဲ့ပြီးပါပီ။ ၂၀၂၅မှာတော့ ဖြေလျှော့မှုနဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်၊ မဟုတ်ရင်တော့ ဝန်ကြီးချုပ် မိုဒီ အနေနဲ့ သူရဲ့ ဘီဂျေပီ နဲ့ ချိတ်ဆက်နေတဲ့ အာရ်အက်စ်အက်စ် (RSS) လို့ ခေါ်တဲ့ ဟိန္ဒူ အမျိုးသားရေး အဖွဲ့ကြီးဆီကတောင် ပြင်းထန်တဲ့ ဝေဖန်ချက်တွေကို ရင်ဆိုင်ရဖို့ ရှိပါတယ်။ မကြာသေးခင်က ပြည်နယ်အဆင့် ရွေးကောက်ပွဲတွေဟာ မှန်းထားတာထက် အခြေအနေပိုကောင်းခဲ့ပါတယ်။ နိုင်ဖို့ခက်မယ်လို့ မှန်းထားတဲ့ ဟာယာနာ (Haryana) ပြည်နယ်မှာတောင် ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။ ဒီဖြစ်ရပ်ကပဲ ဝန်ကြီးချုပ် မိုဒီအတွက် အနိုင်ဆိုတာချည်းပဲ မရှိဘူးဆိုတာ ထောက်ပြလိုက်တာပါ။ တကယ်တော့ ဟာယာနာ ပြည်နယ်တခုအတွင်းမှာပဲ ကိုင်တွယ် ဖြေရှင်းရမယ့် ဒေသဆိုင်ရာ ပြဿနာတွေ အများကြီး ကျန်နေပါသေးတယ်။
ကျန်တဲ့ တောင်အာရှတစ်ခွင်မှာတော့ ဒီမိုကရေစီ ထူထောင်ရေးဆိုတဲ့ ရှုပ်ရှုပ်ထွေးထွေး လုပ်စရာတွေ ဆက်လက်လုပ်ဆောင်နေကြဆဲပါ။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတ်ခ် ဟာဆီနာ မရှိတော့တဲ့နောက် ကြားဖြတ်အစိုးရခေါင်းဆောင် စီးပွားရေး ပညာရှင် မူဟာမက် ယူနွတ်ဟာ တည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခု တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ရှိတ်ခ် ဟာဆီနာ ထွက်ပြေး ခိုလှုံနေတဲ့ အိန္ဒိယနဲ့ ဆက်ဆံရေးကတော့ အဖုအထစ်ကလေးတွေ ဆက်ရှိနေဆဲပါ။ အောက်တိုဘာလတုန်းကတော့ ဘင်္ဂလားဒေ့ရှ်က ရှိတ်ခ်ဟာဆီနာကို ဖမ်းဝရမ်း ထုတ်ခဲ့ပါသေးတယ်။ ခပ်တင်းတင်း ဖြစ်နေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်မှာ ထပ်ဆင့်ပြီးကျလာနိုင်တဲ့ မီးပွားလေးတွေ ကတော့ ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်ကြတဲ့ လူနည်းစု ဟိန္ဒူလူမျိုးတွေ တိုက်ခိုက်ခံနေရတယ်လို့ သတင်းတွေ ထွက်လာခဲ့တာရယ် ပြီးတော့ အစိုးရရဲ့ မကြာသေးခင်က ဆုံးဖြတ်ထုတ်ပြန်လိုက်တဲ့ ပါကစ္စတန်က ဝင်လာတဲ့ သွင်းကုန်ပစ္စည်းတွေအပေါ် အသေးစိတ် စစ်ဆေးစရာမလိုတော့လို့ နိုင်ငံအတွင်းကို ဥပဒေမဲ့ လက်နက်တွေ ဝင်ရောက်လာနိုင်တဲ့ အခြေအနေ ဖြစ်လို့ စိုးရိမ်စရာတွေ တိုးပွားလာနေပါတယ်။
ဒီမိုကရေစီအရေး ရတက်မအေးဖွယ်ရာ အရှေ့တောင်အာရှဘက်ကို ကြည့်မယ်ဆိုရင်
