Share မယ်

မငြိမ်းချမ်းတဲ့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး သင်ခန်းစာ သုံးခု

ICG ဥက္ကဌဖြစ်သူ ကွန်ဖော့ အီဂရို ရေးသားသည့် 3 lessons for peace making in an unstable world ဆောင်းပါးကို KIDD မြန်မာပြန်ဆိုသည်။

ရက်စက်ကြမ်းကြုတ်လှတဲ့ ဆယ်စုနှစ် များရဲ့ အလယ်မှာ ကျွန်မတို့ ရောက်ရှိနေရတာပါ။ အီသီယိုးပီးယား၊ မြန်မာ၊ ယူကရိန်း၊ ဆူဒန်၊ အရှေ့အလယ်ပိုင်း တို့မှာ ၂၀၂၀ ခုနှစ်မှ စလို့ စစ်ပွဲတွေ ဖြစ်ခဲ့ပြီး လူထောင်ပေါင်း များစွာ သေကျေ ပျက်စီးကြရပါတယ်။ စစ်ပွဲအသေးစားလေးများရဲ့ အရေအတွက်ကလည်း ပိုတိုးလာနေတာပါ။ ကမ္ဘာ့ နိုင်ငံများရဲ့ လေးပုံတစ်ပုံမှာ အကြမ်းဖက်မှု ပုံစံမျိုးစုံကို ကြုံတွေ့နေရပါတယ်။ ရှေ့လာမည့်နှစ်မှာလည်း လျော့ကျ သွားမည့်ပုံ မရှိပါဘူး။ 

pexels-photo-30541562-30541562.jpg

အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့ အမျှ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အပေါ် မြို့ကြီးများနေ မူဝါဒ ချမှတ်သူများရဲ့စိတ်ပါဝင်စားမှုက လျော့ကျလာပါတယ်။ စစ်အေးခေတ်အလွန် တည်ငြိမ်တဲ့နှစ်များလို့ လှလှပပ အမည်တပ်ထားတဲ့ ကာလဟာ ရဝမ်ဒါကနေ ဆီးရီးယားအထိ စစ်ပွဲများနဲ့ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြင့် အဆုံးသတ်သွားပါတယ်။ ကျွန်မ ဦးဆောင်နေတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ဆောင်တဲ့ International Crisis Group (ICG) ဟာ ဘော်လကန်စစ်ပွဲကို နိုင်ငံတကာက မတားဆီးနိုင်ခဲ့တဲ့ ၁၉၉၅ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ကမ္ဘာအဝန်း (အမေရိကန်ဦးဆောင်) အကြမ်းဖက်ချေမှုန်းရေးစစ်ပွဲနဲ့ အီရတ်စစ်ပွဲကဲ့သို့ ကံဆိုးမိုးမှောင်ကျမှုတွေကြောင့် ကြီးမားတဲ့ ဒုက္ခများ ကြုံကြရပါတယ်။ သို့ပေမယ့် ငြိမ်းချမ်းရေး ဖော်ဆောင်သူတွေနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေဟာ အမှန်တကယ် တိုးတက်မှုတွေကို ၁၉၀၀ ပြည့်နှစ်နှင့် ၂၀၀၀ပြည့်နှစ် ကြားအတွင်း လိုင်ဘေးရီးယားနဲ့ တီမော လက်စ်တေနိုင်ငံများမှာ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

အခုတော့ အထက်ပါ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အောင်ပွဲများဟာ အတိတ်မှာ မှုန်ဝါးကျန်ခဲ့ပါပြီ။ နောက်ဆုံးလက်မှတ်ရေးထိုးခဲ့တဲ့ အလုံးစုံ ငြိမ်းချမ်းရေး သဘောတူညီချက်ကတော့ ၂၀၁၆ ခုနှစ်မှာ လက်မှတ်ထိုးခဲ့တဲ့  ကိုလံဘီယာ အစိုးရနဲ့ကွန်မြူနစ်ဝါဒီ သူပုန်အဖွဲ့များအကြား ပြည်တွင်းစစ်ကို ရပ်စဲစေတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ အဲဒီနှစ်များက စလို့ငြိမ်းချမ်းရေးဖေါ်ဆောင်သူတွေဟာ ပဋိပက္ခများရဲ့ အနှောင့်အယှက်ကြောင့် ယာယီအပစ်ရပ်စဲရေးနဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးကဲ့သို့သော လုပ်ငန်းများကိုသာ လုပ်ဆောင်နိုင်ပါတော့တယ်။ အဲဒီထက် ပိုပြီး လုပ်ဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀က ကမ္ဘာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အဓိက နေရာက ရှိခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂဟာလည်း လက်ရှိအချိန်မှာ ယူကရိန်းနှင့် ဂါဇာအရေး တို့မှာ အရေးမပါဖြစ်နေပြီး အာဖရိကမှာလည်း စွမ်းဆောင်ရည် ကျဆင်းနေပါတယ်။

ဒီအရွေ့ရဲ့ မြင်သာတဲ့ အကြောင်းရင်းကတော့ တစ်ကျော့ပြန်လာတဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုပါပဲ။ အမေရိကန်၊ တရုတ်နဲ့ ရုရှား တို့ရဲ့ ကိုယ်နိုင်၊ သူရှုံး မူဝါဒဟာ ဒေသတွင်းပဋိပက္ခများအပေါ် ပိုမိုကြီးမား လာပါတယ်။ ယူကရိန်းနဲ့ ရုရှားစစ်ပွဲတို့မှာ သာမက  သူတို့ကိုယ်တိုင် ပါဝင်ပတ်သက်တဲ့ ကိစ္စများမှာလည်း ဒီအချက်က မှန်ကန်ကြောင်းတွေ့ရပါတယ်။ အင်အားကြီးနိုင်ငံတို့ ပြိုင်ဆိုင်မှုရဲ့ စဉ်းစားဆင်ခြင်ပုံက အရေးပါတဲ့ စစ်ပွဲများကို ဗျူဟာမြောက်ပုံဖော်နိုင်စွမ်း နည်းပါးလာပါတယ်။ ဒေသတွင်းရှိ အနောက်အုပ်စုရဲ့ အကျိုးစီးပွားကို လျှော့ချဖို့ စစ်အစိုးရကို အားပေးထောက်ခံခြင်းနဲ့ ပုဂ္ဂလိကစစ်တပ်ကို အသုံးပြုခြင်းဖြင့် ရုရှားက ဆာဟယ်‌ဒေသ ရဲ့ မတည်ငြိမ်မှုကို အခွင့်ကောင်းယူခဲ့ပါတယ်။ ထိုင်ဝမ်ကို ဟေတီနိုင်ငံသားတွေက အသိအမှတ်ပြုတာမို့လို့ ဟေတီနိုင်ငံမှ လူဆိုးဂိုဏ်းများကို ကိုင်တွယ်မယ့် နည်းလမ်းနဲ့ ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်တို့အကြား ကမ္ဘာ့ကုလသမဂ္ဂအဆင့် အငြင်းအခုံအတွင်းကို အင်အားကြီးနိုင်ငံများရဲ့ နိုင်ငံရေးက ဖြည်းဖြည်းချင်း ဝင်လာနေ ပါတယ်။

အခြား အကြောင်းရင်းတစ်ခုကတော့ ပဋိပက္ခတွေ ပိုကြီးလာစေဖို့ မီးထိုးပေးတဲ့ ကိစ္စများမှာ အလယ်အလတ် အင်အားကြီးနိုင်ငံများက ပါဝင်ပတ်သက်လိုမှု ပိုများလာခြင်း ဖြစ်ပါတယ်။ လစ်ဗျားနှင့် ဆူဒန် အရေးတို့မှာ ဒေသတွင်းနိုင်ငံများဖြစ်တဲ့ တူရကီနဲ့ ပင်လယ်ကွေ့နိုင်ငံများက တစ်ဆင့်ခံပံ့ပိုးပေးတာ ဒါမှမဟုတ် သူတို့ရဲ့ တပ်ဖွဲ့များကို စေလွှတ်တာတွေ လုပ်ခဲ့ကြတာပါ။ ပါဝင်ပတ်သက်သူ များလာတာနှင့် အမျှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ပိုမိုရှုပ်ထွေးလာပါတယ်။