သီရိလင်္ကာနိုင်ငံဘက်မှာတော့ လက်ဝဲယိမ်း ဆိုရှယ်လစ် ပါတီ ကနေ သမ္မတအသစ်ဖြစ်လာတဲ့ အနုရာ ကုမ္မာရ ဒစ္စနရစ် (Anura Kumara Dissanayake) ကတော့ နောက်နှစ်အနည်းငယ် အတွင်း သူ့အတွက် လျှောက်ရမယ့် လမ်းတွေက ချောမွေ့ မနေပါဘူး။ အေကေဒီ (AKD) လို့ လူသိများတဲ့ သမ္မတသစ် ဒစ္စနရစ်ဟာ တကယ်တော့ ပြင်းထန်တဲ့ ဆိုရှယ်လစ်ဝါဒီ တစ်ယောက်တော့ မဟုတ်ပါဘူး။ သူ့ပါတီရဲ့ ဆိုရှယ်လစ် အယူအဆတွေကို လူသိရှင်ကြား သိပ်ပြောလေ့မရှိဘဲ နိုင်ငံအတွက် စျေးကွက် ပြုပြင်ပြောင်းလဲ ဖို့လိုအပ်ကြောင်း အမြဲတိုက်တွန်းနေသူပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စိုက်ပျိုးရေး ဝန်ကြီး တစ်ယောက်အဖြစ်သာ တာဝန်ယူဖူးတဲ့ သူ့အတွက်ကတော့ သမ္မတတစ်ယောက် အဖြစ် နိုင်ငံက လက်ခံလာဖို့ ကြိုးစားရပါဦးမယ်။ သူက ဒယီးဒယိုင် ဖြစ်နေတဲ့ ညွန့်ပေါင်းအစိုးရကို ဦးဆောင်ရဖွယ်ရာ ရှိပြီး ဒါဟာ လွယ်ကူတဲ့ အလုပ်တခုမဟုတ်ပါဘူး၊ ဒါ့အပြင် နိုင်ငံအတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို တာဝန်ယူရဦးမှာပါ။
ဒီမိုကရေစီအရေး ရတက်မအေးဖွယ်ရာ အရှေ့တောင် အာရှဘက်ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံမှာတော့ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ဟာ ၂၀၂၄ အောက်တိုဘာ ၂၀ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုပြီး သမ္မတသစ် ဖြစ်လာပါခဲ့ပါပီ။ ပရာဘိုဝိုဟာ အရင် သမ္မတ ဂျိုကို ဝီဒိုဒို (Joko Widodo) အစိုးရအဖွဲ့မှာ ဗိုလ်ချုပ် တစ်ယောက် ဖြစ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးတာဝန် ယူခဲ့ဖူးသူပါ။ အရင်က သူ့ကို အရှေ့တီမော ဒေသမှာ အာဏာရှင်ဆန်ဆန် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တယ်လို့ စွပ်စွဲခံထားရပေမယ့် သူကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းခဲ့ပါတယ်။
ပရာဘိုဝိုဟာ တစ်မူထူးခြားတဲ့ပုံစံနဲ့ သူ့သမ္မတတာဝန် အစမှာ တာထွက်ခဲ့သူပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၉၈ ခုနှစ်ကစပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားခဲ့တဲ့ အစိုးရအဆက်ဆက်ထဲမှာ လူအများဆုံးပါဝင်တဲ့ ကက်ဘိနတ်ကို ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်အားလုံး လူ ၁၀၀ ကျော်လောက်ကို သမ္မတဖြစ်ပီး ငါးရက်အကြာမှာ သူ့ရဲ့ မိခင်ကျောင်းတော်မဟာ စစ်တက္ကသိုလ်ဆီ စခန်းသွင်းဖို့ ဆင့်ခေါ်ခဲ့ပါတယ်။ နောက်ပီး သိပ်မကြာခင်မှာဘဲ ထင်ရှားတဲ့ အတိုက်အခံ ခေါင်းဆောင် တွမ်လမ်ဘောင်း (Tom Lembong) တစ်ယောက် အဖမ်းခံရပါတယ်။ အာဏာပိုင်တွေကတော့ သူ့ကိုဖမ်းဆီးတာဟာ နိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ ဆိုပေမယ့် လုပ်ပုံကိုင်ပုံ အရတော့ သမ္မတရဲ့ ပြိုင်ဘက်တစ်ယောက်ကို တားဆီးထား လိုက်ပုံရပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တစ်ခုတည်းက အာဏာရှင်ဆန်တဲ့ သမ္မတ ပရာဘိုဝို အဖြစ် ရောက်လာရာမှာ စိုးရိမ်စရာကောင်းတဲ့ ကိစ္စ မဟုတ်သေးပါဘူး။ ၂၀၁၄ ခုနှစ်မှာ သမ္မတဖြစ်လာတဲ့ ဂျိုကိုဝီက နောက်ကွယ်မှာ ရှိနိုင်သေးတယ်ဆိုတဲ့ အချက်ပါ။ လက်ရှိ သမ္မတ ပရာဘိုဝိုရဲ့ ဒု-သမ္မတနေရာမှ ဂျိုကိုဝီရဲ့ သား ကို ခန့်ထားတာကို ကြည့်ရင် သိနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာရော၊ သူလည်း အခြေအနေက သိပ်အကောင်းကြီး မဟုတ်လှပါဘူး။ ၂၀၂၄ သြဂုတ်လ အတွင်း ပီတ လင်မ်ဟာရန်ရတ် (Pita Limjaroenrat) နဲ့ သူ့ရဲ့ မုဖ်ဖော်ဝပ် (Move forward)- ရှေ့သို့ချီ ပါတီ ကို အခြေခံဥပဒေဆိုင်ရာ တရားရုံးက အရေးယူ ပိတ်ပင် တားဆီးခြင်း ခံခဲ့ရပါတယ်။ ပီတရဲ့ ရှေ့သို့ချီ ပါတီဟာ ၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အကြီးအကျယ် အနိုင်ရခဲ့တာပါ။ ပီတနဲ့ ထင်ရှားတဲ့ ပါတီခေါင်းဆောင်များကို ထိုင်း နိုင်ငံရေးနယ်ပယ် ထဲမှာ ဆယ်စုနှစ် တစ်ခုထိ ပါဝင် ပတ်သက်နိုင်ခြင်းမရှိအောင် တားမြစ် အရေးယူလိုက်ပါတယ်။ တရားရုံးကတော့ ရှေ့သို့ချီ ပါတီဟာ ဘုရင်နဲ့ ဘုရင်စနစ်ကို မထီမဲ့မြင်ပြုသူကို အရေးယူဖို့ ထားရှိတဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ရှေ့သို့ချီပါတီကို ၂၀၂၀ခုနှစ်က ရွေးကောက်ပွဲ ရန်ပုံငွေ အရှုပ်အထွေး ကြောင့် ဖျက်သိမ်းခံခဲ့ရတဲ့ ဖျူးချား ဖော်ဝပ် (Future Forward) – အနာဂတ်သို့ ပါတီမှ ပါတီဝင်ဟောင်းများနဲ့ ပြန်လည်တည်ထောင်ခဲ့တာပါ။ ထိုစဥ်က ဖျူးချားဖော်ဝပ်ပါတီ ဖျက်သိမ်းခံရတာကို မကျေနပ်လို့ လမ်းပေါ်ထွက် ဆန္ဒပြမှုနဲ့ ဖမ်းဆီး ထောင်ချခံခဲ့ရတဲ့ သူတွေတောင် ခုထိထောင်တွေက ပြန်မလွတ်ကြသေးပါဘူး။ နောက်ထပ် ဆန္ဒပြမှုတွေ ဆက်ဖြစ်လာဦးမယ် ဆိုရင်တောင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တာဝန်ယူမယ့်သူ မရှိတာက အထင်အရှားပဲ ဖြစ်ပါတယ်။
၂၀၂၁ခုနှစ် ကတည်းက အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ စစ်တပ်နဲ့ သူတို့ကို ဆန့်ကျင်ပြီးလက်နက်ကိုင် တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေကြား ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် မျှော်လင့်ချက်က တဖြည်းဖြည်း နည်းပါးလာနေပါပြီ။ စစ်တပ်ပြိုကွဲသွားမယ်ဆိုတာ ဖြစ်နိုင်ချေ သိပ်မရှိပါ။ သို့သော်လည်း နယ်မြေတွေကို တစ်ခုပြီးတစ်ခု သိမ်းယူနေကြတဲ့ လက်နက်ကိုင် အဖွဲ့ များအနေနဲ့လည်း ဒီမိုကရေစီကျကျ အုပ်ချုပ်ရေး ယန္တယားကို လုပ်ဆောင်နိုင်ကြမယ်လို့ မမြင်မိသေးပါ။
ဒါတွေကတော့ ၂၀၂၅မှာ အာရှဘက်ခြမ်းမှာ ဒီမိုကရေစီ ဆုတ်ယုတ်လာမှုကို အားမနာတမ်း အရှိ အရှိအတိုင်း တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။