ဒီလို စိန်ခေါ်မှုများအပြင် ဘယ်တုန်းကနဲ့မှ မတူအောင် ပိုမိုရှုပ်ထွေးပြီး ခြိမ်းခြောက်လျက်ရှိတဲ့ အခြားသော အရေးကိစ္စတွေအပေါ် ဦးစားပေးဖို့လိုအပ်လာတာကြောင့် ပဋိပက္ခဖြေရှင်းရေးမှာ သုံးစွဲဖို့ ငွေကြေးနဲ့ နိုင်ငံရေးအရင်းအမြစ် နည်းပါးလာပြီလို့ အမေရိကန်နှင့် အခြားသော နိုင်ငံများမှ နိုင်ငံရေးသမားတွေဟာ ခံစားကြရပါတယ်။ ဒုံးကျည်တွေဝယ်ဖို့ ရံပုံငွေရှာခြင်းက စေ့စပ်ညှိနှိုင်းပေးမည့်သူတွေကို ရှာရခြင်းထက် နိုင်ငံရေးအရ ပိုမိုလွယ်ကူပါတယ်။ ဒါပေမဲ့ တစ်ဟုန်ထိုးကြီးမားလာတဲ့ နိုင်ငံရေးအကြမ်းဖက်မှုတွေကို မထိန်းချုပ် နိုင်ခြင်းဟာ သိပ်မကြာတော့တဲ့ ကာလအတွင်း ပြဿနာတွေ ပေါ်ပေါက်လာစေမှာပါ။ ဆာဟယ်အရေးမှာ  ရုရှားက အခွင့်ကောင်းယူခဲ့သလို နိုင်ငံကြီးအချင်းချင်း တိုက်ရိုက်ထိတွေ့တာ မဟုတ်တဲ့ ပြဿနာအသေးလေးက အရေးအခင်းကြီး အဖြစ်ကို ပြောင်းသွားနိုင်ပါတယ်။ အလားတူ မြောက်ကိုရီးယား နျူကလီးယားအရေးမှာ အနောက်အုပ်စုတွေနှင့် လက်တွဲမလုပ်ရင် သူတို့အတွက် ပိုခက်ခဲမယ်ဆိုတာ တရုတ်နှင့် ရုရှားတို့ သိမြင် လာနိုင်ပါတယ်။

ဒီလို ခက်ခဲရှုပ်ထွေးတဲ့ နောက်ခံအခြေအနေမှာ ကျွန်မနဲ့ကျွန်မရဲ့ အဖွဲ့ ICG တို့ဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ပဋိပက္ခဖြေရှင်းရေးအတွေ့အကြုံကနေ သင်ခန်းစာ သုံးခုကို ချမှတ်နိုင်ခဲ့ပါတယ်။ ပထမ သင်ခန်းစာက ပဋိပက္ခ များ မကြီးထွားလာခင် ဖြေရှင်းခြင်းဟာ ထိန်းသိမ်းလို့ မရတဲ့ အခြေအနေကို ရောက်ရှိပြီးတဲ့နောက်  ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်းထက် ပိုပြီးထိရောက်တယ် ဆိုတာပါ။ ဒုတိယသင်ခန်းစာက ဘယ်လောက်ပဲ ကန့်လန့်တိုက်ပြီး တစ်ယူသန်ပါစေ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ ထိတွေ့ပြီး သူတို့ရဲ့ အမြင်ကို နားထောင်သင့်ပါတယ်။ တတိယသင်ခန်း စာကတော့ အင်အားကြီးများရဲ့ ပြိုင်ဆိုင်မှုနဲ့ အလယ်အလတ် အင်အားကြီးများတို့ရဲ့ ပါဝင်ပတ်သက်မှုက ပဋိပက္ခ အခင်းအကျင်းကို ပုံဖော်သလို ဘာကြောင့် တိုက်ကြသလဲ၊  တိုက်ခိုက်မှုကို ရပ်တန့်ဖို့ ဘယ်လိုဆွဲဆောင်ရမလဲ ဆိုတာတွေကို  နားလည်နိင်ဘို့ ဒေသတွင်း အပြောင်းအလဲလှုပ်ရှားမှုတွေဟာ အဓိကကျပါတယ်။ အဲဒီ အပြောင်းအလဲလှုပ်ရှားမှုတွေကို နားလည်ပြီဆိုရင် ပဋိပက္ခကို လျှော့ချရန် လုံလောက်တဲ့ အကျိုးတူမျှဝေမှုတွေ ရှိလာပြီး အချို့သော ကမ္ဘာ့နေရာများမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ အရှိန်ရလာမှာပါ။ ဟေတီအရေးမှာ တရုတ်နှင့် အမေရိကန်တို့ အကြား အသေးအဖွဲ အငြင်းပွားတာဟာ ကင်ညာဦးဆောင်တဲ့ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေကို ပဋိပက္ခအတွင်း ဝင်ရောက်တားဆီးဖို့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အမိန့်ပေးမှုကို မရပ်တန့်နိုင်ပါဘူး။ သူပုန်တပ် ဖွဲ့များနဲ့ ပြန်လည်ပေါင်းစည်းဖို့ ရည်ရွယ်တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုဟာ ကိုလံဘီယာနှင့် ဖိလစ်ပိုင်တို့မှာ အောင်မြင်ခဲ့ပါတယ်။ အခြားရွေးစရာကတော့ဒီနေ့ လက်ရှိကြီးထွားလာတဲ့ ပဋိပက္ခအရေအတွက်ကို ပိုတိုးလာစေပြီးတဲ့နောက်  ဗရုတ်သုတ်ခ ဖြစ်ပြီးသား ကမ္ဘာကြီးကို ပိုပြီးတော့ အန္တရာယ်တွေ များလာစေဖို့ပဲ ဖြစ်ပါတယ်။